မင်းရဲ့ 38D ဆိုတဲ့ ဟာသကတော့ အရမ်းချဲ့ကားလွန်းရာ ကျသွားပြီ
Vol. 37 Ch. 549
ကလင် ကလင် ကလင်
လူနာမိသားစု၀င်များမှ အလိုက်ကိုမသိဘူးဟု စောဒက တက်နေတုန်း လျန်ရူရွှယ်မှ ဖုန်းခေါ်လာခဲ့၏။
"လင်းရီ...လျိုဇီဟောက်လို့ ခေါ်တဲ့ ကလေးက မနက်ဖြန် ခွဲစိတ်မှာမလား..."
"အင်း ဟုတ်တယ်... ဘာလို့လဲ..."
"နင်ပြောတာ သူ့ကို ခွဲစိတ်ပြီးတာနဲ့ နင် နှုတ်ထွက်တော့မယ်လို့ ပြောတယ်နော်..."
"အင်းလေ.. ဘာလဲဖြစ်လို့... ငါ့ကို နှုတ်ဆက်ပွဲ ပါတီတွေ လုပ်ပေးမလို့လား... အဲ့လောက်ကြီးလည်း ခမ်းနားနေစရာ မလိုပါဘူးကွာ... ပကာသန မပါတဲ့ ရေကူး၀တ်စုံပါတီလောက်ဆို အဆင်ပြေပြီ..."
"နင်ဖြစ်ချင်ရင် ဆုတောင်းနေလိုက်လေ..."လျန်ရူရွှယ် နှုတ်ခမ်းတွန့်ကွေး၍ ပြောလိုက်ပြီး "ငါနင့်ကို ပြောစရာရှိလို့ ဒီည ညစာအတူစားဖို့ အားလား..."
"မင်း ၀ယ်ကျွေးမှာလား..."
"အဲ့တာက အရေးကြီးတဲ့ မေးခွန်းလား.... နင်က ထမင်းလေးတစ်နပ်တောင် မတတ်နိုင်တော့ဘူးလား..."
"မတတ်နိုင်တော့ဘူးဟေ့...ဒီတစ်နေ့တည်းတင် ၉၀ ဘီလီယမ်လောက် သုံးထားရတာဆိုတော့ ခု သောက်ရမ်း မွဲနေတယ်..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် မင်း ဆန္ဒရှိတယ်ဆိုရင်တော့ ငါ့ရဲ့ ရေကူးကန်ကိုလာပြီး ဟော့ပေါ့နဲ့ ဘာလီကျူး စားလို့ရတယ်.. အဲ့လောက်လေးတော့ တတ်နိုင်ပါသေးတယ်...."
" စဉ်းတောင် မစဉ်းစားနဲ့... "လျန်ရူရွှယ် ပြောလိုက်ပြီး "ငါ ဟွိုက်ရန်စားသောက်ဆိုင်အသစ် တွေ့ထားတယ်... ဒါကြောင့်မို့ နင်နဲ့အတူ မြည်းစမ်းကြည့်ရင် ကောင်းမလားလို့.. တစ်ယောက်တည်း ထိုင်စားရတာက အရမ်းပျင်းဖို့ ကောင်းတယ်လေ..."
"ကောင်းပြီလေ... ငါ ခဏနေ ခွဲစိတ်မှုတစ်ခုရှိဦးမှာဆိုတော့ ညမှပဲ စကားပြောကြတာပေါ့..."
"အွန်း.... ဒါဆို အတည်ဖြစ်သွားပြီနော်...."
မွန်းလွဲပိုင်းရှိ ခွဲစိတ်မှုမှာ ချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့လေသည်။သို့သော်လည်း လင်းရီ ထွက်ခွာရန် အလျင်မလိုသေးပေ။
ဌာနသို့ ပြန်ပြီးနောက် လီချူးဟန် ကျိန်းပင်းကျန်းတို့နှင့်အတူ ခွဲစိတ်မည့် အစီအစဉ်ကို အမှားအယွင်း မရှိရလေအောင် စစ်ဆေးလေသည်။
အားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးတော့မှ လျန်ရူရွှယ်နှင့် တွေ့ဆုံရန် ထွက်လာခဲ့လိုက်၏။
လျန်ရူရွှယ် ရွေးချယ်ထားသည့် ဟွိုက်ရန် စားသောက်ဆိုင်မှာ အပြင်ဘက်ရှိ မွမ်းမံပြင်ဆင်ထားမှုများကို ကြည့်ရုံမျှဖြင့် တမူထူးနေကြောင်း သိသာလေသည်။
မီချယ်လင်း ကြယ်သုံးပွင့်ရထားသည့် စားသောက်ဆိုင် မဟုတ်သော်လည်း အပေါ်ယံကြည့်ရုံမျှဖြင့် ဈေးပေါလိမ့်မည် မဟုတ်ကြောင်း သိသာလေသည်။
လျန်ရူရွှယ်ကတော့ နှောင့်ယှက်မှု ရန်အပေါင်းမှ ကင်းဝေးစေရန် ထုံးစံအတိုင်း သီးသန့်ခန်းတစ်ခု မှာထား၏။
"မင်းက အမြဲတမ်း သီးသန့်ခန်းတွေပဲ မှာတယ်ဆိုတော့ ငါနဲ့ ဘာမဟုတ်တာတွေ လုပ်မလို့လဲ...အဲ့တာက အမြဲတမ်း ငါ့ကို အထင်လွဲစေတယ်..."
"သူများတွေ မြင်ရင် သွားပုပ်လေလွင့်နဲ့ လျှောက်ပြောခံရမှာကြောက်လို့လေ... နင့်လိုမျိုး နှာထတဲ့ အတွေးတွေ ရှိနေတယ်လို့များ အောက်မေ့နေလား မသိဘူး..."
"မင်းပြောပုံအရဆိုရင် အရာရှိတွေက ရည်းစားတောင် ထားလို့ အဆင်မပြေတဲ့ အနေအထားကြီးပါလားဟ...."
"အဲ့လိုမျိုးပဲ.... ဒီကိစ္စက အရမ်းကို ကွဲလွယ်ရှလွယ်တာ... ကိုယ့်ဘက်က ဘာမှမဖြစ်ထားရင်တောင် တစ်ဖက်သူက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေ လုပ်ပြီးတော့ ပြဿနာ ရှာတော့မှာလေ... နင့်ဘက်က အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ရင်တောင် အထက်ကြီးပိုင်းတွေရဲ့ အမြင်မကြည်မှုကို ခံရနိုင်တယ်...အရမ်း စိတ်တိုဖို့ ကောင်းပါတယ်ဆို.... "
ထိုသို့ပြောရင်း လျန်ရူရွှယ် သူမ အိတ်ထဲမှ ယွမ် ငါးသောင်းတန်တစ်အုပ်ကို ထုတ်ပေးလိုက်ပြီး "မနက်ဖြန် ခွဲစိတ်တော့မှာဆိုတော့ ဒီငွေတွေကို ဟိုကလေး လျိုဇီဟောက်အတွက် ယူသွားလိုက်..."
"သူ့ကို ပေးတာလား..."လင်းရီ အံ့အားသင့်သွားခဲ့၏။
လျန်ရူရွှယ်မှာ သူ့ကို ဘာမျှ လုပ်စရာ မရှိ၍ ညစာအတူစားရန် ဖိတ်ခေါ်လိုက်သည်ဟု ထင်မှတ်ထားသော်လည်း တခြားကိစ္စရှိနေလိမ့်ဦးမည်လို့ မျှော်လင့်မထားခဲ့ချေ။
"ဒါက မင်းပိုက်ဆံတွေလား..."
"ငါ့ပိုက်ဆံတွေလည်း ပါတယ်..."လျန်ရူရွှယ် ပြောလိုက်ပြီး "ငါတို့ရုံးက ကြမ်းတိုက်တဲ့ အန်တီကြီးရဲ့ သားလေး အဲ့လိုရောဂါမျိုး ဖြစ်ခဲ့ဖူးတယ်လေ.. တိုက်တိုက်ဆိုင်ဆိုင် သူမတုန်းကလည်း အများရဲ့ အကူအညီပေးမှုနဲ့ ကြုံခဲ့ရတာဆိုတော့ ငါ့ဆီလာပြီး ယွမ် ၅၀၀ ကူညီပေးချင်လို့ ပြောလာခဲ့တာ... ဒါပေမယ့် ကလေးဆီရောက်အောင် ဘယ်လိုပို့ပေးရမလဲ မသိတော့ ငါ့ကို အကူညီတောင်းလာလို့... နောက်တော့လည်း တစ်ယောက်စ နှစ်ယောက်စနဲ့ ယွမ် ငါးသောင်းအထိ ရသွားတာပဲ..."
ယွမ် ငါးသောင်းဟူသည့် ပမာဏမှာ မများပြားပေ။ လျန်ရူရွှယ်၏ လုပ်ဆောင်နိုင်စွမ်းတို့ဖြင့် ဆိုပါက ယွမ် ငါးသိန်းပင် တစ်ခါတည်းနှင့် လှူဒါန်းပေးနိုင်လေသည်။
သို့သော်လည်း တစ်ကြိမ်တည်းနှင့် ထိုမျှ များပြားစွာ လှူဒါန်းလိုက်မည်ဆိုပါက သူမယခုရာထူးကိုပင် လိုအပ်တော့မည် မဟုတ်ချေ။
"ငါ မနက်ဖြန် လွှဲပေးလိုက်မယ်..."
လျန်ရူရွှယ် ခေါင်းညိမ့်လိုက်၏။ ထို့နောက် သူမ၏ ဆံပင်များကို ညှပ်ရိုးနား ဖိကပ်ရင်း ဆက်လက်စားသောက်လေသည်။
"နင့်ဘက်က အခြေအနေကော ဘယ်လိုလဲ... ၉၀ ဘီလီယမ်ဖိုးတောင် သုံးလိုက်ပြီဆိုတော့ အခု နင့်လက်ထဲမှာ ပိုက်ဆံ ဘယ်လောက်ကျန်သေးလဲ..."
"ကျောက်မိုကို ကိုင်တွယ်ဖို့အတွက်တော့ လုံလောက်ပါတယ်..."
လျန်ရူရွှယ် မျက်လုံးလှိမ့်လိုက်ပြီး အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့၏။
"နင်က ငါ့ကို ဖုံးကွယ်နေတာပဲ.. ငါက ကျောက်မိုနဲ့ သိတယ်ဆိုပေမယ့် လာပြီး စုံထောက်လုပ်နေတာ မဟုတ်ဘူးနော်..."
လင်းရီ ရယ်သွမ်းလိုက်ပြီး ပုစွန်တစ်ကောင်ကို တူဖြင့် ညှပ်၍ လျန်ရူရွှယ်၏ နှုတ်ခမ်းရှေ့သို့ တေ့ပေးလိုက်၏။
"ပါးစပ်ဟ..."
"နင် ဘာတွေ လုပ်နေတာလဲ..."လျန်ရူရွှယ် ရှက်ရွံ့နေဟန်ဖြင့် မေးမြန်းလိုက်၏။
"မင်းကို ခွံ့ကျွေးနေတာလေ... ဒါကလည်း အမျိုးသမီးတွေ အတွက် မရှိမဖြစ် တတ်ထားသင့်တဲ့ အရည်အချင်းတစ်ခုပဲ... သေချာလေး သင်ယူထား..."
လျန်ရူရွှယ်ကတော့ မည်သို့မျှ နားမလည်နိုင် ဖြစ်နေလေသည်။
သူမက ဘာလုပ်ဖို့ တတ်ထားရမှာ.. ဒါက စုံတွဲတွေပဲ ဒီလိုမျိုး လုပ်ကြတာမဟုတ်ဘူးလား...
မဟုတ်မှလွဲရော ငါက အရမ်းအေးတိအေးစက်နိုင်လို့ လူကို မှီခိုတတ်တဲ့ ငှက်ကလေးပုံစံ နေခိုင်းချင်နေတာလား..
လျန်ရူရွှယ် နောက်ထပ် များများစားစား မစဉ်းစားတော့ပဲ ပါးစပ်ဟ၍ လင်းရီ ကျွေးလာသည့် ပုစွန်ကို ကိုက်လိုက်သည်။ တစ်ချိန်တည်းတွင် သူမ စိတ်ထဲ၌ မလုံမလဲ ဖြစ်နေကာ အနည်းငယ် ရှက်ရွံ့နေလေသည်။
"ငါ့လက်ထဲမှာ သုံးဆယ်ဘီလီယမ်ကျန်နေသေးတယ်... တစ်စုံတစ်ယောက်ကလည်း ငါ့ကို နောက်ထပ် ယွမ်နှစ်ဆယ်ဘီလီယမ် ထောက်ပံ့ပေးလာမယ်ဆိုပေမယ့် ငါကတော့ မသုံးချင်ဘူး.. ဘာပဲဆိုဆို ငါ့လက်ထဲမှာရှိတဲ့ ငွေပမာဏက ကျောက်မိုကို ကိုင်တွယ်ဖို့ သေချာပေါက် လုံလောက်တယ်လေ..."
"ငါ လတ်တလော ကျောက်မိုကို အာရုံစိုက်မနေဘူးဆိုပေမယ့် နင်တို့ နှစ်ယောက်လုံးရဲ့ တိုက်ပွဲထဲကို ကူညီပေးမယ့်သူတွေရောက်လာပြီမလား..."လျန်ရူရွှယ်မှ လင်းရီ ခွာပေးသည့် ပုစွန်များကို ကြေညက်အောင် ဝါးရင်း စားလိုက်သည်။
သူမ စကားပြောသည့် လေသံထဲတွငိ အနည်းငယ် မရေရာသည့် အရိပ်အယောင်တို့လည်း ရောယှက်နေလေသည်။
လင်းရီ သဘောတူစွာဖြင့် ခေါင်းညိမ့်လိုက်သည်။
"နင် ရန်ကျင်းက သခင်လေး လေးယောက်အကြောင်း သိတယ်မလား..."လျန်ရူရွှယ် ပြောလိုက်ပြီး "သူတို့က ဂူချန်းချွမ်၊ ကျောက်မို၊ စွန်းချဲ့နဲ့ လုရွှမ်တို့ပဲ.. အဲ့အရူးလေးကောင်က အမြဲတတွဲတွဲဆိုတော့ ကျောက်မိုကို ကူညီပေးနေတာလည်း သူတို့ပဲ ဖြစ်ရမယ်... "
"ငါ သိပြီးသား..."
"ဒါဆို နင်က သူတို့လေးယောက်လုံးကို တိုက်ခိုက်တော့မလို့လား..."
"ဘာတတ်နိုင်ဦးမှာ.. မဟုတ်ရင် ငါက လက်မြှောက် အရှုံးပေးလိုက်ရမှာလား..."
"ငါက ရန်ကျင်းမှာ ကြီးပြင်းခဲ့တာဆိုတော့ သူတို့ လေးယောက် အကြောင်းကို ကောင်းကောင်းသိတယ်... နင်က ရန်ကျင်းက သခင်လေး လေးယောက်လုံးကို တစ်ဦးတည်း စိတ်ခေါ်ရဲတဲ့ ပထမဆုံးသောသူပဲ သိလား... ပြီးတော့ နင့်အခြေအနေကလည်း ကောင်းမွန်နေသေးတယ်..."လျန်ရူရွှယ် အပြုံးလေးဖြင့် ပြောလိုက်၏။
"ဒီအခြေအနေရောက်မှတော့ ပျာပန်းခတ်နေလဲ ဘာထူးမှာ.. ခုက ဘယ်သူက ပိုက်ဆံ ပိုရှိလဲဆိုတဲ့အပေါ် မူတည်တယ်.. အရင်ဆုံး နောက်ဆုတ်သွားတဲ့သူက အရှုံးပဲ.. အဲ့လောက် ရိုးရှင်းတဲ့ ကိစ္စကို ဘာမှ စိတ်ဖိစီးနေစရာ မလိုဘူး..."
"အွန်း....နင့်စိတ်အခြေအနေက တော်တော်လေး အခြေအနေကောင်းနေတဲ့ပုံပဲ..."
လျန်ရူရွှယ် ရှန်းရှူးရီနှင့် ယခုကိစ္စကို အများအပြား ဆွေးနွေးထားသောကြောင့် စတော့နည်းဗျူဟာ ကစားပွဲအကြောင်းကို အတော်လေး နားလည်းဘောပေါက်ထား၏။ လင်းရီ ပြောသကဲ့သို့ ပိုက်ဆံကသာ အရေးပါပြီး အကြောင်းမဲ့ စိတ်ဖိစီးနေခြင်းက အသုံးမ၀င်ချေ။ လျန်ရူရွှယ် ကိုယ်နေဟန်ထား ပြောင်းလဲလိုက်ပြီး ကြွေခွက်သေးသေးလေးထဲ ဖြည့်ထားသည့် ရေနွေးကြမ်းကို မှုတ်သောက်လိုက်သည်။ သူမ ကြည့်ရသည်မှာ ဗိုက်ပြည့်အင့်သွားသည့်ပုံပင်။
"မနက်ဖြန်က နင့်ရဲ့ နောက်ဆုံး ခွဲစိတ်မှုဆိုတော့ အဲ့တာပြီးရင် နင် နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ..... လင်းယွမ် အုပ်စုကိုပြန်ပြီး အုပ်ချုပ်တော့မှာလား.."
"စဉ်းစားထားပြီးသား... ဒီအလုပ်ကနေ နှုတ်ထွက်ပြီးရင် ဆိုင်လေးတစ်ဆိုင်ဖွင့်မယ်... ခွေးလေးတစ်ကောင် မွေးပြီးတော့ ရိုးရှင်းတဲ့ ဆိုင်ပိုင်ရှင်ပဲ လုပ်တော့မယ်လို့ စဉ်းစားထားတယ်... ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းရင်းနဲ့ပေါ့..."
လျန်ရူရွှယ် လင်းရီကို မျက်လုံးလှန်လိုက်ပြီး "နင်တော့ အွန်လိုင်းနိုဗယ်တွေ အဖတ်များနေပြီနဲ့ တူတယ်..."
"မင်းငါ့ကို နားမလည်ပါဘူးကွာ... ငါက အရမ်းကို စိတ်သောက ဗျာပါဒများတဲ့သူတစ်ယောက်.. ငါ့ရင်ဘက်ထဲမှာ အထီးကျန်မှုတွေ တွန့်ဆုတ်မှုတွေ ဘယ်လောက်တောင်မှ ပြည့်နှက်နေလဲဆိုတာ မင်းသိလား... သေမတတ် ဆိတ်သုဉ်းနေတဲ့ ညတာကို တစ်ယောက်တည်း ဘယ်တွေတွေ ကြိတ်မှိတ်ပြီး ဖြတ်သန်းနေရလဲဆိုတာတွေကို မင်းနားမလည်ပါဘူးကွာ..."
"နင့်ရဲ့ လှည့်ကွက်တွေကို ငါနားမလည်ဘူးဆိုပေမယ့် နင်က အိမ်သာ သန့်ရှင်းရေးသမား လုပ်ရင်တောင် နင့်ဘေးနားမှာ ဝိုင်းဝိုင်းလည်နေမှာတော့ သေချာတယ်..."
လျန်ရူရွှယ် ပြောလိုက်ပြီး "ဒါပေမယ့် နင်တကယ်ကြီး ဈေးဆိုင်ဖွင့်တော့မလို့လား.. ဘာတွေရောင်းဖို့ စိတ်ကူးထားလဲ...."
"အမ်... စဉ်းတော့ မစဉ်းစားရသေးဘူး.. အမျိုးသမီး အတွင်းခံတွေ ရောင်းရင် ကောင်းမလားပဲ.. ငါတို့ အတွင်းခံတွေလည်း မင်းတို့ မိန်းကလေးတွေ ရောင်းတယ်မလား.. မျှမျှတတပေါ့..."
"ဆိုင်ဖွင့်ရင် ငါ့ဆီ လာအားပေးဦးနော်.. အဲ့ခါကျ မင်းနဲ့ လိုက်ဖက်မယ့် အတွင်းခံတစ်စုံ လက်ဆောင်ပေးမယ်...."
"ရတယ်လေ.. အဲ့တာဆို 38 D.... ငါ့ဆိုဒ်ကို သေချာမှတ်ထားလှည့်..."လျန်ရူရွှယ် ပြောလိုက်ပြီး "အနီ ဖြစ်ဖြစ် အနက်ဖြစ်ဖြစ် အကုန်အဆင်ပြေတယ်..."
"ဒါဆို ဘာစောင့်နေမှာ.. ငါနဲ့လိုက်ခဲ့လိုက်တော့လေ.... ကြိုပြီးတော့ နှစ်စုံလောက် ၀ယ်ပေးထားမယ်..."
"တော်စမ်းပါ..."လျန်ရူရွှယ် လင်းရီကို မျက်စောင်းထိုးလိုက်ပြီး "ငါက အလကားဟာသလုပ်နေတာကို နင်က အတည်ကြီးတွေ တွေးနေတယ်လား..."
"အဲ့လိုဆိုရင်တော့ မင်းရဲ့ 38 D ဟာသက နည်းနည်းလေး ချဲ့ကားနေသလိုပဲ....”