မည်သို့ဆက်လုပ်ရမည်ကို မဆုံးဖြတ်သေးခင် ကောင်းကင်ကို ထိုးဖောက်မည်
Vol. 116 Ch. 1612
သခင်လေးလျန်၏ မျက်နှာက အဖြူနှင့်အစိမ်း ရောယှက်လာ၏။ သူ တုံ့ဆိုင်းမှုမရှိဘဲ ဒေါသတကြီး အော်ပြောလိုက်သည်။
“အားလုံးပဲ... ကျွန်တော်နဲ့အတူ အဲ့ကျန်းရီကို သတ်ကြပါ။ ကျွန်တော်တို့ဘက်က လူအများကြီးရှိတယ်... ကျွန်တော်တို့က အထက်ဘုံက အမှိုက်တစ်စကိုတောင် မရှင်းနိုင်ကြတော့ဘူးတဲ့လား။ အဲ့လိုဆို ကျွန်တော်တို့ ကောင်းကင်ဘုံကလူတွေနဲ့ ဘယ်လို မျက်နှာချင်းဆိုင်နိုင်မှာလဲ”
“သခင်လေး...”
ဦးလေးချန်သည် သခင်လေးလျန်ကို ဆက်မတိုက်ခိုက်တော့ရန် ဖျောင်းဖျလို၏။ သို့သော် လူများစွာ၏အရှေ့တွင် သူ သခင်လေးလျန်ကို အဘယ်သို့ အရှက်ရစေနိုင်မည်နည်း။
ထိုစကားများကို ကြားလိုက်သော သခင်လေးများနှင့် သခင်မလေးများလည်း ဒေါသထွက်လာကြ၏။ ကျန်းရီက အထက်ဘုံ၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သော်လည်း ဂုဏ်သရေရှိ သခင်လေး၊ သခင်မလေးများက ကောင်းကင်ဘုံမှဖြစ်သည်။ သူတို့တစ်ယောက်စီကို အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်စီက ကာကွယ်ပေးနေသည်။ ထိုသခင်လေး၊ သခင်မလေး ခြောက်ယောက်ထဲတွင် သုံးယောက်မှာလည်း အုပ်ချုပ်သူအဆင့် သိုင်းသမားများဖြစ်ကြသည်။ ထို့ကြောင့် ထိုနေရာတွင် စုစုပေါင်း အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ့်တစ်ယောက် ရှိနေသည်။ သူတို့က ကျန်းရီတစ်ယောက်ကို မသတ်နိုင်ဘဲ နေပါမည်လော။
“တိုက်ကြ...”
ရောင်စုံဝတ်ရုံကို ရင်ဘတ်တစ်ဝက်ဖော်၍ ဝတ်ဆင်ထားသော သခင်လေးတစ်ယောက်က အော်ပြောလိုက်၏။ သူ့အနောက်မှ လူတစ်ထောင်ကျော်က ကျန်းရီထံ စတင် ပျံသန်းသွားကြသည်။ သခင်လေးတစ်ယောက်က စတင်လှုပ်ရှားပြီဖြစ်ရာ ကျန်သော သခင်လေး၊ သခင်မလေးများသည် မလှုပ်ရှားသေးဘဲနေလျှင် အရှက်ရမည်ဖြစ်၍ သူတို့၏ လက်အောက်ငယ်သားများကို လှုပ်ရှားရန် အော်ဟစ် အမိန့်ပေးလိုက်ကြသည်။
“ကျွန်တော်က ခင်ဗျားတို့နဲ့ ရန်ငြိုးမရှိဘူး။ ဒါပေမဲ့ ခင်ဗျားတို့က မိစ္ဆာသတ်ဖြတ်ပုလဲတစ်လုံးကို လုယူဖို့အတွက် ကျွန်တော့်ကို သတ်ပြီး နှုတ်ပိတ်ချင်နေကြတယ်ပေါ့လေ။ အစောက ကျွန်တော် ခင်ဗျားတို့ကို ညှာခဲ့တယ်။ အခု ကျွန်တော် ထပ်ပြီး သတိပေးမယ်။ နောက်ပြန်ဆုတ်ကြ... မဟုတ်ရင်တော့ အကျိုးဆက်ကို ခံကြပေတော့”
ကျန်းရီ အော်ပြောလိုက်၏။ သူ့လက်ထဲမှ ဆောင်းဥတုပုလဲကလည်း လင်းလက်လာပြီး ကျန့်ရှမျိုးနွယ်ဝင်များ အဆုံးမဲ့ ထွက်ပေါ်လာသည်။ အစောတွင် ကျန်းရီသည် ဦးလေးချန်တို့ကို ညှာတာခဲ့ပြီးဖြစ်သည်။ မဟုတ်လျှင် သခင်လေးလျန်၏ လက်အောက်ငယ်သား နှစ်ထောင်နီးပါးသည် အရှင်လတ်လတ် မီးလောင်ကျွမ်းသွားမည်ဖြစ်သည်။ ဦးလေးချန်လည်း အပြင်းအထန် ဒဏ်ရာရသွားလောက်သည်။
သို့သော် သခင်လေးများ၊ သခင်မလေးများသည် ကျန်းရီ၏ သတိပေးစကားကို အရေးမစိုက်ကြပေ။ သူတို့အတွက် အထက်ဘုံ၏ နံပါတ်တစ်ပါရမီရှင်က ခွေးချီးနှင့် အတူတူပင် ဖြစ်သေးသည်။ သူတို့ ကျန်းရီကိုသတ်ရန် ဝန်မလေးပေ။ အထက်ဘုံမှ သိုင်းသမားများက ကောင်းကင်ဘုံတွင် ပြဿနာလာရှာဝံ့သည်လော။ ထိုသို့ဆိုလျှင်ပင် ထိုသိုင်းသမားများက သူတို့ကို တိုက်ခိုက်နိုင်ပါမည်လော။
ယခုတွင် လေထဲ၌ ကျန့်ရှမျိုးနွယ်ဝင် တစ်သန်း ရှိနေပြီဖြစ်သည်။ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်ထုတ်နေသေးသည်။ လေထဲတွင် ကျန့်ရှမျိုးနွယ်ဝင်များနှင့် စတင်ပြည့်နှက်လာသည်။ ၎င်းတို့က ကျန်းရီ၏ပတ်ပတ်လည်တွင် နံရံများကဲ့သို့ အထပ်ထပ် ဝန်းရံထားပေသည်။ စွမ်းအားကြီး သိုင်းသမားများကလည်း အရပ်မျက်နှာအနှံ့မှနေ၍ ကျန်းရီကို စတင်တိုက်ခိုက်နေပေပြီ။ ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များ တစ်အုပ်ပြီးတစ်အုပ် အသတ်ခံနေရသည်ကိုကြည့်၍ အလွန်ဒေါသထွက်လာသည်။ သူ့လက်ထဲတွင် ဗျပ်စောင်း ပြန်ပေါ်လာသည်။ ထို့နောက် သူ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်လေသည်။
ကျန်းရီ ဗျပ်စောင်းကို စတင်တီးခတ်လိုက်သည့်အခိုက်တွင် အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။ ကျန့်ရှမျိုးနွယ်ဝင်များကို တိုက်ခိုက်နေကြသော သိုင်းသမားများ ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို ခံလိုက်ကြရပြီး မြေပေါ်သို့ ပြုတ်ကျသွားကြသည်။ ၎င်းနောက် ကျန့်ရှမျိုးနွယ်ဝင်တစ်အုပ်က သူတို့ကို ဝန်းရံကာ သတ်ဖြတ်လိုက်ကြပေသည်။
‘ဘာလို့ အဲ့နတ်ဘုရားအသံ ကောင်းကင်အတတ်က ဒီလောက်စွမ်းအားကြီးနေရတာလဲ’
ကောင်းကင်ဘုံမှ သခင်လေးများနှင့် သခင်မလေးများက အလွန်ဗဟုသုတကြွယ်ကြသည်။ သို့သော် ထိုအခိုက်တွင် သူတို့ မျက်နှာပျက်နေကြသည်။ ပုံမှန်အရဆိုလျှင် ကျန်းရီက နတ်ဘုရားအသံစည်းမျဉ်းများကို သိမြင်နားလည်ခဲ့လျှင်ပင် သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ဤမျှစွမ်းအားကြီးမနေသင့်ပေ။
“အဲ့နတ်ဘုရားအသံက သာမန်နဲ့ ကွဲပြားတယ်။ အဲ့ထဲမှာ စွမ်းအားကြီးတဲ့ မကောင်းတဲ့အရှိန်အဝါ ပါတယ်”
အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က စေ့စေ့စပ်စပ် နားထောင်ကာ ရှင်းပြလိုက်၏။ ထို့နောက် သူ ကျန်းရီကို ဝန်းရံထားသော ကျန့်ရှမျိုးနွယ်ဝင်အုပ်ကြီးကို လှမ်းကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“သူက တကယ့်ကို အထက်ဘုံရဲ့ နံပါတ်တစ်ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။ အဲ့ရုပ်သေးရုပ်တွေရယ်၊ နတ်ဘုရားအသံ ကောင်းကင်အတတ်ရယ်နဲ့တင် အုပ်ချုပ်သူအဆင့် သိုင်းသမားတွေပြီးရင် သူက စွမ်းအားအကြီးဆုံး ဖြစ်နေပြီ”
သခင်လေးလျန်သည် အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများကလည်း ရပ်ကြည့်နေကြဆဲဖြစ်ကြောင်း တွေ့လိုက်၏။ မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းသမားများကလည်း ဒဏ်ရာများရလာကာ ကြောက်မက်ဖွယ်နှုန်းဖြင့် သေနေကြသည်။ ထို့ကြောင့် သူ စိတ်လှုပ်တရှား အော်ပြောလိုက်သည်။
“ဦးလေးချန်... အုပ်ချုပ်သူအဆင့် သိုင်းသမား နည်းနည်းကို ခေါ်သွားပြီး သူ့ကို ရှင်းပစ်လိုက်ပါ။ ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်စုကို ယှဉ်နိုင်မှာတဲ့လား”
သခင်လေးဂူနှင့် အခြားသခင်လေး၊ သခင်မလေးအချို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့သည် သူတို့ကို ကာကွယ်ပေးနေသော အုပ်ချုပ်သူအဆင့် သိုင်းသမားများကို ကြည့်ကာ လှုပ်ရှားရန် တောင်းဆိုလိုက်ကြသည်။ ဦးလေးချန်းနှင့် အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများ သက်ပြင်းချလိုက်ကြ၏။ အခြေအနေက ဤအဆင့်သို့ ရောက်လာပြီဖြစ်၍ သူတို့ ဆက်၍ ရပ်ကြည့်မနေနိုင်တော့ပေ။ မဟုတ်လျှင် ကျန်းရီက သူတို့၏မျိုးနွယ်များမှ စွမ်းအားကြီး သိုင်းသမား အားလုံးကို သတ်ပစ်ပေလိမ့်မည်။
အုပ်ချုပ်သူအဆင့် သိုင်းသမား ရှစ်ယောက်သည် အခြေအနေကို ဆွေးနွေးလိုက်ကြ၏။ ယင်းနောက် သူတို့ထဲမှ ငါးယောက်က ပျံထွက်သွားသည်။ သူတို့သည် ကျန်းရီကို အတူပူးပေါင်းကာ တိုက်ခိုက်ကြမည်ဖြစ်သည်။ အစောတွင် ဦးလေးချန်သည် ကျန်းရီ၏ မြက်ခင်းပြင်မီးတောက်များကြောင့် ကြောက်လန့်တကြား ပြန်ဆုတ်ခဲ့ရ၏။ သို့သော် အုပ်ချုပ်သူအဆင့် သိုင်းသမား ငါးယောက်က ကျန်းရီကို မသတ်နိုင်လောက်ဟု သူ မထင်ပေ။
“သတ်ကြ...”
အုပ်ချုပ်သူအဆင့် သိုင်းသမား ငါးယောက်သည် ရေနဂါးများကဲ့သို့ ကျန်းရီဆီ ဦးတည်ပျံသန်းသွားကြ၏။ သူတို့အရှေ့တွင် ကျန့်ရှမျိုးနွယ်များက အကောင်တစ်သန်းကျော် ရှိနေပြီဖြစ်သည်။ သို့သော် ၎င်းတို့က အုပ်ချုပ်သူအဆင့် သိုင်းသမားများအတွက် အန္တရာယ်မဟုတ်ပေ။ သူတို့သည် တိုက်ခိုက်မှုအနည်းငယ် ပစ်လွှတ်၍ ကျန့်ရှမျိုးနွယ်ဝင်များကို အနောက်သို့ လွင့်ထွက်သွားစေလိုက်ပြီး ကျန်းရီထံ လျင်မြန်စွာ ဦးတည်သွားနေသည်။ သူတို့သည် တပ်သားတစ်ထောင်၊ မြင်းသည်တစ်သောင်း အင်အားရှိသော စစ်တပ်ကြီးကို ဖြတ်၍ စစ်သူကြီးထံ တန်းတန်းမတ်မတ်သွားနေသည့် ဓားငါးလက်ကဲ့သို့ပင်။
ကျန်းရီသည် သူ့နေရာမှာပင် ဆက်တင်ပျဉ်ခွေထိုင်နေသည်။ သူ လှုပ်ရှားလိုလျှင်ပင် မလှုပ်ရှားနိုင်ပေ။ အုပ်ချုပ်သူအဆင့် သိုင်းသမား ငါးယောက်၏ အရှိန်အဝါက သူ့ကို ဖိနှိပ်ထားသည်။ ထို့ပြင် သူတို့၏ အမြန်နှုန်းက သူ၏ အမြန်နှုန်းထက် များစွာပိုမြန်ရာ သူ သူတို့လက်မှလွတ်အောင် ပျံပြေးနိုင်မည် မဟုတ်ချေ။
ကျန်းရီ ချီချင်ချန်ကို အပြင်မထုတ်ပေ။ ချီချင်ချန် အုပ်ချုပ်သူအဆင့်သို့ ရောက်ခဲ့သည်မှာ မကြာသေးပေ။ ထို့ကြောင့် ဤတိုက်ပွဲတွင် သူမကို အကူအညီတောင်းလျှင်လည်း အကျိုးရှိမည် မဟုတ်သည့်အပြင် အဆုံးအရှုံးပင် များသွားနိုင်သည်။ အဆိပ်ဝိညာဉ်မှာမူ ဤတိုက်ပွဲနှင့် ပို၍ပင် မသင့်တော်သေးသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် ရင်ဆိုင်ရလျှင် သူ ချက်ချင်း အသတ်ခံလိုက်ရနိုင်ပေသည်။
ထိုအခိုက်တွင် ကျန်းရီ၏မျက်လုံးများက ပိတ်နေ၏။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းမှနေ၍ သူ့ပတ်ပတ်လည်မှ လှုပ်ရှားမှုများကို စေ့စေ့စပ်စပ် အာရုံခံနေသည်။ သူ၏လက်နှစ်ဘက်ကလည်း စောင်းကြိုးများကို ခပ်ကြမ်းကြမ်း တီးခတ်နေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများက တိုက်ခိုက်ပြီးနောက် သူ ကျန့်ရှမျိုးနွယ်ဝင်များကို အမိန့်အသစ်ပေးလိုက်သည်။ ကျန့်ရှမျိုးနွယ်ဝင်များက တုံ့ဆိုင်းမနေခဲ့ပေ။ ၎င်းတို့၏ တိုက်ခိုက်မှုများကလည်း ပို၍ ပြင်းထန်လာသည်။ ပတ်ဝန်းကျင်တွင်လည်း အလောင်းများ ပိုများလာပေသည်။
ကောင်းကင်ဘုံမှ သခင်လေးများနှင့် သခင်မလေးများက ကျန်းရီကို သတ်လိုနေကြရာ ကျန်းရီက အခြားမည်သို့တတ်နိုင်ပါဦးမည်နည်း။ နှစ်ဘက်တွင် တစ်ဘက်သာ ရှင်သန်နိုင်မည်ဆိုလျှင် ကျန်းရီသည် ပြဿနာကို ဖြေရှင်းရန်အတွက် လည်စင်းပေးမည့်သူ မဟုတ်ပေ။
ပေတစ်သိန်း၊ ပေငါးသောင်း... ပေတစ်သောင်း...
“ကျား...”
အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ယောက်သည် ဧရာမလက်ဝါးရာတစ်ခုကို ရိုက်ထုတ်လိုက်၏။ ၎င်းလက်ဝါးရာက အလင်းတန်းများစွာအဖြစ် ပြောင်းလဲသွားကာ လွင့်ပြယ်သွား၏။ ကျန်းရီ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ ဗျပ်စောင်းတီးခတ်နေခြင်းကို ရပ်တန့်လိုက်သည်။ ထို အုပ်ချုပ်သူအဆင့် သိုင်းသမားက စွမ်းအားကြီး အာကာသတာအိုပုံသဏ္ဌာန် အာကာသရပ်တန့်ကို ထုတ်လွှတ်လိုက်ခြင်းပင်။
ထိုအာကာသတာအိုပုံသဏ္ဌာန်က အာကာသအနှစ်သာရနှင့် အတော်လေးဆင်တူသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ရန်ထျန်းဖန်၏ အာကာသအနှစ်သာရက အရာအားလုံးကို နှစ်စက္ကန့်သာ ရပ်တန့်နိုင်ခြင်းဖြစ်သည်။ ယခုအုပ်ချုပ်သူအဆင့် သိုင်းသမား၏ အာကာသရပ်တန့်မှာမူ အနီးရှိ အရာအားလုံးကို အချိန်အကြာကြီး ရပ်တန့်စေနိုင်ပေသည်။
“ဟုတ်ပြီ...”
အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ မျက်လုံးများ အရောင်လက်သွားကြ၏။ သူတို့၏လက်ထဲတွင် လက်နက်များ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့သည် ပြိုးပြိုးပျက်ပျက် လက်နေသော လက်နက်များနှင့်အတူ ကျန်းရီထံ လျင်မြန်စွာ ပျံဝင်သွားကြ၏။ ကျန်းရီ၏ကိုယ်ပေါ်တွင် ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်တစ်ထည် ရှိနေသည်။ ထို့ကြောင့် အဝေးမှ တိုက်ခိုက်မည်ဆိုလျှင် သူ့ကို မသတ်နိုင်လောက်ကြောင်း အုပ်ချုပ်သူအဆင့် သိုင်းသမားများ သိသည်။ သို့ဖြစ်၍ အားလုံးသည် ကျန်းရီအနီးသို့ ကပ်သွားရန် ပြင်ဆင်နေကြခြင်းပင်။
ယခုတွင် ကျန်းရီက မလှုပ်ရှားနိုင်တော့ပေ။ အကယ်၍ အုပ်ချုပ်သူအဆင့် သိုင်းသမားများကသာ သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ့တွင် အသက်များစွာ ရှိနေလျှင်ပင် သူ့ရုပ်ခန္ဓာက အရည်ပျော်သွားပေလိမ့်မည်။
“အာ...”
ဦးလေးချန် မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်၏။ သူသည် အခြား အုပ်ချုပ်သူအဆင့် သိုင်းသမား လေးယောက်နှင့်အတူ ကျန်းရီကို အဝေးမှနေ၍ လှမ်းတိုက်ခိုက်လို၏။ သို့သော် ထိုလေးယောက်က ကျန်းရီအနားသို့ ကပ်သွားရန် ကြံနေကြသည်။ သူက ကျန်းရီ၏ ကြောက်မက်ဖွယ်မီးတောက်များနှင့် တွေ့ကြံဖူးသည်။ သူ့ရင်ထဲတွင် အကြောက်တရားအနည်းငယ် ကျန်နေဆဲပင်။ ထိုမီးတောက်များက သူ့ကို မသေစေနိုင်လောက်သော်လည်း သူ အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်သည်။
‘ပြဿနာတော့ မရှိလောက်ဘူး မလား’
ကျန်းရီက မလှုပ်ရှားနိုင်သလို အုပ်ချုပ်သူအဆင့် သိုင်းသမား လေးယောက်က ကျန်းရီကို ပူးပေါင်းတိုက်ခိုက်ကြမည်ဖြစ်သည်။ ကျန်းရီက နောက်ဆုံးအခိုက်အတန့်တွင် မီးတောက်များကို ထုတ်လွှတ်နိုင်ခဲ့လျှင်ပင် ထိုအုပ်စု သေဆုံးသွားမည် မဟုတ်ပေ။ အလွန်ဆုံးမှ ဒဏ်ရာရသွားခြင်းလောက်သာ ရှိမည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် မသေသေးသ၍ အပြင်းထန်ဆုံး ဒဏ်ရာများကိုပင် ကုသနိုင်ကြပေသည်။
ရွှီး...
အာကာပြင်က ရပ်တန့်နေသဖြင့် ကျန်းရီ သူ၏ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်ပေ။ သို့သော် ယင်းက သူ၏ကောင်းကင်စွမ်းအားကိုပင် မထုတ်နိုင်ဟူသော အဓိပ္ပာယ် မဟုတ်ချေ။ မိုးမြေစွမ်းအားကို မသုံးနိုင်၊ မြက်ခင်းပြင်မီးတောက်များကို မထုတ်လွှတ်နိုင်ဟုလည်း မဆိုလို။
ကျန်းရီ၏ ခန္ဓာကိုယ်ထဲတွင် မိုးမြေစွမ်းအား နိုးထလာသည်။ ဤတစ်ကြိမ်တွင် သူသည် မီးဝိညာဉ်ပုလဲထဲမှ မြက်ခင်းပြင်မီးတောက်များကို မထုတ်လွှတ်လိုက်ဘဲ သူ၏နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ အသုံးမပြုရသေးသော ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်များကို ထုတ်လွှတ်လိုက်သည်။ ထိုခြောက်ရောက်ခြယ်ပေါင်းစည်းမီးတောက်များက မြက်ခင်းပြင်မီးတောက်များနှင့် နဝမမြောက်ကြယ်စက်လုံးထဲရှိ မူလ ငါးရောင်ခြယ်ပေါင်းစည်းမီးတောက်များကို ပေါင်းစည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းမီးတောက်များက မြက်ခင်းပြင်မီးတောက်များထက် အဆပေါင်းများစွာ ပိုစွမ်းအားကြီးသည်။ ကောင်းကင်ဘုရင်ယိုကို အရှင်လတ်လတ် လောင်ကျွမ်းပစ်လိုက်သည်မှာလည်း ထိုမီးတောက်များပင်ဖြစ်သည်။
ကျန်းရီသည် သူနှင့် ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများကြားမှ ဆက်ဆံရေးက လုံးဝပျက်သုဉ်းသွားမည်ကို မလိုလားပေ။ သို့သော် ယခုတွင် သူ ရှင်နိုင်၊ မရှင်နိုင်ပင် မသေချာတော့သဖြင့် သူ့တွင် ကြောက်ရွံ့စရာ မရှိတော့ချေ။
မည်သို့ဆက်လုပ်ရမည်ကို မဆုံးဖြတ်သေးခင် ကောင်းကင်ကို ထိုးဖောက်ရပေမည်။
ရွှက်...ရွှက်...
အုပ်ချုပ်သူအဆင့် သိုင်းသမားလေးယောက်က ကျန်းရီနှင့် မီတာသုံးရာအတွင်း ရောက်လာသောအခါ ကျန်းရီ၏ ရပ်တန့်နေသော ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားလာ၏။ မိုးမြေစွမ်းအား၏ အထောက်အပံ့ကြောင့် သူ၏ရုပ်ခန္ဓာက အဆတစ်ရာကျော်ပို၍ သန်မာနေသည်။ ယခုတွင် သူက ချီချင်ချန်ထက်ပင် ပိုသန်မာနေပြီဖြစ်သည်။ အာကာသရပ်တန့်က သူ့ကို ဆက်ချုပ်မထားနိုင်တော့ပေ။
“သေပေတော့...”
ကျန်းရီ၏ ဘယ်ဘက်လက်မှနေ၍ ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်များ ထွက်လာ၏။ အလွန်လျင်မြန်စွာပင် ထိုမီးတောက်များက တောက်လောင်နေသော တိမ်များကဲ့သို့ မီးလုံးများ ဖြစ်သွားကြ၏။ သူ ညာဘက်လက်ကို အရှေ့သို့ အကြိမ်များစွာ ရိုက်ထုတ်လိုက်သောအခါ လေနဂါးများစွာ ထွက်ပေါ်လာသည်။ ထိုလေနဂါးများက ပေါင်းစည်းမီးတောက်လုံးများကို သယ်ဆောင်၍ သူ့ထံ ပျံဝင်လာသော အုပ်ချုပ်သူအဆင့် သိုင်းသမား လေးယောက်ထံသို့ ဦးတည်ပျံထွက်သွားလေသည်။