ပိုက်ဆံရှေ့မှာ ကိုယ်ကျင့်သိက္ခာဆိုတာ အလကားပဲ
Vol. 37 Ch. 545
"မစ္စတာလင်း... ရှင့်ရဲ့ဒီ တောင်းဆိုမှုက နည်းနည်း လွန်ကဲနေသလိုပဲနော်..."
ရင်းနှီးမြုပ်နှံသူများ အလေးထားဆုံးက အကျိုးအမြတ်ပင်။ အကယ်၍ ဟွာရှတွင် ရောင်းချရမည့် ဈေးနှုန်းမှာ ကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်း မကျော်ရဘူးဆိုပါက အမြတ်သိပ်ကျန်လိမ့်မည် မဟုတ်ချေ။
" အဲ့လောက်ကြီးလည်း မြန်မြန် မငြင်းနဲ့ဦး.... ငါ့ရဲ့ အခြေအနေတွေကို အရင် ချရေးပြီးတော့ မင်းတို့ရဲ့ သက်ဆိုင်ရာ သူဌေးတွေဆီ တင်ပြလိုက်ကြ.. သူတို့က ဆုံးဖြတ်ပေးလိမ့်မယ်...."
ပုံမှန်ဆိုလျှင်တော့ ဟွာရှတွင် ဆေး၏ တန်ဖိုးမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်၏ ၁၅ ရာခိုင်နှုန်းကို ကျော်လွန်၍ မရပေ။ သို့သော်လည်း လက်ရှိအခြေအနေအရတော့ အဆိုပါ စံချိန်စံနှုန်းအတိုင်း တောင်းဆိုလိုက်မည် ဆိုပါက ကျောက်၀န်နှင့် ကျန်သူများမှာ ညှိနှိုင်းဆွေးနွေးခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြပေမည်။
ယင်းကလည်း ဆေးဝါးဖြန့်ဖြူးရေးနယ်ပယ်မှာ အကျိုးအမြတ်များသည့် စီးပွားရေးလုပ်ငန်းဖြစ်ပြီး တစ်ထောင်ရာခိုင်နှုန်း အကျိုးအမြတ် ယူသည်က ပြည်ပတွင် သာမန်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ဟွာရှတွင် ကုန်ကျစရိတ်၏ ၅၀ရာခိုင်နှုန်းဟု သတ်မှတ်လိုက်သည်က ဟွာရှအတွက် လက်ခံနိုင်သည့် အတိုင်းအတာအတွင်းတွင် တည်ရှိသည်။
ကျောက်၀န် နှုတ်ခမ်းကိုက်ပြီး လင်းရီကို ကြည့်လိုက်၏။ "ကုန်ကျစရိတ်ရဲ့ ၅၀ရာခိုင်နှုန်းကို မကျော်လွန်ရဘူးဆိုတာက ကုန်ကြမ်းခကို ပြောတာလား..."
"သေချာပေါက် ဘယ်ဟုတ်မှာ..."လင်းရီ ရယ်စရာ ရှာတွေ့သွားသည့် အလား ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်၏။ ထိုမေးခွန်းမျိုး မေးလာသည်ဆိုတော့ ကျောက်၀န် သူ့ကို တော်တော်လေး ကြောက်လန့်နေသည့် ပုံပင်။
"ရင်းနှီးမြုပ်နှံသူတွေလည်း လူသားပဲဆိုတော့ ပိုက်ဆံရှာရဦးမယ်လေ..."လင်းရီ ပြောလိုက်ပြီး "ငါ ပြောတဲ့ ကုန်ကျစရိတ်ဆိုတာက သုတေသနနဲ့ သယ်ယူပို့ဆောင်စရိတ်တွေ ထည့်တွက်ပြီးသား.. ကုန်ကုန်ပြောမယ်ကွာ.. နောက်ဆုံး သတ်မှတ်တဲ့ ဈေးနှုန်းက စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို မကျော်လွန်ရဘူး..."
ထိုအခါ လူတိုင်း၏ အမူအရာမှာ အနည်းငယ် ပြန်လည် ကောင်းမွန်လာခဲ့ကြသည်။ ထိုအခြေအနေက အနည်းငယ် ခက်ခဲသော်လည်း အနည်းဆုံးတော့ သူတို့ ဆွေးနွေးညှိနှိုင်း၍ ရသေးလေသည်။
"နောက်ထပ် အခြေအနေတစ်ခုကကော..."ကျောက်၀န် မေးမြန်းလိုက်၏။
"Pfizerနဲ့ အဓိက ဆေးကုမ္ပဏီ ခြောက်ခုက ကမ္ဘာ့ဆေးနယ်ပယ်ရဲ့ အချက်အချာ ကုမ္ပဏီတွေဆိုတော့ ငါ့ကို ကူညီပြီး အခြေအနေတစ်ခုကို ဖန်တီးပေးမယ်လို့ မျှော်လင့်တယ်..."ထိုစကား ပြောနေစဉ်တွင်တော့ လင်းရီ၏ လေသံမှာ အနည်းငယ် ပျော့ပျောင်းနေလေသည်။
ကျောက်၀န် လင်းရီကို ထူးဆန်းစွာ ကြည့်လိုက်၏။ သူမ ပထမဆုံးအကြိမ် အနှီအမျိုးသား၏ မျက်၀န်းထဲတွင် ညင်သာမှုများကို မြင်တွေ့လိုက်ရခြင်းပင်။
"ရှင့်ဘက်က အရင်ဆုံး ပြောကြည့်လေ..."
"မင်းတို့ တခြား ကမ္ဘာ့ ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတော့ ရှားပါးရောဂါ ကုသဆေးတွေရဲ့ ဈေးနှုန်းကို မူလတန်ဖိုးရဲ့ သုံးပုံနှစ်ပုံလောက် လျှော့ချပေးဖို့ မျှော်လင့်တယ်... တကယ်လို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မလျော့ပေးချင်ဘူးဆိုရင်တောင် ဟွာရှကိုပဲ အထူးဒေသအနေနဲ့ ရောင်းချပေးလို့ရတယ်..."
"ရှားပါးရောဂါ ကုသဆေးတွေရဲ့ တန်ဖိုးကို လျှော့ချပေးရမယ်...."
ရောက်နေကြသည့် လူတိုင်း အံ့အားသင့်သွားကြ၏။ မည်သူကမျှ လင်းရီထိုသို့ တောင်းဆိုလာလိမ့်မည်လို့ ထင်မှတ်မထားကြချေ။
ယင်းကလည်း အဘယ်ကြောင့်ဆိုသော် ထိုတောင်းဆိုမှုက သူ၏ အကျိုးစီးပွားနှင့် လားလားမျှ မသက်ဆိုင်နေသောကြောင့်ပင်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင်တော့ ယင်းတောင်းဆိုချက်က အခြားသူများ၏ အကျိူးအတွက်ပင်။
သူက ဘာလို့ ဒီလိုမျိုးကြီး တောင်းဆိုလာရတာလဲ...
၎င်းတို့ မသိသည်က ထိုအခိုက်အတန့်တွင် လင်းရီ အတော်လေး စိတ်လှုပ်ရှားနေသည် ဆိုတာပင်။
သေချာသည့် ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင်တော့ သူ၏ တောင်းဆိုမှုမှာ အနည်းငယ် လွန်ကဲနေလေသည်။ ယင်းကလည်း ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီများမှ အဆိုပါ ဆေးဝါးများကို ထုတ်လုပ်နိုင်ရန်အတွက် အချိန်နှင့် ငွေကြေးအင်အား အများအပြား သုံးစွဲထားရသောကြောင့်ပင်။
အကယ်၍ ၎င်းတို့ သဘောမတူလျှင်တောင် ယင်းက နားလည်ပေး၍ ရလေသည်။
အကယ်၍ သုံးပုံနှစ်ပုံ လျှော့ချလိုက်မည် ဆိုလျှင်တောင် အဆိုပါ ယွမ်ခုနှစ်သိန်းပေးရသည့် Nosinogen Sodium ဆေးတစ်လုံးကို ယွမ် ၄၇၀,၀၀၀ ကျသင့်နေဦးပေမည်။ အချို့ မိသားစုများအတွက်တော့ ယင်းက မိုးလောက် မြင့်မားနေသည့် ဈေးနှုန်းတစ်ခု ဖြစ်နေသေး၏။
သို့သော်လည်း ယခုလို အခြေအနေမျိုးတွင်တော့ တစ်ပြား နှစ်ပြား လျော့ချနိုင်လိုက်သည်ကပင် အင်မတန် အရေးပါလေသည်။ လင်းရီလည်း ထိုမျှလောက်သာ ပြုလုပ်ပေးနိုင်၏။
"မစ္စတာလင်းဘက်က လျှော့ချချင်တဲ့ ရှား ပါးဆေးဝါးတွေရဲ့ အမည်ကို ပြောပြလေ.. ဒါမှ ကျွန်မတို့လည်း တစ်ချက် သုံးသပ်ကြည့်လို့်ရမှာပေါ့..."ကျောက်၀န် မေးမြန်းလိုက်၏။
"ဥပမာ - Nosinogen, Zolgensma Glycerol Phenylbutyrate , Carboglutamic Acid Tables .......အဲ့လိုမျိုး ဆေးဝါးတွေပေါ့..."လင်းရီ ပြောလိုက်ပြီး " ငါတောင်းဆိုချင်တာ အဲ့လောက်ပဲ..."
"အမှန်အတိုင်းပြောရရင် မစ္စတာလင်းရဲ့ ရှေ့ဆုံး အခြေအနေနှစ်ခုက လိုက်လျောလို့ရသေးတယ်... ဒါပေမယ့် တတိယ အခြေအနေကျတော့ ကျွန်မတို့ အတွက် အရမ်းခဲယဉ်းသွားပြီ..."ကျောက်၀န် သူမ ခေါင်းကို ခါရမ်းလိုက်ပြီး "ဘာလို့လဲဆိုတော့ မစ္စတာလင်း ရွတ်ပြသွားတဲ့ ဆေးတွေက တစ်ဒါဇင်လောက်ရှိတယ်.. အဲ့ဒီတော့ မတူညီတဲ့ ကုမ္ပဏီ တစ်ဒါဇင်လောက်ကနေပြီးတော့ ဖြန့်ဖြူးမှာပဲလေ.. ဒါက ကျွန်မတို့ တစ်ယောက်တည်း သီးသန့် ဆုံးဖြတ်လို့ရတဲ့ အရာမဟုတ်ဘူး.. ဒါကြောင့်မို့ ဒီ အခြေအနေက ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ မစ္စတာလင်း နားလည်မှာပါ...."
"ခက်ခဲမယ်ဆိုတာ သိတယ်.. ဒါပေမယ့် တတ်နိုင်သလောက်တော့ ကြိုးစားကြည့်ပေါ့..."လင်းရီ ပြောလိုက်ပြီး "စိတ်ချပါ.. မင်းတို့ အတွက်လည်း မနစ်နာစေရဘူး.. ဆေးအသစ် ထုတ်လုပ်နိုင်တဲ့ အခါကျရင် ငါက အကျိုးအမြတ်တွေကို မယူဘူး.. မင်းတို့ဘက်က ဘာကြေးမှလည်း ပေးစရာ မလိုဘူး.. ဆေးအသစ်က ရလာတဲ့ အကျိုးအမြတ်ကို အဓိက ဆေးကုမ္ပဏီ ခုနစ်ခုပဲ အချင်းချင်း မျှလိုက်ကြ..."
လင်းရီ၏ စကားလုံးများက ရောက်နေသည့် လူတိုင်းကို သူ ယခုကိစ္စမှ အကျိုးအမြတ် ရှာရန် ဆန္ဒမရှိကြောင်း သဘောပေါက်သွားစေသည်။
သူ တကယ်ကြီး ကောင်းမြတ်တဲ့ ကမ္မတွေကို ဆုဆောင်းနေတာပဲလား...
"ကောင်းပါပြီ...ကျွန်မတို့ ဒီနေ့ ရောက်လာတာက အကြမ်းဖျင်း ဆွေးနွေးဖို့ပဲ .. အတည်ပြုဖို့ဆို ဌာနချုပ်ဆီ ပြန်တင်ပြရဦးမှာ... မစ္စတာလင်းရဲ့ တောင်းဆိုချက်တွေကို သဘောတူမတူကတော့ ကျွန်မတို့လည်း အာမ မခံပေးနိုင်ဘူး..."
"မင်း ငါ့စိတ်ဓာတ်ကို သိပါတယ်.. ငါတောင်းဆိုတာက သုံးချက်တည်းနော်.. တစ်ခုလျော့တာနဲ့ ငါတို့ ဒီကိစ္စ ဆက်ဆွေးနွေးဖို့ အခန်းကဏ္ဍ မရှိတော့ဘူး...."
"ကျွန်မ နားလည်တယ်..."
လင်းရီ မတ်တပ်ရပ်ပြီးနောက် လူတိုင်းကို သိမ်းကျုံးကြည့်ကာ "ငါ့ဘက်က ပြောစရာရှိတာတွေ အကုန်ပြောပြီးသွားပြီ... ကျန်တာကိုတော့ မင်းတို့ အချင်းချင်း တိုင်ပင်လိုက်ကြ... ငါ ၀မ်ထျန်းလုံကို စားပွဲတစ်ဝိုင်း ပြင်ဆင်ထားပေးဖို့ ပြောလိုက်မယ်... တစ်ခုခု လိုအပ်တာရှိရင် သူ့ကို ပြောလိုက်..."
ကျောက်၀န် လင်းရီကို ကြည့်လိုက်ပြီး "ရှင်က ဒီဟိုတယ် ပိုင်ရှင်နဲ့ ရင်းနှီးတာလား... "
"ငါက ဟိုတယ်ပိုင်ရှင်ပဲ..."
"အိုး.. သဘောပေါက်ပြီ."
လင်းရီ မတ်တပ်ရပ်ပြီးနောက် တံခါး၀သို့ လျှောက်သွားလိုက်၏။ သို့သော်လည်း သူတံခါး လှပ်ပြီးသည့် အခိုက်အတန့်တွင် နောက်သို့ ပြန်လှည့်၍ "တကယ်လို့ မင်းတို့ဘက်က ငါ့ရဲ့ တောင်းဆိုချက်တွေကို သဘောတူတယ်ဆိုရင် မင်းတို့က ငါ့ရဲ့ ပါတနာတွေပဲ..ဒီတော့ ပန်နီဆူလာဟိုတယ်ရဲ့ ဈေးအကြီးဆုံးအခန်းမှာ နေလို့ရတယ်.. စားချင်တာတွေ စိတ်ကြိုက်သာ စားသောက်သွား.. ငါရှင်းမယ်... ဒါပေမယ့် သဘောမတူလို့ကတော့ ကိုယ့်ဘာကိုယ်သာ ပေးကြတော့..."
လူတိုင်း "......."
ထိုသို့ ပြောပြီးနောက် လင်းရီ အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း ကျောက်၀န်နှင့် ကျန်သူများကတော့ မထွက်သွားသေးချေ။ အခန်းထဲရှိ လေထုမှာ အတော်လေး သိပ်သည်းနေလေသည်။
"သူ့ဘက်က အခြေအနေတွေကိုတော့ ပြောပြပြီးသွားပြီ.. လူတိုင်းပဲ.. ရှင်တို့ ဒီကိစ္စအပေါ် ဘယ်လိုမြင်ကြလဲ..."ကျောက်၀န် အားလုံးကို ခြုံ၍ မေးမြန်းလိုက်သည်။
"ကျိုးဟိုင်ရဲ့ နိုင်ငံတကာ ပုံရိပ်အရဆိုရင် ဒီမှာ သုတေသန စင်တာ ဆောက်လုပ်ဖို့က ပြဿနာ မရှိဘူး.. ပြီးတော့ ရေကြောင်း အချက်အချာလည်း ကျတယ်ဆိုတော့ သယ်ယူပို့ဆောင်စရိတ်တွေတောင် အတော်လေး သက်သာသွားဦးမှာ.. ဒါကြောင့်မို့ ဒီရဲ့ တောင်းဆိုချက်ကတော့ သင့်တင့်တယ်.. ဌာနချုပ်ဘက်ကလည်း သဘောတူလောက်တယ်.."ဖရေး ပြောလိုက်ပြီး
"ဒုတိယ တောင်းဆိုချက်ကလည်း အနည်းငယ် လွန်တယ်ဆိုပေမယ့် ညှိနှိုင်းဆွေးနွေးလို့ ရသေးတယ်ဆိုတော့ ပြဿနာ မရှိဘူး..."
"ဒါကလည်း ဘာလို့လဲဆိုတော့ ငါတို့ရဲ့ သုတေသန ကုန်ကျစရိတ်တွေ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေက ဟွာရှဈေးကွက်ထဲမှာတင် ကာမိလောက်တယ်လေ.. နိုင်ငံတကာကို ဖြန့်ဖြူးတဲ့ အချိန်ကျ ငါတို့ရဲ့ ပုံမှန် ဈေးနှုန်းနဲ့ဆိုရင် ရလာမယ့် အကျိုးအမြတ်တွေကလည်း ငါတို့အတွက်ချည်းပဲ... သူမယူဘူးလို့ ပြောထားပြီးသားမလား...ဒါကြောင့်မို့ ပြဿနာ သိပ်မရှိဘူး.. တစ်ခု ခက်ခဲတာက တတိယ အခြေအနေပဲ.... "
ဖရေး၏ စကားလုံးများကို ကြားပြီးနောက် ကျန်သူများအားလုံး သဘောတူစွာ ခေါင်းညိမ့်လိုက်ကြသည်။
ကုန်သည်များက အကျိူးအမြတ်နောက်လိုက်ကြသည်မှာ သဘာ၀ပင်။ အကျိုးအမြတ်ရှိနေသရွေ့ အရာအားလုံး ညှိနှိုင်းဆွေးနွေး၍ရလေသည်။
သို့သော်လည်း ပြဿနာများအားလုံးမှာ တတိယအချက်တွင် သွားရောက် စုပြုံနေခဲ့၏။ အကယ်၍ သူတို့ သဘောတူချင်လျှင်တောင် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ စွမ်းအားကင်းမဲ့နေသည်။
ကုမ္ပဏီ ခြောက်ခုမှ ကိုယ်စားလှယ်များအားလုံး ကျောက်၀န်ကို စူးစိုက်ကြည့်နေကြသည်။ သူမမှာ Pfizer ၏ ကိုယ်လှယ်စားဖြစ်သောကြောင့် သူမ၏ အမြင်မှာ အတိုင်းအတာတစ်ခုထိ အရာရောက်လေသည်။
မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ကျောက်၀န် သက်ပြင်းချလျက် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
"လင်းရီက အရမ်းဉာဏ်များတယ်... ပြီးတော့ အတော်လေးလည်း ရဲတင်းတယ်..."
ထိုအခါ လူတိုင်း ပဟေဠိ ဖြစ်သွားကြသည်။ ကျောက်၀န်က ဘာကို ဆိုလိုချင်နေပါသနည်း။
"သူက ရင်းနှီးမြုပ်နှံသူတွေရဲ့ ရည်မှန်းချက်ကို လောင်းကြေးထပ်နေတာ..."ကျောက်၀န် ပြောလိုက်ပြီး "ဒီမှာ အခု ထိုင်နေကြတဲ့ သူတိုင်းက ကမ္ဘာ့ ဆေးဝါးဖြန့်ဖြူးရေး နယ်ပယ်ရဲ့ ဒိတ်ဒိတ်ကျဲ ကုမ္ပဏီ ခုနစ်ခုရဲ့ ကိုယ်စားလှယ်တွေလေ.. သူ ပြောသွားတဲ့ ဆေးတစ်ချို့က ကျွန်မတို့နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကပဲ ထုတ်လုပ်ထားတာ.. ဒါကြောင့်မို့ အဲ့ဒီဆေးဝါးတွေရဲ့ ဈေးနှုန်းကို သုံးပုံနှစ်ပုံလောက် လျော့ချပေးဖို့က ပြဿနာ မရှိဘူး.. ဒါပေမယ့် ကျန်တဲ့ ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ဆေးတွေအများကြီးလည်း ကျန်နေသေးတယ်... "
" အဲ့တာကိုလည်း သူက တွက်ချက်ပြီးသွားပြီ... တကယ်လို့ ကျွန်မတို့ဘက်က ရလာမယ့် အကျိုးအမြတ်တွေကို စိတ်၀င်စားတယ်ဆိုရင် တခြား ကုမ္ပဏီအသေးစားလေးတွေအပေါ် ဖိအားပေးပြီးတော့ ဆေးဈေးနှုန်းလျော့ပေးဖို့ သဘောတူခိုင်းရတော့မှာ...... "
"ဒါပေမယ့် အဲ့လိုလုပ်တာက လုံး၀ မမျှတဘူးမဟုတ်လား.. သူ့ရဲ့လုပ်ရပ်က ပူးပေါင်းဆောင်ရွက်မှု တစ်ခုလုံးကို အဆုံးသတ်သွားစေနိုင်တယ်လေ... "
"တရားမျှတမှုက ငွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး...."
ကျောက်၀န် ဝေ့ခန်းနှင့် ကျန်သူများကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး "စဉ်းစားကြည့်ကြည့်....အစောပိုင်း ကုန်စည်ကောက်ခွန် တိုးလျှော့ကောက်ခံတာကနေစပြီးတော့ နှောင်းပိုင်း ပစ္စည်းမူပိုင်ခွင့် ၊ ရေနံကုန်သွယ်မှုစနစ်တွေအထိ အမေရိကန်ဘက်က ရှင်တို့နဲ့ ဘယ်တုန်းကများ ကျိုးကြောင်းသင့်တင့်ဖို့ ကြိုးစားဖူးလို့လဲ.. သူတို့ဘက်က မမျှတမှုတွေ အကြောင်းတွေကော ဆွေးနွေးဖူးလား....”