← Chapters

အတင်းဝင်မည်

Vol. 116 Ch. 1615

အတင်းဝင်မည်

Vol. 116 Ch. 1615

ကျန်းရီ၏စကားက မှန်၏။ ကောင်းကင်ဘုံမှ ထိပ်တန်း သခင်လေးများနှင့် သခင်မလေးများသည် ရတနာရှာပွဲတွင် မပါဝင်ပေ။ မဟာဧကရာဇ်လေးပါး၏ မျိုးနွယ်များကလည်း လူတစ်ယောက်မှ မစေလွှတ်ခဲ့ချေ။ အခြားထိပ်တန်းမျိုးနွယ်ကြီးများကလည်း တစ်ယောက်မှ မစေလွှတ်ခဲ့။ ဟွင့်သွမ့်ပင်လယ်သို့ ရောက်လာခဲ့သူများထဲတွင် သခင်မလေးကုန်းယန်၊ သခင်လေးတောက်ဖုန့်နှင့် သခင်မလေးဟယ်တို့သာ ထိပ်တန်းမျိုးနွယ်ကြီးများမှ ဖြစ်ကြသည်။

ဝှစ်...

တစ်ရက်ကြာပြီးနောက် အဆိပ်ဝိညာဉ် ပြန်ရောက်လာ၏။ သူသည် သူလျှိုလုပ်ခြင်းနှင့် သတင်းစုဆောင်းခြင်းတို့တွင် အလွန်တော်သည်။ သူ့မျက်လုံးများ၊ နားများမှ လွတ်သွားသော အဖြစ်အပျက်ဟူ၍ မရှိပေ။ အဆိပ်ဝိညာဉ် လက်ဆုပ်ကာ တင်ပြလိုက်သည်။

“အရှင်ငယ်၊ စစ်သူကြီး... မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာပါပြီ။ ကြယ်တာရာမြို့ထဲက လူတွေလည်း အဲ့သတင်းကို ရထားပါပြီ”

“ကျွန်မတို့ နေ့ဝက်နေရင် စထွက်ကြမယ်”

ချီချင်ချန်က ပြတ်သားစွာ အမိန့်ပေးလိုက်၏။ ကျန်းရီ ခေါင်းညိတ်လိုက်သည်။ အဆိပ်ဝိညာဉ်သည်လည်း မိစ္ဆာသတ်ဖြတ်နန်းတော်တွင် ဖြစ်ပျက်နေသည်များကို စုံစမ်းရန် ပြန်ထွက်သွားသည်။ ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကိုကိုင်ရင်း မဟာနတ်ဘုရားအတတ်နှင့် အနှစ်သာရတို့ကို သိမြင်နားလည်နိုင်ရန် ကြိုးစားနေခဲ့သည်။ ချီချင်ချန်သည် ကျန်းရီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် သိလိုစိတ်ကို ဆက်မထိန်းနိုင်တော့ဘဲ မေးလိုက်လေသည်။

“ကျန်းရီ... ရှင်က ဘာလို့ ကျင့်ကြံနေတုန်း အဲ့သစ်ရွက်ကို ကိုင်ထားရတာလဲ။ အဲ့ဒါက ဘာအတွက် ကောင်းလို့လဲ”

“ဟင်းဟင်း...”

ကျန်းရီ ပြုံးကာ လက်ထဲမှ နတ်ဘုရားသစ်ရွက်ကို ချီချင်ချန်အား လှမ်းပေးလိုက်သည်။

“စစ်သူကြီးရဲ့ ကောင်းကင်စွမ်းအားကို ဒီသစ်ရွက်ထဲထည့်ပြီး ကျင့်ကြံကြည့်လိုက်ပါ”

ချီချင်ချန်သည် နတ်ဘုရားသစ်ရွက်ကို မသင်္ကာဟန်ဖြင့်ကြည့်ပြီးမှ လှမ်းယူလိုက်၏။ ထို့နောက် သူမ နတ်ဘုရားသစ်ရွက်ထဲသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်သည်။ နတ်ဘုရားသစ်ရွက်က တောက်ပလာသည်။ ချီချင်ချန် မျက်လုံးမှိတ်ကာ ကျင့်ကြံကြည့်လိုက်၏။ ရုတ်ခြည်းပင် သူမ မျက်လုံးပြူးသွားပြီး ရေရွတ်လိုက်၏။

“ဒါ...ဒါက...”

“အဟင်း...”

ကျန်းရီ ရယ်လိုက်၏။ သို့သော် ရှင်းပြမနေပေ။ ချီချင်ချန်သည် နတ်ဘုရားသစ်ရွက်ကို အနီးကပ်ကြည့်ကာ တောက်ပသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ဒီသစ်ရွက်က နတ်ဘုရားသစ်ပင်ကလား။ အဲ့အရှင်မက ရှင့်ကို ပေးထားတာလား”

“ဟုတ်ပါတယ်”

ကျန်းရီ ပြန်ပြောလိုက်၏။

“မေးခွန်းတွေ အများကြီး မမေးပါနဲ့။ တကယ်တော့ ဘာလို့ သူက ကျွန်တော့်ကို အဲ့သစ်ရွက်‌ ပေးရလဲဆိုတာ မသိပါဘူး။ သူ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲက ထွက်သွားတာလား ဒါမှမဟုတ် ကျွန်တော့်ကို မတွေ့ချင်တာလားဆိုတာလည်း ကျွန်တော် မသိဘူး”

“ကောင်းကောင်းသိမ်းထားပါ။ ဒီသစ်ရွက်က တာအိုကောင်းကင်ဝိညာဉ်ရတနာထက်တောင် ပိုအဖိုးတန်တယ်”

ချီချင်ချန်သည် နတ်ဘုရားသစ်ရွက်ကို ကျန်းရီအား ပြန်ပေးလိုက်၏။ ထို့နောက် သူမ ကျန်းရီကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

“ရှင့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတာပဲ။ ကျွန်မ ရှင့်ကို အပြည့်အဝ နားမလည်နိုင်ဘူးလို့ အမြဲခံစားရတယ်”

“ဟင်းဟင်း...”

ကျန်းရီ ချီချင်ချန်ကို ပြုံးပြလိုက်သည်။

“ကျွန်တော့်မှာ တကယ်ပဲ လျှို့ဝှက်ချက်တွေ အများကြီး ရှိပါတယ်၊ ဒါပေမဲ့... ကျွန်တော် အဲ့လျှို့ဝှက်ချက်တွေကို စစ်သူကြီးကို ပြောမပြနိုင်ဘူး။ စစ်သူကြီးက ကျွန်တော့်ရဲ့ အမျိုးသမီး မဟုတ်ဘူးမလား”

“ဟွန့်...”

ချီချင်ချန် နှာခေါင်းရှုံ့လိုက်ပြီး ကျန်းရီကို စိုက်ကြည့်လိုက်၏။ ထို့နောက် ဒေါသသံလေးဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မက ရှင့်ထက် အကြီးပဲ။ ရှင့်ရဲ့ စကားတွေနဲ့ အပြုအမူတွေကို ဆင်ခြင်ပါ”

“အကြီးလား...”

ကျန်းရီ မကျေနပ်ဟန်ဖြင့် ပြန်ပြော၏။

“ကျွန်တော့်အမေ ကျော်ကြားချိန်တုန်းက စစ်သူကြီးက မွေးခါစပဲ ရှိဦးမယ်။ နောက်တော့ စစ်သူကြီးက ကျွန်တော့်အမေလောက် ကျော်ကြားလာခဲ့တယ်ဆိုပေမဲ့ ကျွန်တော့်အမေက စစ်သူကြီးထက် အကြီးပဲ။ အဲ့တော့ ကျွန်တော်နဲ့ စစ်သူကြီးက ဝါအတူတူပဲလို့ ပြောလို့ရတယ်။ ကျွန်တော့်ကို အကြီးဆိုပြီး ဩဇာပြဖို့ မလုပ်ပါနဲ့။ အထက်ဘုံမှာတောင် စစ်သူကြီးက ဆက်ကျော်သက်လို့ သတ်မှတ်ခံရတာ မဟုတ်လား။ ဘာလို့ စစ်သူကြီးက ကျွန်တော့်ထက် အကြီး ဖြစ်ရမှာလဲ။ စစ်သူကြီးက ကိုယ့်ကိုယ်ကိုယ် အသက်ကြီးအောင် လုပ်နေတာပဲ။ အဲ့လိုဆိုလည်း အခုကစပြီး ကျွန်တော် စစ်သူကြီးကို ဒေါ်လေးလို့ ခေါ်ရမလား”

“ဒေါ်လေး...”

ချီချင်ချန်သည် မည်သို့ ပြန်ပြောလိုက်ရမည်ကို မသိတော့ပေ။ ကျန်းရီက သူမကို ‘ဒေါ်လေး’ဟု ခေါ်ခြင်းက သူမ အမှန်ပင် အသက်ကြီးနေပြီဟု ခံစားရစေသည်။ အထက်ဘုံတွင် သူမက လူငယ်တစ်ယောက်သာ ရှိသေးသည်။ ထိုအခိုက်တွင် သူမ ကျန်းရီကို မည်သို့ပြန်တုံ့ပြန်ရမည်ကို မသိချေ။ နောက်ဆုံး သူမ ဒေါသဖြင့် မျက်နှာလွှဲကာ ဆက်ကျင့်ကြံလိုက်ပြီး ကျန်းရီနှင့် ဆက်ပြောမနေတော့ရန် ဆုံးဖြတ်လိုက်သည်။

“ဟင်းဟင်း...”

ကျန်းရီ ထပ်မံပြုံးလိုက်ပြီး မျက်လုံးပြန်မှိတ်၍ ဆက်ကျင့်ကြံလိုက်လေသည်။

***

ချီချင်ချန်နှင့် ကျန်းရီတို့သည် နေ့ဝက်နေလျှင် မိစ္ဆာသတ်ဖြတ်နန်းတော်သို့ သွားရန် ဆုံးဖြတ်ထားသည်။ အပြင်တွင် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို သူတို့ မသိပေ။ အချိန်ကျသောအခါ အဆိပ်ဝိညာဉ် ဝင်လာ၏။ ထိုမှ သူတို့နှစ်ယောက် မျက်လုံးဖွင့်လိုက်ကြသည်။

“အရှင်ငယ်၊ စစ်သူကြီး... အခု မြို့ထဲမှ အစောင့်အကြပ် လျော့လျဲနေပါတယ်။ ဒါပေမဲ့ မိစ္ဆာသတ်ဖြတ်နန်းတော်တစ်ဝိုက်မှာတော့ အစောင့် တင်းကြပ်ပါတယ်။ လူတစ်သိန်းကျော်လောက်က နန်းတော်ကို ဝန်းရံထားတယ်။ ကျွန်တော် နန်းတော်နားကို မကပ်ရဲပါဘူး”

အဆိပ်ဝိညာဉ်၏ တင်ပြချက်က ကျန်းရီနှင့် ချီချင်ချန်တို့ကို မျက်မှောင်ကြုတ်သွားစေ၏။ သူတို့ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ချီချင်ချန်က ကျန်းရီကိုကြည့်ကာ ပြောလိုက်သည်။

“ရှင် အထဲကို ဝင်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား”

“အထဲဝင်ဖို့က ပြဿနာမဟုတ်ပါဘူး”

ကျန်းရီ ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်သည်။

“ပြဿနာက ရတနာတွေကို ရပြီးရင် ဘယ်လို ပြန်ထွက်သွားမလဲ ဆိုတာပဲ။ ကျွန်တော်တို့ ပြန်ထွက်သွားနိုင်မယ်လို့ စစ်သူကြီး ယုံကြည်ချက်ရှိပါသလား”

“ကျွန်မရထားတဲ့ သတင်းတွေသာ မှန်ရင် အဲ့ဒါက ပြဿနာကြီး မဟုတ်လောက်ဘူး”

ချီချင်ချန် ရှင်းပြသည်။

“မိစ္ဆာသတ်ဖြတ်နန်းတော်မှာ ထွက်ပေါက်တွေ အများကြီးရှိတယ်လို့ ပြောကြတယ်။ အထဲကလူတွေက ကြိုက်တဲ့အချိန် အပြင်ကို တည်နေရာပြောင်းရွှေ့နိုင်တယ်။ ကျွန်မတို့သာ ကံမဆိုးရင် ကီလိုမီတာငါးသိန်းအကွာအထိ တည်နေရာပြောင်းရွှေ့နိုင်လိမ့်မယ်”

“အဲ့ဒါဆို ကျွန်တော်တို့ ဘာကို စောင့်နေဦးမှာလဲ”

ကျန်းရီ လက်ဝှေ့ယမ်းကာ ချီချင်ချန်ကို သူ၏ဟွင့်သွမ့်ချီပုလဲထဲ ပို့လိုက်၏။ ၎င်းနောက် သူနှင့် အဆိပ်ဝိညာဉ်တို့ ပုန်းကွယ်ခြင်းအတတ်ကို သုံးကာ ရဲတိုက်အပြင်သို့ ထွက်သွားလိုက်သည်။ လက်ရှိတွင် မြို့ထဲ၌ အမှန်ပင် အစောင့်အကြပ် လျော့လျဲနေပေသည်။ မြို့အထက်တွင်လည်း မည်သည့်အကာအရံမှ ရှိမနေပေ။

ထို့ကြောင့် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် မြို့ဂိတ်တံခါးမှ ထွက်မနေတော့ဘဲ ကောင်းကင်ထက်သို့ တိုက်ရိုက်ပျံတက်၍သာ မိစ္ဆာသတ်ဖြတ်နန်းတော်ဆီ ဦးတည်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် ထောက်လှမ်းရေးများ၊ ကင်းထောက်တပ်သားများနှင့် ကြုံရသည်။ သို့သော် ထိုသူများထံတွင် ပြဒါလုံးများ ရှိမနေပေ။ မည်သို့ပင်ဖြစ်စေ ကျန်းရီတို့သည် ထိုသူများကို အနားသို့ အကပ်မခံကြပါပေ။

သူတို့ အလွန်လျင်မြန်စွာ ပျံသန်းနေကြသည်။ နေ့တစ်ဝက်ကြာပြီးနောက်တွင် သူတို့ မိစ္ဆာသတ်ဖြတ်နန်းတော်၏ အနီးပတ်ဝန်းကျင်သို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ထောက်လှမ်းရေးများစွာ ရှိ၏။ ငါးကီလိုမီတာတိုင်းတွင်လည်း ကင်းထောက်တပ်ဖွဲ့တစ်ဖွဲ့စီ ရှိနေသည်။

ကျန်းရီတို့နှစ်ယောက် သူတို့၏အမြန်နှုန်းကို လျှော့ချလိုက်ပြီး ဘယ်ညာ ပျံသန်း၍ မိစ္ဆာသတ်ဖြတ်နန်း‌တော်ဆီ ဆက်သွားလိုက်ကြသည်။ တစ်နာရီကြာပြီးနောက် သူတို့နှစ်ယောက်သည် မိစ္ဆာသတ်ဖြတ်နန်းတော်ကို ဝန်းရံထားသော ဆယ်ချီ‌သော လူအလွှာများကို ဖြတ်ကျော်၍ ဝန်းရံမှု၏ အတွင်းအကျဆုံးအပိုင်းသို့ ရောက်သွားကြသည်။ သူတို့ ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးကို လှမ်းမြင်နိုင်လာပေပြီ။

မိစ္ဆာသတ်ဖြတ်နန်းတော်သည် အဝိုင်းပုံစံ အနက်ရောင်နန်းတော်တစ်ခု ဖြစ်ပြီး အချင်းဝက် သုံးကီလိုမီတာလောက် ကျယ်ဝန်းသည်။ နန်းတော်ထဲမှ အကျယ်အဝန်းမှာမူ အပြင်ကမြင်ရသည်နှင့် တူမည် မဟုတ်ကြောင်း ထင်ရှားသည်။ မဟုတ်လျှင် အချင်းဝက် သုံးကီလိုမီတာလောက် အကျယ်အဝန်းအတွင်း ရတနာများစွာကို အဘယ်သို့ ဖွက်ထားနိုင်ပါမည်နည်း။

အပြင်မှကြည့်လျှင် နန်းတော်က သုံးထပ်သာမြင့်သည်ဟု ထင်ရ၏။ နန်းတော်ဂိတ်တံခါးကလည်း တစ်ခုသာ ရှိသည်။ နန်းတော်နံရံများပေါ်တွင်မူ ဆန်းကြယ်၍ ထူးဆန်းသော ပုံသဏ္ဌာန်အမျိုးမျိုးကို ထွင်းထုထားသည်။ ကျန်းရီသည် ရွှေရောင်တောက်ပနေသော ဂိတ်တံခါးကို လှမ်းကြည့်၍ မျက်ခုံးပင့်လိုက်၏။ ထိုဂိတ်တံခါးအပြင်ဘက်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်နှစ်ဆယ်က စီစီရီရီ စီတန်းရပ်နေကြသည်။ သူတို့အယောက်တိုင်း ချပ်ဝတ် ဝတ်ဆင်ထားပြီး လက်နက်တစ်ခုစီ ကိုင်ထားကြသည်။ သူတို့က အပြင်လူများ နန်းတော်ထဲ မဝင်နိုင်အောင် တားဆီးနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထို့ပြင် သူတို့သည် မည်သူမှ ပြဿနာမရှာနိုင်အောင်လည်း ကာကွယ်မည်ဖြစ်သည်။

ဂိတ်တံခါးကို လူများစွာက စောင့်ကြပ်နေရာ ကျန်းရီတို့ ခိုးဝင်နိုင်မည် မဟုတ်ပေ။ သူတို့တွင် ရွေးချယ်စရာနှစ်ခုသာ ရှိသည်။ နန်းတော်ထဲသို့ အတင်းဝင်မည်လော သို့မဟုတ် ထိုလူများကို အဝေးသို့ မျှားခေါ်ထုတ်မည်လော။

“အဆိပ်ဝိညာဉ်... ခဏနေရင် ကျွန်တော်တို့ နှစ်ယောက်လုံး အတင်းတိုးဝင်ကြမယ်။ သူတို့နဲ့ သုံးကီလိုမီတာအကွာကို ရောက်ရင် ခင်ဗျားရဲ့ ကိုယ်ပွားအတတ်ကို ထုတ်သုံးလိုက်ပါ။ ပြီးတာနဲ့ ကျွန်တော့်ရဲ့ ဟွင့်သွမ့်ချီပုလဲထဲ တန်းဝင်လိုက်”

နောက်ဆုံးတွင် ကျန်းရီသည် အတင်းဝင်ရန် ရွေးချယ်လိုက်သည်။ ထိုလူနှစ်ဆယ်စလုံးကို မျှားခေါ်သွားနိုင်မည့် နည်းလမ်း မရှိပေ။ ထိုသို့လုပ်လျှင် အကျိုးမရှိသည့်အပြင် အန္တရာယ်နှင့်ပင် ကြုံရနိုင်သည်။ မိစ္ဆာသတ်ဖြတ်ပုလဲလုံး ရှိသူများက နန်းတော်ထဲ ဝင်သွားလောက်ပေပြီ။ ထိုလူများကမူ နန်းတော်ထဲ လိုက်ဝင်ခွင့် မရှိပေ။ ထို့ကြောင့် ကျန်းရီတို့သာ နန်းတော်ထဲ ဝင်နိုင်လိုက်မည်ဆိုလျှင် ထိုလူများ နောက်မှ လိုက်လာနိုင်တော့မည် မဟုတ်ချေ။

“သတိထားပါ အရှင်ငယ်”

အဆိပ်ဝိညာဉ်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် အသက်ပင် မရှူနိုင်တော့ပေ။ ကျန်းရီက လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် လက်ပစ်မြားနှစ်စင်းအလား အရှေ့သို့ ပျံသန်းသွားလိုက်လေသည်။ သူတို့က မိစ္ဆာသတ်ဖြတ်နန်းတော်၏ ဂိတ်တံခါးနှင့် ကီလိုမီတာသုံးဆယ်သာ ဝေးတော့သည်။ အကယ်၍ သူတို့ကိုသာ မည်သူမှ မတားလျှင် သူတို့ နှစ်စက္ကန့်အတွင်း နန်းတော်ထဲ ဝင်နိုင်ပေလိမ့်မည်။

သုံးဆယ်ကီလိုမီတာ၊ ဆယ့်ငါးကီလိုမီတာ... ဆယ်ကီလိုမီတာ...

“အဆိပ်ဝိညာဉ်...”

အဘိုးအိုတစ်ယောက်က သူတို့ဘက်သို့ လှမ်းကြည့်နေကြောင်း ကျန်းရီ တွေ့လိုက်၏။ တုံ့ဆိုင်းခြင်းမရှိဘဲ သူ အော်ပြောလိုက်သည်။ အဆိပ်ဝိညာဉ်သည် ရုတ်ခြည်း ကိုယ်ပြန်ဖော်၍ ကိုယ်ပွားရာကျော် ပွားထုတ်လိုက်သည်။ ကိုယ်ပွားအားလုံးသည် ဂိတ်တံခါးဝတွင် စောင့်ကြပ်နေကြသော အုပ်ချုပ်အဆင့် သိုင်းသမား အယောက်နှစ်ဆယ်ဆီ ပျံသန်းသွားလိုက်ကြလေသည်။

“အာ...”

အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်နှစ်ဆယ် အံ့အားသင့်သွားကြ၏။ ရာချီသော အဆိပ်ဝိညာဉ်များက သူတို့ထံ ပျံသန်းလာသည်ကို တွေ့လိုက်သောအခါ သူတို့ အလိုလို တိုက်ခိုက်လိုက်ကြသည်။ သို့သော် ဤနေရာတွင် သူတို့ ကောင်းကင်စိတ်အာရုံ မသုံးနိုင်ပေ။ ထို့ကြောင့် မည်သည့်အဆိပ်ဝိညာဉ်က အစစ်ဖြစ်ကြောင်းကို မည်သူမှ မခွဲခြားနိုင်ချေ။

ရွှီး...

အဆိပ်ဝိညာဉ်သည် ချက်ချင်းပင် ကျန်းရီ၏ ဟွင့်သွမ့်ချီပုလဲအတွင်း ဝင်လိုက်သည်။ ယင်းနောက် ကျန်းရီ ကိုယ်ပြန်ဖေါ်လိုက်ပြီး ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်များကို ထုတ်လိုက်၏။ သူ ၎င်းမီးတောက်များကို အရှေ့သို့ ပစ်လွှတ်၍ အော်ပြောလိုက်သည်။

“အားလုံး သေကြပေတော့”

အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်နှစ်ဆယ်သည် အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများကြောင့် အလုပ်များနေသည်။ ကျန်းရီ ထွက်ပေါ်လာချိန်တွင် သူတို့အားလုံး လန့်သွားကြသည်။ သို့သော် သူတို့ ကျန်းရီကို တိုက်ခိုက်ရန် တွေးလိုက်ချိန်၌ ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်များ ထွက်ပေါ်လာသည်။ အပူလှိုင်းတစ်လှိုင်းက သူတို့ထံ တလိပ်လိပ် ရောက်ရှိလာပြီး သူတို့၏ လှုပ်ရှားမှုများကို နှေးသွားစေသည်။ ထိုမီးတောက်များက အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် အရှင်လတ်လတ် လောင်ကျွမ်းပစ်နိုင်သည်။ သို့ဖြစ်ရာ သူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဂိတ်တံခါး၏ ဘေးတစ်ဘက်တစ်ချက်စီသို့ ခုန်ရှောင်လိုက်ကြ၏။

“မကောင်းတော့ဘူး”

သူတို့သည် သုံးကီလိုမီတာ နောက်ဆုတ်ပြီးနောက် မည်သည့်ကိစ္စ ဖြစ်ပျက်သွားခြင်းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားကြ၏။ သူတို့အားလုံး မိစ္ဆာသတ်ဖြတ်နန်းတော်ဂိတ်တံခါးဝဆီသို့ တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်ကြသည်။ သို့သော် ကျန်းရီက မိုးမြေစွမ်းအားကို သုံးထားသဖြင့် အလွန်လျင်မြန်နေသည်။ သူသည် ဝိညာဉ်တစ်ကောင်အလား နန်းတော်ဂိတ်တံခါးကို လျင်မြန်စွာ ဖြတ်ဝင်လိုက်လေသည်။

ရွှီး...

မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်လိုက်သောအခါ အဆိပ်ဝိညာဉ်နှင့် ချီချင်ချန်တို့သည် ထူးဆန်းသော စွမ်းအင်တစ်ခုက သူတို့ကိုယ်ပေါ်မှ ဖြတ်သွားကြောင်း ခံစားလိုက်ရ၏။ ကျန်းရီသည် မည်သည့်ကိစ္စဖြစ်နေကြောင်း သဘောပေါက်၍ မိစ္ဆာသတ်ဖြတ်ပုလဲကို လျင်မြန်စွာ ထုတ်လိုက်သည်။ ထိုအခါမှ သူတို့သုံးယောက်ကို မိစ္ဆာသတ်ဖြတ်နန်းတော်၏ အကာအရံများက လွှမ်းခြုံသွားသည်။ ၎င်းနောက် သူတို့ ဂိတ်တံခါးဝမှနေ၍ ပျောက်ကွယ်သွားလေသည်။

“ချီးပဲ...”

အုပ်ချုပ်သူအဆင့် သိုင်သမား အယောက်နှစ်ဆယ်သည် တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်စွာဖြင့် ကြည့်လိုက်ကြပြီး မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်နေကြ၏။ သူတို့က ဂိတ်တံခါးကို စောင့်ကြပ်ရမည်ဖြစ်သည်။ သို့သော် ထိုမကောင်းဆိုးဝါးကျန်းရီက နန်းတော်ထဲ အတင်းဝင်သွားခဲ့သည်။ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် ဆယ်ချီသော သခင်လေးများနှင့် သခင်မလေးများ ရှိနေသည်။ အကယ်၍ တစ်ခုခု ဖြစ်လာမည်ဆိုလျှင် သူတို့ သူတို့၏မျိုးနွယ်များကို မည်သို့ ဖြေရှင်းချက် ပေးရပါမည်နည်း။

“မြန်မြန်... ဒီကိစ္စကို မျိုးနွယ်ခေါင်းဆောင်ဆီ သတင်းပို့လိုက်”

အသံများ ဆူညံဆူညံ ထွက်ပေါ်လာသည်။ အားလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သူတို့၏ မျက်နှာထားများက တည်နေကြသည်။ ကြောက်မက်ဖွယ်ကိစ္စတစ်ခုခု ဖြစ်လာမည်ကို သူတို့ စိုးရိမ်နေကြပေသည်။

All Chapters