← Chapters

အုပ်ချုပ်သူအဆင့် သိုင်းသမား နောက်တစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 116 Ch. 1613

အုပ်ချုပ်သူအဆင့် သိုင်းသမား နောက်တစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 116 Ch. 1613

မျိုးနွယ်ကြီးတိုင်းသည် သူတို့၏ သခင်လေးများနှင့် သခင်မလေးများကို ကာကွယ်ရန် ကိုယ်ရံတော်များ စေလွှတ်ပေးနိုင်ကြသည်။ သို့သော် ထိုကိုယ်ရံတော်များက မျိုးနွယ်၏ စွမ်းအားအကြီးဆုံး သိုင်းသမားများတော့ မဟုတ်ကြပေ။

မျိုးနွယ်ခေါင်းဆောင်တစ်ယောက်သည် ဉာဏ်ရည်နိမ့်သူ မဟုတ်လျှင် စွမ်းအားကြီး သိုင်းသမားအားလုံးတွင် သူတို့မာနနှင့်သူတို့ ရှိကြောင်းကို သိပေလိမ့်မည်။ သို့ဖြစ်ရာ ထိုသိုင်းသမားများက အဘယ်ကြောင့် လူငယ်တစ်စု သွားရာနောက်သို့ လျှောက်လိုက်နေရန် သဘောတူပါမည်နည်း။ ယခု အုပ်ချုပ်သူအဆင့် သိုင်းသမား လေးယောက်မှာလည်း အလွန်စွမ်းအားကြီးသည်ဟု မဆိုသာပေ။ ထို့ကြောင့် ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်များ ထွက်ပေါ်လာသည်နှင့် သူတို့ ဒုက္ခရောက်ရလေတော့သည်။

မီးတောက်များ ထွက်ပေါ်လာသည်နှင့် လေးယောက်သား ၎င်းမီးတောက်များ၏ စွမ်းအားကို ခံစားရလိုက်၏။ ထိုအခိုက်တွင် သူတို့ ချက်ချင်း ထွက်မပြေးပါက အရှင်လတ်လတ် မီးလောင်ကျွမ်းသွားတော့မည်ဖြစ်ကြောင်းကို သူတို့ သိသွားကြသည်။ သူတို့ ထွက်ပြေးနိုင်ခဲ့လျှင်ပင် အသက်ရှင်နိုင်လိမ့်မည်ဟု အတပ်မပြောနိုင်သေးပေ။ ထို့ကြောင့် သူတို့သည် ယခင်က ကောင်းကင်ဘုရင်ယို တုံ့ပြန်ခဲ့သလိုပင် တုံ့ပြန်လိုက်ကြသည်။ သူတို့ ဒွိဟဖြစ်နေကြသည်။

သူတို့သည် ကျန်းရီနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ အဆုံးအထိ တိုက်ခိုက်မည်ဆိုလျှင် ကျန်းရီကို သတ်နိုင်လောက်သည်။ သို့သော် အဆုံးသတ်တွင် သူတို့လည်း သေဆုံးရမည်ဖြစ်သည်။ ထွက်ပြေးမည်ဆိုလျှင်လည်း သေဆုံးသွားနိုင်ခြေ ရှိနေသေးသည်။ ယင်းမှာ ရွေးချယ်ရခက်ပေသည်။ နောက်ဆုံးတွင် သုံးယောက်သည် ထွက်ပြေးရန် ဆုံးဖြတ်လိုက်၏။ သူတို့ အသက်ကို မရင်းနိုင်ပေ။ သူတို့အားလုံးသည် ကျန်းရီက ပမွှားလေးတစ်ယောက်ဖြစ်၍ သူ့ကိုသတ်ရန် မခက်လောက်ဟု‌ တွေးခဲ့ကြသည်။ သူတို့ အတွေးမှားခဲ့ပေပြီ။

တစ်ယောက်ကမူ အစွမ်းကုန်ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။ ကျန်းရီကို သတ်လိုက်လျှင် မီးတောက်များကိုလည်း ရှင်းပြီးသား ဖြစ်သွားလောက်သည်ဟု သူ တွေးမိသည်။ ထိုအခါ သူ၏ရှင်သန်နိုင်ခြေက တိုးလာပေလိမ့်မည်။

“တောင်စိမ်းပုဆိန်”

ထိုတစ်ယောက်သည် သူ့လက်ထဲမှ ဧရာမပုဆိန်ကြီးဖြင့် ကျန်းရီကို ခုတ်ရန် ဟန်ပြင်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏အခြားလက်တစ်ဘက်ထဲ၌ မီးဒဏ်ခံပုလဲတစ်လုံး ထွက်ပေါ်လာသည်။ သူ အစွမ်းကုန် ထုတ်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူ့တွင် မီးဒဏ်ခံပုလဲ ရှိ၍ပင်။ ထိုပုလဲက သူ့ကို နှစ်စက္ကန့်လောက်တော့ ကာကွယ်ပေးနိုင်လိမ့်မည်ဟု သူ တွေးပေသည်။

ဂျွက်...

သူက အလွန်နုံအခဲ့ပေသည်။ မီးဒဏ်ခံပုလဲက ရုတ်ခြည်း ကွဲအက်သွားသည်။ သို့သော် သူ့ပုဆိန်ကမူ ကျန်းရီထံ ဆက်ကျဆင်းသွားပြီး ကျန်းရီကို အနောက်သို့ လွင့်ထွက်သွားစေ၏။ ကျန်းရီအနောက်ရှိ မီးလောင်ကျွမ်းနေသော ကျန့်ရှမျိုးနွယ်ဝင်များလည်း ကျန်းရီနှင့်အတူ လွင့်ထွက်သွားကြသည်။

“မသေဘူးလား”

အုပ်ချုပ်သူအဆင့် သိုင်းသမား၏ မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွား၏။ သူက အစွမ်းကုန်သုံး၍ တိုက်ခိုက်ခဲ့ခြင်းပင်။ သို့သော် ကျန်းရီက မသေသွားပေ။ ယင်းအတွက် ရှင်းပြချက်တစ်ခုသာ ရှိသည်။ ကျန်းရီ၏သန်မာမှုက သူ့ထက် အားမနည်းချေ။

သူ အလွန်တုန်လှုပ်လာသည်။ ခြောက်ရောင်ခြယ်ပေါင်းစည်းမီး‌တောက်များက ဆန်းကြယ်စွမ်းရည်တစ်မျိုး မဟုတ်ပေ။ မီးတောက်အစစ်အမှန်များသာ။ ထို့ကြောင့် ကျန်းရီ ထိခိုက်သွားရုံနှင့် ၎င်းတို့က ပျောက်ကွယ်သွားမည် မဟုတ်ချေ။ ကျန်းရီ အသတ်ခံလိုက်ရလျှင်ပင် မီးတောက်များက ဤနေရာတွင် ဆက်ရှိနေဦးမည်ဖြစ်သည်။

“အား...”

သူ့အတွက် ထွက်ပြေးရန်အချိန် မကျန်တော့ပေ။ သူ့ခန္ဓာကိုယ်က မီးတောက်များ၏ လွှမ်းအုပ်မှုကို ခံလိုက်ရသည်။ ကြောက်မက်ဖွယ်အပူချိန်က သူ့တစ်ကိုယ်လုံးကို မီးတောက်လောင်သွားစေသည်။ သူ လေထဲတွင် တွန့်လိမ်၍ ဝမ်းခေါင်းသံကြီးဖြင့် နာကျင်တကြီး အော်ဟစ်လိုက်၏။ သူသည် အားလုံး၏အရှေ့တွင် ပြာချခံနေရသည်။ နောက်ဆုံးတွင် လေထဲ၌ သူ၏ရှေးဦးဝိညာဉ်ရတနာချုပ်ဝတ်နှင့် သိုလှောင်လက်စွပ်တို့သာ ကျန်ခဲ့သည်။ သူ၏ဧရာမတူကြီးကလည်း လေထဲတွင် ဝဲပျံနေပေသည်။

“အား...အား...”

“သခင်မလေး... ကျုပ်ကိုကယ်ပါ”

“သခင်လေး... ပြေးပါတော့”

ပတ်ပတ်လည်မှ ထွက်ပေါ်လာသော အော်ဟစ်သံများကိုလည်း ကြားနေရ၏။ ခြောက်ရောင်ခြယ်မီးတောက်များကြောင့် ထိုးတက်သွားသော ပတ်ဝန်းကျင်အပူချိန်က အလွန်ကြောက်မက်ဖွယ်ပင်။ ကျန့်ရှမျိုးနွယ်ဝင်အားလုံးလည်း မီးလောင်ကျွမ်းနေကြသည်။ ယခုတွင် ကီလိုမီတာငါးထောင် အဝန်းအဝိုင်းအတွင်းရှိ တိမ်ဖြူများအားလုံး လွင့်ပြယ်သွားပေပြီ။ ကြောက်မက်ဖွယ်အပူချိန်က လေထဲတွင် တံလျှပ်များ ထလာစေသည်။ ကျွန်ပေါ်မှ သဲများကလည်း နီရဲလာသည်။ အပင်များအားလုံး မီးလောင်ကျွမ်းသွားသည်။ ကျွန်းပေါ်တွင် စွမ်းအားကြီး သိုင်းသမား ငါးထောင်ကျော် ရှိသေးသည်။ သူတို့သည်လည်း လေထဲတွင် လူးလွန့်ကာ အော်ဟစ်နေကြသည်။ သူတို့၏‌‌အော်သံများက ကောင်းကင်ကိုပင် ဖောက်သွားကြပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

နောက်တွင်ချန်ခဲ့သော အုပ်ချုပ်သူအဆင့် သိုင်းသမား သုံးယောက်သည် သူတို့၏ သခင်လေးများ၊ သခင်မလေးများကို ကာကွယ်ပေးနိုင်ရန် ချက်ချင်း အသင့်ပြင်လိုက်ကြ၏။ သူတို့သည် အရှင်လတ်လတ် လောင်မြိုက်ခံနေရသော သူတို့၏ လက်အောက်ငယ်သားများနှင့် မျိုးနွယ်ဝင်များကို ကြည့်ကာ မျက်နှာသွေးဆုတ်လာကြသည်။ သခင်မလေးနှစ်ယောက်မှာလည်း တဆတ်ဆတ်တုန်ယင်နေကြပေသည်။

ဝှစ်...ဝှစ်...

ရှုပ်ထွေးနေသော အခြေအနေကြားတွင် ဦး‌လေးချန်နှင့် အခြားသူများသည် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးလိုက်ကြ၏။ ဦးလေးချန်က ဉာဏ်ကောင်းသည်။ သူသည် ကျန်းရီအနားကို ကပ်မသွားခဲ့သဖြင့် ဒဏ်ရာအပြင်းအထန် မရခဲ့ပေ။ သို့သော် အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားသုံးယောက်မှာမူ မီးကျွမ်းသွားကြသည်။ သူတို့မျက်နှာပေါ်တွင် မထိခိုက်ထားသောနေရာဟူ၍ မရှိတော့ချေ။ သူတို့သာ စောစောထွက်မပြေးခဲ့လျှင် အရှင်လတ်လတ် မီးလောင်ကျွမ်းခံလိုက်ရဦးမည်ဖြစ်သည်။

“ထွက်ပြေးတာလား”

အေးစက်စက်အသံတစ်သံက ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ ကျန်းရီသည် သတ်ဖြတ်အရှိန်အဝါများနှင့်အတူ အဝေးမှနေ၍ သူတို့ထံသို့ ပျံသန်းလာသည်။ သူသည် သခင်လေးများနှင့် သခင်မလေးများကို စိုက်ကြည့်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဒီနေ့ မင်းတို့အားလုံး သေရမယ်။ နောက်နှစ် ဒီရက်ကျရင် လူတွေက အသုံးမကျတဲ့ သခင်လေးတွေ သေသွားတာ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပွဲတော်ဆင်နွှဲကြလိမ့်မယ်။ မင်းတို့ အလှလေးနှစ်ယောက်ကတော့ ငါ့ရဲ့ ကိုယ်လုပ်တော် လုပ်ရမယ်”

ကျန်းရီသည် ပျံသန်းလာရင်း ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်လွှတ်နေသည်။ ထိုကျန့်ရှမျိုးနွယ်ဝင်များက သူ့အနောက်မှ ကပ်လိုက်လာကြသည်။ သူ့လက်ထဲတွင်လည်း ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်များ ရှိနေဆဲပင်။ သူ၏မျက်ဝန်းများက နီရဲနေပြီး သူ၏အနီရောင်ဆံပင်များက လေထဲတွင် ဝဲလွင့်နေသည်။ ထိုအခိုက်တွင် ကျန်းရီသည် ပြိုင်ဘက်ကင်းသော သေမင်းတစ်ပါးကဲ့သို့ပင်။

“အာ...”

ဦးလေးချန်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ရှေးဦးစွာ သူတို့၏ သတ်ဖြတ်အရှိန်အဝါများ ထိုးထွက်လာသည်။ သို့သော် ခေတ္တကြာပြီးနောက် သူတို့ ပြန်တည်ငြိမ်သွားကြသည်။ ကျန်းရီက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား တစ်ယောက်သာ။ သို့သော် သူတို့၏ ကျန်းရီအပေါ်အမြင်က အမျိုးမျိုး ပြောင်းလဲနေသည်။ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများက အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် အလွန်ကွာခြားသည်။ မိုးနှင့်မြေ၊ နဂါးနှင့်ပုရွက်ဆိတ်လောက် ကွာခြားသည်။

သို့သော် ယခုတွင် ပုရွက်ဆိတ်က ဧရာမနဂါးကြီးတစ်ကောင်ကို သတ်ပစ်လိုက်ပေပြီ။ ထိုဧရာမနဂါးကြီးသည် ပုရွက်ဆိတ်ကို တစ်ချက် တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ပုရွက်ဆိတ်က ဒဏ်ရာပင် ရမသွားခဲ့ပေ။ အားလုံး ရင်ခုန်မြန်နေကြသည်။ ကျန်းရီထံတွင် မည်သည့်ဝှက်ဖဲများ ရှိသေးကြောင်းကို မည်သူမှ မသိပေ။ အကယ်၍ သူက သခင်လေး၊ သခင်မလေး အားလုံးကို သတ်လိုက်မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။

“ပြန်ဆုတ်ကြ...”

ကျန်နေသေးသော အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် ကျန်းရီကို သတ်လိုသေးသော်လည်း သူတို့၏ သခင်လေးများ၊ သခင်မလေးများ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်ကြပေသည်။ ထို့ကြောင့် သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကြယ်တာရာမြို့ထဲတွင် အခြား စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ သူတို့ နောက်တစ်ခေါက်မှ လက်စားချေနိုင်သည်။ သို့သော် သူတို့၏ သခင်လေးများ၊ သခင်မလေးများ ဒဏ်ရာရသွား၍ မဖြစ်ပေ။

ဝှစ်...

ရုတ်ခြည်းပင် အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် သခင်လေး၊ သခင်မလေး ရှစ်ယောက်ကို ခေါ်ဆောင်၍ အဝေးသို့ အမြန်ဆုံး ပျံသန်းသွားကြသည်။ ကံကောင်းထောက်မ၍ ရှင်သန်ခဲ့သည့် ဘွဲ့ထူးရစစ်နတ်ဘုရားများနှင့် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များသည်လည်း အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြသည်။ ကျန်းရီသည် ရုတ်တရက် လေထဲတွင် ရပ်တန့်လိုက်ပြီး စက္ကန့်အနည်းငယ် စောင့်နေလိုက်၏။ ထို့နောက် သူ့ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာသည်။

ဟုတ်၏။

ကျန်းရီသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို ခြောက်လွှတ်လိုက်ခြင်းသာ။ မဟုတ်လျှင် ထိုလူများက အစွမ်းကုန်သုံး၍ တိုက်ခိုက်ကြပေလိမ့်မည်။ ထိုအခါ သူလည်း နေရာမှာပင် သေဆုံးရမည်ဖြစ်သည်။ အမှန်တွင် သူ့ကိုယ်ထဲရှိ အရိုးတစ်ဝက်ကျော်လောက်က ကျိုးသွားခဲ့ပေပြီ။ ဤနေရာတွင် ကောင်းကင်စိတ်အာရုံများကို မသုံးနိုင်၍သာ တော်သေးသည်။ မဟုတ်လျှင် အစောကတည်းက သူ့အခြေအနေ ပေါ်သွားမည်ဖြစ်သည်။

အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က အစွမ်းကုန်ထုတ်သုံး၍ တိုက်ခိုက်လိုက်ခြင်းဖြစ်ရာ ကျန်းရီက ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း၊ သူ၏ရုပ်ခန္ဓာက အုပ်ချုပ်သူအဆင့် သိုင်းသမားနှင့်ပင် ယှဉ်နိုင်နေသော်လည်း ဒဏ်ရာရသွားပေသေးသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်နေခဲ့သည်။ သူ၏ မဟာနတ်ဘုရားအတတ်နှင့် မိုးမြေစွမ်းအားကြောင့်သာ မဟုတ်လျှင် ကျန်းရီ သေပြီးနေလောက်ပေပြီ။

ရွှီး...

ဟွင့်သွမ့်ချီပုလဲက လင်းလက်လာ၏။ ကျန်းရီ အဆိပ်ဝိညာဉ်ကို အပြင်ထုတ်ကာ ပြောလိုက်သည်။

“ရတနာတွေ အကုန်လုံးကို လိုက်သိမ်းလိုက်ပါ။ ပြီးရင် ဒီနေရာကနေ ချက်ချင်းထွက်သွားကြမယ်။ ကျွန်တော်တို့ ဒီနေရာကနေ အနည်းဆုံး ကီလိုမီတာငါးသိန်အကွာမှာ သွားပုန်းနေမှရမယ်”

ကျန်းရီသည် ပြောပြီးသည်နှင့် အားဖြည့်ဆေးလုံးတစ်လုံးကို သောက်၍ မျက်လုံးများမှိတ်လိုက်၏။ သူ သတိလစ်သွားသည်။ ထို့ကြောင့် အဆိပ်ဝိညာဉ် အလွန်ထိတ်လန့်သွား၏။ အဆိပ်ဝိညာဉ်သည် ကျန်းရီ၏ကိုယ်ထဲ ကောင်းကင်စွမ်းအားအနည်းငယ်ကို ထည့်ပေးလိုက်ပြီးနောက် ကျန်းရီကို သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပို့လိုက်လေသည်။

ထို့နောက် အဆိပ်ဝိညာဉ် လှည့်ပတ်ကြည့်လိုက်၏။ မြေပြင်ပေါ်တွင် အလောင်းများ ပုံနေပြီး လေထဲတွင် ရတနာများ ပြည့်နှက်နေသည်။ မီးလောင်ကျွမ်းနေဆဲဖြစ်သော ကျန့်ရှမျိုးနွယ်ဝင်များစွာလည်း ရှိနေသေးသည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ့အရှေ့မှ မြင်ကွင်းများအရ တိုက်ပွဲက မည်မျှပြင်းထန်ခဲ့မည်ကို သူ တွေးကြည့်နိုင်ပေသည်။

‘ရှေးဦးဝိညာဉ်ရတနာလား’

အဆိပ်ဝိညာဉ်၏ အကြည့်က ပုဆိန်နှင့် စစ်ချပ်ဝတ်အပေါ်သို့ ကျရောက်သွား၏။ ရှေးဦးဝိညာဉ်ရတနာက နှစ်ခု ရှိနေသည်လော။ သူ လျင်မြန်စွာ ပျံသန်းသွားလိုက်ပြီး ရတနာများကို သိမ်းယူလိုက်သည်။ သူ၏မျက်နှာထားက အလွန်တည်နေပေသည်။

အုပ်ချုပ်သူအဆင့် သိုင်းသမားများသာ ထိုမျှများသော ရှေးဦးဝိညာဉ်ရတနာများကို ပိုင်ဆိုင်ထားနိုင်သည်။ အစောတွင် ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမား နောက်တစ်ယောက်ကို သတ်ခဲ့ခြင်းဖြစ်မည်။ ထို့ပြင် ၎င်းအုပ်ချုပ်သူအဆင့် သိုင်သမားက ကောင်းကင်ဘုံ၏ မျိုးနွယ်ကြီးတစ်ခုမှဖြစ်သည်။ သခင်လေးများနှင့် သခင်မလေးများရော အသတ်ခံလိုက်ရသလောဟု အဆိပ်ဝိညာဉ် တွေးလိုက်၏။ မည်သို့ပင်ဖြစ်စေ အရှေ့လမ်းခရီးတွင် အန္တရာယ်များ သေချာပေါက် စောင့်ကြိုနေမည်ဖြစ်ကြောင်း သူ သိပေသည်။

‘ထွက်ပြေးရမယ်’

ကျန်းရီသည် အဆိပ်ဝိညာဉ်ကို ဤနေရာနှင့် အနည်းဆုံး ကီလိုမီတာငါးသိန်းအကွာသို့ ထွက်ပြေးရန် ပြောခဲ့သည်။ သို့သော် ထိုအကွာအဝေးက မလုံလောက်သေးဟု အဆိပ်ဝိညာဉ် ခံစားရသည်။ သူသာ အထက်ဘုံဆီ မည်သို့ပြန်သွားရမည်ကိုသိလျှင် ချက်ချင်းပင် အထက်ဘုံသို့ ပြန်သွားလိုက်မည်ဖြစ်သည်။ မကြာခင်တွင် ဟွင့်သွမ့်ပင်လယ်တစ်ခုလုံး ကျွမ်းထိုးမှောက်ခုန် ဖြစ်လာတော့မည်ကို သူသိသည်။ အကယ်၍ သူတို့သာ လုံခြုံသောနေရာတစ်ခုကိုရှာ၍ ပုန်းအောင်းမနေနိုင်လျှင် သူတို့သုံးယောက်စလုံး သေရပေလိမ့်မည်။

All Chapters