အခန်း (၄၁၆)
Vol. 30 Ch. 416
သူတို့၏ သွေးမျိုးဆက်များကို ထုတ်ယူသွားသည်။
ထိုနည်းလမ်းသည် ရက်စက်လှသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်သည်။ သူ့ရှေ့တွင်ရှိသောဓားအလင်းသည် ရှေ့ဆက်တိုးသွားပြီး ခုတ်ချသည်။
ကောင်းကင်အဆင့်မိစ္ဆာသည် အော်ဟစ်လိုက်သည်။ သူ့ပါးစပ်ထဲတွင်ရှိသော အစိမ်းရောင်မိစ္ဆာစွမ်းအင်အလင်းသည် လေဓားသွားအဖြစ်ပြောင်းပြီး ဓားကို ရင်ဆိုင်သည်။
ကောင်းကင်ဖျက်ဆီးခြင်းတောဝက်၏ နတ်ဘုရားစွမ်းရည် ....
ရှေးခေတ်သားရဲဖြစ်သော ကောင်းကင်ဖျက်ဆီးခြင်းတောဝက်သည် လေကို ထိန်းချုပ်ပြီး လေဓားသွားများကိုအသုံးပြု၍ ကောင်းကင်နှင့်မြေကြီး၏အချုပ်အနှောင်ကို ဖျက်ဆီးခဲ့သည်။
ကောင်းကင်ဖျက်ဆီးခြင်းတောဝက်၏ တိုက်ခိုက်မှုကို ကောင်းကင်အတားအဆီးကပင် မတားနိုင်ပေ။
“လေကိုသုံးတာလား”
ဟန်မူယဲ့က လေဓားသွားကိုကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သည်။
သူက လေပြေလေညင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပုံပေါ်ပြီး ပတ်ဝန်းကျင်တွင် တိမ်တိုက်များဖြင့် ပြည့်နှက်နေသည်။
လေသည် မည်သည့်နေရာမှ ရောက်လာသနည်း။
ကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားသည်။
တောင်တန်း၊ တောအုပ်၊ ရေ၊ မီးနှင့် သက်ရှိအားလုံး ပြောင်းလဲသွားပြီး လေထုသည် တုန်ခါလာသည်။ အဆုံးတွင် အဆုံးမရှိသောလေအဖြစ် ပြောင်းလဲသွားသည်။
လေက ထပ်မံပြောင်းလဲသွားလျှင် မည်သို့ဖြစ်မည်နည်း။
ဟန်မူယဲ့၏ဘေးတွင်ရှိနေသော ရှန်စန်းက တစ်ကိုယ်လုံးတုန်ခါသွားပြီး လေအဖြစ်ပြောင်းသွားသည်။ ထို့နောက် သူက လေဓားသွားအဖြစ်ပြောင်း၍ ကောင်းကင်ဖျက်ဆီးခြင်းတောဝက်၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်သည်။
လေကို လေဖြင့် တိုက်ခိုက်သည်။
လေပြင်းများတိုက်ခတ်လာပြီး လေဓားသွားများ ထိတွေ့သွားသည်။ ထို့နောက် လေဓားသွားများက ဆက်တိုက်တုန်ခါလာပြီး ပျောက်ကွယ်သွားသည်။
အောက်တွင် ကောင်းကင်ဘုံအဆင့်မိစ္ဆာသည် ကြောက်ရွံ့စွာမျက်လုံးပြူးနေပြီး ကျဆင်းလာသောဓားကို ကြည့်သည်။ ထိုဓားသည် သူ့ကို နှစ်ပိုင်းပြတ်သွားစေခဲ့သည်။
“ဘန်း”
ယဇ်ပလ္လင်ထက်တွင် မီးတောက်များမြင့်တက်လာသည်။
လေအဖြစ်ပြောင်းသွားသောရှန်စန်းက ယဇ်ပလ္လင်ကို ဝင်တိုက်သည်။
ဝိညာဉ်တောဝက်ကလန်သားများသည် မြေပြင်ပေါ်တွင်ဝမ်းလျားမှောက်လျက်ရှိနေပြီး အငွေ့အသက်များ မတည်မငြိမ်ဖြစ်နေသည်။
ကောင်းကင်ဖျက်ဆီးခြင်းတောဝက်၏ သွေးမျိုးဆက်မရှိလျှင် သူတို့သည် အလွန်သာမန်ဆန်သော မျိုးနွယ်စုတစ်ခုဖြစ်သည်။
တစ်နာရီအကြာတွင် မီးတောက်များ ပေါက်ကွဲထွက်လာသည်။ နောက်တွင် အမြီးသုံးချောင်းရှိနေသောရှန်စန်းက ပေတစ်ထောင်မြင့်မားသောပုံရိပ်အဖြစ် အသွင်ပြောင်းထားသည်။ သူက ရှေ့တစ်လှမ်းတိုးပြီး ခပ်နိမ့်နိမ့်ဟိန်းဟောက်သည်။
ဟန်မူယဲ့၏ ပတ်ပတ်လည်တွင် တိမ်တိုက်နှင့်လေများ သွယ်ယှက်နေသည်။ သဘာဝစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။
လေဓာတ်လိုက်ဖက်ညီမှု ပြီးပြည့်စုံသွားသည်။
ဟန်မူယဲ့က ရှေးခေတ်သားရဲ၏ သွေးမျိုးဆက်မှတစ်ဆင့် လေဓာတ်လိုက်ဖက်ညီမှုကို အမြင့်ဆုံးအဆင့်သို့ရောက်သည်အထိ လုပ်ဆောင်နိုင်ခဲ့သည်။
ယခုအချိန်တွင် သူက လေနှင့်မီးကိုပေါင်းစပ်ပြီး မီးလွင်ပြင်ဓားနည်းစနစ်အား ထုတ်သုံးလိုက်မည်ဆိုလျှင် တိုက်ခိုက်နိုင်စွမ်း အဆပေါင်းများစွာတိုးလာလိမ့်မည်။
“ပြန်ကြရအောင်။ ဒီကလန်မှာ အသုံးဝင်တာတစ်ခုခုရှိမလား ရှာဖို့အတွက် လူနည်းနည်းလောက်လွှတ်လိုက်”
ဝိညာဉ်တောဝက်ကလန်၏ သွေးမျိုးဆက်သည် ရှန်စန်းနှင့် ပေါင်းစပ်သွားသောကြောင့် ကလန်သားများ၏ခွန်အားသည် အောက်ခြေအထိ ကျဆင်းသွားသည်။
သူတို့က ဤကလန်၏အရင်းအမြစ်များကို သိမ်းယူရသည်။
ရှန်စန်းက သွေးမျိုးဆက်စွမ်းအားကိုအသုံးပြု၍ ကြောင်မြီးတိုကျွမ်းကျင်သူတစ်ထောင်ကျော်ကို ဆင့်ခေါ်ခဲ့သည်။
ဟန်မူယဲ့က ပျံသန်းလိုက်ပြီး ကောင်းကင်ကြိုးကြာ၏ကျောပေါ်သို့ တက်သည်။
ကောင်းကင်ကြိုးကြာက စက်ဝိုင်းပတ်ပျံသန်းနေပြီး ညင်သာစွာအော်ဟစ်သည်။
“မင်းလိုချင်တဲ့ သွေးမျိုးဆက်စွမ်းအားက ကြိုးကြာဖြူတောင်တန်းမှာလား”
ဟန်မူယဲ့က တောင်ပံဖြန့်ထားသောကြိုးကြာနှင့်တူသည့် တောင်တန်းကို လှည့်ကြည့်သည်။
သူ့ပတ်ပတ်လည်တွင် ချီစွမ်းအင်အလင်းများနှင့်အတူ ကောင်းကင်ကြိုးကြာများ ပေါ်ထွက်လာသည်။
သူတို့အားလုံးသည် ကောင်းကင်ကြိုးကြာတောင်ပံထဲတွင် အိပ်စက်ပြီး အနားယူနေကြသည်။
ကောင်းကင်ကြိုးကြာများက လည်ပင်းဆန့်ပြီး သံရှည်ဆွဲအော်ဟစ်သည်။ ထို့နောက် ကြိုးကြာဖြူတောင်တန်း၏ ကျောက်ဆောင်များနှင့် ဝင်တိုက်သည်။
“ဘန်း”
တောင်ပေါ်ရှိကျောက်တုံးများတွင် သွေးစွန်းသွားသည်။
ကောင်းကင်ကြိုးကြာများ၏ခေါင်းတွင်ရှိသော သွေးအဆီအနှစ်သည် မိစ္ဆာသွေးမျိုးဆက်ပေါင်းစည်းခြင်းကို တိုးမြှင့်ပေးနိုင်သည်။
ထိုအရာသည် ထိပ်တန်းအဆင့်ရတနာဖြစ်သည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်ထားပြီး ကျောက်ဆောင်များအား တစ်ကောင်ပြီးတစ်ကောင်ဝင်တိုက်နေသော ကောင်းကင်ကြိုးကြာများကို ကြည့်သည်။ သူတို့၏ သွေးအဆီအနှစ်များ ကုန်ဆုံးသွားသည်။
သို့သော် သူက သူတို့ကို မတားခဲ့ပေ။
ကြိုးကြာဖြူတောင်တန်းပေါ်တွင် စွမ်းအားများတိုးတက်လာကြောင်း သူခံစားမိသည်။
ထိုစွမ်းအားသည် အလွန်သိပ်သည်းပြီး လူတစ်ယောက်ကို ရင်တုန်သွားစေနိုင်သည်။
ကြွယ်ဝသော လေဟာနယ်စွမ်းအားဖြစ်သည်။
ထိုစွမ်းအားသည် ဟန်မူယဲ့ထိန်းချုပ်ထားသော ကောင်းကင်ကြိုးကြာတောင်ပံ၏စွမ်းအားနှင့် တူညီသည်။
‘ရှေးခေတ်သွေးမျိုးဆက်လား’
‘ကောင်းကင်ကြိုးကြာတွေရဲ့ အမွေအနှစ်လား’
‘စိတ်ဝင်စားစရာပဲ’
“ဘုန်း”
ကြိုးကြာဖြူတောင်ပေါ်တွင်ရှိသော ကျောက်တုံးများပေါက်ကွဲသွားပြီး ပြိုကျလာသည်။ ထို့နောက် ဧရာမကြိုးကြာဖြူတစ်ကောင်၏ပုံရိပ် ပေါ်ထွက်လာသည်။
ကြိုးကြာဖြူသည် သွေးစွန်းနေသောဦးခေါင်းကိုမော့၍ ကြေကွဲစွာမြည်တမ်းသည်။
ကြိုးကြာဖြူသည် ဟန်မူယဲ့ကို စိုက်ကြည့်သည်။
ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။
ကြိုးကြာဖြူတွင် တောင်ပံများမရှိပေ။
ချီစွမ်းအင်အလင်းနှင့်အတူ အဖြူရောင်ဝတ်စုံနှင့် ရွှေသရဖူဆောင်းထားသော လူငယ်တစ်ယောက်သည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။
ထိုလူငယ်၏မျက်နှာက နူးညံ့ပြီး မျက်ခုံးမွေးများက နားထင်စပ်သို့ရောက်သည်အထိ ရှည်လျားသည်။ သူ့ခါးတွင် ကျောက်စိမ်းခါးပတ်တစ်ခု ဝတ်ထားသည်။
ထိုလူငယ်တွင် လက်နှစ်ဖက်မရှိပေ။
“မင်းက သွမ်ကျိုးရှောင်ရွေးထားတဲ့လူလား”
လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။
“လူသားလား”
“မင်းက လူသားသွေးမျိုးဆက်နဲ့ မိစ္ဆာတစ်သောင်းကို ထိန်းချုပ်နိုင်မှာလား”
လူငယ်၏မျက်လုံးထဲတွင် ရွှေအလင်းများရှိနေပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။
“မင်းက သွမ်ကျိုးရှောင်ရဲ့အရာအားလုံးကိုဆက်ခံဖို့ ဘယ်လိုအရည်အချင်းမျိုးရှိနေတာလဲ ငါကြည့်ပါရစေ”
သူက ဟန်မူယဲ့၏နောက်တွင် ရုတ်တရက်ပေါ်လာသည်။
သူက အလွန်မြန်သည်။
သူက အလွန်မြန်သောကြောင့် အမြန်နှုန်းတွင်အထူးပြုထားသော ရှန်စန်းက ကြောင်အသွားခဲ့သည်။
သွေးရောင်ဓားတိုလေးတစ်ချောင်းသည် ဟန်မူယဲ၏နောက်မှ တိုးဝင်လာသည်။
ထိုဓားသည် ကြိုးကြာနှုတ်သီးနှင့် ဆင်တူပြီး ကျောက်စိမ်းဖြူရောင်အလင်းများကို ထုတ်ပေးနေသည်။
ဓားတိုလေးသည် ဖျတ်ခနဲ ဟန်မူယဲ့နှင့် တစ်ပေအကွာသို့ ရောက်လာသည်။
ဟန်မူယဲ့က မတုံ့ပြန်ပေ။
လူငယ်က စိတ်ရှုပ်သွားပြီး မျက်လုံးထဲတွင် နားမလည်နိုင်မှုများ ပေါ်လာသည်။ ဓားသည် ရှေ့သို့ အနည်းငယ်ဆက်တိုးသွားသည်။
ဟန်မူယဲ့က နောက်လှည့်မကြည့်ပေ။
“ရွှပ် ....”
ဓားတိုလေးသည် ရုတ်တရက်မြန်ဆန်လာပြီး ရေပြင်ညီအတိုင်း ခုတ်ချသည်။
ဓားချက်ကြောင့် တိမ်တိုက်များပြိုကွဲသွားသည်။ သို့သော် ဓားသည် မည်သည့်အရာကိုမှ မခုတ်မိခဲ့ပေ။
ဟန်မူယဲ့၏ပုံရိပ်က ပျောက်ကွယ်သွားပြီး လူငယ်၏နောက် ငါးပေအကွာတွင် ပြန်ပေါ်လာသည်။
“ကောင်းကင်မြေခွေးသွေးမျိုးဆက်နဲ့ ငါ့မျက်လုံးတွေကို လှည့်စားသွားခဲ့တယ်။ မင်းရဲ့ဝိညာဉ်က အနည်းဆုံး ကောင်းကင်ဘုံအထွတ်အထိပ်အဆင့်မှာ ရှိနေတယ်”
“ငါ့နောက်ကို အသံမထွက်ဘဲ ရွေ့လျားလာနိုင်တဲ့အတွက် မင်းရဲ့ လေစွမ်းအားနဲ့ လေဟာနယ်စွမ်းအားထိန်းချုပ်နိုင်စွမ်းက စိတ်ကူးမယဉ်နိုင်တဲ့အဆင့်ကို ရောက်နေပြီ”
လူငယ်က သိချင်စိတ်များပြည့်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“ပြီးတော့ မင်းက ငါ့ဓားချက်ရဲ့လမ်းကြောင်းကို ခန့်မှန်းနိုင်တယ်။ မင်းက ဓားနဲ့ပတ်သတ်ပြီး အရမ်းကျွမ်းကျင်လိမ့်မယ်”
သူက ဟန်မူယဲ့၏နောက်ကျောတွင်ရှိသော ဓားအိမ်ကိုကြည့်သည်။ လူငယ်က ယုံကြည်ချက်ရှိစွာ ပြောသည်။ “ငါ့ဓားချက်ကို ခုခံလိုက်။ မင်းက ငါတွေးထားသလိုမျိုး ပါရမီရှိရဲ့လား ကြည့်ရအောင်။ မင်းရဲ့ဓားပညာရပ်က အရမ်းကောင်းလိမ့်မယ်”
လူငယ်က ဟန်မူယဲ့အတွက် တုံ့ပြန်ချိန်မပေးဘဲ ဓားတိုလေးကိုအသုံးပြု၍ လည်ပင်းကို ထိုးချလိုက်သည်။
ငါးပေအကွာအဝေးတွင် သူ့ဓားချက်က လျင်မြန်စွာရောက်လာသည်။
ဟန်မူယဲ့က နောက်ဆုတ်ချင်လျှင်ပင် မဆုတ်နိုင်တော့ပေ။
ဟန်မူယဲ့က မရှောင်ခဲ့ပေ။
သူက ဓားနှစ်လက်ကို ထုတ်ယူသည်။ ဓားအလင်းများ ဖျတ်ခနဲပေါ်လာပြီး ဓားရှည်သည် ဓားတိုလေးကို တားဆီးသည်။ နောက်ဓားတစ်လက်သည် ဘယ်ဘက်မှ ထောင့်ဖြတ်အတိုင်းတိုးဝင်လာပြီး ထိုးသွင်းသည်။
ဓားတစ်လက်သည် ခမ်းနားပြီး ဓားတစ်လက်သည် ထူးဆန်းသည်။
ဓားအလင်းနှစ်ခုသည် အသံမထွက်ခဲ့ပေ။ ဓားများကို ဆွဲထုတ်လိုက်သောအခါတွင် တစ်ခါတည်း မာန်ဟုန်ပါလာခဲ့သည်။
ဟန်မူယဲ့က လျှို့ဝှက်နယ်မြေတွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို ငှားမယူနိုင်ပေ။
သူ့ကိုယ်ပိုင်ကျင့်ကြံခြင်း၏ ဓားတာအိုနားလည်မှုကို အသုံးချခဲ့သည်။
သူ၏ ဓားတာအိုကျင့်ကြံခြင်းသည် အလွန်အဆင့်မြင့်နေသည်။
လူငယ်၏မျက်နှာတွင် ထိတ်လန့်မှုများဖြင့်ပြည့်သွားပြီး အာရုံစိုက်ထားသည်။ သူက ဓားတိုလေးကို ရှေ့သို့ အနည်းငယ်တိုးလိုက်သည်။
“ခလွမ် ....”
ဓားနှစ်လက် ထိတွေ့သွားပြီး နားအူလောက်သောအသံ ပေါ်ထွက်လာသည်။
လူငယ်က လျင်မြန်စွာနောက်ဆုတ်သည်။
သူက တည်ငြိမ်စွာရပ်နိုင်သောအခါတွင် ရင်ဘတ်ကို ငုံ့ကြည့်သည်။
သူ့ဘယ်ဘက်လက်မောင်းအောက်တွင် ဓားအမှတ်အသားတစ်ခု ရှိနေသည်။
ထိုဓားသည် သူ့အဝတ်အစားကို ရှပ်တိုက်သွားပြီး အပေါ်ယံဒဏ်ရာတစ်ခုကို ချန်ရစ်ခဲ့သည်။
“မင်းရဲ့ပါရမီနဲ့ဆိုရင် ဓားဘုရင်ယွမ်ထျန်းကတောင် မင်းကို ချစ်လိမ့်မယ် ....”
လူငယ်က စကားကိုအဆုံးမသတ်နိုင်ဘဲ မျက်လုံးပြူးသွားသည်။
ဓားဆေးလုံးသုံးလုံးသည် ထောင့်သုံးထောင့်မှ သူ့ကို ဝိုင်းရံထားသည်။
“လောကမှာရှိတဲ့ ဓားကျင့်ကြံသူတွေက ငါ့ရှေ့မှာ ဓားထုတ်ပြီး မတိုက်ခိုက်ရဲဘူး”
“မင်းက ဘယ်လောက်စွမ်းနိုင်မလဲ ကြည့်ရအောင်”
ဟန်မူယဲ့၏အသံသည် လွှမ်းမိုးနိုင်စွမ်းများနှင့် ပြည့်နှက်နေသည်။
သူစကားပြောပြီးသောအခါတွင် ဓားဆေးလုံးသုံးလုံး၏ ဓားချီများက ချည်မျှင်များအဖြစ် သွယ်ယှက်သွားသည်။
“ချည်မျှင်အဖြစ် ပြောင်းလဲသွားတဲ့ဓားလား” လူငယ်က အော်ဟစ်လိုက်ပြီး ဓားချည်မျှင်များကို ဓားတိုဖြင့် တိုက်ခိုက်သည်။
“ရွှပ်”
ဓားတိုလေးသည် ဓားချည်မျှင်များကြောင့် တစ်ပိုင်းတစ်စစီဖြစ်သွားသည်။
ဓားဆေးလုံးသုံးလုံး၏အပေါ်တွင် ဓားအလင်းများသွယ်ယှက်နေသည်။ လူငယ်၏ခန္ဓာကိုယ်က ပျက်စီးသွားခဲ့သည်။
ဟန်မူယဲ့က တည်ငြိမ်နေသောမျက်နှာထားဖြင့် ခေါင်းခါသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဓားဆေးလုံးကို သိမ်းသည်။
လူငယ်က အံ့အားသင့်နေသောမျက်နှာထားဖြင့် ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာသည်။
သူက ဟန်မူယဲ့ကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေပြီး ရုတ်တရက် ရယ်သည်။
“သွမ်ကျိုးရှောင်နဲ့ ဓားဘုရင်ယွမ်ထျန်းက ရန်သူတွေမဟုတ်ပေမဲ့ နှစ်ထောင်ချီကြာအောင် တိုက်ခိုက်ခဲ့တယ်”
“သူတို့ရွေးချယ်ထားတဲ့ အမွေဆက်ခံသူက တစ်ယောက်တည်းဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး”
“သွမ်ကျိုးရှောင်က ဒီအကြောင်းကိုသိသွားရင် ဒေါသထွက်ပြီး သေသွားလောက်တယ်”
သူက ထိုသို့ပြောလိုက်ပြီး ပျော်ရွှင်နေပုံပေါ်သည်။
“မဆိုးဘူး။ မင်းရဲ့ဓားရေးက တကယ်အထင်ကြီးစရာကောင်းတယ်”
လူငယ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တည်ငြိမ်သွားသည်။
“ငါ့နာမည်က ဟယ်ထျန်းကျန်းပဲ။ မင်းက ငါဘယ်သူလဲ သိလောက်ပါတယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူ့နောက်တွင် ချီစွမ်းအင်အလင်းတစ်ခုနှင့်အတူ တောင်ပံတစ်စုံပေါ်လာသည်။
ကောင်းကင်ကြိုးကြာတောင်ပံ ....
ထိုတောင်ပံများကို မြင်လိုက်ရသောအခါတွင် လူငယ်၏မျက်နှာထားက ရှုပ်ထွေးသွားသည်။
“ငါက ဒီတောင်ပံတွေကို ဘယ်တော့မှပြန်မတွေ့ရတော့ဘူးလို့ ထင်နေတာ”
ဟန်မူယဲ့က သူ့ကို တိတ်ဆိတ်စွာကြည့်နေပြီး စကားမပြောပေ။
ကောင်းကင်ကြိုးကြာတောင်ပံတစ်စုံသည် အဖိုးတန်သည်။ သူက တောင်ပံတစ်စုံကို တိုက်ရိုက်ပြန်ပေးနိုင်သည်အထိ သဘောကောင်းသောလူမဟုတ်ပေ။
သို့သော် ဟယ်ထျန်းကျန်းက လုံလောက်သောတန်ဖိုးတစ်ခုနှင့် လဲလှယ်မည်ဆိုလျှင် ဟန်မူယဲ့က စဉ်းစားကြည့်လိမ့်မည်။
“မင်းက တံဆိပ်ကိုယူဖို့ ရောက်လာတာမဟုတ်လား”
လူငယ်က တောက်ပနေသောမျက်လုံးများနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက အကောင်းဆုံးကြိုးစားပြီး မိစ္ဆာတစ်သောင်းတံဆိပ်ရအောင် ကူညီပေးမယ်။ မင်းက ငါ့တောင်ပံတွေကို ပြန်ပေးလိုက်လေ”
မိစ္ဆာတစ်သောင်းတံဆိပ်သည် လျှို့ဝှက်နယ်မြေတွင် အဖိုးအတန်ဆုံးပစ္စည်းဖြစ်သည်။
သို့သော် ဟန်မူယဲ့က မိစ္ဆာတစ်သောင်းတံဆိပ်ကို ဂရုမစိုက်ဘဲ ခွေသားရဲဦးချိုကိုသာ လိုချင်သည်။
“ငါက ခွေဦးချိုကို လိုချင်တယ်။ အဲ့ဒီရတနာကို ရအောင်လုပ်ပေးနိုင်ရင် ဒီတောင်ပံတွေ ပြန်ပေးမယ်”
ဟန်မူယဲ့က ဟယ်ထျန်းကျန်းကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ကောင်းကင်ကြိုးကြာတောင်ပံများ၏ လျှို့ဝှက်ချက်သည် အထဲတွင်ရှိနေသော လေဟာနယ်စွမ်းအားဖြစ်သည်။
လေဟာနယ်စွမ်းအားကို နားလည်ထားသော ဟန်မူယဲ့အတွက် တောင်ပံတစ်စုံကို ခွေဦးချိုနှင့် လဲလှယ်နိုင်လျှင် အဆင်ပြေသည်။
“မင်းရဲ့ဝိညာဉ်နဲ့ ဓားရေးက မင်းရဲ့ခန္ဓာကိုယ်အတွက် သန်မာလွန်းနေတယ်။ မင်းက ခွေဦးချိုကိုသုံးပြီး အသန်မာဆုံးခန္ဓာကိုယ်ကို လေ့ကျင့်ချင်တာမဟုတ်လား”
ဟယ်ထျန်းကျန်းက ကျစ်စုတ်သည်။ “ဒါက တကယ့်ကို မင်းအတွက်အခွင့်အရေးပဲ”
“မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေမှာ ခွေသားရဲဦးချိုကို မျှားခေါ်ဖို့အတွက် နည်းလမ်းတွေအများကြီးရှိတယ်။ ဒါပေမဲ့ အဲဒါကို အညံ့ခံလာအောင်လုပ်နိုင်တာကတော့ ငါတစ်ယောက်ပဲရှိတယ်”