လှေနံနှစ်ဖက်နင်းနေတယ်
Vol. 37 Ch. 554
လင်းယွမ်အုပ်စု၏ ရုံးခန်းတစ်ခုတွင်။
ချီရှန်းကျောက်၊ ဟော်ယွမ်ယွမ် ၊ ချိန်ရွှမ်းနှင့် ထျန်းရန်တို့ အားလုံး စုဝေးရောက်ရှိနေကြသည်။
ထိုအရေးပါသည့် ခေါင်းဆောင်လေးဦးအပြင် ကျီချင်းရန်လည်း ရောက်ရှိနေလေသည်။
သူမတို့ ကျောက်မိုဘက်မှ တိုက်ခိုက်လာမှုကို နှစ်ကြိမ်တိုင်တိုင် ဟန့်တားနိုင်ခဲ့သော်လည်း အောင်ပွဲခံနေရန် အချိန်မရှိပေ။
ကုမ္ပဏီများအတွက် အန္တရာယ်အများဆုံးမှာ ၎င်းတို့၏ ရန်သူများ မဟုတ်ပဲ အများပြည်သူ၏ မကောင်းသည့် အမြင် သက်ရောက်မှုများပင်။
ကုမ္ပဏီအပေါ် မကောင်းသတင်းအနည်းငယ် သက်ရောက်လိုက်သည်ကပင် ခန့်မှန်းမရသည့် ရှယ်ယာတန်ဖိုး ကျဆင်းမှုများကို ဖြစ်ပေါ်စေနိုင်သည်။
အကယ်၍ အခြေအနေများမှာ အရေးကြီးမနေဘူးဆိုပါက ကျီချင်းရန်ပင် ကိူယ်တိုင်ကိုယ်ကျ ရောက်ရှိနေလိမ့်မည် မဟုတ်ချေ။
အခြားသူများက ကျီချင်းရန်ကို နားလည်နိုင်လိမ့်မည် မဟုတ်သော်လည်း ဟော်ယွမ်ယွမ်ကတော့ သူမ၏ အစ်မကျီ ဘေးတွင် ရှိနေသည့်အတွက် အလွန်အမင်း သက်တောင့်သက်သာ ဖြစ်နေတော့၏။
"ဥက္ကဌလင်းက ဘယ်လဲ သွားခဲ့တာ... ခုထိ ဆက်သွယ်လို့ မရသေးဘူးလား..."ချိန်ရွှမ်း မေးမြန်းလိုက်၏။
သူ၏ အမြင်တွင် လင်းရီမှာ နားလည်ရ ခက်ခဲသော်လည်း ယခုလို အရေးကြီးသည့် အခိုက်အတန့်တွင်တော့ ကိုယ်ထင်ပြလာလိမ့်မည်ဟု ယုံကြည်လေသည်။
"ကျွန်မ တစ်မနက်ခင်းလုံး သူ့ဆီ ဖုန်းဆက်ကြည့်ပြီးသွားပြီ.. ဒါပေမယ့် တစ်ယောက်မှ ဖုန်းမကိုင်ဘူး..."ဟော်ယွမ်ယွမ် ပြောလိုက်၏။
"သူဒီနေ့ အရေးကြီးတဲ့ ခွဲစိတ်မှု လုပ်ရမှာ... တကယ်လို့ ကောင်းကင်ကြီး ပြိုကျပါတော့မယ်ဆိုရင်တောင် သူဖုန်းဖြေမှာ မဟုတ်ဘူး...."
"ဒါပေမယ့် ကိစ္စတွေက အရမ်း အရေးကြီးနေပြီလေ..."ချိန်ရွှမ်း စိုးရိမ်ကြောင့်ကြနေသည့် လေသံဖြင့် ပြောလိုက်ပြီး
"တကယ်လို့ တစ်ချက်မှားသွားခဲ့မယ်ဆိုရင် ဆုံးရှုံးမှုတွေက တွေးဆလို့ရမှာတောင် မဟုတ်ဘူး... "
"နင်တို့ လင်းရီကို နားမလည်ပါဘူး.. သူက စိတ်ဆုံးဖြတ်ထားရင် ဆုံးဖြတ်ထားတဲ့ အတိုင်း လုပ်တာ.. Muddy waters ကို မပြောသေးနဲ့ဦး.. တကယ်လို့ ကောင်းကင်ကြီး ပြိုကျပါပြီရဲ့ ဆိုရင်တောင် သူ့ခွဲစိတ်မှု မပြီးမချင်း ဖုန်းကိုင်မှာ မဟုတ်ဘူး..."
"ဒါပေမယ့် ဘာမှ မစိုးရိမ်ကြနဲ့.. Muddy waters ရဲ့ ဂုဏ်သတင်းက မသေးဘူးဆိုရင်တောင်မှ ငါတို့ရဲ့ မကောင်းသတင်းတွေကို တူးဆွဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး..."
"ပြီးတော့ လင်းယွမ်အုပ်စုက စတော့ ဈေးကွက်ထဲမှာ စာရင်းမ၀င်ထားဘူးလေ.. ဒါကြောင့်မို့ ငွေကြေးမှတ်တမ်းကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး....သူတို့ဘက်က မကောင်းသတင်းတွေ တူးဆွတဲ့ အဓိက ရေသောက်မြစ်က အဲ့ဒီ ငွေကြေးမှတ်တမ်းတွေပဲ.. Luckin ကျဆုံးသွားတာလည်း အဲ့တာကြောင့်ပဲ... "
ကျီချင်းရန် တစ်ခဏမျှ ရပ်တန့်လိုက်ပြီး "ငါ Didi ရဲ့ ငွေကြေးမှတ်တမ်းတွေကိုလည်း သေချာစစ်ဆေးပြီးသွားပြီ.. တစ်ချို့ အကောင့်တွေမှာ ပြဿနာ နည်းနည်း ရှိနေတယ်ဆိုပေမယ့် အရေးမပါတဲ့ ပြဿနာတွေပဲ... ဟိုလို ကြီးကျယ်နေတာမျိုး မရှိဘူး..."
"Didi နဲ့ ပတ်သက်ပြီး သူတို့ မကောင်းသတင်း ဖြန့်ချင်တယ်ဆိုရင်လည်း အရင်နှစ်က သတင်းပဲ ရှိမှာပဲ.. ဒါပေမယ့် အဲ့ကိစ္စကလည်း ထုတ်ဖော်ပြီးသွားပြီ...ဆိုတော့ သူတို့ နောက်တစ်ကြိမ် အသုံးချလာဦးမယ်ဆိုရင်တောင် ငါတို့ဘက်က ဖြေရှင်းဖို့ရာ ပြဿနာ မရှိဘူး... ဒါကြောင့်မို့ စိတ်ငြိမ်ငြိမ်ထားပြီး ဘာကိုမှ ကြောင့်ကြမနေကြနဲ့.. ငါတို့ လမ်းကြောင်းထဲ ၀င်လာသမျှ ကိစ္စအ၀၀ကို အေးဆေး ကိုင်တွယ်သွားလို့ရတယ်..."
"နားလည်ပါပြီ ဥက္ကဌကျီ..."
ချလပ်
တံခါးခေါက်သံ ကြားရခြင်း မရှိလိုက်ပဲ ရုံးခန်းတံခါးမှာ ပွင့်လာခဲ့ပြီး အမျိုးသမီးတစ်ဦး ၀င်ရောက်လာလေသည်။ သူမ၏ နာမည်ကတော့ လိလိဖြစ်ပြီး ချီရှန်းကျောက်၏ အတွင်းရေးမှူး ဖြစ်၏။
"ဒါရိုက်တာချီ.. သတင်းဆိုးပဲ.. ကျွန်မတို့ရဲ့ မကောင်းသတင်းတွေ ဝေ့ပေါ်မှာ အများကြီး တက်နေပြီ... ရှင်တစ်ချက် ကြည့်ကြည့်လိုက်ဦး...."
ရုံးခန်းထဲရှိလူတိုင်း သူမဘာကို ဆိုလိုသလဲဆိုတာကို နားလည်လေသည်။
Muddy waters ဘက်မှ စတင်လှုပ်ရှားလာခဲ့ခြင်းဖြစ်၏။
"ကောင်းပြီ.. ငါနားလည်ပြီ..."
တစ်ချိန်တည်းတွင် ချီရှန်းကျောက် ဝေ့ပေါ်ကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဖွင့်လိုက်သည်။ လင်းယွမ်အုပ်စုနှင့် Didi ၏ မကောင်းသတင်းများမှာ ထရန်းဖြစ်နေပြီး ရှာဖွေမှု ထိပ်ဆုံးသို့ ရောက်ရှိနေလေသည်။
ပထမ သတင်းတစ်ပုဒ်ကို မြင်လိုက်သည်နှင့် ရုံးခန်းထဲရှိ လေထုမှာ မည်းမှောင်သွားပြီး ပို၍ နေရထိုင်ရ ခက်ခဲသွားတော့၏။
[ လင်းယွမ် အုပ်စုရဲ့ စီအီးအိုက အမျိုးသမီးတွေ အများကြီးနဲ့ ဇာတ်လမ်းရှုပ်နေတယ်...]
ကျီချင်းရန် သူမ ရင်ဘက်ထဲ ဓားထိုးစိုက်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်မှာ မသိမသာ တုန်ယင်သွားခဲ့သည်။
ဖော်မပြနိုင်သည့် နာကျင်မှုတို့က သူမရင်ဘက်ထဲတွင် မခံစားနိုင်လောက်အောင် ပျံ့နှံ့လာလေသည်။
သို့သော်လည်း သူမ ယခု အခြေအနေမျိုးတွင် တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း နားလည်ပေသည်။ သို့တိုင်အောင် သူမ၏ လှပသော မျက်နှာလေးမှာတော့ ဖြူလျော့နေဆဲဖြစ်၏။
တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိတော့ ဟော်ယွမ်ယွမ် မောက်စ်ကို ယူလိုက်ပြီး "ဘယ်လိုတောင် အဓိပ္ပာယ် မရှိလိုက်လဲ.. လူကို အပုပ်ချချင်တယ်ဆိုရင်တောင် အဲ့လိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းတွေ အသုံးပြုရလား... တခြား ထရန်းဖြစ်နေတဲ့ ခေါင်းစဉ်တွေပဲ ဆက်ကြည့်ရအောင်."
"နေဦး... အထဲမှာ ဘာရေးထားလဲဆိုတာ ကြည့်ကြည့်ရအောင်..."
ကျီချင်းရန် မောက်စ်ကို ထိန်းချုပ်လိုက်ပြီး အထဲရှိ အကြောင်းအရာများကို ဖတ်ရှုကြည့်လိုက်သည်။ သူမ၏ အမူအရာကတော့ ပုံမှန်ပင်။ ယင်းကလည်း ချင်းရန် သူမ၏ ခံစားချက်များကို မျိုသိပ်ထားသောကြောင့်ဖြစ်၏။
[လင်းယွမ် အုပ်စုရဲ့ ဥက္ကဌ ၊ လင်းရီ သူ့ရဲ့ ချစ်သူကောင်မလေး (ချောင်ရန်အုပ်စု၏ ဥက္ကဌ၊ ကျီချင်းရန်) ကို လျစ်လျူရှုပြီး လွန်ခဲ့တဲ့ တစ်လခန့်က ရန်ချိန်မြို့ကို မျိုးရိုးနာမည် လီ အမည်ရတဲ့ အမျိုးသမီးတစ်ဦးနဲ့အတူ သွားခဲ့ပါတယ်....သတင်း အရင်းအမြစ်တွေ အရတော့ သူတို့နှစ်ဦးက ဟိုတယ်တစ်ခုတည်း အတူနေခဲ့ကြပါတယ်.... မျိုးရိုးနာမည် လီနဲ့ အမျိုးသမီး၏ နာမည်အပြည့်အစုံကတော့ လီချူးဟန် ဖြစ်ပြီးတော့မှ သူမက နိုင်ငံတွင်း နာမည်ကြီးဆေးရုံတစ်ခုဖြစ်တဲ့ ဟွာရှန်းဆေးရုံ နှလုံးအထူးကုဌာနရဲ့ ဒါရိုက်တာ တစ်ဦးပါ...@လင်းယွမ်အုပ်စု @ချောင်ရန်အုပ်သု @ဖူတန်နှင့် ပေါင်းစည်းထားသည့် ဟွာရှန်းဆေးရုံ @ Didi ]
သတင်းမှာ ထိုသို့ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားချေ။
သူတို့ တွေးထင်ထားသည်မှာ Muddy waters မှ သူမတို့ ကုမ္ပဏီနှစ်ခုကို တိုက်ခိုက်လာမည်ဟု မှတ်ယူထားသော်လည်း လင်းရီကို ကိုယ်ရေးကိုယ်တာ ပစ်မှတ်ထား တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
Muddy waters မှ ထိုသို့ ပြုမူလာခဲ့ရခြင်းမှာလည်း ကုမ္ပဏီနှစ်ခုနှင့် စပ်လျဉ်း၍ မည်သည့်အမှားကိုမျှ ရှာမတွေ့သောကြောင့်ပင်။ ထို့ကြောင့် သူတို့ တိုက်ခိုက်မည့် ဦးတည်ရာကို လင်းရီဘက်သို့ ဦးလှည့်လိုက်လေသည်။
"ဒီရဲ့ Muddy waters က မကောင်းသတင်းနဲ့ နာမည်ကြီးနေတာ မဆန်းတော့ပါဘူး.. သူတို့က ဒီလိုမျိုး မဟုတ်မမှန်တဲ့ သတင်းတွေကိုတောင် ပေါ်တင်ကြီး တင်ရဲတယ်..."
ဟော်ယွမ်ယွမ်မှာ လင်းရီကို မကောင်းသည့်ကောင်ဟု ပြောဆိုလေ့ရှိသော်လည်း ထိုအခိုက်အတန့်တွင်တော့ လင်းရီကို ကြက်မေမေအလား ကာကွယ်ပေးနေလေသည်။
ယင်းက သူမ၏ အစ်မကျီနှင့် ဘော့စ်တို့နှစ်ဦးကြားရှိ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်၏။ အပြင်လူများက ၀င်မစွက်ဖက်သင့်ပေ။
"အမှန်ပဲ.. သတင်းတုမှန်း အရမ်းသိသာတယ်..."ချီရှန်းကျောက် ပြောလိုက်ပြီး "ကျုပ် ခုပဲ ဥပဒေဌာနကို စာပို့ဖို့ ပြောလိုက်တော့မယ်.. ဒါ ကိုယ်ရေးကိုယ်တာကို ထိခိုက် စော်ကားလာတာပဲ...."
"အဲ့လိုလုပ်စရာ မလိုပါဘူး..."ကျီချင်းရန် ပြောလိုက်ပြီး "လင်းရီနဲ့ ငါနဲ့က သာမန် ရိုးရိုးသားသား သူငယ်ချင်းတွေ .. ပုံမှန်ထက်ပိုပြီး နည်းနည်းလေး ရင်းနှီးတယ်ဆိုပေမယ့် နင်တို့ ထင်နေသလိုမျိုး မဟုတ်ဘူး... ငါ ချောင်ရန် အုပ်စုရဲ့ PR ဌာနကို ဒီကိစ္စ ကြေညာဖို့ ပြောလိုက်မယ်... အဲ့ခါကျ ကောလဟာလတွေက သူ့အလိုလို ပျောက်ကွယ်သွားမှာပဲ...."
"အစ်မကျီကလည်း အဲ့လိုမျိုး လုပ်စရာ မလိုပါဘူး.. ဒါတွေအားလုံးက အလိမ်အညာတွေလေ... ဂရုစိုက်နေစရာမှ မလိုပဲဟာကို... "
"ငါ လုပ်နေတာကို ငါသိတယ်... လက်ထဲက ကိစ္စတွေကို အရင်ကိုင်တွယ်ကြတာပေါ့... "သတင်းကို ဆက်လက် လှန်လောဖတ်ရှုရင်း ကျီချင်းရန် အမူအရာမပျက်ပဲ ပြောဆိုလိုက်သည်။
ကျီချင်းရန်မှ သူမနှင့် လင်းရီမှာ ဘာမျှ မပတ်သက်ဟု ပြောဆိုနေသော်လည်း ရောက်ရှိနေကြသည့် သူတိုင်း သူမမှာ လင်းယွမ်အုပ်စု၏ လေဒီဘော့စ်ဆိုတာကို သဘောပေါက်ထားကြလေသည်။
မဟုတ်ပါက ယခုလို အရေးကြီးတဲ့ အချိန်ကာလမျိုးတွင် အဓိက ထိုင်ခုံနေရာ၌ ထိုင်ခွင့်ရရှိလိမ့်မည် မဟုတ်ချေ။
#လင်းယွမ် အုပ်စုရဲ့ ဥက္ကဌက အားနည်းတဲ့ ပေချောင်ဒေသခံတွေကို အနိုင်ကျင့်ခဲ့တယ်....#
# ပြင်းထန်သည့် ထိခိုက်မှု - လင်းရီက ကျိုးဟိုင်မြို့ရဲ့ သခင်လေး နှစ်ယောက်ကို ဓားနဲ့ထိုးလိုက်တယ်...ဒါပေမယ့် တရားခံကတော့ ခုထိ အေးဆေးဖြစ်နေတုန်းပဲ...#
#ချစ်သူရဲ့ ပရောဂျက်အတွက် အိမ်ရာများကို အတင်းအဓမ္မဖြိုခွင်းမှု၊ တစ်ဦးမှာ ကားနှင့် အတိုက်ခံရ၍ ဆုံးပါးသွားခြင်း...ထိုကိစ္စများရဲ့ နောက်ကွယ်မှ ကြိုးကိုင်သူ လင်းရီက ဘယ်လိုမျိုးလဲ....#
အစဉ်လိုက် ရေပန်းစားနေသည့် သတင်းခေါင်းစဉ် လေးခုမှာ မိုးကြိုးလေးစင်းကဲ့သို့ လူတိုင်းကို သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။ ထိုအထဲမှ မည်သည့် သတင်းတစ်ပုဒ်ဖြစ်စေ Didi ကို တိုင်းတာမရသည့် ဆုံးရှူံးမှူများ ဖြစ်ပေါ်သွားအောင် ပြုလုပ်၍ ရလေသည်။
ထိုအခါမှသာ လူတိုင်း Muddy waters မှာ မည်မျှ ကြောက်ရွံ့ဖွယ်ကောင်းကြောင်း သတိထားမိသွားကြတော့သည်။
ယခုတော့ ကျောက်မိုမှာ လင်းရီကို အဆုံးသတ်ထိ ရောက်အောင် တွန်းပို့နေကြောင်း ပို၍ သေချာသွားတော့၏။
"ငါ PR ဌာနကို သွားပြီးတော့ ဒီရဲ့ သတင်းလေးပုဒ်ထဲက ပထမတစ်ပုဒ်ကို ကိုင်တွယ်ခိုင်းလိုက်မယ်.. ငါတို့ဘက်က သင့်တော်လျော်ကန်တဲ့ ဖြေရှင်းချက်တွေ ပြန်ပေးနေသရွေ့တော့ ဒီသတင်းက သူ့အလိုလို ပျောက်ပျက်သွားမှာပဲ...."ကျီချင်းရန် တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် ဒုတိယနဲ့ တတိယ သတင်းတွေကျတော့ ဖြေရှင်းရ ခက်ခဲလောက်တယ်နော.. ဘာလို့ဆို အဲ့တာတွေက သွေးထွက်သံယို ကိစ္စတွေလေ..."
"လင်းရီအတွက် ဆေးစာ အတု ဖန်တီးလိုက်.. ပြီးရင် ကျောက်ကျိန်းရန်နဲ့ ဖန်ချီနန်တို့ချည်း ဒဏ်ရာရတာမဟုတ်ပဲ လင်းရီလည်း အပြင်းအထန် ထိခိုက်ခဲ့တယ်ဆိုပြီး သူတို့ ယုံကြည်အောင်လုပ်လိုက်... "
"ဒုတိယ သတင်းကိုကျတော့ လင်းရီက အဲ့ဒီမြို့က တိုင်ကွန်းကို ရိုက်ခဲ့တယ်လို့ပဲ သတင်းထုတ်ပြန်လိုက်.. အဲ့လိုဆို ပြဿနာက သိပ်မကြီးတော့ဘူး...."
"အိုကေ ညီမ နားလည်ပြီ..."
သူမ၏ လျှင်မြန်စွာ ပြန်လည်တုံ့ပြန် တိုက်ခိုက်နိုင်မှုက ချိန်ရွှမ်းနှင့် ထျန်းရန်တို့ကို သူမ၏ အခြားဘက်ခြမ်းကို မြင်သာသွားစေခဲ့သည်။
ဘော့စ်က ဒီအမျိုးသမီးကို နှစ်သက်ပြီးတော့ ချစ်သူဘွဲ့ပေးအပ်လိုက်တာ မထူးဆန်းတော့ပါဘူး..
သူမရဲ့ ဆုံးဖြတ်ချက်တွေကလည်း အထင်သွားသေးလို့တော့ မရဘူး...
"အစ်မကျီ... နင် ဘယ်လဲ သွားမလို့..."
ကျီချင်းရန် သူမအိတ်ကို လွယ်၍ ထွက်ခွာသွားသည်ကို မြင်တော့ ဟော်ယွမ်ယွမ် အနောက်မှ လိုက်လံ မေးမြန်းလိုက်လေသည်။
"ရုံးကို ပြန်ပြီးတော့ PR ပြဿနာတွေ ကိုင်တွယ်မလို့လေ... ကျန်တာကိုတော့ နင်ပဲ ကြည့်စီစဉ်လိုက်တော့....."
"ကိစ္စအသေးအမွှားလေးကိုပဲ.. အစ်မကျီ ဖုန်းတစ်ချက်ခေါ်ပြီး စီမံခိုင်းလို့ရတယ်လေ.. ပြန်ပြီး ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်နေစရာ မလိုပါဘူး..."
ကျီချင်းရန် လေးပင်စွာ သက်ပြင်းချလိုက်ပြီး "သူတို့ သေချာမစီမံနိုင်မှာ ဆိုးလို့ပေါ့ဟယ်.. ခု ချိန်က အမှားလုပ်မိလို့ မရဘူးလေ... ဒါကြောင့်မို့ ပြန်ပြီးတော့ ကိုယ်တိုင် စီမံမှရမှာ..."
သို့နှင့် သူမ စကားပြောရန်ပင် အခွင့်အရေး မပေးပဲ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့တော့၏။
ဟော်ယွမ်ယွမ် ခံစားချက်တို့ ကောင်းမွန်မနေချေ။ သူမ၏ အစ်မကျီမှာ ယခုလောက်ဆို ဆိုးရွားစွာ ထိခိုက်ခံစားနေရလောက်ချေသည်။