Muddy Water ကစားပွဲထဲ ဝင်ရောက်လာပြီ
Vol. 37 Ch. 541
စွန်းချဲ့ သူ၏မျက်လုံးများ ကျဉ်းမြောင်းလိုက်ပြီး “ ဒီကိစ္စက တစ်ခုခုတော့ မူမမှန်ဘူး… ဒါပေမယ့် သူ့လက်ထဲမှာ ရှိတဲ့ ပိုက်ဆံတွေက သူ့ကိုယ်ပိုင် မဟုတ်တာတော့ သေချာတယ်….”
“ ခုက အဲ့အကြောင်း တွေးရမယ့် အချိန်မဟုတ်တော့ဘူး…” ဂူချန်းချွမ်မှ ပြောလိုက်၏။
“ဘော့စ်ဂူပြောတာ အမှန်ပဲ...ခု အခြေအနေက နည်းနည်းလေး ရှုပ်ထွေးလာပြီဆိုရင်တောင် ငါတို့ဘက်က တုန်လှုပ်မနေသင့်ဘူး…ခုက လွန်ဆွဲတဲ့ ကစားနည်းလိုပဲလေ… တစ်ဖက်က စိတ်လှုပ်ရှားပြီး နည်းနည်းလေး တွန့်ဆုတ်မိတာနဲ့ အရင် ရှုံးသွားမှာပဲ….”
“ သူ့ရဲ့ ခွန်အားက ငါ့ကို တုန်လှုပ်ဖို့ မလုံလောက်သေးပါဘူးကွာ…” ကျောက်မို လက်ထဲရှိ ဘောပင်ကို အဆက်မပြတ်လှည့်လိုက်ပြီး “ တကယ်လို့ ငါက အဲ့လိုကောင်ကိုတောင် ရှုံးနိမ့်အောင် မလုပ်နိုင်ဘူးဆိုရင် ငါ ကျောက်မို နာမည်တစ်လုံးနဲ့ နေလာတာ အလကားဖြစ်သွားမှာပေါ့…”
“ အမှန်ပဲ….” စွန်းချဲ့ ရယ်မောလိုက်ပြီး “ မင်းလက်ထဲမှာ နောက်ထပ် ရှစ်ဘီလီယမ်ဖိုး ရှယ်ယာတွေ ရှိသေးတယ်မလား… တကယ်လို့ အားလုံး ထုတ်ရောင်းရမယ်ဆိုရင်တောင် ထုတ်ရောင်းပစ်လိုက်…. မင်းရဲ့ အဟုန်ကိုတော့ ဆုံးရှုံးသွားလို့မဖြစ်ဘူး…”
“ ငါလည်း လောင်စွန်းပြောတာကို ထောက်ခံတယ်…တကယ်လို့ မင်းသာ တစ်ခါတည်း ၇.၉ ဘီလီယမ်လုံး ထုတ်ရောင်းလိုက်မယ်ဆိုရင် တစ်ဖက်က တောင့်ခံနိုင်မှာ မဟုတ်လောက်ဘူး…ဘယ်သူသိနိုင်မှာ… အဲ့တာက သူ့ရဲ့ နောက်ဆုံး အကာအကွယ်ခွံကို တစ်ချက်တည်းနဲ့ ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်တာပဲလေ…” လုရွှမ် ပြောလိုက်၏။
“ အမှန်ပဲ… အဲ့ကောင် ကျန်တဲ့ ရှစ်ဘီလီယမ်လုံး ဝယ်နိုင်တယ်ဆိုရင်တောင် ငါတို့ သုံးယောက် ထပ်ချေးထားတဲ့ ရှယ်ယာ ၂၄၆ မီလီယမ်က ကျန်နေသေးတယ်… အဲ့တာက ၆၀ ဘီလီယမ် တန်ကြေးရှိတယ်….” စွန်းချဲ့ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ပြီးတော့ အရင်က ၄၀ ဘီလီယမ်နဲ့ဆိုရင် စုစုပေါင်း ၁၀၀ ဘီလီယမ် ရှိသွားပြီ….. အဲ့လောက် ပိုက်ဆံတွေအများကြီးနဲ့ဆိုရင် ဒီကစားပွဲက သိပ်မကြာတော့ပါဘူးကွာ..…”
ကျောက်မို ပြုံးလိုက်ပြီး “ ဟားဟား....ပိုပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာပြီဟေ့… ဒီကောင် ဘယ်အချိန်ထိ ဆက်တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့….”
ကျိုးဟိုင် ၊ ရန်ချိန် TV သတင်းဌာန။
တစ်နေ့တာလုံး မှတ်တမ်းတင်ခြင်း ပြီးဆုံးပြီးနောက် ၀န်ရှူး သူမလက်ထဲတွင် စတားဘက်ခ် ကော်ဖီတစ်ခွက်နှင့်အတူ ထွက်လာလေသည်။ ထို့နောက် အပြင်ဘက်ရှိ သူမ၏ Mercedes Benz C Class ထံသို့ ဦးတည်လိုက်၏။
ကလင် ကလင်..
ထိုအခိုက်အတန့်တွင် ၀န်ရှူးဖုန်းသံ အသံမြည်လာခဲ့ပြီး ဖွင့်ကြည့်လိုက်သောအခါ သူမ ကောင်လေးထံမှ ဖြစ်နေလေသည်။
၀န်ရှူး သူမကောင်လေးနှင့် စောစီး လမ်းမခွဲခဲ့သည်ကိုပင် အရမ်း ၀မ်းမြောက်နေခဲ့၏။ ထို့ကြောင့် သူမတွင် မှီခိုရန် တစ်စုံတစ်ယောက် ရှိနေသေးလေသည်။
အင်တာနက် ဗန်းစကားများအရတော့ အမြဲတမ်း အပြုံးဖြင့် ရှေ့ဆက်နေသည့် မိန်းကလေးများတွင် ရွေးချယ်စရာ တစ်ခုမဟုတ် တစ်ခု အမြဲရှိသည်။ သူမ ကြုံတွေ့နေရသည့် အခြေအနေကလည်း ထိုစကားနှင့် တစ်ထပ်တည်းပင်။
" အလုပ်ဆင်းပြီလား သဲ.. ကိုယ် လာကြိုရတော့မလား...သဲစားချင်တဲ့ ပြင်သစ်စားသောက်ဆိုင်မှာတောင် ဘွတ်ကင် လုပ်ပြီးသွားပြီလေ..."
"လာမကြိုနဲ့တော့.. စားသောက်ဆိုင်မှာပဲ ဆုံကြမယ်..."
"အိုကေ အိုကေ.. ကိုယ်လည်း စားသောက်ဆိုင်နဲ့ အတော်လေးနီးနေပြီ... ဆယ်မိနစ်ဆို ရောက်ပြီ.. မလောနဲ့.. ဖြည်းဖြည်းသာ မောင်းခဲ့နော်..."
"အွန်းပါ..."
၀န်ရှူး ဖုန်းချလိုက်၏။ သို့သော်လည်း သူမမျက်နှာထက်တွင် မည်သည့် ပျော်ရွှင်မှုတို့မျှ ရှိမနေချေ။ ပြတင်းပေါက် အပြင်ဘက်ရှိ အလင်းရောင်များကို ကြည့်ရင်း ၀န်ရှူး တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။
လွန်ခဲ့သည့် တစ်လက ထိုညကို သူမ ပြန်လည် တွေးယောင်မိတိုင်း ရင်ထဲတွင် နောင်တတရားတို့နှင့် ပြည့်နှက်လာပြီး မိမိကိုယ်ကို မည်သို့မျှ ခွင့်လွှတ်၍ မရ ဖြစ်နေလေသည်။
အကယ်၍ ထိုညတွင်သာ ချိန်ရှူး ရုတ်တရက် ပေါ်မလာပါက သူမနှင့် လင်းရီတို့၏ ဆက်ဆံရေးမှာ တစ်ဆင့်တက်နေလောက်ပြီ မဟုတ်ပါလား။
သူမ၏ လုံးကိတ်သည့် ကိုယ်လုံးကိုယ်ပေါက်နှင့် စကေးကျွမ်းကျင်မှုတို့ ပေါင်းစပ်လိုက်မည်ဆိုပါက မည်သည့်အမျိုးသားမဆို သူမနှင့် တစ်ခါ အတူနေပြီးသည်နှင့် တမ်းတမ်းစွဲ ဖြစ်သွားပေမည်။
သို့သော်လည်း ချိန်ရှူး၏ ပေါ်ထွက်လာမှုက သူမ၏ အစီအစဉ်များကို ဖျက်ဆီးသွားပစ်ခဲ့သည်။
"သေစမ်း ချိန်ရှူး... အားလုံး နင့်ကြောင့်ပဲ.. ဘာအကျိုးမှ မပေးတဲ့ကောင် "
၀န်ရှူး ရင်ထဲတွင် အားပါးတရ ကျိန်ဆဲလိုက်၏။
သူမစိတ်ထဲတွင်တော့ ချိန်ရှူးနှင့် ထို ခွေးမ လီချူးဟန်ကြောင့်သာ မဟုတ်ပါက ယခုအချိန်ဆိုလျှင် Mercedes Benz C Class ထဲတွင်မဟုတ်ပဲ ယွမ်သုံးမီလီယမ်ကျော် တန်ကြေးရှိသော Mercedes Benz G-class ထဲ၌ ထိုင်နေရလောက်၏။
"ဟင်း..."
ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း ၀န်ရှူး စတားဘက်ခ် ကော်ဖီကို ကိုင်ကာ စတီယာရင် ရှေ့၌ ချထားလိုက်၏။ ထို့နောက် ဓာတ်ပုံရိုက်လိုက်ပြီး ဝီချက်ပ်မိုးမန့်ပေါ်တွင် ယခုလို ရေး၍ တင်လိုက်လေသည်။
"အဆုံးသတ်ကျတော့လည်း နစ်နာတဲ့သူဟာ ငါပါလား...."
မကြာမီ တစ်စုံတစ်ယောက်မှ တုံ့ပြန်သည့်စာပို့လာခဲ့၏။
"အလှလေး.. စိတ်ပြေလက်ပျောက် ခရီးခေါ်သွားပေးရမလား..."
တစ်စုံတစ်ယောက်မှ မက်ဆေ့ခ်ျပို့လာသည်ကိုမြင်တော့ ၀န်ရှူး၏ အမူအရာပြောင်းလဲသွားပြီး စာပြန်ပို့လိုက်၏။
"ရတယ်လေ...."
ဒေါက် ဒေါက် ဒေါက် ...
တစ်ဖက်သူထံမှ ပြန်စာကို စောင့်ဆိုင်းနေချိန် ၀န်ရှူး ရုတ်တရက် တစ်စုံတစ်ယောက်မှ သူမကားမှန်တံခါး လာခေါက်သည့်အသံကို ကြားလိုက်ရလေသည်။
"ရှင်က ... ရှင် ဘာလိုချင်လို့လဲ..."၀န်ရှူး မှန်တံခါးချပြီးနောက် သတိထားသည့် လေသံဖြင့် အပြင်ဘက်ရှိ လူစိမ်းကို စကားပြောလိုက်သည်။
"မစ်... မကြောက်ပါနဲ့.. ကျုပ် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ.. ကျုပ်နာမည်က ကျူးဖန်း...အမေရိကန် အခြေစိုက် Muddy Waters တီရာရုံးရဲ့ တာ၀န်ရှိသူပါ...."
"Muddy waters .... "၀န်ရှူး ရေရွတ်ပြီးနောက် မျက်မှောင်ကြုတ်ကာ "ဘယ်လိုတောင် ထူးဆန်းတဲ့ နာမည်ကြီးလဲ..."သူမ မျက်နှာပေါ်ရှိ သတိထားသည့် အမူအရာက ပိုမို ထင်ရှားလာလေသည်။ ထိုကဲ့သို့ ထူးဆန်းသည့် နာမည်မျိုးက လိမ်လည်လုယက်သူတို့ အသုံးများ၏။
"ဘယ်လိုကုမ္ပဏီက အဲ့လို ကြောင်တောင်တောင် နာမည်ကြီး ပေးထားတာ ..... ကြားရတာ မင်္ဂလာကို မရှိဘူး..."
"ဟားဟား... အမေရိကားက ဟွာရှနဲ့ ကွဲပြားတယ်လေ.. နာမည်ကို ဂရုစိုက်မနေပါနဲ့ မစ်..."ကျူးဖန်း ခင်မင်ဖွယ်ရာ အပြုံးလေးဖြင့် ပြောလိုက်ပြီး "တကယ်လို့ ကျုပ်တို့ ကုမ္ပဏီကို သံသယရှိနေတယ်ဆိုရင် ပိုင်သုမှာ သတင်းအချက်အလက်တွေ ရှာကြည့်လို့ရတယ်... ဒါကကျတော့ ကျွန်တော့်ရဲ့ အလုပ်နံပါတ်... တရား၀င် ၀က်ဆိုဒ်ထဲမှာ ရှာကြည့်ရင် မစ် သိပါလိမ့်မယ်... ကျုပ်မှာ ဘာ မကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး..."
၀န်ရှူး အရမ်း နိုးနိုးကြားကြား ရှိနေပြီး သူမ ဖုန်းကိုကိုင်၍ ကျူးဖန်းပေးသည့် အချက်အလက်များ မှန်မမှန် တစ်ချက် ရှာဖွေ ကြည့်လိုက်သည်။
ဆယ်မိနစ်ကြာပြီးနောက် ၀န်ရှူး ၀က်ဆိုဒ်ပေါ်တွင် ကျူးဖန်း၏ အချက်အလက်များကို ရှာတွေ့သွားပြီး လူဆိုးတစ်ယောက် မဟုတ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
ထို့ပြင် သူမ ကားမှာ သတင်းဌာန အဆောက်အဦး၏ ၀င်ပေါက်၀တွင်ရပ်ထားပြီး တံခါးတွင် လုံခြုံရေးများလည်း စောင့်ကြပ်နေသောကြောင့် ဘာမျှ ကြောက်နေစရာ မလိုချေ။
သို့သော်လည်း ၀န်ရှူးကို တစ်ခု စူးစမ်းချင်စိတ် တိုးပွားလာစေသည်က Muddy waters Research ပင်။ ယင်းကုမ္ပဏီ၏ အဓိက စီးပွားရေးလုပ်ငန်းမှာ ၎င်းတို့၏ နာမည်အတိုင်း ထူးဆန်းသည်။
သူတို့၏ အဓိက အားသာချက်မှာ ကုမ္ပဏီကြီးများ၏ အပျက်သဘောဆောင်သော သတင်းများကို ရှာဖွေတူးဆွပြီး အများသိအောင် ကြေညာကာ လက်တွဲထားသည့် ကုမ္ပဏီများထံမှ အကျိုးအမြတ်များကို ဖလှယ်ခြင်းပင်။
ထိုကဲ့သို့ ကုမ္ပဏီမျိုး ရှိနေသည်က ၀န်ရှူး၏ ကမ္ဘာကြီးအပေါ် ထင်မှတ်ထားမှုများကို ပြန်လည်ဆန်းသစ်သွားစေသည်။
'လူတွေက ဒီလိုမျိုး လုပ်ရင်းနဲ့လည်း ပိုက်ဆံ ရှာလို့ရတာပဲလားဟ.. ပြီးတော့ ရတဲ့ အကျိုးအမြတ်တွေကလည်း မသေးလောက်ဘူး..'
"ရှင် ကျွန်မဆီက ဘာလိုချင်လို့လဲ..."
MUDDY WATERS ၏ ထူးဆန်းစွာ ငွေရှာသည့် နည်းလမ်းကြောင့် ၀န်ရှူး ကျူးဖန်းအပေါ် သတိထားနေဆဲပင်။
"မစ်၀န်... ကျုပ် မိန်းကလေးနဲ့ ဆွေးနွေးစရာလေးရှိလို့ သတိကပ်ထားတာကို နည်းနည်းလေး လျော့ပေးလို့ရမလား..."
ကျူးဖန်း သူ၏ အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်လိုက်ပြီးနောက် "ဒီကတ်ထဲမှာ ယွမ် နှစ်သိန်းပါတယ်.. တကယ်လို့ မစ်၀န်က ကျုပ်နဲ့ ခဏလောက် စကားပြောပေးမယ်ဆို ဒီကတ်က မိန်းကလေး အပိုင်ပဲ..."
၀န်ရှူး၏ အကြည့်များမှာ ကျူးဖန်းလက်ထဲတွင် ကိုင်ထားသည့် ဘဏ်ကတ်အပေါ် ရောက်ရှိသွားလေသည်။
ယွမ်နှစ်သိန်းပမာဏမှာ သူမ၏ နှစ်၀က်စာ လုပ်အားခနှင့် ညီမျှသည်။
အကယ်၍ ထိုသူသာ လွန်လွန်ကျွံကျွံ မတောင်းဆိုလာပါက ရိုးရိုးသားသား စကားပြောဖို့လောက်တော့ သူမ လက်ခံနိုင်လေသည်။
"ရတယ်လေ.. ရှင်က ဘာကိစ္စ ဆွေးနွေးချင်တာ..."
ကျူးဖန်း ဘေးဘီကို တစ်ချက် အကဲခတ်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် "ဒီနေရာက စကားပြောကောင်းတဲ့ နေရာမဟုတ်ဘူး.. အနီးနားက စတားဘက်ခ်ဆိုင်ကို သွားရအောင်... ရမလား...."
"ရတယ်လေ.."
အကယ်၍ တစ်ဖက်သူသာ လူလိမ်ဆိုပါက စတားဘက်ခ်သို့ သွားရန် တောင်းဆိုလာလိမ့်မည် မဟုတ်ကြောင်း ၀န်ရှူး ယုံကြည်လေသည်။
၎င်းကို စဉ်းစားမိတော့ သူမ ရုတ်တရက် ချိန်းထားသည့် ကောင်လေးကို သတိရသွားပြီး ဖုန်းခေါ်လိုက်၏။ "ကို..သဲ ခုနလေးတင် အလုပ်ကိစ္စလေးပေါ်လာလို့ သဲ မလာနိုင်တော့ဘူးနော်..."
"မလာနိုင်တော့ဘူးလား.... ဒါပေမယ့် ဘွတ်ကင်က လုပ်ထားပြီးသွားပြီလေ..."
"အဲ့တာတွေ မသိဘူးဟာ.... အလုပ်က အရမ်းအရေးကြီးနေလို့..... လာလို့မရတော့ဘူး...ဒါပဲ..."
ထိုသို့ပြောပြီးနောက် ၀န်ရှူး ဖုန်းချကာ ကျူးဖန်းကို ပြုံးပြလိုက်ပြီး "သွားကြစို့..."
"အားနာလိုက်တာ ....ကောင်လေးနဲ့ ချိန်းထားတာကို နှောင့်ယှက်မိပြီ ထင်တယ်........"
"ကောင်လေးမဟုတ်ပါဘူး.. ဒီတိုင်း ကျွန်မနောက် အတင်းလိုက်ကပ်နေလို့ ခဏ အပျော်ကစားနေတာ..... မသွားလည်း ရတယ်..."
"ကောင်းတာပေါ့. ဒါဆို ကျုပ်လည်း အပြစ်ရှိသလို မခံစားရတော့ဘူးပေါ့..."ကျူးဖန်း အပြုံးလေးဖြင့် ပြောလိုက်သည်။
၀န်ရှူး ကားကို လော့ခ်ချပြီး သတင်းဌာနနှင့် အလှမ်းသိပ်မဝေးသည့် နေရာတွင်ရှိသော စတားဘက်ခ် ကော်ဖီဆိုင်သို့ ကျူးဖန်းနှင့်အတူ ဦးတည်လိုက်လေသည်။
လမ်းလျှောက်နေစဉ်အတွင်း ၀န်ရှူး ကျူးဖန်း၏ ပုံပန်းသွင်ပြင်ကို အကဲခတ်ကြည့်လိုက်သောအခါ အတော်လေး မဆိုးကြောင်း သတ်ပြုမိသွား၏။ လင်းရီနှင့် မယှဉ်နိုင်သေးသော်လည်း သူမ သိသမျှ အမျိုးသားများထဲတွင် ဒုတိယချိတ်လေသည်။ ထို့ပြင် သူ၏ မျက်လုံးများမှာ နက်ရှိုင်းသည့် ပင်လယ်ရေကဲ့သို့ ပြာလဲ့နေပြီး နှာတံမှာလည်း အနည်းငယ် မြင့်သည်။ သွေးနှော ဖြစ်ဟန်တူပြီး ရွှေဝါရောင် ဆံပင်ကေနှင့် အလွန်အမင်း ဆွဲဆောင်မှုရှိလှပေသည်။
မကြာမီ နှစ်ယောက်သား စတားဘက်ခ်သို့ ရောက်ရှိလာပြီး ကျူးဖန်းပြောလိုက်၏။
"မစ်၀န် ဘာသောက်မလဲ.. ကျုပ်အထင် မစ်၀န်လို လှပတဲ့ အမျိုးသမီးက Matcha latte နဲ့ အကိုက်ညီဆုံးဖြစ်မယ်လို့ ထင်တာပဲ..."
ထိုကဲ့သို့ လူကြီးလူကောင်းဆန်သည့် အပြုအမူကို မြင်တော့ ၀န်ရှူး၏ နှလုံးသားလေးမှာ ကဆုန်ဆိုင်းသွားပြီး "ဒါဆို ကျွန်မကို Matcha latte တစ်ခွက်လောက်...."
ကျူးဖန်း ခေါင်းညိမ့်ပြီးနောက် စတားဘက်ခ် စာရေးကိုကြည့်ကာ "အမေရီကာနို တစ်ခွက်နဲ့ မက်ချာလက်တေးတစ်ခွက်... အမေရိကာနိုကျု ရေခဲသီးသန့်ပဲ ရေမထည့်ဘူး... မက်ချာလက်တေးကိုကျတော့ သကြားလျှော့ပြီး ပဲနို့နဲ့လုပ်ပေး.. ရေခဲနည်းမယ်..."
"အိုကေ... ခဏစောင့်ပေးပါ..."
ကော်ဖီကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် မှာပေးလိုက်သည်ကို မြင်တော့ ၀န်ရှူး ကျူးဖန်းအပေါ် ပိုလို့ပင် အထင်ကြီး လေးစားသွားခဲ့ရ၏။
ပုံမှန်ဆို သူမ စတားဘက်သို့ ရောက်သည့် အခါတိုင်း သောက်မည့် ကော်ဖီကိုသာ ပြောရင်း အဆုံးသတ်သွားခဲ့၏။ ယခုလို ထပ်တိုးတောင်းဆို၍ ရမှန်းလည်း မသိရှိခဲ့ပေ။
'ကြည့်ရတာတော့ အမေရိကားမှာ အလုပ်လုပ်တဲ့ သူတွေက ကော်ဖီအပေါ်မှာ အရမ်းကို စေ့စပ်ကြတယ်ထင်တယ်....'
နှစ်ယောက်သား တိတ်ဆိတ်သည့် ထောင့်တစ်နေရာတွင် ထိုင်လိုက်ကြ၏။ မကြာမီ စားပွဲထိုးမှ မှာယူထားသည့် ကော်ဖီနှစ်ခွက်ကို လာပို့ပေးလေသည်။
တစ်ခုခု စားသောက်ခါနီး ဓာတ်ပုံ မရိုက်ရ မနေနိုင်သည့် စိတ်လေးကို အနိုင်နိုင်ထိန်းရင်း သူမ ကျူးဖန်းကို ကြည့်လိုက်သည်။ "မစ္စတာကျူး.. ရှင်က ဘာအကြောင်း ဆွေးနွေးချင်နေတာ..."
"ကိစ္စကဒီလိုပါ... ကျုပ်တို့ဘက်က ကုမ္ပဏီတစ်ခုရဲ့ သတင်းအချက်အလက်ကို လိုက်စုံစမ်းနေတာပါ... အဲ့တာမတိုင်ခင် မိန်းကလေး လင်းရီလို့ခေါ်တဲ့ သူနဲ့ ဆုံဖူးတယ်မလား.. မစ် သူ့အကြောင်း ဘယ်လောက်သိလဲ…”