← Chapters

စတော့ နည်းဗျူဟာဂိမ်း ဒုတိယအချီ စတင်ပြီ

Vol. 37 Ch. 546

စတော့ နည်းဗျူဟာဂိမ်း ဒုတိယအချီ စတင်ပြီ

Vol. 37 Ch. 546

သူမ၏ စကားလုံးများက လူတိုင်းကို အိပ်နေရာမှ နှိုးထလာစေခဲ့သည်။

ယခုအချိန်ထိ အမေရိကန်မှာ မည်သည့်နယ်ပယ်တွင်မျှ ကျိုးကြောင်းသင့်တင့်ခြင်း မရှိချေ။ ၎င်းတိူ့၏ လုပ်ရပ် တစ်ခုချင်းစီတိုင်းက အလွန်အမင်းကို ဗိုလ်ကျ ကြီးစိုးလွန်းလှ၏။ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားအတွက် မူဝါဒများကို ပြဌာန်းနေပါသော်လည်း အမှန်စင်စစ်တွင်တော့ ၎င်းတို့၏ အကျိုးစီးပွား အတွက်ချည်းပင်။

ထိုသို့ ကြီးစိုးနိုင်ရသည့် အကြောင်းပြချက်မှာလည်း ၎င်းတို့၏ စစ်ရေးနှင့် သိပ္ပံသုတေသန စွမ်းအားမှာ အလွန်အမင်း စွမ်းအားကြီးမားလှသောကြောင့်ဖြစ်၏။

အဆိုပါရှုထောင့်မှ ကြည့်မည်ဆိုပါက လင်းရီ၏ မောက်မာနေမှုကို နားလည်လွယ်လေသည်။ အဘယ်ကြောင့်ဆိုသော် သင်၏ ခွန်အားနည်းပါးချိန်တွင် သင့်တွင် ဆွေးနွေးညှိနှိုင်းရန် အခွင့်အရေး မရှိသောကြောင့်ပင်။ အသက်ရှင်သန်နိုင်ရေးအတွက်သာ အကောင်းဆုံး ကြိုးစား သင့်၏။

မိမိတို့ဘက်ရှိ အခြေအနေမှာ မဆိုးရွားလှသော်လည်း လင်းရီနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက လင်းရီမှာ အပေါ်စီးရယူထားကြောင်း သိသာလေသည်။

"ဆွေးနွေးတဲ့ကိစ္စ ဒီနေရာမှာတင် ရပ်လိုက်တာ ကောင်းမယ်လို့ ထင်တယ်.. လင်းရီရဲ့ အခြေအနေတွေကို ဌာနချုပ်ဆီ ပြန်တင်ပြပြီးတော့မှ သူတို့ ဘယ်လိုစဉ်းစားမလဲဆိုတာ ကြည့်ကြည့်ကြတာပေါ့..."

ကျောက်၀န် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူမ၏ ပစ္စည်း ပစ္စယများကို ထုပ်ပိုးသိမ်းဆည်းကာ ဟိုတယ်မှ ဦးစွာ ထွက်ခွာသွားတော့သည်။

သူမတို့ မရောက်လာခင်တုန်းကတော့ အားလုံးမှာ စိတ်ဆိုးမာန်ဆိုးဖြင့် လင်းရီကို နင်လား ငါလား ဖြေရှင်းချင်နေကြသော်လည်း ဘယ်လောက်မျှ မကြာသေးသည့် အချိန်တိုအတွင်း ၎င်းတို့အားလုံး လင်းရီ၏ လွှမ်းမိုးနိုင်စွမ်းကို ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

အစည်းအဝေးခန်းထဲမှ ထွက်လာပြီးနောက် လင်းရီ ၀မ်ထျန်းလုံကို ခေါ်၍ ဆက်လုပ်လုပ်ဆောင်ရမည်များကို ညွှန်ကြားလေသည်။

အတိုချုပ်အားဖြင့် သူတစ်ခုတည်းကိုသာ ညွှန်ကြားလိုက်သည်။

"သူတို့ကို ကောင်းကောင်း ပြုစုပေးလိုက်...."

အကယ်၍ ပူးပေါင်းဆောင်ရွက်မှုသာ အောင်မြင်သွားမည်ဆိုပါက သူ့ဘက်မှနေ၍ အကျိူးအမြတ်များစွာကို ရရှိပေလိမ့်မည်။ အကယ်၍ မပူးပေါင်းဖြစ်လျှင်တောင် ၎င်းတို့၏ နေထိုင်စားသောက်စရိတ်များကို အမေရိကန်စစ်စတမ်အတိုင်း ကိုယ့်စရိတ်ကိုယ် ကျခံရပေမည်။ မည်သည့်ဘက်မှကြည့်ကြည့် လင်းရီအတွက် လုံး၀ အရှုံးမရှိပေ။

ကလင် ကလင် ...

လင်းရီ ကားထဲသို့ ၀င်လျှင်၀င်ချင်း ဟော်ယွမ်ယွမ်ထံမှ ဖုန်းခေါ်လာခဲ့၏။

"ဘော့စ်.... ကျောက်မိုက သူ့ရဲ့ စတော့တွေကို ထုတ်ရောင်းပြန်နေပြီ... နာရီ၀က်ပဲ ရှိသေးတယ်.. ခု သူတို့ဘက်က နှစ်ဘီလီယမ်ဖိုး ထုတ်ရောင်းပြီးသွားပြီ...."

"နာရီ၀က်အတွင်း နှစ်ဘီလီယမ်.."

လင်းရီ၏အမူအရာ မသိမသာ ပြောင်းလဲသွားခဲ့၏။ ယင်းက သူ ခန့်မှန်းထားသည့် အ‌ခြေအနေများကို ကျော်လွန်နေလေသည်။

'နှစ်ဘီလီယမ်ဆိုတဲ့ ပမာဏက မများပေမယ့် ကျောက်မို အရင်တစ်ခေါက် ရောင်းချတဲ့ နှုန်းထက်ကို နှစ်ဆလောက် မြန်နေတယ်...'

" ရုံးခန်းထဲမှာ စောင့်နေ... ငါ ခုပဲ လာနေပြီ...."

နာရီ၀က်ကြာ ကားမောင်းပြီးနောက် လင်းယွမ်အုပ်စုထံသို့ လင်းရီ ရောက်ရှိလာခဲ့၏။

ချီရှန်းကျောက်၏ ရုံးခန်းထဲတွင် ဟော်ယွမ်ယွမ် ၊ ထျန်းရန်နှင့် ချိန်ရွှမ်းတို့က စတော့ဈေးကွက်ဇယားကို ရင်တမမနှင့် စောင့်ကြည့်နေကြလေသည်။

"ဘော့စ်.. ရောက်လာပြီလား..."

လင်းရီ ရောက်လာသည်ကိုမြင်တော့ လေးယောက်လုံး မတ်တပ်ရပ်လိုက်ကြသည်။

"အခြေအနေ ဘယ်လိုရှိလဲ..."

"ခုလေးတင်ပဲ သူတို့ဘက်က နောက်ထပ် ၅၀၀ မီလီယမ် ထုတ်ရောင်းလာခဲ့ပါတယ် ဘော့စ်..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဒီရဲ့ နှုန်းက အရမ်းမြန်တယ်.. သေချာပေါက် တစ်ခုခုတော့ မူမမှန်ဘူး..."

"ဧကန္တ တခြား ရင်းနှီးမြုပ်နှံသူတွေကပါ ပူးပေါင်းပြီးတော့ Didi ရဲ့ စတော့တန်ဖိုးတွေကို ထိုးကျအောင် လုပ်ချင်နေတာလား...."ချိန်ရွှမ်း မေးမြန်းလိုက်သည်။

"အင်တာနက်ပေါ်မှာ မကောင်းသတင်းတွေလည်း သိပ်မရှိပါဘူး.... ဒီတော့ ရှယ်ယာရှင်တွေရဲ့ အစုထုတ်ရောင်းတဲ့ ပမာဏကလည်း ကျိန်းသေပေါက် များမှာ မဟုတ်ဘူး..."ချီရှန်းကျောက် ပြောလိုက်သည်။

"အဲ့လိုဆိုရင်တော့ တခြား ဒိတ်ဒိတ်ကျဲ တစ်ယောက်ယောက်က သူနဲ့ ပူးပေါင်းလာခဲ့တာ ဖြစ်မယ်..."လင်းရီ မှန်းဆသည့် လေသံဖြင့် ပြောဆိုလိုက်ပြီး "သူတို့အားလုံး စုပေါင်းပြီး ပွဲစားတွေဆီကနေ ရှယ်ယာချေးပြီးတော့ ခုလို အစုလိုက်အပြုံလိုက် ထုတ်ရောင်းလာပုံထောက်ရင် ငါ့ကို တစ်ချက်တည်းနဲ့ အမြစ်ဖြတ်ချင်နေတယ်နဲ့ တူတယ်... ငါ့ဘက်က မဆိုသလောက်လေး နှောင့်နှေးနေမယ်ဆိုရင် ရှယ်ယာရှင်တွေ တုန်လှုပ်ကုန်ပြီးတော့ စတော့ဈေးကွက်ကို အကြီးအကျယ် ထိုးကျသွားစေနိုင်တယ်..."

လင်းရီ၏ စကားလုံးများကို ကြားတော့ ကျန်သူများအားလုံး အတွေးနက်သွားကြသည်။

လက်ရှိအခြေအနေပေါ် မူတည်၍ ကောက်ချက်ချမည်ဆိုပါက ဖြစ်နိုင်ချေ တစ်ခုတည်းသာ ကျန်တော့လေသည်။

"ဘော့စ်.. လက်ရှိ အခြေအနေ အတိုင်းဆိုရင် ခု တိုက်ပွဲက ဘော့စ်နဲ့ ကျောက်မို တစ်ယောက်ချင်း စီးချင်းထိုးတဲ့ တိုက်ပွဲ မဟုတ်တော့ဘူး.. အများနဲ့ တစ်ယောက် ယှဉ် ကစားနေရသလိုမျိုး ဖြစ်နေပြီ."ဟော်ယွမ်ယွမ်မှ ပြောဆိုလိုက်၏။

"အဆင်ပြေပါတယ်."လင်ရီ ပြောပြီးနောက် လက်ဝှေ့ယမ်း၍ "သူတို့ ဆက်ထုတ်ရောင်းပါစေ... ဒီကောင်တွေ ဘယ်လောက်ထိ ချေးထားလဲဆိုတာ ငါစောင့်ကြည့်မယ်...."

"ဒါပေမယ့် ကျွန်မတို့ လက်ထဲမှာက ၂၅ ဘီလီယမ်လောက်ပဲ ကျန်တော့တာလေ.. ဒီနှုန်းအတိုင်းဆိုရင် ကျွန်မတို့ သိပ်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး..."ဟော်ယွမ်ယွမ် စိုးရိမ်နေသည့် လေသံဖြင့် ပြောလိုက်ပြီး "တကယ်လို့ သူတို့လက်ထဲက ရှယ်ယာပမာဏသာ ၂၅ ဘီလီယမ် မကျော်ဘူးဆိုရင်တော့ ကျွန်မတို့ဘက်က နိုင်နိုင်ခြေများတယ်.. မဟုတ်လို့ကတော့ ခက်ခဲတော့မှာ..."

ထိုအခါ ရုံးခန်းထဲရှိ လူတိုင်း ငြိမ်သက်သွားခဲ့ကြတော့သည်။

၎င်းက ဘာကိုဆိုလိုလဲဆိုတာ သူတို့အားလုံး နားလည်လေသည်။

အကယ်၍ သူတို့သာ မတောင့်ခံနိုင်ပါက Muddy waters ၀င်ပါလာသည်နှင့် Didi မှာ ဒေဝါလီ ခံလိုက်ရပေတော့မည်။

"ရတယ်... ငါတို့ နိုင်သလောက် ထိန်းထားကြတာပေါ့.. မင်းတို့ တတ်နိုင်သလောက် အကောင်းဆုံးသာလုပ် ...ကျန်တာကို ငါ့တာ၀န်ထား....."

သို့နှင့် လင်းရီ မတ်တပ်ပြန်ရပ်ပြီး ထွက်သွားလိုက်တော့သည်။ ယခု အချိန်က ဆွေးနွေးနေရမည့် အချိန် မဟုတ်တော့ချေ။လက်ရှိ ရောင်းချသည့် နှုန်းကို တွက်ချက်ကြည့်ပါက သူ့လက်ထဲရှိ ငွေပမာဏမှာ သေချာပေါက် လုံလောက်ခြင်း မရှိပေ။ ပို၍ သေချာစေရန် သူ ပိုက်ဆံ ထပ်ရှာရပေမည်။ ထို့ပြင် အခြား အကောင်ကြီးကြီးများကလည်း သူတို့နှစ်ယောက်၏ ကစားပွဲထဲသို့ ၀င်ရောက်လာနေပြီးဖြစ်ကြောင်း သေချာလေသည်။

'ဘယ်နှစ်ယောက် ပူးပေါင်းလာခဲ့တာလဲ .. သူတိူ့ လက်ထဲမှာ စတော့ပမာဏ ဘယ်လောက်တောင် ကျန်နေသေးလဲ' အစရှိသဖြင့် အသေးစိတ်ကိုတော့ မည်သူတစ်ဦးတစ်ယောက်ကမျှ မပြောပြနိုင်သည့်အတွက် ရှေ့ဆက် ဖြစ်ပျက်လာမည့် အခြေအနေများကို မည်သူမျှ ခန့်မှန်းနိုင်ခြင်းမရှိချေ။ ထို့ကြောင့် မျက်စိစုံမှိတ်၍ ဆက်လက်တိုက်ခိုက်သွားရန်သာ ကျန်တော့၏။

"ရတယ်လေ... ဒီအစ်ကိုကြီးကလည်း မင်းတို့နဲ့ ရေကုန်ရေခမ်း လိုက်ကစားပေးမယ်..."

ထိုအကြောင်း တွေးတောရင်း လင်းရီ လျန်ကျင်းမင်ထံ ဖုန်းခေါ်လိုက်သည်။

"ဟဲလို အစ်ကိုကြီးလင်း..."

"မင်းအခု ဘယ်မှာလဲ..."

"ရုံးခန်းမှာလေ.. ဘာလဲဖြစ်လို့... ဈေးကွက်ထဲမှာ တစ်ခုခု ဖြစ်သွားလို့လား..."လျန်ကျင်းမင် လင်းရီ၏ လောနေသည့် အသံကို ကြားမိတော့ မေးမြန်းလိုက်၏။

"ဘဏ်ကို ငါ့ကိုယ်စား ဆက်သွယ်ပေးစမ်းပါ.. ငါ လုံရှင်းကို အပေါင်ထားတော့မယ်..."

"လုံရှင်းကို အပေါင်ထားမယ်..." လျန်ကျင်းမင် အံ့အားသင့်စွာဖြင့် အသံကို မြင့်လိုက်မိ၏။

အနောက်တွင် သူတို့ စားရင်းသောက်ရင်းဖြင့် စကားပြောစဉ်အခါက လင်းရီ လုံရှင်းကို မလိုအပ်ဘဲနှင့် လုံး၀ ပေါင်နှံလိမ့်မည် မဟုတ်ကြောင်း ပြောဖူးသည်ကို သူ အသေအချာ မှတ်မိလေသည်။

သို့သော်လည်း ယခုတော့ အစ်ကိုကြီးလင်းမှအပေါင်ထားရန် စကားစလာခဲ့၏။ စတော့နည်းဗျူဟာ ကစားပွဲက သူထင်ထားသည်ထက် ပိုမို ခက်ထန်နေသည့် ပုံပင်။

"အိုကေ အစ်ကိုကြီးလင်း.. ကျုပ် အခုပဲ ဘဏ်ကို ဆက်သွယ်ထားလိုက်မယ်.. ဘဏ် ၀င်ပေါက်မှာ ဆုံကြတာပေါ့..."

"ကောင်းပြီ..."

လင်းရီ ဘဏ်အ၀သို့ ရောက်သောအခါ လျန်ကျင်းမင် တစ်ဦးတည်း မဟုတ်ကြောင်း သတိပြုမိသွား၏။ ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့လည်း အသီးသီး ရောက်ရှိနေကြလေသည်။

"လင်းကြီး.. ဘာတွေ အတိအကျ ဖြစ်ပျက်ခဲ့တာ.. ငါ့ကို သေချာလေးပြောပြ...."ချင်းဟန် လင်းရီ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း စူးစိုက် မေးမြန်းလိုက်၏။

"အထွေအထူးတော့ မဟုတ်ပါဘူးကွာ.."လင်းရီ ပြောလိုက်ပြီး "ကျောက်မို သူ့လက်ထဲက ကတ်တွေ ကုန်တော့ တခြားသူတွေနဲ့ ပေါင်းပြီး စတော့တွေကို အရင်ကထက် နှစ်ဆလောက် အမြန်နှုန်းတင်ပြီး ရောင်းချနေတာ.. ငါ့လက်ထဲမှာက နောက်ထပ် ၂၀ ဘီလီယမ်လောက် ကျန်နေသေးတယ်ဆိုပေမယ့် မသေချာမှာဆိုးလို့ ကြိုတင်ပြင်ဆင်ထားဖို့ ဆုံးဖြတ်လိုက်တာ..."

"တောက်... မိုက်ရိုင်းလိုက်တာကွာ...."ချင်းဟန် တောက်တစ်ချက် ခေါက်လိုက်ပြီး "ကျောက်မို.. မင်း ခွေးမသား.. တစ်ယောက်ချင်းချလို့ မနိုင်တော့ မင်းပထွေးတွေကို အကူအညီတောင်းလိုက်တယ်ပေါ့လေ... ဘယ်လိုတောင် ‌သောက်ရှက်မဲ့လိုက်လဲ..."

"တော်တော့ ချင်းကြီး.. မင်း ဆဲနေလည်း အပိုပဲ...အရင်ဆုံး အလုပ်ကိစ္စ စကားပြောကြမယ်..."လင်းရီ လျန်ကျင်းမင်ကိုကြည့်၍ "လျန်ကြီး...မင်းဘက်က မြန်နိုင်သမျှ မြန်မြန် ပိုက်ဆံကို မနက်ဖြန် မတိုင်ခင် ရအောင် လုပ်ပေးရင် အကောင်းဆုံးပဲ.."

"လင်းကြီး .. မင်း ဘာမှ မပူနဲ့.. ဒီတစ်ခါ ငါ့ရဲ့ စီနိုဟန် ကုမ္ပဏီနဲ့ အာမခံပြီး ပိုက်ဆံကို လေးငါးနာရီအတွင်း ရအောင် လုပ်ပေးမယ်..."

"ကျွန်တော်တို့ မိသားစုရဲ့ လုံးထန် အုပ်စုကိုလည်း မမေ့ထားနဲ့ဦးလေ.. ဒီကိစ္စ ရုံးချိန်မဆင်းခင်ကို ပြီးပြတ်လောက်တယ်..."ကောင်းကျုံးယွမ်လည်း ဖြည့်စွက်လိုက်၏။

"ကျေးဇူးပဲ ငါ့ကောင်တို့.. ငါ မင်းတို့ကို အကြွေးတင်သွားပြီး..."

"ငိုးပဲ... မဆိုင်တာတွေ လာမပြောစမ်းနဲ့..."ချင်းဟန် ကျိန်ဆဲလိုက်ပြီး "ဒီကနေ့ အပြင်ထွက်ပြီးတော့ အဲ့ရန်ကျင်းက ခွေးမသားတွေကို သွားရိုက်သတ်ကြမယ်..."

ရှေးယခင်ကတည်းကပင် ရန်ကျင်းနှင့် ကျိုးဟိုင်ရှိ ချမ်းသာသည့် ဒုတိယမျိုးဆက်များမှာ အမြဲတစေ ရန်စောင်နေကြပြီး စဉ်ဆက်မပြတ် တိုက်ပွဲတို့ ဆင်နွှဲလာခဲ့သည်မှာ အစဉ်အလာတစ်ခုကဲ့သို့ပင် ဖြစ်နေလေသည်။

ထို့ကြောင့် ၎င်းတို့ကို ပြဿနာရှာရန် လုံလောက်သည့် အကြောင်းပြချက် ပေးရန် မလိုအပ်ပေ။

လေးယောက်သား ဘဏ်ထဲသို့ ၀င်လာကြပြီး ဘဏ်ဥက္ကဌမှ လင်းရီတို့ကို မြင်သောအခါ ဒူးထောက်လုမတတ် ကြိုဆိုလာခဲ့၏။

လက်ရှိ လူငယ်အုပ်စု စုပေါင်းထားမှုက ကျိုးဟိုင် တစ်မြို့လုံးကို ဖိန့်ဖိန့်တုန်အောင် ခြောက်လန့်ထားရန် လုံလောက်လေသည်။ ထို့ကြောင့် ဘဏ်ဥက္ကဌပင် လေးစားစွာဖြင့် ပြောဆိုဆက်ဆံရ၏။ လင်းရီဘက်မှ သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း စာရွက်များ မပြင်ဆင်ထားရသေးသော်လည်း နောက်ကျမှ ပြင်ဆင်ပေး၍ ရသည်။ ထို့ပြင် ဘဏ်မှလည်း လင်းရီကို မျက်နှာသာ ပေး၍ အပို ငါးဘီလီယမ် ချေးငှားပေးလိုက်သေး၏။ သို့နှင့် လင်းရီ လုံရှင်းကို ငါးဆယ် ဘီလီယမ်ပမာဏဖြင့် ပေါင်နှံထားနိုင်လိုက်လေသည်။ ပိုက်ဆံကိုလည်း ရုံးမဆင်းခင် အရောက် ပေးချေမည်ဟုလည်း ဘဏ်ဘက်မှ အာမခံသွားခဲ့၏။

ဘဏ်အတွက်‌တော့ အာမခံပေးထားသည့် ကုမ္ပဏီ တစ်ခုတည်းကပင် ငါးဆယ်ဘီလီယမ်ကို မဆိုထားဘိ ခြောက်ဆယ် ဘီလီယမ်ဖြစ်နေစေကာမူ အဆုံးနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ချေ။

ဘဏ်မှ ထွက်လာခဲ့ပြီးနောက် လေးယောက်သား မက်ထရိုပိုလစ်သို့ ရောက်လာခဲ့ကြလေသည်။

ညအမှောင် ကျရောက်ရန် လိုအပ်နေသေးသောကြောင့် မက်ထရိုပိုလစ်တွင် လူသူကင်းရှင်း၍ အတော်လေး တိတ်ဆိတ်နေခဲ့၏။

" ငါ.... စဉ်းစားမိတာ တစ်ခုတော့ ရှိတယ်.. မှန်မမှန်တော့ ငါလည်း မပြောတတ်ဘူး..." လျန်ကျင်းမင် သူ၏ ဖန်ခွက်ထဲသို့ ရေခဲထည့်ရင်း "ကျောက်မိုကို ကူညီပေးလာတဲ့ ကောင်တွေက ရန်ကျင်းက သခင်လေးလေးယောက် ဖြစ်နေမလားပဲ..”

All Chapters