← Chapters

တောက်ဖုန့်

Vol. 116 Ch. 1609

တောက်ဖုန့်

Vol. 116 Ch. 1609

ကြယ်တာရာကျွန်းစုအလယ်တွင် ကြယ်တာရာကျွန်းဟုခေါ်သော ဧရာမကျွန်းကြီးတစ်ကျွန်းရှိ၏။ ထိုကျွန်းပေါ်တွင် တိရှမြို့တမျှ ကြီးမားသော မြို့ကြီးတစ်မြို့လည်း ရှိသည်။ ထိုမြို့မှာ ကြယ်တာရာကျွန်း၏ မြို့တော် ကြယ်တာရာမြို့ဖြစ်သည်။ ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုထဲမှ တစ်ခု၏ အိမ်လည်း ဖြစ်သည်။

လက်ရှိတွင် စွမ်းအားကြီး သိုင်သမားတစ်စုက ကြယ်တာရာမြို့ထဲတွင် စုဝေးနေကြသည်။ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်နှင့် တူညီသောအဆင့်ရှိသည့် စွမ်းအားကြီး သိုင်းသမားများ၏ အရေအတွက်က အနည်းဆုံး အယောက်သိန်းချီသည်။ ဘွဲ့ထူးရစစ်နတ်ဘုရားများကိုလည်း နေရာအနှံ့တွင် တွေ့ရသည်။ ထိုအင်အားစုထဲ၌ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများလည်း ရှိနေသည်။

မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာပေတော့မည်။ ၎င်းက ကြယ်တာရာကျွန်းစုထဲတွင် ထွက်ပေါ်လာမည်ဖြစ်သည်။ ကောင်းကင်ဘုံ၏ မျိုးနွယ်ကြီးများမှ ဆယ်ချီသော သခင်လေးများနှင့် သခင်မလေးများ ရောက်လာခဲ့သည်။ သူတို့တစ်ယောက်စီကို အနည်းဆုံး ကိုယ်ရံတော် တစ်ထောင်ခန့်က ကာကွယ်ပေးနေကြသည်။ ဟွင့်သွမ့်ပင်လယ်မှ မျိုးနွယ်ကြီးလေးခုနှင့် ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများက ပတ်သတ်မှုများရှိရာ ထိုသခင်လေး၊ သခင်မလေးများသည် မည်သို့ ကောင်းစွာကာကွယ်ပေး မခံရဘဲ ရှိမည်နည်း။ ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုသည် ထိုသခင်လေး၊ သခင်မလေးများကို ကာကွယ်ရန် စွမ်းအားကြီး သိုင်းသမားများစွာကို စေလွှတ်ထားသည်။ ထို့ကြောင့် ကြယ်တာရာမြို့ထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေခြင်းဖြစ်ပေသည်။

မြို့ထဲရှိ ရဲတိုက်တစ်လုံးထဲတွင် သခင်လေးများ၊ သခင်မလေးများ စုဝေးနေကြ၏။ သခင်လေးများက ချောမောခံ့ညားကြပြီး ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားသည်။ သခင်မလေးများမှာလည်း လှပကြော့ရှင်းကြသည်။

ထိုသခင်လေးများ၊ သခင်မလေးများက မျိုးနွယ်ကြီးများမှဖြစ်၍ သာမှန်ဖြစ်နေမှသာ ထူးဆန်းမည်ဖြစ်သည်။ သူတို့သည် မွေးကတည်းက အင်အားကြီး မျိုးနွယ်များတွင် ကြီးပြင်းလာကြသူများဖြစ်၍ သူတို့၏ အတွေ့အကြုံများ၊ သူတို့ရရှိခဲ့သည်များက သာမန်နှင့် ကွဲပြားသည်။ ထို့ကြောင့် သူတို့၏ အငွေ့အသက်က ထူးခြားနေခြင်းမှာ သဘာဝကျပေသည်။ ရေမြင့်လျှင် ကြာတင့်သည်ဆိုခြင်းမှာ အဟုတ်ပင် မှန်ကန်လေသည်။

သခင်လေးများနှင့် သခင်မလေးများ အယောက်သုံးဆယ်ကျော် စုဝေးနေသော်လည်း ဆူညံမနေပေ။ သခင်လေးများက အလွန်တည်ငြိမ်ပုံပေါ်ကာ သခင်မလေးများကလည်း သိမ်မွေ့နူးညံ့စွာ ပြောဆိုနေကြသည်။ သူတို့က မျိုးနွယ်ကြီးများမှ သခင်လေးများ၊ သခင်မလေးများ ပီသပါပေသည်။ အားလုံးသည် အသေးအမွှားကိစ္စလေးများကို ပြောနေကြသကဲ့သို့ မျက်နှာထား တည်ငြိမ်နေကြသည်။

ထိုစကားဝိုင်းအတွင်း ကျန်းရီဆိုသောအမည်က မကြာခဏ ဖော်ပြခံနေရသည်။

အထက်ဘုံ၏ နံပါတ်တစ်ပါရမီရှင်က မိစ္ဆာသတ်ဖြတ်ပုလဲတစ်လုံးကို ရခဲ့ပြီး ယခု ဤနေရာသို့ လျှို့လျှို့ဝှက်ဝှက် လာနေသည်ဟု သခင်မလေးအန်းက သတင်းလှမ်းပို့ခဲ့သည်။ ကျန်းရီက ဝိညာဉ်မျိုးနွယ်၏ ပုန်းကွယ်ခြင်းအတတ်ကို တတ်သည်။ ထို့ကြောင့် သူ့ကို မတားနိုင်ခဲ့ဟု သခင်မလေးအန်းကဆိုသည်။ သူမသည် ဤနေရာတွင် စုဝေးနေသော သခင်လေးများနှင့် သခင်မလေးများကို ကျန်းရီအား တား၍ သူ၏မိစ္ဆာသတ်ဖြတ်ပုလဲကိုယူနိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရန်လည်း တောင်းဆိုခဲ့သည်။

မိစ္ဆာသတ်ဖြတ်ပုလဲလုံး နှစ်ဆယ့်ခုနစ်လုံးထဲတွင် ထိုသခင်လေးများနှင့် သခင်မလေးများက နှစ်ဆယ့်သုံးလုံး ရထားပြီးဖြစ်သည်။ ထိုထဲမှ ရှစ်လုံးကို မကြာသေးမီကမှ ရခဲ့ခြင်းဖြစ်သည်။ မျိုးနွယ်ကြီးရှစ်ခုက ထိုပုလဲရှစ်လုံးကို ရှာတွေ့သည်နှင့် ချက်ချင်းလှုပ်ရှားကာ လုယူခဲ့ကြခြင်းပင်။

သခင်လေး၊ သခင်မလေး အားလုံးသည် ဤနေရာသို့ လွန်ခဲ့သည့်တစ်လကတည်းက ရောက်နေခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က သူတို့အများစုတွင် မိစ္ဆာသတ်ဖြတ်ပုလဲများ မရှိခဲ့ပေ။ သို့သော် သူတို့အနေဖြင့် တစ်စုံတစ်ယောက်က သူတို့ထံ မိစ္ဆာသတ်ဖြတ်ပုလဲ လာပို့မည်ကို စောင့်နေရန်သာ လိုပေသည်။ သူတို့ရင်ထဲတွင် ကျန်းရီက သူတို့အတွက် ပုလဲလာပို့သူသာ။ အထက်ဘုံ၏ နံပါတ်တစ်ပါရမီရှင်လော။ ယင်းမှာ သူတို့အတွက် အရေးမပါပေ။ ကျန်းရီက အုပ်ချုပ်သူအဆင့်ကိုပင် မရောက်သေးပေ။ သူ အုပ်ချုပ်သူအဆင့်ကို ရောက်နေလျှင်လည်း သူတို့အတွက် ပမွှားလေးသာ ဖြစ်သေးသည်။ ဤနေရာတွင် ထိုင်နေကြသော သခင်လေးများနှင့် သခင်မလေးများထဲမှ တစ်ဝက်လောက်က အုပ်ချုပ်သူအဆင့်သို့ ရောက်နေကြပြီးဖြစ်သည်။

“အဟမ်း...အဟမ်း...”

ငွေရောင်ဆံပင်နှင့် သခင်လေးတစ်ယောက် ချောင်းဟန့်လိုက်၏။ အစောတွင် သူက စကားတစ်ခွန်းမှ ဝင်မပြောခဲ့ဘဲ ယခုမှ ချောင်းဟန့်၍ အားလုံး၏ အာရုံစိုက်မှုကို ယူလိုက်ခြင်းဖြစ်သည်။ ထိုသခင်လေးက တောက်မျိုးနွယ်မှ ဖြစ်ပြီး အမည်မှာ ဖုန့်ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်က ရှိနေသူများကြားတွင် အမြင့်ဆုံး မဟုတ်သော်လည်း သူ၏အဆင့်အတန်းနှင့် ဂုဏ်သတင်းမှာမူ ထိပ်တန်းပင်။ ကောင်းကင်ဘုံတွင် တောက်မျိုးနွယ်က အလွန်ဩဇာအာဏာကြီးပြီး မဟာဧကရာဇ်လေးပါး၏ မျိုးနွယ်များထက် တစ်ဆင့်သာ နိမ့်ပေသည်။

‌တောက်ဖုန့်၏ မျက်ဝန်းများက အတော်လေး ကျဉ်းမြောင်းရှည်လျားသည်။ ၎င်းမျက်ဝန်းများက ဖီးနစ်မျက်ဝန်းများကဲ့သို့ဖြစ်ပြီး အလွန်ကြည့်ရကောင်းသည်။ သူ ပြုံးလိုက်ချိန်တွင် သူ့မျက်ဝန်းများက ပိတ်သွားပြီး သူ့ကို ပို၍ပင် ကြည့်ကောင်းစေပေသည်။ ထို့ပြင် သူ၏နှုတ်ခမ်းများက ပါးလျပြီး သူက မည်သူကိုမှ အရေးမစိုက်သူတစ်ယောက်ဟု လူများကို ခံစားရစေလေသည်။

တောက်ဖုန့်သည် အားလုံးကို ဝေ့ဝဲကြည့်၍ ပြောလိုက်၏။

“ဘာဆွေးနွေးစရာ ရှိသေးလို့လဲ။ ကျွန်တော် ဝိညာဉ်မျိုးနွယ်ရဲ့ ပုန်းကွယ်ခြင်းအတတ် အကြောင်းကို အရင်က ကြားခဲ့ဖူးပါတယ်။ ကောင်းကင်ဘုံစစ်တပ်ရဲ့ ထောက်လှမ်းရေးတွေထဲမှာလည်း ဝိညာဉ်မျိုးနွယ်ဝင်တွေ အများကြီးရှိတယ် မဟုတ်လား။ ဟွင့်သွမ့်ပင်လယ်ထဲမှာ ကောင်းကင်စိတ်အာရုံကို အသုံးပြုလို့ မရတော့ သူတို့ကို ခြေရာခံပြီး လိုက်ဖမ်းဖို့က ခက်လိမ့်မယ်။ အဲ့လိုဆိုမှတော့ သူတို့ကို တားမနေဘဲ ဒီကိုလာခွင့်ပေးလိုက်တာပေါ့”

“ဒီကိုလာခွင့်ပေးမှာလား”

လူများစွာ အံ့အားသင့်သွားကြ၏။ သို့သော် အမြင့်ပိုင်းတစ်နေရာတွင် ထိုင်နေသော သခင်မလေးတစ်ယောက်က တောက်ပစွာပြုံး၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“သခင်လေးတောက်က တကယ့်ကို အမြော်အမြင်ကြီးပါတယ်။ သခင်လေးက သူတို့ကို ထောင်ချောက်ဆင်မလို့ပေါ့လေ”

“ဟားဟားဟား...”

တောက်ဖုန့် ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်လိုက်သည်။

“သခင်မလေးကုန်းယန်က ချီးကျူးလွန်းနေပါပြီ။ သခင်မလေးလည်း အဲ့အကြံကို တွေးမိလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ ကျွန်တော်က ပိုပြီးအလောကြီးတတ်တဲ့ အကျင့်ရှိလို့ အဲ့အကြံကို နည်းနည်းစောပြီး ထုတ်ပြောမိတာပဲ ရှိတာပါ”

“ကောင်းတယ်...”

သခင်လေးများနှင့် သခင်မလေးများသည် တစ်ယောက်တစ်ပေါက် ချီးကျူးလိုက်ကြ၏။ ဟွင့်သွမ့်ပင်လယ်၏ ထူးခြားမှုကြောင့် ကျန်းရီကို တားရန် ခက်ပေလိမ့်မည်။ သူ့ကို မတားနိုင်ရာ လာခွင့်ပြုလိုက်ခြင်းမှာ အကောင်းဆုံးအကွက် ဖြစ်သည်။

ကျန်းရီသာမဟုတ် မိစ္ဆာသတ်ဖြတ်ပုလဲ ရထားသူမှန်သမျှကို လာခွင့်ပေးရပေမည်။ ထိုသူများက မည်သူဖြစ်စေ၊ မည်သည့်ဆန်းကြယ်စွမ်းရည်များကို ပိုင်ဆိုင်ထားပါစေ မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာမည့်နေရာကို ဦးတည်သွားရမည်ဖြစ်သည်။ ထိုသခင်လေးများနှင့် သခင်မလေးများက မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာမည့် နေရာတစ်ဝိုက်တွင် ထောင်ချောက်များဆင်ထားကာ ကျန်နေသေးသော လူလေးယောက်က မိစ္ဆာသတ်ဖြတ်ပုလဲများနှင့်အတူ ပေါ်လာမည်ကို စောင့်နေကြရုံသာ။

“တစ်ယောက်ယောက် လာစမ်း... သခင်မလေးအန်းဆီ သတင်းပို့လိုက်၊ အကုန်လုံးကို ဒီကို ပြန်ခေါ်ခဲ့တော့လို့၊ လိုက်ဖမ်းနေတာကိုလည်း ရပ်လိုက်တော့လို့ ပြောလိုက်”

သခင်လေးတစ်ယောက်က အော်၍ အမိန့်ပေးလိုက်သည်။ သို့သော် တောက်ဖုန့်က လက်ထောင်ပြကာ ပြောလိုက်သည်။

“မှားတယ်... ကျွန်တော်တို့က သူတို့ကို ဒီကိုလာခွင့်ပေးမယ် ဆိုပေမဲ့ အဲ့ဒါက ကျွန်တော်တို့ရဲ့ တပ်သားတွေကို ပြန်ခေါ်မယ်လို့ မဆိုလိုဘူး။ ကျွန်တော်တို့ အဲ့လိုလုပ်လိုက်ရင် သူတို့ကို ကြိုသတိပေးသလို ဖြစ်သွားလိမ့်မယ်။ ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်ကြတာပေါ့။ အန်းမျိုးနွယ်ဝင်တွေ ဆက်ရှာပါစေ... ကျွန်တော်တို့ကလည်း လိုအပ်တာတွေ ပြင်ဆင်ထားတာ‌ပေါ့”

သခင်မလေးကုန်းယန်က ခေါင်းညိတ်ကာ ဝင်ပြောသည်။

“သခင်လေးတောက်ပြောတာ မှန်ပါတယ်။ သခင်မလေးအန်းက ဆက်ရှာနေဦးမယ်ဆိုရင် မရောက်သေးတဲ့ လေးယောက်က ဒီနေရာထဲ ဝင်နိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားမှာပဲ။ တကယ်လို့ သခင်မလေးအန်းတို့သာ ပြန်ဆုတ်လာမယ်ဆိုရင် သူတို့က မသင်္ကာဖြစ်ပြီး ဒီနေရာထဲ ဝင်ရဲတော့မှာ မဟုတ်ဘူး”

“သခင်မလေးကုန်းယန်ပြောတာ မှန်တယ်...”

“သခင်မလေးနဲ့ သခင်လေးတောက်ဖုန့်တို့က ဉာဏ်အကောင်းဆုံးပဲ။ သခင်မလေးတို့နှစ်ယောက်က တကယ့်ကို ထူးချွန်ပါပေတယ်...”

“ကျွန်တော်တို့ ဘယ်လို ထောင်ချောက်ဆင်မလဲဆိုတာ ဆွေးနွေးကြတာပေါ့။ ကျုပ်တို့ အဲ့လေးယောက်စလုံးကို ဖမ်းရမယ်။ တစ်ယောက်ကိုမှ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်ခွင့်ပေးလို့မဖြစ်ဘူး”

“သခင်လေးဟန်... သခင်လေးဆီမှာ မိစ္ဆာသတ်ဖြတ်ပုလဲ မရှိသေးဘူးမလား။ သခင်လေး လူတချို့ခေါ်ပြီး ထောင်ချောက်သွားဆင်လိုက်ပေါ့”

“သခင်လေးဂူ... သခင်လေးရဲ့မျိုးနွယ်မှာ နတ်ဘုရားချုပ်နှောင်အစီအရင်တစ်ခု ရှိတယ်မဟုတ်လား”

“...”

ရဲတိုက်ခန်းမထဲတွင် အလွန်ဆူညံလာ၏။ သခင်လေးများ၊ သခင်မလေးများသည် မည်သို့ထောင်ချောက်ဆင်သင့်သည်ကို အမျိုးမျိုး အကြံပေးနေကြသည်။ သူတို့သည် ကျန်နေသေးသော မိစ္ဆာသတ်ဖြတ်ပုလဲလုံး လေးလုံးကို အရယူရန် စိတ်ပိုင်းဖြတ်ထားကြပေသည်။

ယခင်ကလည်း ဤအတိုင်းသာ ဖြစ်ခဲ့သည်။ မိစ္ဆာသတ်ဖြတ်ပုလဲများ ထွက်ပေါ်လာတိုင်း ကောင်းကင်ဘုံ၏ မျိုးနွယ်ကြီးများနှင့် ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုတို့က အင်အားပူးပေါင်းခဲ့ကြသည်။ မျိုးနွယ်ကြီးတစ်ခုမှ မဟုတ်လျှင် မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်ခွင့်မရှိပေ။

ဤနေရာမှ လူအားလုံးသည် သူတို့ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ၌ မည်သည့်ရတနာကိုမှ မရခြင်းကို လက်ခံနိုင်သော်လည်း အခြားသူများ ရတနာတစ်ခုမျှ ရသွားမည်ကိုပင် လက်မခံနိုင်ကြပါပေ။ သူတို့ တစ်ခေါက်ကျရှုံးခဲ့လျှင် နောက်အခေါက်များ ကြိုးစားနိုင်သေးသည်။ တစ်ကြိမ်နှင့်မရလျှင် ဆယ်ကြိမ်ကြိုးစားမည်။ အပြင်လူများက ထိုရတနာများကို မရသွားသေး၍ ၎င်းရတနာများမှာ မျိုးနွယ်ကြီးများ၏လက်ထဲသို့သာ ရောက်ရှိသွားမည်ဖြစ်သည်။

ထိုသခင်လေးများနှင့် သခင်မလေးများအတွက် အထက်ဘုံမှ နံပါတ်တစ်ပါရမီရှင်မှာ တောသားတစ်ယောက်နှင့် မခြားပေ။ ကောင်းကင်ဘုံတွင်သာ စစ်ဖြစ်မနေလျှင်၊ အထက်ဘုံမှ စစ်ကူများကိုသာ မပြတ်လိုအပ်မနေလျှင် ထိုသခင်လေးများ၊ သခင်မလေးများသည် အထက်ဘုံမှ စွမ်းအားကြီး သိုင်းသမားများကို အရေးပင်လုပ်မည် မဟုတ်ချေ။

နှစ်နာရီကြာ ဆွေးနွေးပြီးနောက် အစီအစဉ်တစ်ခု ဖြစ်ပေါ်လာသည်။

သခင်လေးအချို့နှင့် သခင်မလေးအချို့ ထထွက်သွားကြ၏။ သို့သော် အများစုကမူ ကျန်နေခဲ့ပြီး သူတို့၏ စွမ်းအားကြီး သိုင်းသမားများကိုသာ စေလွှတ်၍ စီစဉ်စရာရှိသည်များကို စီစဉ်စေလိုက်သည်။

ကျန်းရီ ဤနေရာသို့ ရောက်လာရန် အချိန်တစ်ခု လိုပေလိမ့်ဦးမည်။ မကြာခင်တွင် မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာတော့မည်ဖြစ်သည်။ သို့သော် ထိုသခင်လေးများနှင့် သခင်မလေးများသည် ထိုနေရာတွင် သွားစောင့်မနေလိုပေ။ အနည်းဆုံးတော့ ဤနေရာ၌ဆိုလျှင် သက်တောင့်သက်သာ အနားယူနေနိုင်သေးသည် မဟုတ်လော။ မည်သူကလည်း ပမွှားလေးအနည်းငယ်အတွက် အပြင်ထွက်လိုပါမည်နည်း။

“ကောင်းပြီ... စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ကြပါ”

သခင်လေးတောက်ဖုန့်သည် ဆွေးနွေးမှု ပြီးဆုံးသွားကြောင်း တွေ့လိုက်သောအခါ ထရပ်၍ သခင်မလေးကုန်းယန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သခင်မလေးတစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။

“သခင်မလေးဟယ်... ကြယ်တာရာကျွန်းစုရဲ့ အရှေ့ပိုင်းမှာရှိတဲ့ ကျွန်းတစ်ကျွန်းက အရမ်းလှတယ်လို့ ကျွန်တော် ကြားဖူးတယ်။ သခင်မလေး ကျွန်တော်နဲ့အတူ အဲ့ကို လိုက်ခဲ့ပါလား”

ထိုသခင်မလေးဟယ်က ထိပ်ဆုံးတွင် ထိုင်နေခြင်းကို ကြည့်ခြင်းဖြင့် ကောင်းကင်ဘုံတွင် သူမ၏အဆင့်အတန်းက အလွန်မြင့်ကြောင်း သိနိုင်သည်။ သူမသည် ဤရဲတိုက်ထဲ ရောက်ကတည်းက စကားတစ်ခွန်းမှ မပြောခဲ့။ ဆွေးနွေးရာတွင်လည်း ဝင်မပါခဲ့။ သူမသည် သူမ၏ကိုယ်ပိုင်အနောက်ခြံဝန်းထဲတွင် ထိုင်နေသကဲ့သို့ အေးအေးလူလူ လက်ဖက်ရည်သောက်နေခဲ့သည်။ ယခု တောက်ဖုန့်၏ ဖိတ်ခေါ်မှုကို ကြားလိုက်သောအခါမှ သူမ ခပ်သဲ့သဲ့ပြုံးကာ ထရပ်၍ ခွန်းတုံ့ပြန်လိုက်လေ၏။

“တောင်းပန်ပါတယ် သခင်လေးတောက်ဖုန့်... ကျွန်မရဲ့ ကျင့်ကြံခြင်းက အရေးကြီးတဲ့အဆင့်ကို ရောက်နေလို့ ကျွန်မ သခင်လေးနဲ့အတူ ရှုခင်းကြည့် မလိုက်နိုင်တော့ပါဘူး။ အားလုံးပဲ... ကျွန်မ သွားလိုက်ပါဦးမယ်”

သခင်မလေးဟယ်သည် သူမ၏လူများကို ခေါ်၍ ထွက်သွား၏။ သူမသည် တောက်ဖုန့်ကို လုံးဝမျက်နှာသာမပေးပေ။ တောက်ဖုန့် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ ပါးလျသောနှုတ်ခမ်းတစ်စုံကလည်း အေးစက်စက် ဓားတစ်လက်ကဲ့သို့ တစ်ဖြောင့်တည်းဖြစ်သွားသည်။ ယင်းမှာ ကြောက်မက်ဖွယ်ပင်။

All Chapters