← Chapters

လင်းရီ၏ စိုးရိမ်ပူပန်မှုများ

Vol. 37 Ch. 552

လင်းရီ၏ စိုးရိမ်ပူပန်မှုများ

Vol. 37 Ch. 552

နောက်တစ်နေ့ နံနက်တွင် လင်းရီ အိပ်ရာမှထ၍ မျက်နှာသစ် သွားတိုက်လိုက်သည်။

ထိုအချိန်တွင်ပဲ ဟော်ယွမ်ယွမ်မှ သူ့ထံ ဖုန်းဆက်လာလေသည်။

"ဘော့စ်.. ခုဆို ဈေးကွက်က တည်ငြိမ်သွားပြီ.. ကျောက်မိုနဲ့ ကျန်တဲ့သူတွေက ရှယ်ယာတွေ ထုတ်ရောင်းတာကို ရပ်တန့်လိုက်တဲ့ပုံပဲ...."

"သူတို့ ခဲယမ်းမီးကျောက်တွေ ကုန်သွားလို့နေမှာ...."လင်းရီ ပြောလိုက်ပြီး "လင်းယွမ်နဲ့ Didi ရဲ့ PR ဌာနတွေကို သတိပေးထားလိုက်... Muddy Watersက မကြာခင် လှုပ်ရှားလာတော့မှာ...."

"နားလည်ပါပြီဘော့စ်...."

ထိုဖုန်းခေါ်ဆိုမှု ပြီးနောက် လင်းရီ သူ၏ အ၀တ်အစားများကို လဲပြု၍ အလုပ်သို့ လေးနက်တည်ကြည်သည့် အမူအရာဖြင့် ထွက်လာခဲ့လေသည်။

ယနေ့ ပြုလုပ်မည့် ခွဲစိတ်မှုက အချိန်မည်မျှ ကြာမလဲဆိုတာကို သူမသိချေ။

ကမ္ဘာပေါ်တွင်တော့ ထိုကဲ့သို့ ခွဲစိတ်မှုအမျိုးအစား၏ အတိုတောင်းဆုံး အချိန်ကာလမှာ ခုနစ်နာရီပင်။

သို့သော်လည်း လျိုဇီဟောက်၏ အခြေအနေမှာ ဆိုးရွားပြင်းထန်လွန်းလှပြီး အရွယ်အားဖြင့်လည်း အခြားသူများထက် ငယ်ရွယ်လွန်းလှ၏။

သူ၏ လက်ရှိ ဆေးပညာ စွမ်းရည်တို့ကို အိတ်သွန်ဖာမှောက် အစွမ်းကုန် ကြိုးစား၍ ခွဲစိတ်လျှင်တောင် ပြီးမြှောက်ဖို့ရာ အနည်းဆုံး ဆယ်နာရီ အချိန်ပေးရပေမည်။

အကယ်၍ အခြားထင်မှတ်မထားသည့် မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်လာပါက ထိုထက်ပင် ပို၍ ရှည်ကြာသွားနိုင်၏။

အကယ်၍ Muddy waters ဘက်ကသာ ထိုအချိန်တွင် လှုပ်ရှားလာခဲ့မည် ဆိုပါက သူ့ဘက်မှ အကောင်းဆုံး ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန် အချိန်ကာလကို ဆုံးရှုံးလိုက်ရပေမည်။

ထိုအခါ ဆုံးရှုံးမှုများနှင့် အကျိုးသက်ရောက်မှုများမှာ တိုင်းတာ၍ ရလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုတော့ သူ ခွဲစိတ်မှုကို ဦးစားပေးရပေမည်။

သူတတ်နိုင်သည်ကတော့ Muddy waters ဘက်မှ လျင်မြန်စွာ မလှုပ်ရှားလာပါစေနဲ့ဟု ဆုတောင်းရုံသာ တတ်နိုင်၏။ မဟုတ်ပါက သူ ထိုအခြေအနေပေါ်တွင် အခွင့်ကောင်းယူခြင်း ခံလိုက်ရလိမ့်မည်။

မိနစ်လေးဆယ်ကြာပြီးနောက် လင်းရီ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ဆေးရုံ၏ လေထုမှာသာမန်မှ ကွဲထွက်နေသည်ကို သူ ရှင်းလင်းစွာ ခံစားနိုင်လေသည်။

ပါကင်ထိုးသည့် နေရာတွင် ကားများဖြင့် ပြည့်နှက်နေပြီး များပြားသည့် လူပင်လယ်ကြီးသဖွယ် ဖြစ်ပေါ်နေပြီး သွားရန်လာရန်ပင် လမ်းမရှိလောက်အောင် များပြားလွန်းလှ၏။

အကယ်၍ ဆေးရုံတွင် ဒေါက်တာများအတွက် အထူးသီးသန့် ကားပါကင်နေရာသာ မရှိပါက လင်းရီ သူ၏ ကားကို မည်သည့် နေရာ၌ ရပ်ရမည်မှန်းတောင် သိလိမ့်မည် မဟုတ်တော့ချေ။

လင်းရီ များများစားစား စဉ်းစားမနေပဲ အတွင်းလူနာဆောင် ရှစ်ထပ်မြောက်သို့ တက်လာခဲ့လိုက်၏။ မီတာ ဒါဇင်မျှ လမ်းလျှောက်ပြီးသောအခါ လင်းရီ သူ၏‌ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းလူနာဆောင်၏ ရှစ်လွှာမြှောက်တွင် လူတစ်ရာကျော်ခန့် ပြွတ်သိပ်နေသောကြောင့်ပင်။

အချို့ဆိုလျှင် ကင်မရာနှင့် မှတ်တမ်းတင်သည့် ပစ္စည်းကိရိယာများ ကိုင်ထားပြီး ဆယ်ဖီစတစ်များဖြင့် တိုက်ရိုက်ထုတ်လွင့်နေကြ၏။

တစ်ချို့ကတော့ တိုက်ရိုက် ရိုက်ကူးပြီး အတန်းရှင်း ရှာနေကြလေသည်။

သို့သော်လည်း သူတို့အားလုံး၏ဆွေးနွးမှုများမှာ အကြောင်းအရာတစ်ခုတည်းတွင် အာရုံစိုက်ထားကြ၏။

ယင်းကတော့ SMA ဖြစ်နေသည့် ဖြစ်နေသည့် ကလေးငယ်တစ်ယောက်ပင်။

နှိုင်းယှဉ်ရသော် ယနေ့ ပြုလုပ်မည့် နှလုံးသွေးလွတ်ကြောလွဲခြင်း ခွဲစိတ်မှုက သိပ်အရေးမပါသည့်ပုံပင်။

ယင်းကလည်း ၎င်းတို့ ဦးတည်တိုက်ခိုက်နေသည်က တစ်လုံးကို ယွမ် ခုနစ်သိန်းပေးရသည့် Nosinogen Sodium ဖြစ်နေသောကြောင့်ဖြစ်၏။

"လတ်တလော SMA ရောဂါဝေဒနာကို ခံစားနေရတဲ့ မွေးကင်းစကလေးက လူတန်းစားအလွှာပေါင်းစုံရဲ့ အာရုံစူးစိုက်မှုကို ရရှိထားပါတယ်... တစ်နာရီအတွင်းမှာပဲ သူ့ရဲ့ ခွဲစိတ်မှုကို စတင်တော့မှာ ဖြစ်လို့ ကျွန်မတို့ သတင်းထောက် အဖွဲ့သားတွေက ဒီကိစ္စကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်ထုတ်လွင့် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်.... "

"အားတီတို့ အားမေတို့.. ခွဲစိတ်မယ့် အချိန်ကျလို့ရှိရင် ငါ ဆေးရုံအဖွဲ့သားတွေနောက် လိုက်ပြီး ခွဲစိတ်တဲ့ မြင်ကွင်းကို တိုက်ရိုက်တင်ဆက်ပေးမယ်... မင်းတို့အစ်ကိုကြီးကို အားရှိအောင် လက်ဆောင်လေးတွေ ပို့ပေးဖို့လည်း မမေ့ကြနဲ့ဦးနော်... လာလာ .. ဆက်ကြည့်လိုက်ကြရအောင်...."

"ကျွန်မ ပိုင်သုပေါ်မှာ ရှာကြည့်ပြီးသွားပြီ.. နှလုံးသွေးလွတ်ကြောလွဲတာက သိပ်အရေးကြီးတာမဟုတ်ဘူး.. လူတိုင်းပဲ.. လျိုဇီဟောက်အတွက် ဆုတောင်းပေးလိုက်ကြရအောင်လားရှင်.. ကြည့်ရှုသူ 3k ပြည့်တာနဲ့ ကျွန်မကနေပြီးတော့ ဆေးရုံထဲကို လိုက်ပြပေးမယ်နော်..."

"အားလုံးပဲ.. ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲမှာ လျိုဇီဟောက်အတွက် ကူညီပေးလို့ရပါတယ်ဗျ... လောကကြီးမှာ လူကောင်းသူကောင်းတွေ ရှိသေးကြောင်း သူတို့ သိအောင် လုပ်လိုက်ကြစို့...."

အဆိုပါ ကပေါက်တိကပေါက်ချာ မြင်ကွင်းကို ကြည့်ရင်း လင်းရီ တိတ်ဆိတ်စွာဖြင့် ဦးတည်ရာ ပြောင်းလိုက်ပြီး တံခါးသေးသေးလေးဆီသို့ လမ်းလျှောက်လာခဲ့လိုက်သည်။

"အစ်ကိုရီ... အပြင်မှာတုန်းက သတင်းထောက်တွေနဲ့ တွေ့ခဲ့သေးလား..."လင်းရီ ဌာနသို့ရောက်သောအခါ ချောင်ရှင်းမှ မေးမြန်းလိုက်သည်။

"မဆိုင်တဲ့လူတွေကို အထဲပေးမ၀င်ဖို့ လုံခြုံရေးအစောင့်တွေကို ပြောထားလိုက်... တစ်ယောက်မှ ၀င်မလာစေနဲ့..."လင်းရီ ပြတ်သားစွာ ပြောဆိုလိုက်သည်။

"အထဲပေးမ၀င်ဘူး...."ချောင်ရှင်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး "အစ်ကိုရီ လူတိုင်းက ဒီကိစ္စကို အာရုံစိုက်နေကြတာလေ.. ညီမတို့က အပြင်မှာ ပိတ်ထားလိုက်ရင် လူအုပ်ကြီးက ပေါက်ကွဲထွက်လာခဲ့တော့မှာပေါ့...."

"ငါ -ီးပဲ ဖြစ်ဖြစ်ကွာ... ပြောမရရင် ရဲခေါ်လိုက်...."

"အွန်း... ညီမလည်း သူတို့ ဒီရောက်လာတာ သူတို့ကိုယ်သူတို့ ပရိုမုတ်လုပ်ပြီးတော့ ဆိုရှယ်မီဒီယာတွေရဲ့ အတန်းရှင်းရအောင် လာလုပ်တာလို့ ထင်တာပဲ..."ချောင်ရှင်းပြောလိုက်ပြီး "အနာဂတ်ကျရင် ဒီကိစ္စကြောင့် လူတွေ ရှားပါးရောဂါတွေအပေါ် ပိုပြီးတော့မှ အာရုံစိုက်လာနိုင်တယ်လေ..."

"သူတို့ အလေးထားဆုံးက သတင်းအချက်အလက်တွေ ပို တူးဆွပြီးတော့ အကျိုးအမြတ်ရနိုင်မရနိုင်ပဲ...."လင်းရီ ချောင်ရှင်း၏ ပခုံးကို ပုတ်လိုက်ပြီး "အဖြူရောင် ပေါက်စီတွေက အရသာရှိတယ်ဆိုပေမယ့် လူသားတွေရဲ့ သွေးနဲ့ ရောသွားရင်တော့ အရသာ မရှိတော့ဘူး..."

"ညီမနားလည်ပြီ .. ခုချက်ချင်းပဲ အစောင့်တွေကို သွားပြောထားလိုက်တော့မယ်...."ချောင်ရှင်း လေးနက်စွာ ခေါင်းညိမ့်လိုက်ပြီး "ပြီးတော့ ဒါရိုက်တာလီပြောတာ လျိုဇီဟောက်ရဲ့ လူနာခန်းက အဆင်သင့်ဖြစ်နေပြီတဲ့.. အစ်ကိုရီ ရောက်လာတာနဲ့ အဲ့ဒီကို လာခဲ့ဖို့ ပြောလိုက်တယ်...."

"ကောင်းပြီ..."

နေ့တစ်နေ့ကို စတင်ပြီးနောက် နှစ်ယောက်သား လမ်းခွဲကြကာ ကိုယ်စီတာ၀န်များကို လုပ်ဆောင်ကြလေသည်။ လင်းရီ သူ၏ ဆရာ၀န်ကုတ်ကို လဲလှယ်ပြီး လျိုဇီဟောက်၏ လူနာခန်းထဲသို့ထွက်လာခဲ့လိုက်၏။

ထိုနေရာသို့ ရောက်သောအခါ လီချူးဟန်အပြင် ကျိန်းပင်းကျန်းပါ ရောက်နေကြောင်း သတိထားမိလိုက်သည်။

"ဒါရိုက်တာလင်း.. ရောက်လာပြီလားခင်ဗျ..."

လင်းရီကို မြင်တော့ လျိုဇီဟောက်၏ မိဘများမှ နှုတ်ဆက်လိုက်ကြသည်။

ထိုမျှမကသေးပဲ ကလေး၏ ဘိုးဘွားမိဘများနှင့် ဆွေမျိုးများပါ အသီးသီးရောက်ရှိနေကြလေသည်။

သူတို့၏ အင်္ကျီအ၀တ်အစားတို့မှာ သာမန်ဆန်နေသော်လည်း ရိုးသားသည့် ရုပ်ခံနှင့် မျက်နှာထက်တွင် ကလေးအတွက် ပူပန်စိုးရိမ်မှုများဖြင့် ပြည့်နှက်နေ၏။ အထူးသဖြင့် လျိုဇီဟောက်၏ မိဘများပင်။ သူတို့ကြည့်ရသည်မှာ ဝိတ်အတော်ကျသွားပုံရ၏။

လင်းရီလည်း ၎င်းတို့၏ နှုတ်ဆက်မှုကို အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

"ဘာမှ စိတ်မပူနဲ့.. ကျုပ်ရဲ့ အလုပ်အပေါ် တန်ဖိုးထားမှုနဲ့ နာမည်ကို တိုင်တည်ပြီးတော့ အာမခံတယ်... ကျုပ် ဒီခွဲစိတ်မှုကို အလေးအနက်ထားပြီး ဆောင်ရွက်ပေးမှာ.. ဒါကြောင့်မို့ ဘာမှ စိတ်မပူနဲ့..."

လျိုဇီဟောက် မိဘများမှ ပြိုင်တူ ဒူးထောက်လိုက်ကြပြီး မျက်ရည်ဖြိုင်ဖြိုင် စီးကျလာခဲ့ကြသည်။ ယင်းကား ကျေးဇူးတင်သည့် မျက်ရည်များပင်။

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်း... "လျိုဇီဟောက်၏ ဖခင်မှ မျက်ရည်များ သုတ်လိုက်ပြီး "ကျုပ်တို့ ဆေးရုံကို ပိုက်ဆံတွေ အများကြီး အကြွေးတင်ထားတယ်.. ဒါပေမယ့် စိတ်ချပါ.. ကျုပ်တို့ ပြန်ရောက်တာနဲ့ အိမ်ကို ရောင်းပြီး သေချာပေါက် ပြန်ဆပ်ပါ့မယ်...."

"ပိုက်ဆံအကြောင်း ထည့်ပြောမနေနဲ့... ခင်များတို့မှာ ငွေကြေးအလုံအလောက် မရှိရင်တောင် ကျုပ်တို့က ကလေးကို သေချာပေါက် ကယ်တင်ပေးမှာ..."လင်းရီ ပြောလိုက်ပြီး "ဆေးရုံဆိုပေမယ့် ကျုပ်တို့က ငွေကို ပဓာနထားတဲ့ အသပြာဆရာ၀န်‌တွေ မဟုတ်ဘူး... စိတ်ချလက်ချသာနေ... ဒီအခက်အခဲတွေက မကြာခင် ပြီးဆုံးသွားတော့မှာ...."

"ဟုတ်ကဲ့ပါ.. ကျေးဇူးကြီးမားလှပါတယ် ဒါရိုက်တာလင်း..."

ခွဲစိတ်မှု မလုပ်ဆောင်မီ လင်းရီနှင့် လီချူးဟန်တို့ ကလေး၏ ကျန်းမာရေးအခြေအနေကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးလိုက်သည်။

အားလုံး အဆင်ပြေကြောင်း သေချာတော့မှ နာ့စ်များကို ခေါ်၍ လူနာကို တွန်းလှည်းပေါ်တင်ဆောင်ကာ ခွဲစိတ်ခန်းထဲသို့ ပို့ဆောင်ခိုင်းလိုက်လေသည်။

တစ်ချိန်တည်းတွင် လင်းရီ ၊ လီချူးဟန်နှင့် ကျိန်းပင်းကျန်းတို့လည်း အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း သင်္ကေတအဖြစ် ခွဲစိတ်သည့် တန်ဆာပလာ အသစ်များကို ထုတ်ယူလိုက်ကြသည်။

သို့သော်လည်း သုံးယောက်လုံး အ၀တ်အစား လဲပြုပြီး ခွဲစိတ်ခန်းထဲ ၀င်ရောက်တော့မည့် အချိန်တွင် ဓာတ်လှေကား တံခါးပွင့်လာပြီး အထဲမှ အသံဗလံများကို ကြားလိုက်ရ၏။

အမျိုးသမီးတစ်ဦးနှင့် အမျိုးသား နှစ်ဦး လက်ထဲတွင် ဆယ်ဖီစတစ်များကို ကိုင်၍ လင်းရီနှင့် လီချူးဟန်တို့ဘက်သို့ ညွှန်ပြုလိုက်ပြီး "နင်တို့ ဆေးရုံက ဘာတွေမှားနေတာ.. ငါတို့က ဘာကိစ္စ အထဲ၀င်လို့ မရတာလဲ... ငါတို့ အသိခံလို့ မရတဲ့ လျှို့ဝှက်ချက်တွေ ရှိနေလို့လား.."

လင်းရီ နာ့စ်များကို တင်းမာအေးစက်သည့် မျက်နှာထားဖြင့် ကြည့်လိုက်ပြီး “ သူတို့ကို ဘယ်သူက ပေးဝင်လိုက်တာ…”

လင်းရီ မပျော်မရွှင်ဖြစ်သွားသည်ကိုမြင်တော့ ချောင်ရှင်း၊ ယွမ်စီးချီနှင့် ကျန်သည့် နာ့စ်များအားလုံး ကြောက်ရွံ့မှုကြောင့် ကြက်သီးမွေးညင်းတို့ ထောင်ထသွားခဲ့ကြသည်။

လင်းရီ၏ ဒေါသမှာ ဟာသမဟုတ်ကြောင်း သူတို့ နားလည်လေသည်။ ထို့ကြောင့် အလျင်အမြန်ပင် ထိုစထွင်မာများကို ဆွဲထုတ်ကြတော့သည်။

“ ဘာ လုပ် နေတာလဲ… ဘာလို့ ငါကို လာဆွဲထုတ်ကြနေတာ…. နင်တို့ဆီမှာ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာမလား…”

ထိုသို့ပြောပြီးနောက် အမျိုးသမီး စထွင်မာမှ အော်ပြောလိုက်ပြီး “ ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲမှာရှိတဲ့ ပရိသတ်ကြီးတို့… တစ်ချက်လောက် ကြည့်လိုက်ကြဦး… ဒါက ဒေါက်တာလို့ခေါ်ထိုက်တဲ့သူတွေလား…ခွဲစိတ်မှုလုပ်တော့မှာကို ပေါ်တင်မပြရဲဘူးဆိုတော့ သေချာပေါက် လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိရမယ်… ဒီလိုမျိုး ပရော်ဖက်ရှယ်နယ် ကျင့်ဝတ်သိက္ခာကင်းမဲ့တဲ့သူကို ဝိုင်းဝန်း ရှုတ်ချကြစို့…”

All Chapters