← Chapters

ပြောခဲ့သည့်အတိုင်း ပြန်ပြောမည်

Vol. 116 Ch. 1611

ပြောခဲ့သည့်အတိုင်း ပြန်ပြောမည်

Vol. 116 Ch. 1611

ဤတစ်ကြိမ် ဤနေရာတွင် ကောင်းကင်ဘုံ၏ မျိုးနွယ်အသီးအသီးမှ စွမ်းအားကြီး သိုင်းသမားများ အရေအတွက် တစ်သောင်းကျော် စုဝေးနေကြသည်။ သခင်လေး၊ သခင်မလေးလည်း ရှစ်ယောက်ပါသည်။ သူတို့ထဲက မည်သူ့ထံတွင်မှ မိစ္ဆာသတ်ဖြတ်ပုလဲ မရှိကြပေ။ မိစ္ဆာသတ်ဖြတ်ပုလဲ ရှိထားသူများသည် ဤမျှ ဒုက္ခခံကြမည် မဟုတ်ချေ။

ကျွန်းကို လွှမ်းခြုံထားသော အကာအရံမှာ ကောင်းကင်ဘုံမှ ဂူမျိုးနွယ်၏ နတ်ဘုရားချုပ်နှောင်အစီအရင်ဖြစ်သည်။ ကောင်းကင်ဘုံမှ အစီအရင်များက ထူးခြားသည်။ ကျန်းရီ မဆိုထားနှင့် မည်သူမှ ထိုအစီအရင်များကို အာရုံခံမိမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းအစီအရင်ကို မနှိုးမခြင်း မည်သည့်အကာအရံမှ မထွက်၍ဖြစ်သည်။

နတ်ဘုရားချုပ်နှောင်အစီအရင်ကို နှိုးလိုက်သည်နှင့် ကျန်းရီတို့ ပြန်ထွက်နိုင်တော့မည် မဟုတ်ပေ။ သူတို့ သေသည်အထိသာ တိုက်ခိုက်ရပေတော့မည်။

တော်သေးသည်မှာ ယခုကျွန်းပေါ်တွင် လူများစွာ ပုန်းအောင်းမနေခြင်းပင်။ ထို့ပြင် အုပ်ချုပ်သူအဆင့် သိုင်းသမားလည်း တစ်ယောက်သာ ရှိသည်။ ကျန်းရီသည် သောင်းချီသော ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်ရင်း သူ၏ဗျပ်စောင်းကိုလည်း ဆင့်ခေါ်လိုက်သည်။ သူ ချီချင်ချန်ကိုတော့ ထွက်ခွင့်မပေးပေ။ အဆိပ်ဝိညာဉ်၏ နတ်ဘုရားဝိညာဉ်ထိုးချက်ကိုလည်း အသုံးချမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက် ရှိနေလျှင် သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အပြည့်အဝ မထုတ်သုံးနိုင်၍ပင်။ ထို့ပြင် အခြေအနေက ဆိုးဝါးလာ၍ သူ မြက်ခင်းပြင်မီးတောက်များကို ထုတ်သုံးမည်ဆိုလျှင် ထိုနှစ်ယောက်ပါ မီးလောင်သွားနိုင်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကောင်းကင်ထဲတွင် တိုက်ခိုက်မှု တစ်ထောင်ကျော် နှစ်ထောင်နီးပါး ပြည့်နှက်သွား၏။ ကျန့်ရှမျိုးနွယ်ဝင်များ တစ်စုပြီးတစ်စု သေဆုံးလာသည်။ ဤနေရာရှိ သိုင်းသမားအားလုံးက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များဖြစ်သည့်အပြင် ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်များကိုလည်း ပိုင်ဆိုင်ထားသည်။ သို့ဖြစ်၍ သူတို့၏ တိုက်ခိုက်များက အလွန်ပြင်းထန်သည်။ အဆင့်နိမ့် ကျန့်ရှမျိုးနွယ်ဝင်လေးများက သူတို့အတွက် ပမွှားလေးများသာ။

ကျန်းရီသည် ကျန့်ရှဆန်းကြယ်နယ်မြေသို့ ထပ်သွား၍ ကျန့်ရှမျိုးနွယ်ဝင် ဆယ်သန်းကို ဆောင်းဥတုပုလဲထဲ ထည့်ယူခဲ့သည်။ ယခု ကောင်းကင်ဘုံမှ စွမ်းအားကြီး သိုင်းသမားများက စက္ကန့်ပိုင်းအတွင်းမှာပင် ကျန့်ရှမျိုးနွယ်ဝင် တစ်သောင်းကျော်ကို သတ်ပစ်လိုက်သည်။ သို့သော် ကျန်းရီသည် ယင်းကို အရေးမစိုက်နိုင်ဘဲ ကျန့်ရှမျိုးနွယ်ဝင်များကို ထပ်ထုတ်လွှတ်နေသည်။ ၎င်းတို့ တစ်သိန်းကျော် အပြင်သို့ ရောက်သောအခါ သူ ဗျပ်စောင်းကြိုးကို စတင်တီးခတ်လိုက်သည်။

တန်...တောင်...

ဤအတောအတွင်း ကျန်းရီသည် အနှစ်သာရကို ဆက်‌လေ့လာနေခဲ့သည်။ သူ အပြည့်အဝ နားလည်နိုင်ရန် အဝေးကြီးလိုသေးသော်လည်း ကောင်းကင်စမ်းရေစည်းချက်ကို ပို၍နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။ ထို့ကြောင့် သူ၏ဗျပ်စောင်းသံက ပို၍ခက်ထန်လာပေသည်။

ဗျပ်စောင်းသံများမှ မကောင်းသောအရှိန်အဝါက လေထဲတွင် စတင်ပြည့်နှက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကောင်းကင်ဘုံမှ သိုင်းသမား နှစ်ထောင်နီးပါးကို လွှမ်းခြုံသွားသည်။ သူတို့ထဲမှ တစ်ယောက်လောက် မလှုပ်ရှားနိုင်ကြတော့ပေ။ ကျန်တစ်ဝက်၏ မျက်လုံးများလည်း ဖြည်းဖြည်းချင်း နီရဲလာသည်။ သူတို့အားလုံး လွှမ်းမိုးခံလိုက်ရကြောင်း ထင်ရှားပေသည်။

ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ရန်ထျန်းဖန်အပေါ်ပင် လွှမ်းမိုနိုင်ခဲ့သည်။ ရန်ထျန်းဖန်မှာ အုပ်ချုပ်သူအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သောသူ ဖြစ်သည်။ သူပင် လွှမ်းမိုးခံရရာ လက်ရှိ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အားလုံး လွှမ်းမိုးခံရသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။

ဝှစ်...ဝှစ်..ဝှစ်...

ကျန့်ရှမျိုးနွယ်ဝင်များကမူ လှုပ်ရှားနိုင်နေကြသေးသည်။ ၎င်းတို့သည် လေထဲတွင် လှည့်ပတ်ပျံသန်း၍ ကျောမှ ဆူးချွန်များကို ပစ်လွှတ်လိုက်ကြသည်။ နှစ်စက္ကန့်မပြည့်သေးခင်မှာပင် သိုင်းသမား နှစ်ထောင်လောက်ထဲမှ တစ်ဝက်ကျော် မြေပေါ်သို့ ပြုတ်ကျသွားလေသည်။

‘လခွမ်း... ကောင်းကင်ဘုံက စွမ်းအားကြီး သိုင်းသမားတွေက တော်တော်ချမ်းသာတာပဲ’

ကျန်းရီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် အံ့ဩသွား၏။ ထိုသိုင်းသမားအားလုံးတွင် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်များ ရှိကြသည်။ ဤတစ်ချီတိုက်ခိုက်မှုက တစ်ယောက်ကိုမှ မသတ်နိုင်ခဲ့ဘဲ သူတို့ကို လွင့်ထွက်သွားအောင်သာ လုပ်နိုင်ခဲ့သည်။

“အာ...”

သခင်လေးနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြ၏။ ကျန်းရီက အထက်ဘုံမှ သိုင်းသမားလေးသာဖြစ်၍ သူ့ကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်ဟု သူတို့ ထင်ထားကြသည်။ ယနေ့တွင် အခြေအနေက ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ ယခု သူတို့မျိုးနွယ်မှ သိုင်းသမားများကသာ ဖိနှိပ်ခံနေရသည်။ ထို့ပြင် သူတို့ တွေ့မြင်ချက်အရ လူများစွာလည်း အသတ်ခံရတော့မည့်ပုံပင်။

“ဦးလေးချန်.. မြန်မြန် ကျန်းရီကို ဖမ်းလိုက်ပါ”

ထိုသခင်လေး၏ မျိုးရိုးအမည်မှာ ‘လျန်’ဖြစ်သည်။ သူက ကောင်းကင်ဘုံ၏ အင်အားကြီးမျိုးနွယ်တစ်ခုမှပင်။ သို့သော် သူ့မျိုးနွယ်က အင်အားအကြီးဆုံးတော့ မဟုတ်ပေ။ ထို့ကြောင့် သူ လူနှစ်ထောင်နီးပါးကို အဆုံးအရှုံးမခံနိုင်။ မဟုတ်လျှင် သူ့အဖေက သူ့ကို သတ်ပေလိမ့်မည်။ သို့ဖြစ်၍ သူ သူ့ဘေးမှ အုပ်ချုပ်သူအဆင့် သိုင်းသမားကို အကူအညီတောင်းလိုက်သည်။

ထန်း...ထန်း...ထန်း...

ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်များနှင့် ကျန့်ရှမျိုးနွယ်ဝင်များ ထိတိုက်သည့်အသံများကို ကြားနေရသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားဖြစ်သော ဦးလေးချန်သည် တစ်စုံတစ်ခု မူမမှန်ကြောင်း သတိပြုမိလိုက်၏။ သူ မည်သို့မှ မလုပ်သေးဘဲ ရပ်ကြည့်နေဦးမည်ဆိုလျှင် ထိုသိုင်းသမား နှစ်ထောင်လောက်က အမှန်ပင် သေသွားတော့မည်ဖြစ်သည်။ ထို့ကြောင့် သူ အံကြိတ်ကာ ပြောလိုက်သည်။

“သခင်လေး... တစ်ယောက်ယောက်ကို နတ်ဘုရားချုပ်နှောင်အစီအရင်ကို ဖွင့်ခိုင်းလိုက်ပါ။ ပြီးရင် သခင်လေးဂူဆီ သွားပါ။ ကျုပ်ကိုယ်တိုင် ကျန်းရီကို သတ်လိုက်ပါမယ်”

“ကောင်းပြီ”

ယခုတွင် သခင်လေးလျန် ကြောက်ရွံ့နေပေပြီ။ သူက ကျန်းရီနှင့် အဝေးတွင် ရှိနေသော်လည်း ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို အနည်းငယ် ခံနေရသည်။ သူ့ခေါင်းထဲတွင် မကောင်းသောအရှိန်အဝါများ ပြည့်လာနေပြီဖြစ်သည်။ သူ၏အဖိုးတန်အသက်ကို ရင်း၍ မဖြစ်ပေ။ သူ ချက်ချင်းပင် လူတစ်ယောက်အား နတ်ဘုရားချုပ်နှောင်အစီအရင်ကို ဖွင့်ခိုင်းလိုက်သည်။ ထို့နောက် လူတစ်စုကို ဦးဆောင်၍ သူတို့ထံ အဝေးမှ ပျံသန်းလာသော သခင်လေးဂူဆီသို့ ဦးတည်သွားလိုက်လေသည်။

“ကျန်းရီ... သေပေတော့...”

ဦးလေးချန်၏ လက်ထဲတွင် ဧရာမသံတူကြီးတစ်လက် ထွက်ပေါ်လာ၏။ သူသည် ရူးသွပ်နေသော နဂါးတစ်ကောင်အလား ကျန်းရီထံ ပျံသန်းသွားလိုက်သည်။ သူ၏ ဧရာမသံတူကြီးက လမ်းတစ်လျှောက်ရှိ ကျန့်ရှမျိုးနွယ်ဝင်အားလုံးကို အမှုန့်လုပ်ပစ်လိုက်သည်။ သူက ရပ်တန့်၍မရပေ။

နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း ဦးလေးချန်ကို မလွှမ်းမိုးနိုင်ချေ။ သူ၏အရှိန်အဝါကသာ ကျန်းရီ၏ တီးခတ်မှုကို အားနည်းလာစေသည်။ သူ၏စွမ်းရည်များက ကောင်းကင်ဘုရင်ယို၏ စွမ်းရည်များထက် အတန်ငယ်ပို၍ အားကောင်းသည်။ သူ့လက်ထဲရှိ သံတူကြီးကလည်း ရှေးဦးဝိညာဉ်ရတနာတစ်ခု ဖြစ်ကြောင်း ကျန်းရီ တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြောနိုင်သည်။ မည်သည့်ကျန့်ရှမျိုးနွယ်ဝင်ကမှ သူ့ကို ထိအောင်မတိုက်ခိုက်နေသေးရာ သူ့ချပ်ဝတ်က ထွက်ပေါ်မလာသေးပေ။ သို့သော် သူ၏ချပ်ဝတ်ကလည်း ရှေးဦးဝိညာဉ်ရတနာတစ်ခုပင် ဖြစ်ရမည်ဟု ကျန်းရီ ခန့်မှန်းပေသည်။

“အချိန်ကိုက်ပဲ”

ဦးလေးချန်က ပို၍ နီးကပ်လာသောအခါ ကျန်းရီ၏ တီးခတ်မှုက ပို၍ ပြင်းထန်လာသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ကျန့်ရှမျိုးနွယ်ဝင်များအားလုံးကို အရှေ့သို့ ပျံသန်းသွားစေလိုက်သည်။ သူကိုယ်တိုင်ကမူ လေထဲတွင် တင်ပျဉ်ခွေထိုင်နေဆဲပင်။ သူသည် ဦးလေးချန် သူ့အနီးသို့ ရောက်လာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။

“သေပေတော့...”

ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်များကို များစွာမထုတ်ထားပေ။ ယခု ၎င်းတို့အားလုံးက အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်ပျံသန်းနေရာ ဦးလေးချန်သည် ၎င်းတို့ကို အလွယ်တကူ ဖောက်ထွက်၍ ကျန်းရီထံ တန်းတန်းမတ်မတ် ပျံဝင်လာနိုင်လေသည်။

ကျန်းရီသည် သတ်ဖြတ်အရှိန်အဝါ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဆက်ထိုင်နေ၏။ ဦးလေးချိုးသည် နဂါးတစ်ကောင်ကဲ့သို့ အော်လိုက်ပြီး ပေါင်တစ်သောင်းလောက် လေးသော သံတူကြီးကိုမြှောက်၍ ကျန်းရီ၏ ဦးခေါင်းကို ချိန်ရွယ်လိုက်၏။ သူ အနားရောက်မလာသေးခင်မှာပင် စွမ်းအားကြီး အရှိန်အဝါတစ်ခုက ကျန်းရီကို ဖိနှိပ်သွားသည်။ သာမန်သိုင်းသမားများဆိုလျှင် ထိုအရှိန်အဝါနှင့်ပင် ကြောက်လန့်သေဆုံးသွားပေလိမ့်မည်။

သို့သော် ကျန်းရီက သာမန်သိုင်းသမားတစ်ယောက်လော။

မဟုတ်ပေ။

ထိုအခိုက်တွင် ကျန်းရီ၏လက်ထဲရှိ ဗျပ်စောင်းက ပျောက်ကွယ်သွား၏။ သူ့ကိုယ်ပေါ်တွင်လည်း ကျောက်စိမ်းဖြူချပ်ဝတ်တစ်ထည် ထွက်ပေါ်လာသည်။ သူ မိုးမြေစွမ်းအားကို သုံးကာ သူ့ခန္ဓာကိုယ်ကို အဆတစ်ရာကျော် ပိုသန်မာအောင် လုပ်ထားသည်။ မဟုတ်လျှင် အားကောင်းသော ဖိအားကို ခံနိုင်မည် မဟုတ်ပေ။ သူ မလှုပ်မယှက် ဆက်ရှိနေပြီး အော်ဟစ်ကာ သူ့ထံသို့ ပျံဝင်လာသည့် ဦးလေးချန်ကို အေးစက်စက် စိုက်ကြည့်နေသည်။ သူ့ရင်ထဲတွင်မူ သူတို့ကြားမှ အကွာအဝေးကို တွက်ချက်နေပေသည်။

ဆယ်ကီလိုမီတာ၊ သုံးကီလိုမီတာ၊ တစ်ကီလိုမီတာခွဲ... မီတာသုံးရာ...

ရွှီး...

ကျန်းရီ မီးနဂါးဓားကို ထုတ်လိုက်၏။ ထို့နောက် မီးဝိညာဉ်ပုလဲထဲမှနေ၍ မြက်ခင်းပြင်မီးတောက်များ ထွက်လာသည်။ ကျန်းရီ သူ့အရှေ့သို့ ဓားဖြင့်အားကုန်ခုတ်ချလိုက်၏။ ထိုအခါ ဆယ်ချီသော လေနဂါးများက မြက်ခင်းပြင်မီးတောက်လုံးများကို သယ်ဆောင်၍ ဦးလေးချန်ထံသို့ ပျံသန်းသွားလေသည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင်လေထုက စတင်လည်ပတ်လာသည်။ ထို့ပြင် အစော၌ အကာအရံကို ဖွင့်လိုက်စဉ်က အတွင်းသို့ လွင့်မျောဝင်ရောက်လာခဲ့သော အဖြူရောင်တိမ်တိုက်များလည်း စတင် လွင့်ပြယ်လာလေသည်။

‘မကောင်းတော့ဘူး...’

ဦးလေးချန် လေထဲတွင် ရပ်တန့်လိုက်၏။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ စတင်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်၌ အနက်ရောင်စစ်ချပ်ဝတ် ထွက်ပေါ်လာသည်။ ၎င်းနောက် သူ အော်ပြောလိုက်သည်။

“ကျန်းရီ... ရပ်လိုက်၊ ငါတို့ မိစ္ဆာသတ်ဖြတ်ပုလဲကို မလိုချင်တော့ဘူး”

မီးတောက်များ ထွက်ပေါ်လာသည့်အခိုက်တွင် ၎င်းတို့၏ စွမ်းအားကို ဦးလေးချန် ခံစားလိုက်ရသည်။ ထိုမီးတောက်များကြောင့် သူ မသေနိုင်သော်လည်း သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ ထို့ပြင် ကျန်းရီထံ၌ ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်တစ်ထည် ရှိနေပြီး သူ၏ရုပ်ခန္ဓာကလည်း ရုတ်တရက်ကြီး အလွန်သန်မာလာသည်။ သူတို့ စွမ်းအားကုန်ထုတ်သုံး၍ တိုက်ခိုက်ကြမည်ဆိုလျှင်ပင် သူ ကျန်းရီကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ကျန်းရီ၏ မီးတောက်များကမူ သူတို့မျိုးနွယ်မှ စွမ်းအားကြီး သိုင်သမားအားလုံးကို သတ်ပစ်လိုက်နိုင်ပေသည်။

“ဟင်းဟင်း...”

ကျန်းရီ လှောင်ပြောင်ရယ်မောလိုက်၏။ သို့သော် သူ၏မီးတောက်များကိုတော့ ပြန်ရုတ်သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန့်ရှမျိုးနွယ်ဝင်အားလုံးကိုလည်း တိုက်ခိုက်မှု ရပ်တန့်စေလိုက်သည်။

ပြိုင်ဘက်က အရှုံးပေးနေပြီဖြစ်၍ သူ့လက်တွင် သွေးစွန်းခံစရာ မလိုတော့ပေ။ အနီးတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာ ရှိနေသည်။ သူတို့ရင်ထဲသို့ အကြောက်တရား ထည့်ပေးနိုင်ခြင်းကပင် အကောင်းဆုံးရလဒ် ဖြစ်နေပေပြီ။

“အား...အား...အား...”

ကျန်းရီက သူ၏မီးတောက်များကို မည်မျှလျင်မြန်စွာ ရုတ်သိမ်းလိုက်စေကာမူ အဆုံးအရှုံးအနည်းငယ်တော့ ရှိခဲ့သည်။ သူနှင့် အနီးဆုံးတွင် ရှိနေခဲ့သော ဘွဲ့ထူးရနတ်ဘုရားဧကရာဇ် ဆယ်ယောက်ကျော် အရှင်လတ်လတ် မီးလောင်ကျွမ်းသွားသည်။ အနည်းဆုံး လူလေးရာကျော် ငါးရာလောက်လည်း အပြင်းအထန် ဒဏ်ရာရသွားသည်။ ထိုမြက်ခင်းပြင်မီးတောက်များက ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သော ကောင်းကင်ဘုရင်ယိုကိုပင် သတ်နိုင်ခဲ့သည်ဖြစ်ရာ အဝေးရှိ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များကို အလွယ်တကူ ဒဏ်ရာရသွားစေခြင်းမှာ ပုံမှန်သာဖြစ်ပေသည်။

ရှူး...ရှူး...

သခင်လေးလျန်သည် အခြားသခင်လေး ခုနစ်ယောက်၊ ရှစ်ယောက်လောက်နှင့် ပြန်ရောက်လာ၏။ သူတို့နှင့်အတူ စွမ်းအားကြီး သိုင်းသမား အယောက်တစ်သောင်းကျော်လည်း ပါလာသည်။ သူတို့သည် ပြန်ရောက်လာချင်းချင်းမှာပင် မြေပြင်ပေါ်၌ မီးလောင်ဒဏ်ရာများနှင့် နာကျင်တကြီး အော်ဟစ်နေကြသော ရာချီသည့် စွမ်းအားကြီး သိုင်းသမားများကို တွေ့လိုက်ရ၏။ ထို့ပြင် မီးလောင်ကျွမ်းနေသေးဆဲဖြစ်သော ကျန့်ရှမျိုးနွယ်ဝင်များကိုလည်း တွေ့လိုက်ရသည်။ သူတို့အားလုံး မျက်နှာပျက်သွားပြီး ပင့်သက်ရှိုက်လိုက်ကြသည်။

ကျန်းရီသည် ကျန်နေသေးသည့် ကျန့်ရှမျိုးနွယ်ဝင်များကို သူ့အနောက်တွင် သွားရပ်စေလိုက်၏။ ထို့နောက် သူ သခင်လေးလျန်ကို လှမ်းကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“သခင်လေး... သခင်လေးက ကျွန်တော့်ကို မျက်နှာသာ လုံလုံလောက်လောက် ပေးခဲ့ပြီလို့ ပြောခဲ့တယ်မလား။ ကျန်းရီ... သခင်လေး ပြောခဲ့တဲ့အတိုင်း ပြန်ပြောပါမယ်။ ကျွန်တော် သခင်လေးကို မျက်နှာသာ လုံလုံလောက်လောက် ပေးခဲ့ပြီးပါပြီ။ သခင်လေး မကျေနပ်သေးဘူးဆိုရင် ကျွန်တော့်ကို ထပ်တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ အဲ့အခါကျရင် ကျွန်တော် ညှာတော့မှာ မဟုတ်ဘူး။ အရင်ကလည်း ကျွန်တော် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ခဲ့ဖူးတယ်.. အဲ့တော့ နောက်ထပ် နှစ်ယောက်၊ သုံးယောက်လောက် ထပ်သတ်ဖို့လည်း ဝန်လေးနေမှာ မဟုတ်ဘူး”

All Chapters