ပွဲကြီးပွဲကောင်းစတော့မည်
Vol. 116 Ch. 1608
ထောက်လှမ်းရေးများ များပြားလာမှုမှာ ကျန်းရီနှင့် ချီချင်ချန်တို့ချည်းကြောင့်သာ မဟုတ်ပေ။
မိစ္ဆာသတ်ဖြတ်ပုလဲလုံးက စုစုပေါင်း နှစ်ဆယ့်ခုနစ်လုံးရှိသည်။ ထိုပုလဲလုံး အများစုမှာ ကောင်းကင်ဘုံထဲတွင် ဖြစ်ပြီး အနည်းစုမှာ ဟွင့်သွမ့်ပင်လယ်ထဲတွင်ဖြစ်လျက် တစ်လုံးစ နှစ်လုံးစကို ရံဖန်ရံခါဆိုသလို အထက်ဘုံတွင် တွေ့ရတတ်သည်။
ထိုပုလဲများကို ရှာတွေ့တိုင်း ၎င်းကို ပိုင်ဆိုင်နိုင်ရန်အတွက် ပဋိပက္ခများ ဖြစ်ခဲ့ကြသည်သာ။ အများအားဖြင့် ၎င်းပုလဲများက မျိုးနွယ်ကြီးများ၏လက်ထဲကိုသာ ရောက်သွားတတ်ကြသည်။ မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများက ထိုပုလဲများကို ပိုင်ဆိုင်ထားကြရာ မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာမည့်နေရာကို သိထားပြီး ထိုနေရာသို့ ကြိုသွား၍ နောက်မှရောက်လာမည့်သူများကို တားဆီးရန် စောင့်နေတတ်ကြ၏။
အကယ်၍ မိစ္ဆာသတ်ဖြတ်ပုလဲလုံးများကို ပိုင်ဆိုင်ထားသူများက မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများသာ ဖြစ်နေမည်ဆိုလျှင် သူတို့အားလုံးသည် မိစ္ဆာသတ်ဖြတ်နန်းတော်ထဲသို့ အတူတကွ ဝင်ကြပြီးမှ ရတနာများကို မိမိဘာသာ လိုက်ရှာကြမည်ဖြစ်သည်။ သို့သော် အဆင့်အတန်းနိမ့်ပါးသူတစ်ယောက်ကသာ မိစ္ဆာသတ်ဖြတ်ပုလဲလုံးကို ရထားမည်ဆိုလျှင် ထိုသူသည် နန်းတော်ထဲ ဝင်ခွင့်ရမည် မဟုတ်ပေ။ ရထားသည့် မိစ္ဆာသတ်ဖြတ်ပုလဲလုံးလည်း လုယူခံရမည်ဖြစ်သည်။ သူတို့ ပုလဲကို အသာတကြည် ထုတ်ပေးမည်ဆိုလျှင် အသက်ရှင်ခွင့်ရနိုင်သည်။ မဟုတ်လျှင်တော့ အသတ်ခံရမည်ဖြစ်သည်။
ပုလဲတစ်လုံးလျှင် သုံးယောက်ဝင်ခွင့်ရသည်။ ထို့ကြောင့် ပုလဲတစ်လုံး ထပ်ရခြင်းက မိမိဘက်မှ လူသုံးယောက်ကို ထပ်ဝင်နိုင်စေရာ ရတနာများအတွက် မိမိနှင့် ယှဉ်ပြိုင်မည့်သူများ နည်းသွားမည်ဖြစ်သည်။ ယခင်တွင်လည်း ရတနာရှာပွဲများက ထိုပုံစံအတိုင်းသာ ဖြစ်ခဲ့သည်။ မိစ္ဆာသတ်ဖြတ်ပုလဲလုံးကို ရထားသူတိုင်း မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်နိုင်ခဲ့ကြသည် မဟုတ်ပေ။ ကံဆိုးလျှင် ထိုအတွက်နှင့် အသက်ပင်ဆုံးရှုံးရနိုင်သေးသည်။
ချီချင်ချန် ပြောသည်က မှန်ခဲ့၏။ မိစ္ဆာသတ်ဖြတ်ပုလဲက သူမတို့ကို ကြယ်တာရာကျွန်းစုအလယ်သို့ ညွှန်ပြနေသည်။ လက်ရှိတွင် ကြယ်တာရာကျွန်းစုထဲ၌ စွမ်းအားကြီး သိုင်းသမားများစွာ စုဝေးနေကြပြီး ထောက်လှမ်းရေးများကလည်း နေရာအနှံ့မှစောင့်ကာ နောက်မှရောက်လာသူများကို တားဆီးနေကြပေသည်။
‘လူတွေ အများကြီးပဲ’
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် လျှို့လျှို့ဝှက်ဝှက်ဖြင့် သွားနေရင်း ကင်းလှည့်နေကြသော ထောက်လှမ်းရေးများကို မပြတ်တွေ့နေရသည်။ သို့သော် ထိုလူများက မသန်မာကြပေ။ အသန်မာဆုံးသူပင်လျှင် နတ်ဘုရားဧကရာဇ်အဆင့်နှင့် တူညီသော အဆင့်သာ ရှိကြရာ သူတို့သည် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကို အာရုံမခံနိုင်ကြပေ။ ထို့ကြောင့် ကျန်းရီတို့နှစ်ယောက် အရှေ့သို့ လူမသိသူမသိ ဆက်သွားနိုင်နေပေသည်။
ကျန်းရီတို့သည် လမ်းတစ်လျှောက်တွင် ကျွန်ငယ်လေးများစွာကို တွေ့ခဲ့၏။ သို့သော် ထိုကျွန်းများက အလွန်သေးငယ်ပြီး အချင်းကီလိုမီတာငါးရာလောက်သာ ရှိသည်။ ကျွန်းတစ်ကျွန်းပေါ်တွင် မြို့တစ်မြို့သာ ရှိသည်။ သို့သော် မြို့တိုင်းတွင် အကာအရံများ ရှိ၏။ ထိုမြို့များထဲ၌ လူများစွာ နေထိုင်ကြကြောင်း ထင်ရှားပေသည်။
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် မည်သည့်မြို့ထဲမှ မဝင်ဝံ့ပေ။ ဝင်လည်းမဝင်လို။ သူတို့ လူသူကင်းရှင်းသည့် နေရာတစ်ခုကို ရှာ၍ မိစ္ဆာသတ်ဖြတ်ပုလဲကို ထုတ်ကာ သွားရမည့် ဦးတည်ရာကို အတည်ပြုလျက် သူတို့လမ်းသူတို့ ဆက်သွားကြသည်။
ငါးနာရီနီးပါး သွားပြီးနောက် သောင်းချီသော ထောက်လှမ်းရေးများ၊ ကင်းထောက်များကို ဖြတ်ကျော်ခဲ့ရသော်လည်း မည်သည့်ပြဿနာနှင့်မှ မကြုံခဲ့ပေ။ ထို့ကြောင့် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ သက်ပြင်းချနိုင်လာသည်။ ပုန်းကွယ်ခြင်းအတတ်ကို သုံးထားခြင်းက အလွန်လုံခြုံပုံပင်။ မည်သူကမှ သူတို့ကို အာရုံမခံနိုင်ကြပေ။
သို့သော် နောက်ထပ်တစ်နာရီကြာပြီးနောက်တွင် တစ်စုံတစ်ခု ဖြစ်ပွားလာ၏။
ကျန်းရီက လူသူကင်းရှင်းသော နောက်ထပ်နေရာတစ်ခုကို ရှာ၍ သူတို့၏ဦးတည်ရာကို စစ်ဆေးရန် မိစ္ဆာသတ်ဖြတ်ပုလဲကို ထုတ်လိုက်စဉ်တွင် မိစ္ဆာသတ်ဖြတ်ပုလဲက အဆက်မပြတ် လင်းလက်နေကြောင်း တွေ့လိုက်ရ၏။ သူ ၎င်းကို တွေဝေစွာ ကြည့်နေမိခိုက် အဝေးမှနေ၍ ထွက်ပေါ်လာသော လေခွင်းသံများကို ကြားလိုက်ရသည်။ ထို့နောက် စက္ကန့်အနည်းငယ်အတွင်းမှာပင် လူရာကျော် ရောက်ရှိလာလေသည်။ ထိုသူအားလုံးက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ ဖြစ်ကြ၏။ သူတို့ထဲမှ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သခင်မလေးတစ်ယောက်သည် တလက်လက်လင်းလက်နေသော ပုလဲတစ်လုံးကို ကိုင်ဆောင်ထား၏။ ထိုပုလဲမှာလည်း မိစ္ဆာသတ်ဖြတ်ပုလဲပင်။
‘ဆိုးပြီ... မိစ္ဆာသတ်ဖြတ်ပုလဲတွေက အချင်းချင်း နီးကပ်လာရင် တစ်လုံးကိုတစ်လုံး အာရုံခံနိုင်ကြတာပဲ’
ကျန်းရီ အခြေအနေကို နားလည်သွားပြီး ပုလဲလုံးကို ချက်ချင်းပြန်သိမ်းကာ အဆိပ်ဝိညာဉ်နှင့်အတူ အရှေ့သို့ လျှို့လျှို့ဝှက်ဝှက် ဆက်သွားလိုက်သည်။ ပတ်ပတ်လည်တွင် မြူထူထပ်နေရာ သူတို့နှစ်ယောက်က မြူခိုးများထဲ လိုဏ်ခေါင်းတူးသွားနေသလို ဖြစ်နေပေသည်။
“သူတို့နောက်ကို လိုက်ကြ”
သိမ်မွေ့သော မိန်းမအသံတစ်သံ ထွက်ပေါ်လာသည်။ ရုတ်ခြည်းပင် လူရာကျော်သည် လူဖြန့်၍ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့နောက်သို့ လိုက်ကြ၏။
သို့သော် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့က ပုန်းကွယ်ခြင်းအတတ်ကို သုံးထားရာ ထိုဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များသည် သူတို့ကို အာရုံမခံနိုင်ကြပေ။ ငါးကီလိုမီတာအထိ ရှာဖွေပြီးနောက်တွင်ပင် သူတို့နှစ်ယောက်ကို ရှာမတွေ့ကြသေးချေ။
ရှာမတွေ့ကြောင်း တင်ပြချက်များကိုသာ ကြားလိုက်ရသောအခါ ဝတ်ရုံဝါနှင့် သခင်မလေး၏ မျက်နှာထားက အတန်ငယ် အေးစက်သွား၏။
“ကီလိုမီတာငါးသောင်းပတ်လည်အတွင်း ပိတ်ဆို့ထားဖို့ ဦးလေးကျူးဆီ သတင်းပို့လိုက်။ ကျွန်မ အဲ့မိစ္ဆာသတ်ဖြတ်ပုလဲကို ရမှဖြစ်မယ်”
သခင်မလေးက အမိန့်ပေးလိုက်သောအခါ အနီးရှိ မရေမတွက်နိုင်သော ကျွန်းများမှနေ၍ စွမ်းအားကြီး သိုင်းသမားများစွာ ထွက်လာပြီး ကီလိုမီတာငါးသောင်းပတ်လည်အတွင်း ဝန်းရံလိုက်ကြသည်။ ထိုဝန်းရံမှုက အလွန်တင်းကြပ်ပေသည်။ ပေတစ်ထောင်တိုင်းတွင် လူတစ်ယောက် စောင့်ကြပ်နေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကလည်း စွမ်းအားကြီး သိုင်းသမားအနည်းငယ်ကို ဦးဆောင်၍ ထိုဝန်းရံမှုအတွင်း လိုက်လံရှာဖွေလိုက်သည်။
“အရှင်ငယ်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ လေထဲတွင် ရပ်နေကြ၏။ သူတို့က ကိုယ်ပျောက်နေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် အာရုံခံနိုင်ကြသေးသည်။ အဆိပ်ဝိညာဉ်သည် အာကာပြင်ကို အာရုံခံရန် ကြိုးစားနေကြသော အရှေ့မှ စွမ်းအားကြီး သိုင်းသမား အနည်းငယ်ကိုကြည့်ကာ မျက်နှာပျက်နေသည်။ သူတို့က ပုန်းကွယ်ခြင်းအတတ်ကို သုံးထားသော်လည်း အရှေ့တွင် လူများစွာ ရှိနေပေသည်။ ပေတစ်ထောင်တိုင်းတွင်လည်း လူတစ်ယောက် စောင့်ကြပ်နေသည်။ ယခု သူတို့နှစ်ယောက် အရှေ့ကို ဆက်သွားလိုလျှင် လူနှစ်ယောက်ကြားမှ ဖြတ်သွားရမည်ဖြစ်သည်။ ဤကဲ့သို့ နည်းကပ်သောအကွာအဝေးတွင် ထိုအစောင့်နှစ်ယောက်က သူတို့ကို အာရုံမခံနိုင်ပါဟု အတပ်မပြောနိုင်ချေ။
‘အဲ့သခင်မလေးက မျိုးနွယ်ကြီးလေးခုက ဖြစ်မယ်။ မဟုတ်ရင် သူ လူအများကြီးကို သုံးနိုင်မှာ မဟုတ်ဘူး’
ကျန်းရီ နှုတ်ခမ်းတွန့်လိုက်သည်။ ထို့နောက် အရှေ့ရှိ သိုင်းသမားများကို လှမ်းကြည့်၍ အံကြိတ်ကာ ပြောလိုက်လေသည်။
“တိုက်ရိုက်ပဲ ဖောက်သွားကြတာပေါ့။ ကျွန်တော်တို့ကို အာရုံခံမိသွားရင်တောင် ဝန်းရံမှုအပြင်ကို ရောက်သွားရင် သူတို့ ကျွန်တော်တို့ကို ဘယ်လိုရှာနိုင်တော့မှာလဲ”
“ကောင်းပါပြီ... အရှင်ငယ် အရင်သွားပါ။ ကျွန်တော် နောက်ပိုင်းကို စောင့်ကြပ်ထားပါမယ်”
အဆိပ်ဝိညာဉ် ပြောလိုက်ပြီးနောက် ကျန်းရီ အရှေ့သို့ တိတ်တဆိတ် ပျံသန်းသွားလိုက်သည်။ သူ အသက်ပင် အောင့်ထားပြီး အသံတစ်ချက်မှ မပြုဝံ့ချေ။ ဝန်းရံမှုအစွန်းသို့ ရောက်သောအခါ သူ အရှိန်ကို ထပ်နှေးလိုက်ပြီး သိုင်းသမားနှစ်ယောက်ကြားမှနေ၍ ဂရုတစိုက် ဖြတ်သန်းလိုက်လေသည်။
လုံခြုံ၏။
ကျန်းရီ ဝန်းရံမှုအပြင်ကို ထွက်နိုင်လိုက်မှ သက်ပြင်းချလိုက်ရသည်။ သိုင်းသမားနှစ်ယောက်က သူ့ကို လုံးဝ အာရုံမခံမိခဲ့ပေ။ အနောက်မှ အဆိပ်ဝိညာဉ်ကလည်း အလွယ်တကူ ဖောက်ထွက်လာနိုင်သည်။
ဟိန်း...
ထိုအခိုက်တွင် အဝေးမှနေ၍ ကျယ်လောင်သော ဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ စွမ်းအားကြီး သားရဲအရှိန်အဝါတစ်ခုကလည်း ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ထိုဟိန်းသံက ကျယ်လောင်လွန်းသဖြင့် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့၏ ကောင်းကင်စွမ်းအားများ တစ်ခဏမျှ ရှုပ်ထွေးသွားရာ သူတို့နှစ်ယောက် ကိုယ်ပြန်ပေါ်လာသည်။
ဝူး...
ဧရာမသားရဲကြီးတစ်ကောင်က အဝေးမှနေ၍ ပျံသန်းလာ၏။ ၎င်းသည် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကို တွေ့လိုက်သောအခါ လမ်းကြောင်းပြောင်းသွားသည်။
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ အနက်ရောင် ဟွင့်သွမ့်သားရဲကို လှမ်းကြည့်လိုက်ကြ၏။ ၎င်းက ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်ပင်။ ၎င်း၏ခေါင်းပေါ်တွင် လူငယ်တစ်ယောက် ရပ်နေပြီး ၎င်းဘေးတွင် အနည်းဆုံး စွမ်းအားကြီး သိုင်းသမား ဆယ်ယောက် ပါလာပေသည်။ ထိုလူငယ်က အနီးမှ ဖြတ်သွားသည့် မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ယောက်ဖြစ်ကြောင်း ထင်ရှားပေသည်။
“သွားပြီ.. ပြေးတော့...”
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် ထိုလူငယ်က မည်သည်ဖြစ်ကြောင်းပင် အတည်မပြုနိုင်ဘဲ ပုန်းကွယ်ခြင်းအတတ်ကို လျင်မြန်စွာ ပြန်သုံး၍ အဝေးသို့ ထွက်ပြေးကြလေသည်။
“အာ...”
အစောတွင် ကျန်းရီတို့ကို အာရုံမခံမိခဲ့သော အနီးမှ သိုင်းသမားများသည် သားရဲအရှိန်အဝါကြောင့် ထိတ်လန့်သွားကြ၏။ သူတို့ သားရဲအရှိန်အဝါကို ခံစားလိုက်ရချိန်တွင် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကို ကိုယ်ပြန်ပျောက်သွားကြပြီဖြစ်သည်။ အားလုံးသည် ကျယ်လောင်စွာ အော်ဟစ်၍ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ ရှိနေခဲ့သော နေရာသို့ ပျံသန်းသွားလိုက်ကြ၏။ သို့သော် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့က လျင်မြန်သဖြင့် ထိုနေရာတွင် မရှိကြတော့ပေ။
“အဲ့နှစ်ယောက်က ကိုယ်ဖျောက်နိုင်တာပဲ။ သခင်မလေးအန်းဆီ သတင်းပို့လိုက်။ သူတို့ကို ဆက်မရှာနဲ့တော့လို့ ပြောလိုက်”
လူတစ်ယောက်က အော်ပြောလိုက်ပြီး သိုင်းသမားတစ်စုကို ဦးဆောင်ကာ အရပ်မျက်နှာအနှံ့တွင် လိုက်ရှာလိုက်သည်။ လူအနည်းငယ်ကလည်း ဝတ်ရုံဝါနှင့် သခင်မလေးထံ သတင်းပို့ကြသည်။
“သူတို့က ကိုယ်ဖျောက်နိုင်တာလား”
ဝတ်ရုံဝါနှင့် သခင်မလေးက ဝန်းရံမှုအတွင်း စေ့စေ့စပ်စပ် လိုက်ရှာနေဆဲပင်။ သို့သော် သတင်းပို့မှုကို ကြားလိုက်ရသောအခါ သူမ ရပ်တန့်လိုက်သည်။ ထို့နောက် ဝန်းရံမှုအပြင်ကို လှမ်းကြည့်၍ အော်ပြောလိုက်သည်။
“သွားကြစို့...”
ဝတ်ရုံဝါနှင့် သခင်မလေးသည် လူတစ်စုကိုခေါ်၍ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ တစ်ကြိမ်ကိုယ်ပြန်ပေါ်ခဲ့သော နေရာသို့ ပျံသန်းသွားပြီး သတင်းပို့သူကို ရှာလိုက်၏။ ထို့နောက် သူမသည် လက်စွပ်ထဲမှနေ၍ ပန်းချီကားသုံးကားကို ထုတ်ကာ သတင်းပို့သူကို ပြကာ မေးလိုက်၏။
“သေချာကြည့်... သူတို့က ဒီသုံးယောက်လား”
သတင်းပို့လိုက်သော သိုင်းသမားသည် ပန်းချီကားများကို ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။
“သခင်မလေးအန်း... သူတို့ပါပဲ။ ကျွန်တော် တစ်ချက်လေးပဲ လှမ်းတွေ့လိုက်ရတာ ဆိုပေမဲ့ အဲ့နှစ်ယောက်ဆိုတာ သေချာပါတယ်။ အဲ့လူငယ်ရဲ့ ဆံပင်အနီတွေက တော်တော်မှတ်မိလွယ်ပါတယ်”
“တကယ်ပဲ ကျန်းရီကိုး”
သခင်မလေးအန်း မျက်ခုံးပင့်၍ သူမဘာသာ ရေရွတ်လိုက်သည်။
“သခင်လေးဟန်ရဲ့ သတင်းအရဆိုရင် ကျန်းရီက အထက်ဘုံရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ၊ သူက အထက်ဘုံက အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကိုလည်း သတ်ခဲ့သေးတယ်။ ပြီးတော့ ဝိညာဉ်မျိုးနွယ်ရဲ့ ပုန်းကွယ်ခြင်းအတတ်ကို တတ်ထားတယ်။ အားလုံးကို ဆက်မရှာတော့ဖို့ အမိန့်ပေးလိုက်။ သူတို့က ဝိညာဉ်မျိုးနွယ်ရဲ့ ပုန်းကွယ်ခြင်းအတတ်ကို တတ်ထားမှတော့ ကျွန်မတို့ ရှာတွေ့မှာ မဟုတ်ဘူး”
“ကျုပ်တို့ သူတို့ကို မဖမ်းတော့ဘူးလား။ မိစ္ဆာသတ်ဖြတ်ပုလဲကိုရော ဘယ်လိုလုပ်မလဲ”
အနီးရှိ အကြီးအကဲတစ်ယောက်က မျက်ခုံးပင့်ကာ ပြောလိုက်၏။
“အထက်ဘုံက လူတစ်ယောက်က ရတနာရှာပွဲမှာ လာပါရဲတယ်ပေါ့လေ။ သခင်မလေးအန်း... အဲ့နှစ်ယောက်က ပုန်းကွယ်ခြင်းအတတ်ကို သိတယ်ဆိုတော့ သူတို့ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲကို ဝင်နိုင်သွားရင် သူတို့ကို လိုက်ရှာဖို့က ပိုခက်သွားလိမ့်မယ်။ စွမ်းအားကြီး ရတနာအကုန်လုံးကလည်း သူတို့ဟာ ဖြစ်သွားလိမ့်မယ်...”
“ကျွန်မတို့က သူတို့ကို လိုက်မဖမ်းတော့မှာ မဟုတ်ပါဘူး”
သခင်မလေးအန်းက တောက်ပစွာပြုံး၍ ပြန်ပြော၏။
“ကျန်းရီက အထက်ဘုံက စွမ်းအားကြီး သိုင်းသမားတွေ အများကြီးနဲ့ ရာဇဝင်လေးတွေ ရှိပါတယ်။ ကျွန်မတို့ ဟွင့်သွမ့်ပင်လယ်က ဒီကိစ္စမှ ဝင်ပါစမရာ မလိုဘူး။ ပြီးတော့ ကျွန်မမှာ မိစ္ဆာသတ်ဖြတ်ပုလဲ မရှိတာမှ မဟုတ်ဘဲ။ သခင်လေးဟန်နဲ့ တခြားသူတွေဆီ သတင်းပို့လိုက်ပါ။ ကောင်းကင်ဘုံက မျိုးနွယ်ကြီးတွေက သေချာပေါက် လှုပ်ရှားကြလိမ့်မယ်။ ကောင်းကင်ဘုံက ပါရမီရှင်တွေ အထက်ဘုံရဲ့ နံပါတ်တစ် ပါရမီရှင်နဲ့ တိုက်ခိုက်ပါစေ။ မကြာခင် ပွဲကြီးပွဲကောင်းတစ်ပွဲ စတော့မယ်”