← Chapters

ခင်ဗျားတို့ သေရမှာ မကြောက်ဘူးလား

Vol. 116 Ch. 1618

ခင်ဗျားတို့ သေရမှာ မကြောက်ဘူးလား

Vol. 116 Ch. 1618

“ဝင်ပေါက်က တော်တော်ကို လုံခြုံတာပဲ”

ကျန်းရီ၊ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ မြစ်ကြောင်းအတိုင်း လျှောက်ကာ ဂူတစ်လုံးထဲ ဝင်လိုက်ကြသည်။ မြစ်သည် ထိုဂူထဲမှ ပန်းထွက်နေခြင်းပင်။ ၎င်းက ရေပန်းတစ်ခုနှင့်ပင်တူသည်။ သေချာသာ အာရုံမစိုက်လျှင် မည်သူမှ ၎င်းကို သတိပြုမိလိမ့်မည် မဟုတ်ချေ။

ထို့ပြင် ဂူထဲသို့ ကီလိုမီတာဆယ်ကျော် ဝင်ပြီးနောက်တွင်ပင် မည်သည်ကိုမှ ရှာမတွေ့သေးပေ။ ဂူထဲ၌ အလင်းတစ်စပင် မရှိချေ။ ကောင်းကင်စိတ်အာရုံကိုလည်း အသုံးပြု၍ မရရာ သာမန်လူများဆိုလျှင် ဂူထဲမှ ပြန်ထွက်သွားပြီဖြစ်သည်။

အဆိပ်ဝိညာဉ်အတွက်မူ ထိုဝင်ပေါက်ကို ရှာတွေ့ရန် အလွန်လွယ်ကူသည်။ သူသည် အရှေ့မှ ဝင်သွားသော သခင်လေးများနှင့် သခင်မလေးများကို ခြေရာခံ၍ လိုက်ရုံပင်။ သူက ခြေရာခံရာတွင် အတော်ဆုံးလူတစ်ယောက် မဟုတ်ပါလား။ အသေးအဖွဲလေးကအစ သူ့မျက်လုံးမှ မလွတ်နိုင်။ သခင်လေးများနှင့် သခင်မလေးများကလည်း သေချာပေါက် ခြေရာလက်ရာများ ကျန်ခဲ့မည်ဖြစ်သည်။

“အရှေ့မှာပဲ”

နောက်ထပ်ကီလိုမီတာအနည်းငယ် သွားပြီးနောက် အဆိပ်ဝိညာဉ်က ပြောလိုက်၏။ ကျန်းရီ မီးနဂါးဓားနှင့် ကျန့်ရှမျိုးနွယ်ဝင် ဆယ်ကောင်ကျော်ကို ထုတ်လိုက်သည်။ ချီချင်ချန်သည်လည်း အနီရောင်ဓားပျော့ကို ထုတ်လိုက်သည်။ သူမကိုယ်ပေါ်တွင်လည်း စစ်ချပ်ဝတ်တစ်ထည် ထွက်ပေါ်လာသည်။ သူတို့ ဝင်ရန် အသင့်ဖြစ်နေပေပြီ။

“နေဦး...”

ဝင်ပေါက်သို့ ရောက်သောအခါ ကျန်းရီသည် သူ့လက်စွပ်ထဲမှနေ၍ အနက်ရောင်လှံရှည်တစ်လက်နှင့် အနက်ရောင်စစ်ချပ်ဝတ် တစ်ထည်ကို ထုတ်လိုက်၏။ ထို့နောက် လှံကို အဆိပ်ဝိညာဉ်အား၊ ချပ်ဝတ်ကို ချီချင်ချန်အားပေး၍ ပြောလိုက်သည်။

“အဲ့လှံနဲ့ စစ်ချပ်ဝတ်ကို သန့်စင်လိုက်ကြပါ။ အဆိပ်ဝိညာဉ်... ခင်ဗျားက ချပ်ဝတ် ဝတ်ရတာကို မကြိုက်တော့ ချပ်ဝတ်ကို စစ်သူကြီးကိုပဲ ပေးလိုက်မယ်”

“အာ...”

ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ကျန်းရီက ကောင်းကင်ဘုရင်ယို၏ လှံနှင့် မီးလောင်သေဆုံးသွားခဲ့သော အုပ်ချုပ်သူအဆင့် သိုင်းသမား၏ ရှေးဦးဝိညာဉ်ရတနာစစ်ချပ်ဝတ်ကို သူတို့အား ပေးနေသည်လော။

“အရှင်ငယ်... ကျွန်တော် မယူနိုင်ပါဘူး”

အဆိပ်ဝိညာဉ်က အလွန်ပြတ်သားစွာ ပြောလိုက်သည်။ ချီချင်ချန်သည်လည်း ခေါင်းခါကာ ပြောသည်။

“ဒါက ကျွန်မကိုယ်တိုင် တိုက်ခိုက်ပြီး ရလာတဲ့အရာ မဟုတ်ဘူး။ ကျွန်မမျိုးနွယ်မှာလည်း ရှေးဦးဝိညာဉ်ရတနာတွေ ရှိပါတယ်။ တကယ်တော့ ကျွန်မက ကိုယ့်ရဲ့အစွမ်းအစကို လေ့ကျင့်ချင်လို့ ခမည်းတော်က ရှေးဦးဝိညာဉ်ရတနာတစ်ခု ပေးခဲ့တာတောင် ငြင်းခဲ့တာ။ ကျန်းရီ... ဒါကို ပြန်သိမ်းထားလိုက်ပါ”

“အခု ကျွန်တော်တို့က ဘယ်အခြေအနေထဲ ရောက်နေတာလဲ”

ကျန်းရီ ထိုနှစ်ယောက်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ခေါင်းမာမနေကြပါနဲ့တော့။ ဒုတိယအထပ်ကျရင် ကျွန်တော်တို့ တိုက်ပွဲကြီးတစ်ပွဲ တိုက်ရနိုင်တယ်။ ကျွန်တော်က ဒါတွေကို ခင်ဗျားတို့ကို ခဏငှားတာပါ။ ခင်ဗျားတို့ မလိုချင်ရင် နောက်ကျ ကျွန်တော့်ကို ပြန်ပေးပေါ့”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ချီချင်ချန် ဆက်မငြင်းတော့ပေ။ သူမ ထိုချပ်ဝတ်ကို ကျန်းရီအား ပြန်ပေးနိုင်သည် မဟုတ်လော။ ယခုတွင် သူမက ကျန်းရီအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသကဲ့သို့ပင်။ ပြီးခဲ့သော တိုက်ပွဲ၌ ကျန်းရီက သူမကို အပြင်မထုတ်ပေးခဲ့ပေ။ အဆိပ်ဝိညာဉ်သည်လည်း ခေတ္တမျှ တွေးတောပြီးနောက် လက်နက်ကို မငြင်းတော့ရန် ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်သည် ရတနာများထဲ ကောင်းကင်စွမ်းအား ထည့်သွင်းကာ ရတနာကို သန့်စင်လိုက်ကြ၏။ ကျန်းရီကမူ အနားတွင် စောင့်ကြပ်ပေးနေသည်။

ထိုရတနာနှစ်ခု၏ ပိုင်ရှင်များက သေဆုံးသွားပြီဖြစ်၍ ၎င်းတို့အပေါ်တွင် ဝိညာဉ်အမှတ်အသား မရှိတော့ပေ။ ထို့ကြောင့် နှစ်နာရီကြာပြီးနောက် ၎င်းတို့ကို သန့်စင်နိုင်လိုက်သည်။ ထိုအခါ ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင် ဆယ်ကောင်ကျော်ကို ထိန်းချုပ်၍ အရှေ့သို့ သွားစေလိုက်၏။ ၎င်းတို့သည် အရှေ့သို့ ရောက်သောအခါ အဖြူရောင်အလင်း လက်သွားပြီး မည်းမှောင်နေသော ဝင်ပေါက်တစ်ခုထဲတွင် ပျောက်ကွယ်သွားကြသည်။ ကျန်းရီသည် ထိုအဖြစ်အပျက်ကိုကြည့်၍ လက်ဟန်ပြကာ အော်ပြောလိုက်၏။

“သွားကြစို့”

သုံးယောက်သား ချပ်ဝတ်အပြည့်၊ လက်နက်အပြည့်နှင့် အရှေ့သို့ သွားလိုက်ကြ၏။ ထို့နောက် အဖြူရောင်အလင်း လင်းလက်သွားပြီး သူတို့ ရေကန်တစ်ကန်ထဲတွင် ပြန်ထွက်ပေါ်လာကြသည်။ သူတို့သည် ထွက်ပေါ်လာသည်နှင့် ကြက်သီးထသွားကြ၏။ ချီချင်ချန်သည် အရှေ့ဘယ်ဘက်ကို လှမ်းကြည့်ကာ အော်ပြောလိုက်သည်။

“ရှောင်ကြ...”

ဝှစ်...ဝှစ်...

ဘယ်ဘက်မှနေ၍ စူးရှသော လေခွင်းသံနှစ်သံ ထွက်ပေါ်လာပြီး လူရိပ်နှစ်ခု ပျံသန်းလာသည်။ သူတို့၏ လှံရှည်များက နဂါးနှစ်ကောင်အလား ကျန်းရီနှင့် ချီချင်ချန်ထံ ပျံဝင်လာကြသည်။ ကျန်းရီ စေလွှတ်လိုက်သော ကျန့်ရှမျိုးနွယ်ဝင်များက ဖျက်ဆီးခံလိုက်ရသည်မှာ ကြာပြီဖြစ်သည်။

ရွှီး...

အဆိပ်ဝိညာဉ်သည် ရုတ်ခြည်း ကိုယ်ဖျောက်၍ ထွက်သွားလိုက်၏။ ကျန်းရီကလည်း လှံရှည်တစ်ချောင်းကို မီးနဂါးဓားဖြင့် လှမ်းခုတ်သည်။ အနီရောင်အလင်းတန်းများ အရှေ့သို့ ပျံထွက်သွား၏။ ထို့ပြင် သူ မကောင်းသောအရှိန်အဝါကိုလည်း ထုတ်လွှတ်လိုက်လေသည်။

“အပြောင်ရှင်းလေမုန်တိုင်း”

ချီချင်ချန်သည် သူမ၏ လေဓာတ်စည်းမျဉ်းကို ထုတ်လွှတ်လိုက်၏။ ကန်ထဲမှ ရေများ ဘောင်ဘင်ခတ်လာသည်။ ထို့နောက် လေနဂါးများ ဖြစ်ပေါ်လာပြီး ရေများနှင့် ပေါင်းစည်းသွားကာ လေရေနဂါးများ ဖြစ်သွားကြသည်။ ၎င်းနဂါးများသည် အခြားလှံတစ်စင်းဆီသို့ ပျံသန်းသွားကြသည်။

“ဟွန်း...”

အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၏။ လှံရှည်က မရပ်တန့်ဘဲ ကျန်းရီ၏ မီးနဂါးဓားနှင့် ပြင်းထန်စွာ ထိမှန်သွားပြီး အားကောင်းသော စွမ်းအင်လှိုင်းတစ်ခု ပြန့်ထွက်သွားသည်။ မီးနဂါးဓားက ဘေးသို့ လွင့်သွားပြီး ကျန်းရီ၏လက်တစ်ချောင်းလုံး ထုံသွား၏။ သူ မိုးမြေစွမ်းအားကိုပါ သုံးခဲ့သော်လည်း ရလဒ်မှာ ယခုကဲ့သို့ပင်။ သူသာ မိုးမြေစွမ်းအား မသုံးခဲ့ပါက လက်တစ်ချောင်းလုံး စုတ်ပြတ်သွားနိုင်ပေသည်။

ဝုန်း...

ထိုလှံရှည်က အလွန်လျင်မြန်စွာဖြင့် ကျန်းရီ၏ရင်ဘတ်ကို ဖောက်သွား၏။ ချီချင်ချန်က အနီးတွင် ရှိနေရာ ကျန်းရီ ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်များကို အပြည့်အဝ မထုတ်ဝံ့ပေ။ သူ မီးတောက်ကို တစ်စက္ကန့်မျှသာ ထုတ်၍ အပူလှိုင်းတစ်လှိုင်းကို ရန်သူထံ ပို့လွှတ်လိုက်သည်။ မီးတောက်ကို အပြည့်အဝ မထုတ်နိုင်သော်လည်း ရန်သူကို ခြောက်လှန့်နိုင်သေးသည် မဟုတ်ပါလား။

မျှော်လင့်ထားသကဲ့သို့ပင်...

ထိုလူသည် သူ၏လှံရှည်ဖြင့် ကျန်းရီ၏ရင်ဘတ်ကို ထိုး‌ဖောက်ပြီးနောက် ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။ မီးတောက်ထွက်လာသည်နှင့် ကန်ရေက အငွေ့ပျံလာပြီး ရေငွေ့ဖြူများ ထလာသည်။ ထို့ကြောင့် မြင်ကွင်း မရှင်းတော့ပေ။ သို့သော် သူ ကျန်းရီနှင့် ချီချင်ချန်တို့ အနောက်သို့ ပြင်းထန်စွာ လွင့်ထွက်သွားသည်ကို မြင်ရသေးပေသည်။

ဘုန်း...ဘုန်း...

ကျယ်လောင်သော အသံနှစ်သံ ထွက်ပေါ်လာပြီး ကျန်းရီနှင့် ချီချင်ချန်တို့ သွေးအန်လိုက်ကြသည်။ ထို အုပ်ချုပ်သူအဆင့် သိုင်းသမားက အစွမ်းကုန် ထုတ်မသုံးနိုင်ခဲ့သော်လည်း၊ ကျန်းရီက ‌ရှေးဦးဝိညာဉ်ရတနာစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း ကျန်းရီ ဒဏ်ရာရသွားပေသေးသည်။ ချီချင်ချန်မှာလည်း ထို့အတူပင်။ သူမ လေဓာတ်စည်းမျဉ်းကို ထုတ်သုံး၍ စွမ်းအားကြီး သိုင်းသမား၏ တိုက်ခိုက်မှုကို ကာခဲ့သော်လည်း၊ ကျန်းရီပေးထားသော ရှေးဦးဝိညာဉ်ရတနာစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း ရင်ဘတ်ထိုးဖောက်ခံလိုက်ရသေးသည်။

“အဆိပ်ဝိညာဉ် ပြန်ဆုတ်...”

ကျန်းရီက ပုန်းကွယ်ခြင်းအတတ်ကို တတ်သဖြင့် အဆိပ်ဝိညာဉ်၏နေရာကို အာရုံခံနိုင်သည်။ အဆိပ်ဝိညာဉ်က အရှေ့သို့သွား၍ လုပ်ကြံရန် ဟန်ပြင်နေကြောင်း သိလိုက်သောအခါ ကျန်းရီ ခပ်သွက်သွက် တားလိုက်သည်။ အဆိပ်ဝိညာဉ် အဝေးသို့ ချက်ချင်းပြန်ဆုတ်လိုက်သည်။ သူသည် ကျန်းရီ၏အမိန့်များကို လုံးဝ မေးခွန်းမထုတ်ပါပေ။

ဝှစ်...

လူနှစ်ယောက်သည် အဝေးမှနေ၍ လျင်မြန်စွာ ပျံသန်းလာ၏။ သူတို့၏ မျက်လုံးများက သားရိုင်းမျက်လုံးများကဲ့သို့ပင်။ ကျန်းရီ ချီချင်ချန်ထံ လျင်မြန်စွာ ပျံသွားလိုက်ပြီး သူမကို သူ၏ဟွင့်သွမ့်ချီပုလဲထဲ ထည့်လိုက်သည်။ ထို့နောက် မားမားမတ်မတ်ရပ်ကာ ပျံသန်းလာသည့် ပြိုင်ဘက်နှစ်ယောက်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

“ခင်ဗျားတို့က သေရမှာ မကြောက်ဘူးလား”

ကျန်းရီ၏ လက်ထဲတွင် မီးတောက်တစ်လုံး ထွက်ပေါ်လာ၏။ ၎င်းသည် ပေါ်လာပြီးပြီးချင်း ချက်ချင်းပြန်ပျောက်သွားသည်။ ထိုတစ်ခဏအတွင်းမှာပင် ကန်ရေများက ပို၍အငွေ့ပျံလာသည်။ ရေခိုးရေငွေ့များလည်း ထိုးတက်သွားသည်။ ကျန်းရီ၏ပတ်ပတ်လည် ပေတစ်သောင်းအတွင်း မည်သည့်အရာမှ ရှိမနေပေ။ ရန်သူနှစ်ယောက်သည် ကျန်းရီနှင့် ပေတစ်သောင်းအကွာတွင် ရပ်တန့်လိုက်ကြ၏။ သူတို့ တုံ့ဆိုင်းနေပုံပေါ်သည်။

ထိုနှစ်ယောက်က မျိုးနွယ်ကြီးများမှ သခင်လေး၊ သခင်မလေးများ၏ အုပ်ချုပ်သူအဆင့် ကိုယ်ရံ‌တော်နှစ်ယောက် ဖြစ်ကြောင်း သိသာသည်။ သူတို့က ကျန်းရီတို့ ဒုတိယထပ်ထဲ ဝင်မလားနိုင်အောင် တားရန် ဤနေရာ၌ စောင့်ကြပ်နေခြင်းဖြစ်ကြောင်းလည်း ထင်ရှားသည်။ သူတို့ ဤနေရာတွင် စောင့်ကြပ်နေသ၍ သူတို့၏ သခင်လေး၊ သခင်မလေးများက လုံခြုံပေလိမ့်မည်။ ထို့ပြင် ဤနေရာက ဝင်ပေါက်သာမဟုတ်၊ ထွက်ပေါက်လည်းဖြစ်သည်။ ဤနေရာမှ ပြန်ထွက်သူများသည် ပထမထပ်သို့ ပြန်ရောက်သွားမည် မဟုတ်ဘဲ မိစ္ဆာသတ်ဖြတ်နန်းတော်အပြင်သို့ ရုတ်ခြည်း ရောက်သွားမည်ဖြစ်သည်။

အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်နှစ်ယောက်သည် ကျန်းရီက ဒုတိယထပ်သို့ အောင်အောင်မြင်မြင် ဝင်လာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ကျန်းရီ ကျန့်ရှမျိုးနွယ်ဝင်အနည်းငယ်ကို အရင်စေလွှတ်ခဲ့ခြင်းမှာ အမြော်အမြင်ရှိသော ရွေးချယ်မှု ဖြစ်ခဲ့သည်။ မဟုတ်လျှင် သူတို့သုံးယောက်သည် လက်နက်ထုတ်ရန်ပင် အချိန်ရလိုက်မည် မဟုတ်ဘဲ တိုက်ခိုက်ခံရကာ အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်သည်။

ကျန်းရီ၏ မီးတောက်များက အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် လောင်ကျွမ်းသတ်ဖြတ်ပစ်နိုင်သည်။ ဤနေရာတွင် သူတို့ဘက်မှ အုပ်ချုပ်သူအဆင့် သိုင်းသမား နှစ်ယောက်သာ ရှိနေသည်။ ထို့ပြင် ကျန်းရီဘက်၌လည်း အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ရှိသည်။ ထိုအခိုက်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်သည် တုံ့ဆိုင်းတွေဝေကာ မလှုပ်မယှက် ရပ်နေကြပေသည်။

‘ငါတို့ အရင်ဆုံး ဒီနေရာကနေ ထွက်သွားရမယ်။ မဟုတ်ရင် စွမ်းအားကြီး သိုင်းသမားတွေ ထပ်ရောက်လာပြီး ငါတို့ကို ဝိုင်းသတ်ကြလိမ့်မယ်’

ကျန်းရီသည် ဝေ့ဝဲကြည့်၍ ဆုံးဖြတ်ချက်ချလိုက်၏။ သူ အရှေ့သို့ ပျံသန်းသွားသည်။ မီးတောက်ကလည်း သူ့လက်ထဲတွင် ပေါ်လိုက်၊ ပျောက်လိုက် ရှိနေသည်။ သူသည် ဆောင်းဥတုပုလဲထဲမှ ကျန့်ရှမျိုးနွယ်ဝင်များကို အဆက်မပြတ်ထုတ်ကာ အရှေ့သို့ ပျံသန်းရင်း ပြောလိုက်သည်။

“ခင်ဗျားတို့က ပြန်မဆုတ်မှတော့ ကျွန်တော် ရွေးချယ်စရာမရှိတော့ဘဲ ခင်ဗျားတို့နဲ့ သူသေကိုယ်သော တိုက်ရတော့မှာပဲ။ လာကြ... ကျွန်‌တော် သေရမယ်ဆိုရင်တောင် ခင်ဗျားတို့နှစ်ယောက်ကို အပါခေါ်သွားမယ်”

ကောင်းကင်ထဲတွင် ကျန့်ရှမျိုးနွယ်ဝင်များ ပြည့်နှက်လာပြီး ၎င်းတို့ အရှေ့သို့ ပျံသန်းသွားကြသည်။ ကျန်းရီ၏ လက်ထဲတွင်လည်း မီးတောက်များ ထပ်မံထွက်ပေါ်လာကာ အရှေ့သို့ အပူလှိုင်းများ ထုတ်လွှတ်လိုက်သည်။ ကျန့်ရှမျိုးနွယ်ဝင်များပင် စတင်မီးလောင်ကျွမ်းလာကြသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက် တစ်ခဏမျှ မှင်တက်သွားကြပြီး ပျံသန်းလာနေသည့် ကျန်းရီကိုကြည့်ကာ ပို၍ပင် တုံ့ဆိုင်းလာကြလေသည်။

ဝှစ်...ဝှစ်...

ထိုအခိုက်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်သည် သူတို့အနောက်မှ လေခွင်းသံများကို ကြားလိုက်ရ၏။ သူတို့ နောက်လှည့်ကြည့်လိုက်ရာ ကောင်းကင်ထဲ၌ လူများပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ပုန်းကွယ်ခြင်းအတတ်ကို သုံးထားသော အဆိပ်ဝိညာဉ်က ကိုယ်ပြန်ဖော်၍ ကိုယ်ပွားအတတ် ထုတ်သုံးလိုက်ခြင်းပင်။ အဆိပ်ဝိညာဉ်တိုင်းက အနက်ရောင်လှံရှည်တစ်ချောင်းစီကို ကိုင်ထားသည်။ ၎င်းလှံရှည်၏ ရှေးဦးဝိညာဉ်ရတနာအရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက် အလိုလိုတုန်ယင်သွားကြပြီး သူတို့၏တိုက်ခိုက်မှုများကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ကြသည်။

‘တစ်ခုခုတော့ မှားနေပြီ...’

အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်၏ တိုက်ခိုက်မှုများက အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်၏။ သူတို့နှစ်ယောက် အနောက်သို့ ခပ်သွက်သွက် ပြန်လှည့်ကြည့်လိုက်ရာ ကျန်းရီကို မတွေ့ရတော့ပေ။ သို့သော် ကျန့်ရှမျိုးနွယ်ဝင်များကမူ ကောင်းကင်ထဲတွင် ပြည့်နှက်နေသည်။ နေရာအနှံ့တွင်လည်း လှုပ်ရှားမှုများ ရှိနေသည်။ ထို့ကြောင့် ကျန်းရီက မည်သည့်ဘက်သို့ ပြေးသွားကြောင်း သူတို့နှစ်ယောက် မသိနိုင်တော့ပေ။

“ပြန်ဆုတ်...”

အခြေအနေက မရှင်းမလင်းဖြစ်နေပြီး ကျန်းရီကိုလည်း ရှာမတွေ့တော့သဖြင့် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက် အသက်မစွန့်လိုတော့ချေ။ အကယ်၍ ကျန်းရီက သူတို့အနား ကပ်လာပြီး သူ၏မီးတောက်များကို ထုတ်လွှတ်လိုက်မည်ဆိုလျှင် သူတို့ မီးလောင်ကျွမ်းသေဆုံးရပေလိမ့်မည်။

နှစ်ယောက်သား ကျန့်ရှမျိုးနွယ်ဝင်များကို တိုက်ခိုက်ရင်း ပြန်ဆုတ်လိုက်ကြ၏။ ထို့နောက် သူတို့ ပြဒါးလုံးများကို ထုတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သို့သော် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကို ရှာမတွေ့တော့ချေ။

“သခင်လေးဖုန့်နဲ့ သခင်မ‌လေးကုန်းယန်ကို သွားတင်ပြမယ်”

အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်သည် ခေတ္တမျှ ဆက်ရှာကြည့်သော်လည်း ရှာမတွေ့သဖြင့် သူတို့၏ သခင်များထံ သွားတင်ပြရန် အဝေးသို့ ပျံသန်းသွားလိုက်ကြသည်။ ယခု ကျန်းရီက ဒုတိယထပ်ထဲ ဝင်လာပြီဖြစ်သည်။ သူ သခင်လေးတောက်ဖုန့်နှင့် သခင်မလေးကုန်းယန်တို့အပြင် အခြား သခင်လေး၊ သခင်မလေးများနှင့်လည်း ထိပ်တိုက်တိုးနိုင်သည်။ ထို့ကြောင့် သူတို့နှစ်ယောက် အခြေအနေကို ချက်ချင်း သတင်းပို့ရပေမည်။

All Chapters