ယိုပေါက်တစ်ခု
Vol. 116 Ch. 1617
ချီချင်ချန်သည် ရှေးဟောင်းနယ်မြေပျက်အချို့နှင့် ဆန်းကြယ်နယ်မြေအချို့သို့သွားကာ ရတနာများ ရှာခဲ့ဖူးသည်။ သို့သော် ရတနာများကို ရယူနိုင်ရန် နည်းလမ်းအချို့ရှိကြောင်းကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ သူမ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“အင်အားသုံးတယ်၊ ဉာဏ်သုံးတယ်၊ ဒီအတိုင်း ကောက်ယူတယ်ဆိုတာတွေက ဘာအဓိပ္ပာယ်လဲ”
“အမြင်တစ်မျိုးပြောင်းပြီး တွေးကြည့်ပါ”
ကျန်းရီသည် အကြိမ်များစွာ ရတနာရှာထွက်ခဲ့ဖူးပြီး အတော်လေးလည်း အောင်မြင်မှု ရခဲ့သည်။ ထို့ကြောင့် ရတနာများကို ဝှက်ထားသူများ၏ အတွေးကို သူ အတန်ငယ် နားလည်နေပြီဖြစ်သည်။
ထိုကဲ့သို့သော ရတနာများကို ဝှက်ထားခဲ့သူများသည် အဆင့်တစ်ခုကိုရောက်ရန် အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရပေလိမ့်မည်။ သူတို့သည် မသေခင်တွင် သူတို့ပိုင်ဆိုင်ထားသည့် ရတနာအားလုံးကို နောင်လာနောင်သားများအတွက် ချန်ခဲ့လေ့ရှိကြသည်။ ထိုသို့ချန်ခဲ့ရခြင်းမှာလည်း လူငယ်များ ပိုမိုတိုးတက်လာနိုင်ရန် ကူညီပေးလို၍ပင်။
ရတနာ ချန်ခဲ့သူများက ဉာဏ်ကောင်းလေ့ရှိကြပြီး ထိပ်တန်းအဆင့် စွမ်းအားကြီး သိုင်းသမားများဖြစ်နေတတ်ကြသည်။ သူတို့သည် သူတို့၏ရတနာများကို အရည်အချင်းမရှိသူများ ရသွားမည်ကို သေချာပေါက် ခွင့်ပြုမည် မဟုတ်ပေ။ လုံလောက်အောင် မသန်မာသေးသူများက စွမ်းအားကြီး ရတနာများကို ရသွားပြီဆိုလျှင် သူတို့ကိုယ်သူတို့ပင် ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ရတနာချန်ခဲ့သူများသည် ရတနာရှာဖွေသူများ၏ အင်အားနှင့် ဉာဏ်ရည်တို့ကို စမ်းသပ်လိုကြပေသည်။ အင်အားသုံး၍ သို့မဟုတ် ဉာဏ်သုံး၍ ရတနာများကို ရယူခြင်းဆိုသည်မှာ ထိုစမ်းသပ်မှုများကို ကျော်ဖြတ်ခြင်းပင်ဖြစ်သည်။
အချို့ရတနာများကို ရယူနိုင်ရန် အင်အားလိုအပ်သည်။ ရတနာရှာသူတွင် လုံလောက်သော အင်အားရှိမည်ဆိုလျှင် လမ်းတစ်လျှောက်ရှိ အဟန့်အတားများကို ကျော်ဖြတ်ကာ ရတနာကို ရယူနိုင်မည်ဖြစ်သည်။ သို့သော် အချို့ရတနာများကို ယူနိုင်ရန်မူ ဉာဏ်ရည်လိုအပ်သည်။ ပိုင်ရှင်က သူ၏ရတနာများကို မည်သို့ ဖွက်ခဲ့လောက်သည်၊ ထိုရတနာများကို ရယူနိုင်ရန် မည်သည့်ဂယ်ပေါက်များ ချန်ပေးခဲ့လောက်သည်တို့ကို ပိုင်ရှင်၏အမြင်မှနေ၍ စဉ်းစားရမည်။ ယင်းမှာ ရတနာရှာသူနှင့် ရတနာပိုင်ရှင်ကြားမှ ဉာဏ်ရည်ပြိုင်ပွဲပင်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို သိမြင်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း သူ အဟန့်အတား အားလုံးကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တတိယနည်းလမ်းမှာမူ နားလည်ရန် အလွယ်ဆုံးဖြစ်သည်။ ကံကောင်းမှုဆိုသည်မှာလည်း လူတစ်ယောက်၏ အားသာချက်ပင်။ အချို့လူများသည် မွေးကတည်းက ကံကောင်းကြသဖြင့် ဘဝကို လွယ်လွယ်ကူကူ ဖြတ်သန်းနိုင်သည်။ ရတနာပိုင်ရှင်များသည် ကံကောင်းမှုကို ထည့်စဉ်းစားကာ ရတနာအချို့အား ကျပန်းနေရာများတွင် ထားခဲ့ကြသည်။ ကံကောင်းသူက ထိုရတနာများကို ရှာတွေ့မည်ဖြစ်သည်။
သို့သော် ထိုရတနာများက မူလရတနာများတော့ ဟုတ်မည် မဟုတ်ချေ။ ရတနာပိုင်ရှင်များသည် သူတို့၏ စွမ်းအားကြီးဆုံး ရတနာများကို ကံကောင်းသူတိုင်း ကောက်ယူနိုင်မည့် ကျပန်းနေရာများတွင် ထားခဲ့မည် မဟုတ်ပေ။
“ဪ... ကျွန်မ နားလည်ပြီ။ ကျန်းရီ... ရှင်က မယုံနိုင်စရာပဲ”
ချီချင်ချန် အတန်ငယ် ခေါင်းညိတ်လိုက်၏။ ကျန်းရီ ရှင်းပြလိုက်သည်နှင့် သူမ ချက်ချင်း နားလည်သွားသည်။ သူမသည် အကြိမ်များစွာ ရတနာရှာထွက်ခဲ့ဖူးသည်။ ရတနာများကို မည်သို့ရှာသင့်ကြောင်းကို သူမ အတန်ငယ် သိထားသော်လည်း တစ်ခါမှ လေးလေးနက်နက် မတွေးခဲ့ဖူးပေ။ ယခု ကျန်းရီက ရှင်းပြလိုက်သောအခါ သူမ အရာအားလုံးကို နားလည်သွားပေသည်။
“သွားကြစို့...”
ချီချင်ချန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူမသည် ရတနာများကို များစွာအရေးမစိုက်သော်လည်း ရတနာလိုက်ရှာရခြင်းကို ပျော်သည်။ ထို့ပြင် မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ၌ ရတနာလိုက်ရှာရခြင်းမှာ သူမတို့က မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်နှင့် အင်အားချင်း၊ ဉာဏ်ရည်ချင်း ယှဉ်ပြိုင်နေသကဲ့သို့လည်း ဖြစ်သည် မဟုတ်ပါလား။
ကျန်းရီသည် ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းကုတ်လိုက်ပြီး အနောက်မှ လိုက်သွားလိုက်သည်။ သူတို့နှစ်ယောက် တောအုပ်ကိုဖြတ်၍ လျင်မြန်စွာ သွားနေကြသည်။ နှစ်နာရီကြာ ဆက်သွားပြီးသည်အထိ သူတို့ မည်သူနှင့်မှ မတွေ့ရသေးပေ။ မည်သည့်ရတနာကိုမှလည်း ထပ်မတွေ့တော့ချေ။ အဆိပ်ဝိညာဉ်သည်လည်း ယခုအထိ ပြန်မလာသေးပေ။
ချီချင်ချန် ရပ်တန့်လိုက်ပြီး စိုးရိမ်သောမျက်နှာထားဖြင့် ကျန်းရီကို လှည့်ကြည့်လိုက်၏။
“အဆိပ်ဝိညာဉ် အန္တရာယ်ကြုံနေရတာများလား။ ဒီလောက်ကြာပြီကို သူက ဘာလို့ ပြန်မလာရသေးတာလဲ”
“ဟင်းဟင်း...”
ကျန်းရီက အလွန်ယုံကြည်မှုရှိစွာ ပြန်ပြောလိုက်သည်။
“တခြားနေရာတွေမှာဆိုရင် ကျွန်တော် နည်းနည်းလောက် စိုးရိမ်မိလိမ့်မယ်။ ဒါပေမဲ့ ပထမထပ်က တောအုပ်ဆိုတော့ စိတ်မပူပါနဲ့။ ဒီနေရာမှာ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်တောင် အဆိပ်ဝိညာဉ်ကို သတ်နိုင်မှာ မဟုတ်ပါဘူး။ သူက ထိပ်တန်း လုပ်ကြံရေးသမား၊ ထိပ်တန်း ထောက်လှမ်းရေးပါ။ သူ ကျွန်တော်တို့ကို ဒုတိယထပ်အဝင်ဝမှာ စောင့်နေတာ ဖြစ်မယ်”
ကျန်းရီက အလွန်ယုံကြည်မှု ရှိနေသဖြင့် ချီချင်ချန် စိုးရိမ်မနေတော့ဘဲ မေးစရာရှိသည်ကိုသာ မေးလိုက်သည်။
“အဲ့ဒါဆို ကျွန်မတို့ ဘယ်ဘက်ကို ဦးတည်သွားသင့်လဲ။ ဒီမိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှ တစ်ရက်ပဲ ရတနာရှာခွင့် ရမှာ။ ကျွန်မတို့ ဦးတည်ချက်မရှိဘဲ လျှောက်သွားမနေသင့်ဘူး မဟုတ်လား”
“ကျွန်တော်တို့မှာ ဘာရွေးချယ်စရာ ရှိသေးလို့လဲ”
ကျန်းရီသည် ခါးသက်သက်ပြုံး၍ ခေါင်းခါလိုက်၏။
“ကျွန်တော်တို့မှာ မိစ္ဆာသတ်ဖြတ်နန်းတော်ရဲ့ မြေပုံမှ မရှိတာ။ အဲ့တော့ ကံစမ်းပြီးပဲ ဒုတိယထပ်ရဲ့ဝင်ပေါက်ကို ရှာရမှာပဲ”
“ကျွန်မတို့ တောအုပ်အထက်ကနေ ပျံပြီးသွားမယ်ဆိုရင်ရော။ အဲ့လိုဆို ဝင်ပေါက်ကို ရှာရပိုလွယ်မယ်မလား”
ချီချင်ချန် အကြံပြုလိုက်သည်။ ကျန်းရီ သူမကို ခပ်သွက်သွက် တားလိုက်၏။ ထို့နောက် ဓားတစ်လက်ထုတ်ကာ ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်။
ရွှက်...ရွှက်...
ဓားသည် ကောင်းကင်ထက် ပေတစ်ထောင်အကွာအထိ မြင့်တက်သွားပြီးနောက် အဖြူရောင်အလင်း လက်လာ၏။ ထို့နောက် ထိပ်တန်းအဆင့် နတ်ဘုရားဓားမှာ ရုတ်ခြည်း အမှုန့်ဖြစ်သွားလေသည်။ ကျန်းရီသည် ဤနေရာထဲ ဝင်လာကတည်းက ပျံသန်းရန် တစ်ခါမှ မတွေးခဲ့ပေ။ သူသာ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ဆိုလျှင် ရတနာရှာသူများကို ကောင်းကင်ထဲတွင် ပျံသန်းခွင့်ပေးမည် မဟုတ်ပေ။ မဟုတ်လျှင် သူတို့ ဝင်ပေါက်ကို အလွယ်တကူ ရှာနိုင်သွားမည် မဟုတ်လော။
သို့ဖြင့် ကျန်းရီနှင့် ချီချင်ချန်တို့ မြေပြင်ပေါ်တွင်သာ ဦးတည်ချက်မဲ့ ဆက်ပြေးလွှားနေရသည်။ ဤပထမထပ်က အလွန်ကျယ်ပြောပုံပေါ်သည်။ အဆုံးသတ်ကို ယခုအထိ လှမ်းမမြင်ရသေးပေ။ သူတို့နှစ်ယောက် နာရီအနည်းငယ် ဆက်သွားပြီးသော်လည်း မည်သည်ကိုမှ ထပ်ရှာမတွေ့တော့။ မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်ခဲ့သည်မှာ ဆယ်ကြိမ်ကျော်ခဲ့ပြီဖြစ်သည်။ ကောင်းကင်ဘုံ မျိုးနွယ်ကြီးများမှ ပါရမီရှင် မည်မျှများများ ဤနန်းတော်ထဲ ဝင်ခဲ့ပြီးပြီနည်း။ ဤပထမထပ်၌ ရတနာများနှင့် ပြည့်နေခဲ့မည် ဆိုလျှင်ပင် ထိုရတနာများကို အခြားသူများက ယူသွားလောက်ပေပြီ။
“အာ... ကျွန်မ ရေသံကြားလိုက်သလိုပဲ။ အနီးမှာ မြစ်တစ်စင်း ရှိလောက်တယ်”
နောက်ထပ်တစ်နာရီ ဆက်လျှောက်ပြီးနောက် ချီချင်ချန်၏ အလွန်စူးရှသော အကြားအာရုံက မြစ်ရေစီးသံသဲ့သဲ့ကို ကြားလိုက်ရ၏။ နှစ်ယောက်သား အရှေ့သို့ ပြေးသွားကြည့်လိုက်ရာ အမှန်ပင် မြစ်ငယ်တစ်စင်းကို မြင်လိုက်ရသည်။ မြစ်က ရေစီးအလွန်သန်သော်လည်း မကျယ်၊ မနက်ပေ။ မြစ်ရေက အလွန်တိမ်သဖြင့် မြစ်ကြမ်းပြင်ကိုပင် မြင်နေရသည်။ မြစ်ထဲ၌ မည်သည့်သက်ရှိမှ မရှိပေ။ ငါးငယ်တစ်ကောင်ပင် ရှိမနေ။
ချီချင်ချန်သည် လှမ်းကြည့်လိုက်ပြီးနောက် မြစ်တွင် မည်သည့်ထူးခြားမှုမှ မရှိကြောင်း တွေ့သောအခါ ဆက်မကြည့်တော့ချေ။ သူမ မြစ်ကိုဖြတ်၍ အရှေ့ကို ဆက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် ကျန်းရီက မလှုပ်ပေ။ သူ မျက်လုံးများပင် မှိတ်လိုက်သည်။
‘မြစ်မှာ ထူးခြားတာတစ်ခုခု ရှိနေလို့လား’
ယခုတွင် ချီချင်ချန်သည် ကျန်းရီကို အလွန်ယုံကြည်နေပြီဖြစ်၍ မြစ်ကို ပြန်၍ကြည့်ကာ စေ့စေ့စပ်စပ် စူးစမ်းလိုက်၏။ သို့သော် ငါးမိနစ်ကြာအောင် စူးစမ်းပြီးသည်အထိ သူမ မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့ချေ။ ထို့ကြောင့် ကျန်းရီ မျက်လုံးပြန်ဖွင့်လာမှ သူမ စိတ်ဝင်တစား မေးလိုက်ရသည်။
“ကျန်းရီ... မြစ်မှာ ထူးခြားတာ ရှိလို့လား”
“ရှိတယ်...”
ကျန်းရီက ခေါင်းညိတ်၍ အလွန်သေချာစွာဖြင့် ပြန်ပြောလိုက်၏။
“ကျွန်တော်မှန်းတာ မမှားရင် ကျွန်တော်တို့ ဒုတိယထပ်ရဲ့ ဝင်ပေါ်ကို တွေ့ပြီ”
“ဟင်...”
ချီချင်ချန် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ အလွန်သာမန်ဆန်သော မြစ်တစ်စင်းထဲတွင် ဒုတိယထပ်၏ဝင်ပေါက် ရှိနေသည်လော။
“မြစ်အောက်ပိုင်းက ဝင်ပေါက်လား”
ချီချင်ချန် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“မဟုတ်ပါဘူး... မြစ်အထက်ပိုင်းကပါ”
ကျန်းရီ ရှင်းမပြတော့ဘဲ မြစ်ကမ်းတစ်လျှောက်အတိုင်း အထက်သို့ ပြေးသွားလိုက်သည်။ ချီချင်ချန် နောက်မှသာ လိုက်လာနိုင်သည်။ အဘယ်ကြောင့် ကျန်းရီက ထိုသို့ကောက်ချက်ချရကြောင်းကိုလည်း သူမ အဆက်မပြတ် မေးလာသည်။ သို့သော် ကျန်းရီက ပြုံးရုံသာ ပြုံးပြီး မည်သို့မှ ပြန်မပြောပေ။
ဝှစ်...
နှစ်နာရီကြာ ပြေးပြီးနောက် ကျန်းရီတို့ထံသို့ လူရိပ်တစ်ခု လွင့်မျောလာ၏။ ချီချင်ချန်သည် ထိုလူရိပ်ကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။ သို့သော် ကျန်းရီက ပြုံး၍ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့... အဆိပ်ဝိညာဉ် ပြန်လာတာပါ။ သူ ဝင်ပေါက်ကို ရှာတွေ့ထားပြီ ဖြစ်ရမယ်”
မျှော်လင့်ထားသလိုပင်...
လူရိပ်မှာ အဆိပ်ဝိညာဉ်ပင်။ အဆိပ်ဝိညာဉ်သည် လက်ဆုပ်၍ ပြောလိုက်၏။
“အရှင်ငယ်၊ စစ်သူကြီး... ကျွန်တော် ဒုတိယထပ်ရဲ့ဝင်ပေါက်ကို ရှာတွေ့ထားပါပြီ။ ဝင်ပေါက်က အရှေ့ ကီလိုမီတာထောင်ကျော်မှာပါ။ မြစ်တစ်လျှောက် လိုက်သွားမယ်ဆိုရင် ဂူတစ်လုံးထဲ ရောက်သွားပါလိမ့်မယ်။ ဝင်ပေါက်က တော်တော်လုံခြုံတာ... ကျွန်တော် တော်တော်ကြာအောင် ရှာလိုက်ရတယ်”
“အံ့ဩစရာပဲ...”
ချီချင်ချန်သည် ကျန်းရီကို အံ့ဩတကြီးကြည့်၍ ထပ်မံမေးလိုက်သည်။
“ကျန်းရီ... ဝင်ပေါက်က မြစ်အထက်ပိုင်းမှာဆိုတာ ရှင်ဘယ်လိုသိလဲ”
“အရှင်ငယ်က သိတယ်လား”
အဆိပ်ဝိညာဉ်လည်း အံ့အားသင့်သွားသည်။
“ဟင်းဟင်း...”
ကျန်းရီ ခပ်ရေးရေးပြုံးကာ ပြန်ပြောလိုက်သည်။
“သဘောတရားက အရမ်းရိုးရှင်းပါတယ်။ စစ်သူကြီးက သတိမထားမိဘူးထင်တယ်။ ပထမထပ်ရဲ့ မြေမျက်နှာသွင်ပြင်က မြေပြန့်တစ်ခုလို ပြန့်စင်းနေတယ် မဟုတ်လား။ အဲ့ဒါဆို ဘာလို့ မြစ်က ရေစီးအရမ်းသန်နေရတာလဲ။ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်။ မြစ်အစက အရမ်းမြင့်တဲ့နေရာကမို့လို့ပဲ။ ဒီမြစ်က ဒုတိယထပ်ကနေပြီး စီးဆင်းလာတာဖြစ်မယ်။ အဲ့ဒါက ဖြစ်နိုင်ခြေပေါ့၊ တကယ်ဟုတ်မဟုတ်ဆိုတာကိုတော့ ကျွန်တော်တို့ ရေဆန်အတိုင်း လိုက်သွားလိုက်ရင် သိရမယ် မဟုတ်လား”
“ရှင် ရှင်းပြတော့လည်း အဓိပ္ပာယ်ရှိသားပဲ”
နောက်ဆုံးတွင် ချီချင်ချန် နားလည်သွားသည်။
“မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ရတနာရှာသူတွေ ဒုတိယထပ်ကို ရှာတွေ့နိုင်အောင် အဲ့သဲလွန်စကို တမင်ချန်ပေးခဲ့တဲ့ပုံပဲ”
“မဟုတ်ဘူး...”
ကျန်းရီ ခေါင်းခါလိုက်၏။ သူ မြစ်အထက်ပိုင်းကို ငေးကြည့်ကာ ပြောလိုက်သည်။
“မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ဒီလောက်သိသာတဲ့ သဲလွန်စတစ်ခုကို ချန်ခဲ့မှာ မဟုတ်ဘူး။ ဒီသဲလွန်စက ဒုတိယထပ်က အကာအရံတစ်ခု ပျက်စီးသွားလို့ ဖြစ်ပေါ်လာတာဖြစ်မယ်။ အဲ့ဒါကြောင့် မြစ်ဖြစ်လာတာ။ အဓိပ္ပာယ်ကတော့ ဒုတိထပ် ပေါက်သွားပြီး ယိုပေါက်တစ်ခု ဖြစ်လာတာပဲ။ အခု ဒုတိယထပ်မှာ စွမ်းအားကြီး သိုင်းသမားတွေ အများကြီး ရှိနေလောက်တယ်။ ကျွန်တော်တို့ အဲ့ကိုရောက်ရင် သတိထားရမယ်... အရမ်းသတိထားရမယ်”