← Chapters

အင်အားသုံး၊ ဉာဏ်သုံး သို့မဟုတ် ကောက်ယူ

Vol. 116 Ch. 1616

အင်အားသုံး၊ ဉာဏ်သုံး သို့မဟုတ် ကောက်ယူ

Vol. 116 Ch. 1616

‘ဒီမိစ္ဆာသတ်ဖြတ်နန်းတော်က တကယ်တော့ ဧရာမ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကြီး တစ်ခုပဲ’

အဖြူရောင်အလင်း လက်သွားပြီး ကျန်းရီတို့ ထူထပ်သော တောအုပ်တစ်ခုထဲတွင် ပြန်ပေါ်လာသည်။ ကျန်းရီ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ သူ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။ ဤတစ်နေရာလုံးကို မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ပုံစံရေးဆွဲထားခြင်းဖြစ်ရာ ရတနာများသည် လူများစိတ်ကြိုက်ယူနိုင်ရန်အတွက် အခန်းများအတွင်း အဆင်သင့်ရှိနေလိမ့်မည် မဟုတ်ပေ။

“ကောင်းကင်စိတ်အာရုံ အလုပ်မလုပ်ဘူး”

ချီချင်ချန်သည် ခေတ္တမျှ စူးစမ်းကြည့်ပြီးနောက် ပြောလိုက်၏။ ဤနေရာတွင် ရတနာများကို ရရှိရန် မလွယ်ကူပုံပင်။ ရတနများ ရရှိနိုင်ရန် ကံတရားနှင့် အင်အား အပေါ်တွင် မူတည်သည်။

“အဆိပ်ဝိညာဉ်...”

ကျန်းရီက အော်ပြောလိုက်ရာ အဆိပ်ဝိညာဉ်သည် အဖြူရောင်အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲ၍ အရှေ့သို့သွားရောက် ထောက်လှမ်းလိုက်၏။ ကျန်းရီကမူ နေရာမှာပင် ဆက်ရပ်နေပြီး အထက်ရှိ ကျယ်ပြောသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မေးလိုက်သည်။

“စစ်သူကြီး... ဒီမှာ အထပ် ဘယ်နှစ်ထပ် ရှိလဲ”

“မသေချာဘူး”

ချီချင်ချန် ခေါင်းခါ၍ ပြန်ပြောသည်။

“ဒါပေမဲ့ အနည်းဆုံး နှစ်ထပ်တော့ ရှိမှာပေါ့။ ဘယ်သူမှ တတိယထပ်ကို မရောက်ဖူးသေးတော့ နောက်တစ်ထပ် ရှိသေးလားဆိုတာ ကျွန်မ မသေချာဘူး”

“နှစ်ထပ်တည်းလား”

ကျန်းရီ မျက်မှောင်ကြုတ်၍ ထပ်မေးလိုက်၏။

“မိစ္ဆာသတ်ဖြတ်ဓားနဲ့ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်တို့ကို ရှာတွေ့သွားပြီလား”

“မတွေ့သေးဘူး”

ချီချင်ချန် ယုံကြည်မှုရှိရှိဖြင့် ပြန်ဖြေ၏။

“ကောင်းကင်ဘုံမှာ အထက်ဘုံ မျိုးနွယ်တိုင်းက လူတွေ ရှိတယ်။ အဲ့ဒါကြောင့် ကောင်းကင်ဘုံက သတင်းတိုင်းက ကျွန်မတို့ဆီ ပြန်ရောက်တယ်။ တကယ်လို့ တစ်ယောက်ယောက်သာ မိစ္ဆာသတ်ဖြတ်ဓားနဲ့ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်ကို ရသွားပြီဆိုရင် ကောင်းကင်ဘုံတစ်ခွင်လုံးမှာ သတင်းတွေ ပျံ့နေတာ ကြာလောက်ပြီ”

“အဲ့ဒါဆို သွားကြတာပေါ့”

ကျန်းရီ လက်ဝှေ့ယမ်း၍ အရှေ့သို့ စလျှောက်သွားလိုက်၏။ ချီချင်ချန်က နာခံစွာဖြင့် သူ့နောက်က လိုက်လာသည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင် ချီချင်ချန် အတန်ငယ် မျက်နှာထား ပြောင်းလဲသွားသည်။ သူမ တစ်စုံတစ်ခုကို သဘောပေါက်သွားခြင်းပင်။ ကြည့်ရသည်မှာ သူမတို့၏ ပတ်သတ်မှုက ပြောင်းလဲသွားပုံပင်။ ယခင်တွင် ကျန်းရီက သူမနောက်မှ လိုက်ခဲ့သည်။ ယခုတွင်မူ သူမက ကျန်းရီနောက်မှ လိုက်နေရသည်။ ထို့ပြင် သူမသည် ကျန်းရီပြောသမျှကို များစွာမစဉ်းစားဘဲ လက်ခံနေမိပေသည်။

ကျန်းရီ၏ ဖြောင့်စင်းသော ကိုယ်နေဟန်ထားကို ကြည့်ရင်း ချီချင်ချန်၏ မျက်လုံးကလေးများ ရုတ်တရက် ဝေသွားသည်။ သူမက အားအင်နုနယ်၍ နာခံတတ်သော သခင်မလေးတစ်ယောက် မဟုတ်ပေ။ ဆိုရလျှင် သူမသည် စိတ်ဓာတ်ခိုင်မာပြီး မိမိလုပ်လိုရာကို ပွင့်ပွင့်လင်းလင်း လုပ်တတ်သူ ဖြစ်သည်။ ငယ်စဉ်ကတည်းက မိမိဘာသာ ဆုံးဖြတ်ချက်များ ချခဲ့သည်။ ဆောင်းဥတုအရှင်ပင် သူမ၏ အကျင့်စရိုက်ကို မပြောင်းလဲနိုင်ခဲ့ပေ။ ယခုတွင်မူ သူမ ကျန်းရီအပေါ် အတန်ငယ် မှီခိုလာမိသကဲ့သို့ ဖြစ်နေလေသည်။

မည်သည့်အရာက မှားသွားခြင်းနည်း။

ချီချင်ချန်က မပြောင်းလဲသေးကြောင်း ထင်ရှားသည်။ သို့ဖြစ်ရာ ကျန်းရီက ပြောင်းလဲသွားခြင်း ဖြစ်မည်။ ထိုယောက်ျားသည် ခေါင်းဆောင်ရန် မွေးဖွားလာသူတစ်ယောက်ကဲ့သို့ပင်။ လူများက သူ့နောက်သို့ လိုက်လိုစိတ်၊ သူ့အပေါ် ယုံကြည်လိုစိတ်၊ သူ၏အမိန့်များကို နာခံလိုစိတ် အလိုလို ဖြစ်မိကြသည်။

‘အဲ့ဒါက ယောက်ျားတွေရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုလား’

ချီချင်ချန်သည် ကျန်းရီအနောက်မှလိုက်ရင်း အတွေးနယ်ချဲ့မိနေသည်။ သို့သော် ကျန်းရီက ရုတ်တရက် ရပ်လိုက်ပြီး နောက်လှည့်၍ ချီချင်ချန်ကို စူးရှစွာကြည့်ကာ ပြောလိုက်သည်။

“စစ်သူကြီး... ဘာဖြစ်လို့လဲ။ ဒီနေရာမှာ အစီအရင်အမျိုးမျိုး ရှိနေနိုင်တယ်။ စစ်သူကြီးက ဘယ်လိုလုပ် သတိလက်လွတ်ဖြစ်နေရတာလဲ”

“အာ...”

ချီချင်ချန် အတန်ငယ် ရှက်ရွံ့သွား၏။ သူမ ကျန်းရီကို မျက်နှာချင်းဆိုင် မကြည့်ရဲဘဲ အပြစ်လုပ်မိသော ကလေးငယ်တစ်ယောက်ကဲ့သို့ ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူမ၏ ရှက်ရွံ့မှုက ရှက်ဒေါသအဖြစ် ပြောင်းလဲသွားသည်။ သူမ ခပ်ဆတ်ဆတ်လေး ပြောလိုက်သည်။

“ကျွန်မကို လာဆုံးမနေရအောင် ရှင်က ဘယ်သူမို့လို့လဲ”

ချီချင်ချန် အရှေ့သို့ ဆက်လျှောက်သွားလိုက်၏။ ကျန်းရီ ခေါင်းခါကာ သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

“ငါ တကယ်ပဲ မိန်းမတွေရဲ့စိတ်ကို နားကိုမလည်နိုင်ဘူး”

ငါးဆယ်ကီလိုမီတာ သွားပြီးသည်အထိ ထူးဆန်းသော သားရဲများ၊ အစီအရင်များနှင့် မကြုံရသေးပေ။ မည်သူတစ်ယောက်နှင့်မှလည်း မတွေ့ချေ။ မည်သည့်ရတနာကိုမှလည်း ရှာမတွေ့သေး။ ပတ်ပတ်လည်တွင် သစ်ပင်အိုကြီးများ၊ နွယ်ပင်အိုကြီးများနှင့်သာ ပြည့်နှက်နေသည်။ ထူးဆန်းသော အပင်များကလည်း ပေါများသည်။ ဤတောအုပ်က အဆုံးမရှိသကဲ့သို့ပင်။

အဆိပ်ဝိညာဉ်က ယခုအထိ ပြန်မလာသေးပေ။ ထို့ကြောင့် ကျန်းရီသည် ချီချင်ချန်နှင့်အတူ အရှေ့သို့သာ ဆက်သွားနေရသည်။ သူတို့၏မျက်ဝန်းများကမူ ဓားမြှောင်များကဲ့သို့ ပတ်ဝန်းကျင်ကို မပြတ်စူးစမ်းနေကြသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံများကို သုံးမရသဖြင့် သူတို့၏မျက်လုံးများအပေါ်တွင်သာ မှီခိုရမည်ဖြစ်သည်။

“အာ... ဒီသစ်ပင်က နည်းနည်းထူးဆန်းတယ်”

ကီလိုမီတာဆယ်ချီ ဆက်လျှောက်ပြီးနောက် ချီချင်ချန်က ရုတ်တရက် ရပ်တန့်၍ ဧရာမသစ်ပင်ကြီးတစ်ပင်ကို ကြည့်လိုက်၏။ ထိုသစ်ပင်က အတော်လေး ထူးဆန်းသည်။ ၎င်း၏သစ်ကိုင်းများက နွယ်ပင်များကဲ့သို့ အချင်းချင်းလိမ်ယှက်နေကြသည်။ ထိုလိမ်ယှက်နေသော သစ်ကိုင်းများက ဖြည်းညင်းစွာ ရွေ့လျားနေပုံပေါ်၏။ သို့သော် သစ်ရွက်များကတော့ လှုပ်ရှားမနေပေ။

“သတိထားပါ... အနားကို အရမ်းကပ်မသွားနဲ့”

ကျန်းရီသည် အသက်ရှိသော သစ်ပင်အိုကြီးများစွာကို မြင်ခဲ့ဖူးပေပြီ။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲရှိ နတ်ဘုရားသစ်ပင်ကလည်း ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်နေခဲ့သည်။ ကျန်းရီ မျက်လုံးများပိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ သစ်ပင်ကို အာရုံခံနိုင်ရန် ကြိုးစားလိုက်၏။ ထို့နောက် ရုတ်ခြည်းပင် သူ ဆောင်းဥတုပုလဲကို ထုတ်၍ ပုလဲထဲမှ ကျန့်ရှမျိုးနွယ်ဝင် အကောင်ဆယ်ကျော်ကို အပြင်ထုတ်လိုက်သည်။

“အရှေ့ကိုသွား”

ကျန်းရီက လက်ဟန်ပြလိုက်ရာ ကျန့်ရှမျိုးနွယ်ဝင်များက အရှေ့သို့ ပျံသန်းသွား၍ သစ်ပင်ကို ခုတ်ထစ်လိုက်ကြ၏။ သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာပြီး မီးပွားလေးများလည်း ဖြစ်ပေါ်လာသည်။ ထိုအခါ ချီချင်ချန်က တောက်ပသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ဒီသစ်ပင်က ရတနာတစ်ခုပဲ”

“အဟုတ်ပဲ... ဒါပေမဲ့ ကျွန်တော်တို့ ဒီအပင်ကို ဘယ်လို ခုတ်ယူကြမလဲ”

ကျန်းရီ ခါးသက်သက်ပြုံးကာ ဆိုသည်။

“သစ်ပင်တစ်ဝိုက်ကို ကြည့်လိုက်ပါ။ မကြာသေးခင်တုန်းက ဒီနေရာကို တခြားတစ်ယောက်ယောက် ရောက်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။ သူတို့လည်း ဒီရတနာကို ယူဖို့ ကြိုးစားခဲ့ကြပုံပင်၊ ဒါပေမဲ့ နောက်ဆုံးကြတော့ လက်လျှော့သွားခဲ့တယ်”

“အို့...”

ချီချင်ချန်သည် သစ်ပင်ကိုသာ အာရုံစိုက်နေခဲ့သဖြင့် သစ်ပင်တစ်ဝိုက်မှ လက္ခဏာများကို မမြင်ခဲ့ပေ။ ထိုအခိုက်တွင် သူမ သစ်ပင် ပတ်ပတ်လည်ရှိ လူလုပ်လက်ရာခြေရာများကို မြင်လိုက်ရသည်။ ထိုလက်ရာခြေရာများမှာ လတ်ဆတ်နေဆဲပင်။ သူမ သစ်ပင်ကို တစ်ပတ် ပတ်ကြည့်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

“ကျန်းရီ... ဒီသစ်ပင်ကို အရေးစိုက်မနေတော့ဘူး။ ဒါက ရှေးဦးဝိညာဉ်ရတနာတစ်ခု မဟုတ်ဘူး၊ အရမ်းထူးခြားတဲ့ သတ္တုတစ်မျိုးပဲ ဖြစ်မယ်။ အဲ့ဒါက ဘယ်လောက်အဖိုးတန်ပါစေ ရှေးဦးဝိညာဉ်ရတနာလောက်တော့ အဖိုးမတန်ဘူး။ ကျွန်မတို့ ဒီမှာ အချိန်မဖြုန်းတော့ဘူး”

“ဟင်းဟင်း...”

ကျန်းရီ မလှုပ်ပေ။ သူ မျက်လုံးထပ်မံမှိတ်လိုက်ပြီး နေရာတွင် ဆယ့်ငါးမိနစ်ကြာ ရပ်နေ၏။ ပြီးမှ သူ မီးနဂါးဓားကိုထုတ်၍ အနီးရှိ သစ်ပင်တစ်ပင်ကို ခုတ်ချလိုက်သည်။

ဝုန်း...

ထိုသစ်ပင်က သာမန်သစ်ပင်တစ်ပင်ဖြစ်၍ မီးနဂါးဓား၏ ခုတ်ပိုင်းမှုကို ခံလိုက်ရသည်။ ကျန်းရီသည် ပတ်ဝန်းကျင်မှ သစ်ပင်အချို့ကို ဆက်၍ခုတ်ပိုင်းလိုက်သည်။ ချီချင်ချန် နားမလည်နိုင်ဖြစ်နေ၏။ ကျန်းရီက အနီရောင်သစ်ပင်များကိုသာ ခုတ်ပိုင်းနေခြင်းဖြစ်ပြီး ကျန်သစ်ပင်များကို လျစ်လျူရှုထားပေသည်။

“အာ...”

ကျန်းရီက အနီရောင်သစ်ပင် ကိုးဆယ့်ကိုးပင်ကို ခုတ်ပိုင်းပြီးနောက် ထူးဆန်းသော ဧရာမသစ်ပင်ကြီးက ရုတ်တရက် လင်းလက်လာသည်ကို ချီချင်ချန် တွေ့လိုက်ရ၏။ နွယ်ပင်များကဲ့သို့သော သစ်ကိုင်းများကလည်း စတင်ရွေ့လျားလာပြီး အချင်းချင်း လိမ်ယှက်ထားရာမှ ခွဲထွက်လိုက်ကြသည်။

“ဒါက...”

ချီချင်ချန်သည် သစ်ပင်အလယ်ကို ကြည့်၍ မယုံနိုင်ဖြစ်နေ၏။ သူမ စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်သွားသလိုပင် ခံစားနေရသည်။ သစ်ပင်ထဲတွင် အစိမ်းရောင်ရတနာသေတ္တာတစ်လုံး ရှိနေသည်။ ထိုသေတ္တာက အလွန်အိုဟောင်းပြီး ၎င်းအပေါ်တွင် ဆန်းကြယ်သော သင်္ကေတပုံသဏ္ဌာန်များ ရှိ၏။ သေတ္တာသည်ပင် အတော်လေး အဆင့်မြင့်ရာ အထဲမှ ရတနာများကလည်း သာမန်မဖြစ်နိုင်လောက်ပေ။

ကျန်းရီက မျက်လုံးများ မှိတ်ထားဆဲဖြစ်ပြီး ခပ်လှမ်းလှမ်းတွင် မလှုပ်မယှက်ရပ်နေကြောင်း ချီချင်ချန် မြင်လိုက်၏။ ထို့ကြောင့် သူမ အရှေ့သို့ လက်ဆန့်တန်း၍ အစိမ်းရောင် ရတနာသေတ္တာကို ထိကိုင်ရန် လုပ်လိုက်သည်။ ထိုအခိုက်တွင် ကျန်းရီက ရုတ်တရက် အော်ပြောလိုက်လေသည်။

“အဲ့ဒါကို မထိနဲ့”

ချီချင်ချန်၏ လက်များ ရုတ်ခြည်း ရပ်တန့်သွား၏။ ကျန်းရီ အရှေ့သို့ လျင်မြန်စွာ ပြေးလာပြီး အလယ်အလတ်အဆင့် နတ်ဘုရားဓားရှည်တစ်လက်ကို ထုတ်၍ ထိုဓားဖြင့် သေတ္တာကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။

ရွှီး...

ဓားက သစ်ပင်အလယ်ကို ဖြတ်သွားသောအခါ သစ်ပင်တစ်ပင်လုံး တုန်ခါသွားပြီး သစ်ပင်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်လာသည်။ ဓားရှည်သည်လည်း ရုတ်ခြည်း အမှုန့်ဖြစ်သွားသည်။ ချီချင်ချန်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်နှာဖြူဖျော့သွား၏။ အကယ်၍ သူမ၏လက်များသာ သေတ္တာကို သွားထိမိလိုက်လျှင် ဓားရှည်ကဲ့သို့ပင် အမှုန့်ဖြစ်သွားပေလိမ့်မည်။

ကျန်းရီ ထပ်မံ၍ မျက်လုံးမှိတ်လိုက်ပြီး သေတ္တာကို အသေးစိတ် အာရုံခံလိုက်၏။ ထို့နောက် သူ နောက်ထပ်လက်နက်တစ်ခုကို ထုတ်၍ အရှေ့သို့ ထိုးစိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် မည်သည့်ပြဿနာမှ မရှိတော့ပေ။ ထိုမှ ကျန်းရီ လက်ဆန့်တန်း၍ သေတ္တာကို ယူလိုက်သည်။

ရွှီး...

သေတ္တာအတွင်းသို့ ကောင်းကင်စွမ်းအား ထည့်သွင်းပြီးနောက်တွင် သေတ္တာက လင်းလက်လာကာ ပွင့်သွားသည်။ သေတ္တာထဲတွင် တလက်လက်တောက်ပနေသော သစ်ရွက်ပုံစံ ကျောက်စိမ်းကြည်တစ်ခု ရှိနေ၏။ ချီချင်ချန်သည် ၎င်းကို ကြည့်ကာ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်၏။

“အဲ့ဒါက ဒဏ္ဍာရီလာ ကောင်းကင်မသေမျိုးသစ်ရွက်များ ဖြစ်နေမလား။ အဲ့သစ်ရွက်က နတ်ဘုရားအမြစ် သန်းတစ်ရာလောက် တန်တယ်။ အဲ့ဒါက စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ အဆင့်အမြင်ဆုံး ဝိညာဉ်ဆေးပဲ။ ကျန်းရီ... ရှင်က မယုံနိုင်စရာပဲ။ အဲ့ဒါကို အဲ့လိုယူရမယ်ဆိုတာ ရှင် ဘယ်လိုသိလဲ”

“အရမ်းရိုးရှင်းပါတယ်”

ကျန်းရီ ခပ်သဲ့သဲ့ပြုံးကာ ပြန်ပြောလိုက်သည်။

“တစ်ဘက်လူက ဘယ်လိုတွေးလောက်မလဲဆိုတာ စဉ်းစားရုံပါပဲ။ စစ်သူကြီးသာ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ဆို ကိုယ့်ရဲ့ ရတနာတွေကို သူများတွေ အလွယ်တကူ လာယူသွားမှာကို ခွင့်ပြုမှာလား။ မပြုဘူးပေါ့။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က အရမ်းတော်တယ်။ မဟုတ်ရင် သူက မဟာဧကရာဇ်တစ်ပါး ဖြစ်လာမှာ မဟုတ်ဘူး။ သူက ရတနာတွေအကုန်လုံးကို လူတွေ ယူနိုင်အောင် တမင်ချန်ခဲ့ပေးတာဆိုတာ့ အဲ့ရတနာတွေကို ယူလို့ရမှာကတော့ သေချာတယ်မလား။ စဉ်းစားရမှာက ရတနာတွေကို ဘယ်လိုယူရမလဲဆိုတာပဲ။ ကျွန်တော် တွေးမိသလောက်ကတော့ ရတနာတွေကို ယူနိုင်မဲ့နည်းလမ်း သုံးခု ရှိတယ်။ တစ်ခုက အင်အားသုံးတာ၊ နောက်တစ်ခုက ဉာဏ်ကိုသုံးတာ၊ တတိယတစ်ခုကတော့ ဒီအတိုင်း ကောက်ယူတာပဲ”

All Chapters