အခန်း (၄၁၃)
Vol. 30 Ch. 413
အသိအမှတ်ပြုပေးရန် တွန်းအားပေးလာသောလူကို ကောင်းမွန်စွာပြောဆိုနိုင်လျှင် ထူးဆန်းနေလိမ့်မည်။
လူအိုကြီး၏စကားကို ကြားလိုက်ရသောအခါတွင် ပိုင်ဝူဟန်က ပြုံးသည်။
ရှန့်လင်းရွှမ်းက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
‘တိုက်ခိုက်စရာမလိုတော့ဘူး။ ကောင်းလိုက်တာ’
ဟန်မူယဲ့က အဆုံးမရှိသောတောင်ကုန်းကိုကြည့်လိုက်ပြီး ညင်သာစွာခေါင်းခါသည်။
ပိုင်ဝူဟန်က ဤကိစ္စကို လွှတ်ပေးလိမ့်မည်မဟုတ်ပေ။
သူမက ချန်တောင်ကုန်းမြေခွေးကလန်၏ သွေးမျိုးဆက်စွမ်းအားကို လိုချင်သည်။
“အကြီးအကဲတို့က အသိအမှတ်ပြုလိုက်ပြီဆိုတော့ ချန်တောင်ကုန်းမြေခွေးကလန်ရဲ့ သွေးမျိုးဆက်စွမ်းအားနည်းနည်းလောက် ရနိုင်မလား သိချင်မိတယ်” ပိုင်ဝူဟန်က အသာအယာပြောသည်။
ချန်တောင်ကုန်းမြေခွေးကလန်၏ သွေးမျိုးဆက်စွမ်းအားကို တောင်းဆိုနေသည်။
တောင်းဆိုသည် ....
ကောင်းကင်ထက်တွင် အမြီးခြောက်ချောင်းကောင်းကင်မြေခွေး ရှိနေသည်။ ထိုအရာသည် တောင်းဆိုချက်မဟုတ်ပေ။
အစိမ်းရောင်မြေခွေးမိစ္ဆာငါးယောက်၏မျက်နှာထားသည် ပြောင်းလဲသွားခဲ့သည်။
စကားပြောလိုက်သောလူအိုကြီးက ရယ်သည်။ သူ့လက်ထဲတွင် အစိမ်းရောင်မိစ္ဆာစွမ်းအင်အလင်းများ လပြည့်ဝန်းသဖွယ် စုစည်းလာသည်။
“ကောင်းကင်မြေခွေးက ငါတို့နဲ့ တခြားမြေခွေးတွေကို လက်အောက်ခံအဖြစ်နဲ့ ဆက်ဆံနေတာလား”
“မင်းမှာ အမြီးခြောက်ချောင်းရှိနေရင်ရော ဘာဖြစ်လဲ။ ဒီနေ့မှာ မင်းက ချန်တောင်ကုန်းမြေခွေးကလန်ထဲကို ခြေတစ်လှမ်းချနိုင်မလား ကြည့်ရအောင်”
သူစကားပြောပြီးသောအခါ ကောင်းကင်ထက်တွင် အစိမ်းရောင်လပြည့်ဝန်းတစ်ခု ပေါ်လာပြီး နေဝင်ဆည်းဆာရောင်ကို ဖိနှိပ်လိုက်သည်။
လျှို့ဝှက်နယ်မြေတွင် အပြင်လူများသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို မငှားနိုင်ပေ။
သို့သော် လျှို့ဝှက်နယ်မြေထဲတွင် အမြဲနေထိုင်ခဲ့သော မိစ္ဆာများက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ငှားယူနိုင်သည်။
လပြည့်ဝန်းသည် တောက်ပနေပြီး ခွန်အားကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ချန်တောင်ကုန်းမြေခွေးကလန်၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသည် မန္တန်ကို နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။ သူက သွေးမျိုးဆက်စွမ်းအားကိုပေါင်းစပ်ပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ငှားယူသည်။
သူက ကောင်းကင်ဘုံပထမအဆင့်တွင် ရှိနေသော်လည်း ဝိညာဉ်သူငယ်ဒုတိယအဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်။
အစိမ်းရောင်လမင်းနှင့်အတူ ချန်တောင်ကုန်းမြေခွေးကလန်၏ ယဇ်ပလ္လင်ထက်တွင်ရှိသော မီးတောက်များသည်လည်း မြင့်တက်လာသည်။
လပြည့်ဝန်းသည် ကောင်းကင်ထက်တွင်ရှိနေပြီး ပိုင်ဝူဟန်နှင့် အမြီးခြောက်ချောင်းကို အေးခဲသွားစေသည်။
ကောင်းကင်မြေခွေးများ၏အစွမ်းထက်ပုံကို နားလည်ထားသောကြောင့် ချန်တောင်ကုန်းမြေခွေးကလန်၏ အကြီးအကဲသည် အစွမ်းကုန်ထုတ်သုံးခဲ့သည်။
သူတင်မကဘဲ နောက်တွင်ရှိနေသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူလေးယောက်က မိစ္ဆာအလင်းများထုတ်ဖော်၍ နည်းစနစ်များကို အသက်သွင်းသည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူငါးယောက် ....
ထိုအင်အားစုကြောင့် မြွေပါနက်ကလန်၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှင့် တိမ်တိုက်ကျားသစ်ကလန်၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ယောက်က မျက်နှာထားများ လေးနက်သွားသည်။
သူတို့က ပိုင်ဝူဟန်၏အချက်ပြမှုကို စောင့်နေသည်။
ရှန့်လင်းရွှမ်းက လက်ထဲတွင် လေးကိုင်ထားသည်။ သူက မြားပစ်ချင်သော်လည်း စွမ်းအားမရှိခဲ့ပေ။
သူ့မြားသည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို ဒဏ်ရာမရစေနိုင်ပေ။
ဟန်မူယဲ့က ချိုတစ်ချောင်းကြံ့၏ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ ဟွမ်ကျစ်ဟူက သူ့ဘေးတွင်ရှိနေပြီး ဓားတိုလေးကို စိတ်လှုပ်ရှားစွာကိုင်ထားသည်။
“မွေးစားအဖေ၊ အစ်မဝူဟန် နိုင်မှာလား”
ဟွမ်ကျစ်ဟူက ပိုင်ဝူဟန်ကို နှောင့်ယှက်မိမှာစိုးရိမ်သောကြောင့် ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“အင်း။ သူနိုင်မှာပေါ့။ သူဘယ်လိုနိုင်ချင်သလဲဆိုတာကိုပဲ ရွေးရမယ်”
ကောင်းကင်မြေခွေးသွေးမျိုးဆက်သည် အစီအစဉ်ချရာတွင် ကျွမ်းကျင်သည်။
ပိုင်ဝူဟန်က အနိုင်ရရန်ယုံကြည်ချက်မရှိဘဲ တိုက်ခိုက်မည်မဟုတ်ပေ။
သို့သော် ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း အနိုင်ရရန်နည်းလမ်းကို ရွေးချယ်ရမည်။
ဟန်မူယဲ့က ပိုင်ဝူဟန်ကို မော့ကြည့်သည်။ သူ့မျက်လုံးထဲတွင် သွေးမျိုးဆက်မီးတောက်များ လှုပ်ရှားနေသည်။
ထိုမီးတောက်များသည် ပိုင်ဝူဟန်၏လှုပ်ရှားမှုနှင့် စွမ်းအင်စီးဆင်းမှုကို ရှင်းလင်းစွာမြင်နိုင်သည်။
လေထုထဲတွင် တိတ်ဆိတ်စွာလွင့်မျောနေသော ပိုင်ဝူဟန်သည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။
ပိုင်ဝူဟန်အစစ်သည် ပျောက်ကွယ်သွားခဲ့သည်။
“ဘုန်း”
လပြည့်ဝန်းသည် ပုံရိပ်ယောင်ပိုင်ဝူဟန်ကို ဖျက်ဆီးပစ်လိုက်သည်။
အောက်တွင်ရှိနေသော ကောင်းကင်အဆင့်ကျွမ်းကျင်သူများ၏မျက်နှာထား ပြောင်းလဲသွားခဲ့သည်။
ရှန့်လင်းရွှမ်းက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး လက်ထဲတွင်ရှိသောလေးကို မြှောက်သည်။ လေးကိုင်းပေါ်တွင် ပေသုံးဆယ်ရှည်လျားသောမြားတစ်ချောင်း ပေါ်လာသည်။
ရှန့်လင်းရွှမ်း၏ သွေးနှင့်ချီများ လှုပ်ရှားသွားပြီး မြားပစ်လိုက်သည်။
ထိုမြားကို သူ့အသက်သွေးစွမ်းအားများဖြင့် စုစည်းထားသောကြောင့် ကျင့်ကြံဆင့်မြင့်သောလူများကို တိုက်ခိုက်ခိုင်သည်။
မြားသည် လေထုကို ထိုးခွဲပြီး ချန်တောင်ကုန်းမြေခွေးကလန်၏ ခေါင်းဆောင်လူအိုကြီးဆီသို့ တည့်မတ်စွာပြေးဝင်သွားသည်။
မြားရှည်ကို မြင်လိုက်ရသောအခါတွင် လူအိုကြီးက အေးစက်စွာနှာမှုတ်သည်။ သူက လက်မြှောက်လိုက်သောအခါတွင် အစိမ်းရောင်လပြည့်ဝန်းမှ အလင်းများဖြာကျလာသည်။
မြားက ချက်ချင်းပေါက်ကွဲသွားခဲ့သည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ၏ရှေ့တွင် ထိုစွမ်းအားမျိုးသည် မပြောပလောက်ပေ။
မြားပေါက်ကွဲသွားသောအချိန်တွင် လူအိုကြီးက အောက်တွင်ရှိသောလူများကို ကြည့်သည်။ သူက စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် တစ်ကိုယ်လုံးတုန်ခါသွားသည်။
ကောင်းကင်မြေခွေး၏လက်အောက်တွင်ရှိသော ကလန်အသီးသီးမှကျွမ်းကျင်သူများသည် နောက်ဆုတ်မသွားဘဲ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူက တွေးမိသည်။
ထိုအတွေးဖြင့် သူက ရုတ်တရက် တစ်ဖက်သို့လှည့်ကြည့်သည်။
အဝေးတစ်နေရာတွင်ရှိသော ချန်တောင်ကုန်းမြေခွေးကလန်၏ရှေ့တွင် ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်က ဖြည်းဖြည်းချင်းလမ်းလျှောက်လာနေသည်။
အိမ်ထဲတွင် ပုန်းအောင်းနေရမည်ဖြစ်သော အစိမ်းရောင်မြေခွေးကလန်သားများသည် အပြင်ထွက်လာပြီး ဖြည်းဖြည်းချင်းဒူးထောက်လိုက်ကြသည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကောင်းကင်မြေခွေးသွေးမျိုးဆက်မဟုတ်ဘူးလား။ အစိမ်းရောင်မြေခွေးသွေးမျိုးဆက်လား”
ကောင်းကင်အဆင့်မိစ္ဆာသည် လမ်းပျောက်နေခဲ့သည်။
ကလန်တွင်း၌ရှိသော ယဇ်ပလ္လင်၏စွမ်းအားသည် သွေးမျိုးဆက်မတူသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို တားဆီးနိုင်သည်။
ဝိညာဉ်သူငယ်တတိယအဆင့် ကျွမ်းကျင်သူတစ်ယောက်ရောက်လာခဲ့လျှင်ပင် တားဆီးနိုင်လိမ့်မည်။
ထို့ကြောင့် ချန်တောင်ကုန်းမြေခွေးကလန်က မိုင်တစ်သောင်းပတ်လည်အတွင်း၌ ပြိုင်ဘက်ကင်းနေခြင်းဖြစ်သည်။
သို့သော် ကောင်းကင်မြေခွေးက သူတို့၏ကလန်ထဲသို့ ဝင်သွားခဲ့သည်။
‘ကောင်းကင်မြေခွေးသွေးမျိုးဆက်စွမ်းအားကိုသုံးပြီး ယဇ်ပလ္လင်ရဲ့စွမ်းအားကို လှည့်စားလိုက်တာလား’
‘မဖြစ်နိုင်ဘူး’
‘ငါတို့ကလန်ရဲ့ ယဇ်ပလ္လင်စွမ်းအားက ကောင်းကင်မြေခွေးသွေးမျိုးဆက်ကို ခွဲခြားနိုင်တယ်’
‘မဟုတ်မှလွဲရော ....’
“မင်းက ကောင်းကင်မြေခွေးသွေးမျိုးဆက်ကို လက်လျော့ပြီး ငါတို့ရဲ့ အစိမ်းရောင်မြေခွေးသွေးမျိုးဆက်ကို အခြေခံအနေနဲ့ အသုံးပြုလိုက်တာလား”
အစိမ်းရောင်မြေခွေး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူက မျက်လုံးပြူးနေပြီး ကလန်၏ဂိတ်ပေါက်ဝတွင်ရပ်နေသော ပိုင်ဝူဟန်ကိုကြည့်သည်။
‘ကောင်းကင်မြေခွေးသွေးမျိုးဆက်က အရမ်းမြင့်မြတ်တယ်’
သူတွေးမိသည်။
‘လောကမှာ ကောင်းကင်မြေခွေးသွေးမျိုးဆက်ကို စွန့်လွှတ်ပြီး အစိမ်းရောင်မြေခွေးသွေးမျိုးဆက်နဲ့ ပေါင်းစပ်ချင်တဲ့လူ ရှိသေးတာလား’
‘မဖြစ်နိုင်ဘူး’
ပိုင်ဝူဟန်က ဖြည်းဖြည်းချင်းနောက်လှည့်ကြည့်သည်။
သူမ၏မျက်နှာသည် အိမ်နီးချင်းမိန်းကလေးတစ်ယောက်ကဲ့သို့ နှစ်လိုဖွယ်ကောင်းသည်။ သူမ၏အငွေ့အသက်သည် သူမ၏နောက်တွင် ဒူးထောက်အရိုအသေပေးနေသော အစိမ်းရောင်မြေခွေးကလန်သားများနှင့် ကွာခြားမှုမရှိပေ။
သူမက ညင်သာစွာပြုံးပြီး လက်မြှောက်သည်။
သူမ၏လက်ဝါးထဲတွင် ဓားအလင်းတစ်ခုပေါ်လာသည်။
“ခလွမ် ....”
ဓားအလင်းက ဖျတ်ခနဲပျောက်ကွယ်သွားသည်။
ထိုဓားအလင်းက ချက်ချင်းဆိုသလိုပင် ချန်တောင်ကုန်းမြေခွေးကလန်၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဆီသို့ ရောက်လာသည်။
ထိုဓားချက်သည် အလွန်မြန်သည်။
အလွန်လျင်မြန်သောဓားအလင်းကြောင့် ကောင်းကင်အဆင့်မိစ္ဆာများသည် လေပြင်းအလွှာတစ်ခုနှင့် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရုံသာ တတ်နိုင်ခဲ့သည်။
“ရွှပ် ....”
လေပြင်းအလွှာသည် စက္ကူတစ်ရွက်ကဲ့သို့ စုတ်ပြဲသွားသည်။
လူအိုကြီးက ကြောက်ရွံ့စွာနောက်ဆုတ်သည်။ သူ့ခေါင်းပေါ်တွင်ရှိသောလပြည့်ဝန်းသည် အလင်းများဖြာကျလာပြီး ဓားအလင်းကို တားဆီးသည်။
သို့သော် သူ့တစ်ကိုယ်လုံးက တုန်ခါသွားပြီး လပြည့်ဝန်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ဓားလေးလက်သည် သူနှင့်အတူရှိနေသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူလေးယောက်၏နောက်ကျောတွင် တိတ်ဆိတ်စွာလွင့်မျောနေသည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူလေးယောက်က မည်သည့်အရာကိုမှ သတိမထားမိခဲ့ပေ။ သူတို့က ထိတ်လန့်စွာ နောက်လှည့်ကြည့်သည်။
သူ့နောက်တွင်လည်း ဓားတစ်လက်ရှိနေမည်ဖြစ်ကြောင်း လူအိုကြီးက နားလည်လိုက်သည်။
“ဒါက သွေးမျိုးဆက်စွမ်းအားလား ဒါမှမဟုတ် မင်းမှာ ကောင်းကင်ကိုဖီဆန်နေတဲ့ ဓားကျင့်ကြံခြင်းမျိုး ရှိတာလား ....”
လူအိုကြီးက ရေရွတ်သည်။
သူနှင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများသည် ခုခံမှုကို လက်လျော့လိုက်သည်။
အနိုင်ရရန် မျှော်လင့်ချက်မရှိပေ။
ထိုဓားနည်းစနစ်သည် အလွန်အားကောင်းသည်။
ပိုင်ဝူဟန်က တခစ်ခစ်ရယ်လိုက်ပြီး ပြန်မဖြေပေ။ သူမက ကလန်အတွင်းသို့ ဝင်သွားခဲ့သည်။
သူမ၏နောက်တွင် ဓားခြောက်လက် တိတ်ဆိတ်စွာလွင့်မျောနေသည်။
သူမက ဓားတစ်လက်ဖြင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို ဖိနှိပ်ခဲ့သည်။
ထို့မြင်ကွင်းကြောင့် သူမနှင့်အတူလိုက်လာသော မိစ္ဆာများက စိတ်လှုပ်ရှားသွားသည်။
မိစ္ဆာများသည် အုပ်စုလိုက်နေထိုင်ပြီး ခွန်အားကြီးသူကို ဦးစားပေးကြသည်။
သူတို့က ကျွမ်းကျင်သူများကို သဘာဝအလျောက် ကြောက်ရွံ့ပြီး လေးစားသည်။
ပိုင်ဝူဟန်၏တိုက်ခိုက်နိုင်စွမ်းသည် စိတ်ကူးမယဉ်နိုင်လောက်သောအဆင့်သို့ ရောက်နေသည်။
သူတို့က ပိုင်ဝူဟန်၏လက်အောက်ခံများဖြစ်လာလျှင် အနာဂတ်တွင် အခွင့်အရေးများ ပိုရလာလိမ့်မည်။
ကျင့်ကြံသူနှင့် ကျွမ်းကျင်သူများသည် အရင်းအမြစ်များအတွက် အမြဲတိုက်ခိုက်နေရသည်။
“ကျေးဇူးပါအစ်ကိုဟန်”
ဟန်မူယဲ့က ပိုင်ဝူဟန်၏အသံကို ကြားလိုက်ရသည်။
သူမက ဟန်မူယဲ့ကို ကျေးဇူးတင်သင့်သည်။
ဟန်မူယဲ့၏ ဝိညာဉ်လိပ်ပြာဓားသာမရှိလျှင် သူမက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူငါးဦးကို ဓားတစ်ချက်တည်းဖြင့် ဖိနှိပ်နိုင်မည်မဟုတ်ပေ။
ထိုဓားကို ပိုင်ဝူဟန်က စုစည်းထားခဲ့သော်လည်း ထိန်းချုပ်ခြင်းနည်းလမ်းသည် ဟန်မူယဲ့ဆီမှ ဆင်းသက်လာသည်။
ပိုင်ဝူဟန်က တိုက်ခိုက်လိုက်သောအချိန်တွင် ဓား၏ထိန်းချုပ်မှုကို ဟန်မူယဲ့ဆီသို့ လွှဲပြောင်းပေးခဲ့သည်။
ထိုအစိမ်းရောင်မြေခွေးများတင်မကဘဲ အရှေ့ပင်လယ်၏ဓားကျင့်ကြံသူများကလည်း ဟန်မူယဲ့၏ဓားရေးကို မော့ကြည့်ရလိမ့်မည်။
ဓားအလင်းငါးခုသည် တိတ်ဆိတ်စွာလှုပ်ရှားသွားခဲ့သည်။
သူက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူငါးယောက်ကို သတ်ဖြတ်ချင်လျှင် အချိန်ခဏသာလိုအပ်လိမ့်မည်။
“အစ်ကိုဟန်၊ ကျွန်မက သွေးမျိုးဆက်စွမ်းအားကိုပဲ လိုချင်တာ။ အစ်ကိုဟန်က ကလန်တစ်ခုလုံးကို စိတ်ကြိုက်သုံးလို့ရတယ်”
ပိုင်ဝူဟန်၏အသံကို ကြားလိုက်ရပြန်သည်။
သူမက လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့ပြီး ချက်ချင်း အမြီးခြောက်ချောင်းဖြစ်လာခဲ့သည်။ ယခု သူမက ချန်တောင်ကုန်းမြေခွေးကလန်ကို သိမ်းယူခဲ့သည်။
သူမက သွေးမျိုးဆက်စွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် အနည်းဆုံး အမြီးတစ်ချောင်းစုစည်းနိုင်လိမ့်မည်။
ထိုစွမ်းအားနှင့်ဆိုလျှင် သူမက လွန်ခဲ့သောနှစ်တစ်သောင်း၏ ပိုင်ချင်းယွီနှင့် သိပ်မကွာတော့ပေ။
သူမက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်ရောက်လာလျှင် ကောင်းကင်နှင့်မြေကြီး၏စွမ်အားကို အသုံးချပြီး တောင်ပိုင်းကုန်းမြေတစ်ခုလုံးကို လွှမ်းမိုးနိုင်သည်။
ပိုင်ဝူဟန်ရှိနေသောကြောင့် တောင်ပိုင်းကုန်းမြေ၏မြေခွေးများသည် အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည်။
ပိုင်ဝူဟန်က သွေးမျိုးဆက်စွမ်းအားများကိုသာ လိုအပ်သည်။ သူမက သိမ်းပိုက်ထားသောကလန်များ၏ ကျွမ်းကျင်သူများကို သိပ်ဂရုမစိုက်ပေ။
လျှို့ဝှက်နယ်မြေထဲတွင်ရှိသော လက်အောက်ငယ်သားများကို ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်ခေါ်မသွားနိုင်ပေ။
“ကောင်းပြီ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
ပိုင်ဝူဟန်က အပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်းလျှောက်သွားသည်။
သူမက ခြေတစ်လှမ်းတိုးလိုက်ပြီး ယဇ်ပလ္လင်ထဲသို့ ဝင်ရောက်သွားသည်။
မီးတောက်များသည် ရွှေရောင်ဖြစ်လာသည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် ရွှေအလင်းသည် မိုင်ထောင်ချီအထိ ပျံ့နှံ့သွားသည်။
အစိမ်းရောင်မြေခွေးများသည် တုန်ခါသွားပြီး မြေပြင်ပေါ်တွင် ဦးညွှတ်လိုက်သည်။
ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများပင်လျှင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မထားနိုင်ပေ။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူငါးယောက်ကသာ ယဇ်ပလ္လင်ရှေ့တွင် ရပ်နေနိုင်သည်။
ဟန်မူယဲ့က ယဇ်ပလ္လင်ကိုကြည့်ပြီး ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သည်။
သူ့စိတ်နယ်ပယ်ထဲတွင် အမွေအနှစ်မီးတောက်များ ပြင်းထန်စွာလောင်ကျွမ်းနေသည်။
သူ့စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။
အစိမ်းရောင်မြေခွေးကလန်သည်လည်း ကြောင်မြီးတိုကလန်ကဲ့သို့ ပျက်စီးခြင်းစကြဝဠာမှ ရောက်လာခဲ့သည်။
သို့သော် ဝိညာဉ်ကိုယ်ခွဲအဆင့်တွင်ရှိသော ကြောင်မြီးတိုကလန်၏သွေးမျိုးဆက်နှင့်မတူဘဲ အစိမ်းရောင်မြေခွေးကလန်၏ ဘိုးဘေးသည် ပိုမိုမြင့်မားသောအဆင့်တွင် ရှိနေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်ကျင့်ကြံသူများသည် ကလန်ကို စောင့်ကြပ်နေသည်။
“ပျက်စီးခြင်းစကြဝဠာမှာ အမြီးကိုးချောင်းကောင်းကင်မြေခွေးတစ်ကောင် ရှိနေတာလား”
ကောင်းကင်ကို အမြီးကိုးချောင်းဖြင့်ဖုံးလွှမ်းထားသော ကျောက်စိမ်းဖြူပုံရိပ်ကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ရေရွတ်သည်။
အမြီးကိုးချောင်း၏စွမ်းအားသည် အဆင့်သစ်တစ်ခုတွင် ရှိနေသည်။