← Chapters

ကျိုးဟိုင်သို့ ရောက်ရှိလာသည့် အဓိက ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီ ခုနစ်ခု

Vol. 37 Ch. 542

ကျိုးဟိုင်သို့ ရောက်ရှိလာသည့် အဓိက ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီ ခုနစ်ခု

Vol. 37 Ch. 542

"လင်းရီ... ရှင်က လင်းရီအကြောင်း စုံစမ်းနေတာလား..."

"အဲ့လိုပြောလို့ ရတယ်.. ကျုပ်က သူ့ရဲ့ အချက်အလက်တွေကို နည်းနည်းပါးပါး လိုချင်နေတာ.. မစ်၀န်က မခြွင်းမချန် ဖြေပေးမယ်လို့ မျှော်လင့်ပါတယ်..."

ကျူးဖန်း၏ စကားလုံးများက ၀န်ရှူးကို Muddy waters ၏ အကျိုးအမြတ်ရှာသည့် နည်းလမ်းကို ပြန်ပြောင်း သတိရသွားစေပြီး သတိထားသည့် လေသံဖြင့် မေးမြန်းလိုက်၏။

"ရှင်တို့ လင်းရီအကြောင်း စုံစမ်းချင်နေတယ်ဆိုတာက သူ့ရဲ့ မကောင်းသတင်းတွေကိုမလား..."

ကျူးဖန်း ကိုးရို့ကားယား ပြုံးလိုက်သော်လည်းမငြင်းပယ်ခဲ့ပေ။

လူကြီးများကြားတွင်တော့ နှုတ်ဆိတ်နေခြင်းက ၀န်ခံသည့် သဘောပင်။

"တကယ်လို့ မိန်းကလေး၀န်က စိတ်မရှိဘူးဆိုရင် ကျုပ်ကို သတင်းလေး နည်းနည်းလောက် မျှပေးလို့ ရမလား..."

ကျူးဖန်းလက်ဘေးရှိ ဘဏ်ကတ်ကို ကြည့်ရင်း ၀န်ရှူး ကော်ဖီခွက်ကို သမ‌အောင်မွှေလိုက်သည်။

"တကယ်လို့ သူက မိန်းမပွေရှုပ်တယ်ဆိုရင်ကော ထည့်တွက်လို့ရလား... "

ကျူးဖန်း မျက်မှောင်ကြုတ်သွားပြီး "ကျုပ် သိသလောက် ဆိုရင် လင်းရီက စင်ဂယ်ပါ.. ဒီတော့ မိန်းမနဲ့ ယောက်ျားကြား ကြိုက်သလို ဇာတ်ရှုပ်လို့ရတာ ပုံမှန်ပဲလေ.. ဒီလိုသတင်း အချက်အလက်မျိုးက တန်ဖိုးရှိမှာ မဟုတ်ဘူး.. ပြီးတော့ သူနဲ့ ချောင်ရန် အုပ်စုက ကျီချင်းရန်ကလည်း နယ်နယ်ရရတွေမှ မဟုတ်တာ.. သတင်းအတုတွေ ဖန်တီးနိုင်တယ်ဆိုရင်တောင် ဘယ်လောက် ကြာမှာမို့လို့.... "

"ကျီချင်းရန်..."၀န်ရှူး ထိုနာမည်နှင့် စိမ်းသက်နေလေသည်။

"မစ်၀န် ပြောနေတာ လင်းရီနဲ့ ကျီချင်းရန်ကြားက ပတ်သက်မှုမျိုး မဟုတ်ဘူးလား..."

"သေချာပေါက် ဘယ်ဟုတ်မှာ... "၀န်ရှူး ပြောလိုက်ပြီး "သူ ရန်ချိန်ကို လာတုန်းက သူ့ဘေးမှာ နောက်ထပ် မိန်းကလေး တစ်ယောက်နဲ့ .... သူမ နာမည်က လီချူးဟန်တဲ့..... အရမ်းလည်း လှတယ်... ပြီးတော့ သူ ရန်ချိန်ကို ရောက်ရောက်ချင်းပဲ အဲ့ကောင်မလေးအတွက် သုံးမီလီယမ်တန် Mercedes Benz G-class ကိုတောင် ၀ယ်ပေးလိုက်သေးတယ်... ပြီးတော့ ဟိုတယ်မှာတောင် တစ်ခန်းတည်း အတူတည်းတာနော်... ဒီတော့ သူတို့နှစ်ယောက်ကြားမှာ သေချာပေါက် တစ်ခုခု ဖြစ်သွားမှာပဲ မဟုတ်ဘူးလား..."

"သူက နောက်ထပ် အမျိုးသမီး တစ်ယောက်နဲ့ အဲ့လို ဆက်ဆံရေး ရှိနေတာလား..."

အဆိုပါ သတင်းက ကျူးဖန်းကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။

သူ၏ ယခင် စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် သူနှင့် ကျီချင်းရန်ကြားရှိ ဆက်ဆံရေးမှာ အတော်လေး နက်ရှိုင်းလှသည်။ နှစ်ယောက်မှာ မကြာခဏဆိုသလို အပြင်အတူ ထွက်လေ့ရှိပြီး ချစ်သူစုံတွဲများ ဖြစ်နေတယ်ဆိုတာ သိသာပေသည်။

ယခု လင်းရီ အလုပ်ခရီးထွက်လာသောအခါ အခြား အမျိုးသမီးတစ်ယောက်ကို သူနှင့်အတူ ခေါ်လာခဲ့ပြီး သုံးမီလီယမ်ကျော်သည့် ကားတစ်စီးကိုပင် ၀ယ်ပေးလိုက်သေး၏။

ယင်းက သူနှင့် ထိုအမျိုးသမီးကြားရှိ ဆက်ဆံရေးကို မေးခွန်းထုတ်ရန် လုံလောက်လေသည်။

ကံကောင်းစွာဖြင့် ထိုသတင်းမှာ ကျူးဖန်းအတွက် တန်ဖိုးရှိသွားခဲ့သည်။

"နောက်ထပ် သတင်းတွေကော ရှိသေးလား..."

၀န်ရှူး လင်းရီအကြောင်း တတ်နိုင်သမျှ ပြန်စဉ်းစားကြည့်လိုက်သည်။

"သူက ဆင်းရဲချင်ယောင် ဆောင်နေတယ်ဆိုရင်ကော ရလား..."

"ဟမ်... သူက အဲ့လိုမျိုးတွေ လုပ်သေးတာလား..."

"တကယ်တမ်းကျတော့ သူက အရမ်းချမ်းသာတာ.. သုံးမီလီယမ်ကျော်တဲ့ ကားကို အသာလေး ၀ယ်လိုက်ရုံတင် မကသေးဘူး .. သူ့လက်မှာ ပတ်ထားတဲ့ နာရီကတောင် ယွမ် ၁၀ မီလီယမ်တောင်ကျော်တယ်... ဒါပေမယ့် သူက ဆင်းရဲချင်ယောင် ဆောင်ပြီးတော့မှ ရန်ပုံငွေ ငါးမီလီယမ်တောင်းလိုက်‌သေးတယ်လေ... အဲ့လို အပြုအမူမျိုးက အရှက်ရဖွယ်ပဲ...."

ကနေဦးတွင် လင်းရီမှာ အခြားအမျိုးသမီးတစ်ဦးနှင့် ခြေရှုပ်နေကြောင်း သိလိုက်ရ၍ ထိုသတင်းတစ်ခုတည်းဖြင့် ယွမ်နှစ်သိန်းပေးရန် ထိုက်တန်လေသည်။သို့သော်လည်း ထိုထက်ပိုသည့် သတင်းများကို ရရှိလိမ့်ဦးမည်ဟု ကျူးဖန်း ထင်မှတ်မထားချေ။

"ဒါပေါ့..ထည့်တွက်လို့ရတယ်...."ကျူးဖန်း ၀န်ရှူး ပြောသမျှကို ဖောင်တိန်ဖြင့် ရေးမှတ်ထားလိုက်သည်။

"နောက် ဘာကျန်သေးလဲ..."

"ကျန်သေးတယ်.. ဒါပေမယ့် သိပ်တော့ မသေချာဘူး..."၀န်ရှူးပြောရင်းဖြင့် သူမ၏ ဆံပင်မှာ အဲကွန်းကြောင့် အေးစက်သွားပြီး "သူ ပရဟိတ လုပ်တဲ့ မြို့က ပေချောင်မြို့မှာ... ကျွန်မ အဲ့ဒီကို သွားပြီး အင်တာဗျူးတုန်းက သူ ဒေသခံတွေနဲ့ အထိကရုဏ်းဖြစ်ခဲ့သေးတယ်ဆိုပဲ.. အသေးစိတ်ကိုတော့ ရှင် ပေချာင်မြို့အထိ သွားစုံစမ်းမှရမှာ ကျွန်မလည်း အများကြီး မသိဘူး..."

"ရပါတယ်.. မစ်၀န်ရဲ့ တန်ဖိုးရှိတဲ့ သတင်းတွေအတွက် ကျေးဇူးပါ..."

သို့နှင့် ကျူးဖန်း ဘေးရှိ ဘဏ်ကတ်ကို ရှေ့သို့ တွန်းပို့လိုက်ပြီး "မစ်၀န်.. ခု ဒီကတ်က ခင်များ အပိုင်ပဲ.. လျှို့ဝှက် နံပါတ်က 11111111 ... အချိန်မရွေး ထုတ်လို့ရတယ်..."

"တကယ်တမ်းကျတော့ ကျွန်မ ဒီငွေနဲ့ ထိုက်တန်လောက်တဲ့ သတင်းလည်း မပေးမိပါဘူး.." ၀န်ရှူး တိတ်တဆိတ် သူမ အိတ်ထဲ ထည့်ရင်း " ရှင်တို့ကုမ္ပဏီက ကိစ္စတွေ ကိုင်တွယ်တဲ့ နည်းလမ်းက အတော်လေး ထူးဆန်းတာပဲနော်..."

"အင်တာနက် ခေတ်မှာ သတင်းအချက်အလက်တွေ ဆိုတာက တန်ဖိုးအကြီးဆုံးပဲလေ.. ဒီပမာဏက မပြောပလောက်ပါဘူး..."ကျူးဖန်း အပြုံးလေးဖြင့် ပြောလိုက်သည်။

"ရှင်က သွေးနှောတဲ့ ပုံစံပဲနော်...ဟွာရှနဲ့ အင်္ဂလိပ်စပ်လား.."

"အင်း.. အဖေကတော့ ဟွာရှန့်.. အမေကကျတော့ အမေရိကန်.. ဒါပေမယ့် ကျုပ်က အမေရိကားမှာ ကြီးပြင်းလာခဲ့တာ.. တကယ်လို့ မစ်၀န်က အမေရိကားအကြောင်း စပ်စုချင်တယ်ဆိုရင် ကျုပ် ခဏလောက် စကားပြောပေးလို့ရတယ်..."

၀န်ရှူး စိတ်၀င်စားသွားပြီး "အဲ့လိုဆို ကျွန်မ တစ်ခုလောက်သိချင်လို့.. အမေရိကားမှာ အမြဲတမ်းနေထိုင်ခွင့် ကတ်ပြား(အစိမ်းရောင်ကတ်) ရဖို့က အတော်လေးတင်းကြပ်လား..."

"ဒါပေါ့...အတော်လေး တင်းကြပ်တယ်.. အစိမ်းရောင်ကတ် လျှောက်ထားဖို့ဆိုတာ တကယ်မလွယ်ဘူး..."

"ကျွန်မက ခု တီဗွီ သတင်းကြေညာသူလေ.. တကယ်လို့ အမေရိကန် အစိမ်းရောင်ကတ်လျှောက်ချင်ရင် ရနိုင်လောက်လား..."

"မိန်းကလေးရဲ့ အလုပ်နဲ့ဆိုရင် ရွေ့ပြောင်း အလုပ်လုပ်ရင်းကနေပြီးတော့ အစိမ်းရောင်ကတ် လျှောက်လို့ရတယ်.. ဒါပေမယ့် အဲ့ဒါကလည်း တစ်ယောက်ယောက်က အာမခံပေးမှပဲ ဖြစ်မှာ "ကျူးဖန်း ပြောလိုက်ပြီး "တကယ်လို့ မိန်းကလေး စိတ်၀င်စားတယ်ဆိုရင် ကျုပ် ကူညီပေးလို့ရတယ်နော်.. ကျုပ်အဖေရဲ့ စကားတွေက နည်းနည်းလေး အာဏာသက်ရောက်မှု ရှိတယ်လေ... ကျုပ် သူ့ကို အာမခံပေးဖို့ ပြောပေးလို့ရတယ်... ဒါပေမယ့် ဒီကိစ္စက နည်းနည်း ရှုပ်ထွေးတယ်ဆိုတော့ ရှင်းပြရင် အချိန်အတော်လေး ကြာမှာ .. ပြီးတော့ ဒီနေရာက စကားပြောလို့ သိပ်မကောင်းဘူးလေ... "

၀န်ရှူး ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီး "မစ္စတာကျူး.... ရှင် နေဖို့နေရာ ရှာထားပြီးပြီလား... မရှိသေးရင် ကျွန်မ ဟိုတယ်တစ်ခုနဲ့ ချိတ်ပေးမယ်လေ.. ကျွန်မမှာ အစိမ်းရောင်ကတ်နဲ့ ပတ်သက်ပြီးတော့ မေးစရာတွေ အများကြီး ကျန်နေသေးတယ်...."

"ဟိုတယ်က ရှိပြီးသားပါ.. တကယ်လို့ မစ်၀န်က စိတ်၀င်စားတယ်ဆိုရင် ကျုပ်ကလည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးရမှာပေါ့... "

"ကျုပ်တို့ အခု သွားကြတော့မလား...."

"ဒါပေါ့...."

..............

တစ်‌ချိန်တည်းတွင် ကျူးဖန်း၏ အခြား လုပ်ဖော်ကိုင်ဖက်များလည်း ကျိူးဟိုင်တွင် အသီးသီး လှုပ်ရှားနေကြ၏။ သို့သော်လည်း ကျူးဖန်းနှင့် ယှဉ်ပါက ၎င်းတို့၏ တာ၀န်မှာ အနည်းငယ် ခက်ခဲလေသည်။

ကျူးဖန်း၏ လုပ်ဖော်ကိုင်ဖက်များမှာ ကျိူးဟိုင်ရှိ ကျောက်မိသားစုနှင့် ဖန်မိသားစုထံ ရောက်ရှိနေကြသည်။ သူတို့ ထောင်ထဲထိပင် ထိုးဖောက်၍ ၀မ်မာဇီနှင့် အချိန် နှစ်နာရီကြာအောင် စကားပြောဖြစ်ခဲ့ကြလေသည်။

Muddy waters ၏ ဂုဏ်သတင်းမှာ အလကားကျော်စောနေခြင်း မဟုတ်ကြောင်း ၎င်းတို့၏ လုပ်ရပ်ဖြင့် အခိုင်အမာ သက်သေပြသွားခဲ့၏။

၎င်းတို့တွင် အမူထူးခြားသည့် စွမ်းဆောင်နိုင်စွမ်းများ ရှိကြပြီး မဟုတ်ပါက ယနေ့လို နာမည်ကြီး ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ အဆိုပါ အကြောင်းပြချက်ကြောင့်ပဲ လင်းရီမှာ Muddy waters ကို အဓိက အာရုံစိုက်နေခဲ့၏။ သူ့အတွက်တော့ Muddy waters မှာ စိတ်၀င်စားဖို့ကောင်းပြီး ကျောက်မိုထက်ပင် ယှဉ်ပြိုင်ရန် ခက်ခဲသည့် ပြိုင်ဘက်တစ်ဦးပင်။

အကယ်၍ နှိုင်းယှဉ်ပြရမည် ဆိုပါက ကျောက်မိုမှာ ဝံပုလွေတစ်ကောင်ကဲ့သို့ပင်။ ကြမ်းတမ်းခက်ထန်သော်လည်း သူ့ထက်ပိုကြမ်းသည့် ပြိုင်ဘက်နှင့် တွေ့ဆုံပါက အလွယ်တကူ အလဲထိုးခံလိုက်ရလိမ့်မည်။ အခြားတစ်ဖက်တွင်တော့ Muddy waters မှာ ကပ်ပါးကောင်နှင့်တူပြီး သတိတစ်ချက် လွတ်မိလိုက်ပါက မိမိကိုယ်တွင်းထဲသို့ မည်သည့် အချိန်က ရောက်သွားခဲ့မှန်းမသိ ဖြစ်သွားပေမည်။

......

နောက်တစ်နေ့နံနက် ဆယ်နာရီတွင် အမေရိကားမှ လေယာဉ်တစ်စင်း လေဆိပ်သို့ ဖြေးညင်းစွာ ဆိုက်ကပ်လာခဲ့၏။

ကျောက်၀န်မှာ ပုံမှန် အနီရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး တမူထူးခြားသည့် အနက်ရောင် လက်ဆွဲသေတ္တာတစ်လုံးကိုလည်း ကိုင်ဆွဲထားသေးသည်။ ထို့နောက် လူတစ်ဒါဇင်ကျော်ခန့်ကို ဦးဆောင်ကာ စစ်ဆေးရေးဂိတ်သို့ ဦးတည်လိုက်လေသည်။

ကျောက်၀န်၏ နောက်တွင် လူတစ်ဒါဇင်ကျော်လိုက်ပါလာပြီး ခြောက်ယောက်မှာ မတူညီသည့် အသားအရောင်တို့ဖြင့် နိုင်ငံခြားသားများဖြစ်ကြ၏။ ကျန်သည့် ခြောက်ယောက်ကတော့ ဟွာရှန့် လူမျိုးများပင်။

ဟွာရှနှင့် စီးပွားရေးကိစ္စ ဆွေးနွေးရန်ဖြစ်သောကြောင့် အဓိက ဆေးကုမ္ပဏီ ‌ခြောက်ခုမှ စေလွှတ်လိုက်သည့် ကိုယ်စားလှယ်များအားလုံးနီးပါးမှာ ဟွာရှန့်လူမျိုးများ ဖြစ်ကြပြီး ယင်းကလည်း ပေါင်းသင်းဆက်ဆံရေးကို ပိုမို လွယ်ကူစေရန်အတွက် ရည်ရွယ်လေသည်။

အမှန်တော့ အဓိက ဆေးကုမ္ပဏီ ခြောက်ခုမှာ အမေရိကန် အခြေစိုက် ကုမ္ပဏီများ မဟုတ်ကြသော်လည်း အမေရိကန်ဈေးကွက်နှင့် ရင်းနှီးသည့် ဆက်ဆံရေးတို့ ရှိသောကြောင့် ယခုတစ်ကြိမ် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ကြ၏။

"ဘာလားကွ.. ငါတို့ လူတွေက ဒီရောက်နေပြီကို ခွေးတစ်ကောင် ကြောင်တမြီးမှတောင် လာမကြိုကြဘူး.... "

ပြောလိုက်သူမှာ ဖရေးဟု ခေါ်သည့် လူဖြူအမျိုးသား တစ်ယောက်ဖြစ်ပြီး ရိုချယ် ဂလိုဘယ် မားကတ်တင်းဌာန၏ ဒါရိုက်တာ အဖွဲ့၀င်တစ်ဦး ဖြစ်လေသည်။ အဓိက ဆေးဝါးကုမ္ပဏီ ခုနစ်ခုထဲတွင်တော့ ထိုသူတစ်ဦးတည်းကသာ နိုင်ငံခြားသား ကိုယ်စားလှယ်ဖြစ်၏။

"သာမန်ပါပဲ.. လင်းရီရဲ့ စရိုက်နဲ့ဆိုရင် ကျွန်မတို့ကို လက်ခံတွေ့ဆုံပေးတာကိုက တော်တော်လေး သဘောကောင်းတယ်လို့ သတ်မှတ်လို့ရနေပြီ..."ကျောက်၀န်ပြောလိုက်ပြီး "ကျန်တာကိုတော့ ကျွန်မတို့ ကိုယ့်ဘာကိုယ် စီစဉ်ကြတာပေါ့....”

All Chapters