← Chapters

တစ်ချက်တည်းနှင့် သတ်ပစ်နိုင်သည်

Vol. 116 Ch. 1619

တစ်ချက်တည်းနှင့် သတ်ပစ်နိုင်သည်

Vol. 116 Ch. 1619

“အဆိပ်ဝိညာဉ်... ဒီဒုတိယထပ်မှာ ကျွန်တော်တို့နဲ့ သိပ်ဝေးဝေးကို မသွားပါနဲ့။ ဒီမှာက အုပ်ချုပ်သူအဆင့် သိုင်းသမားတွေ အများကြီး ရှိနေတယ်။ သူတို့အကုန်လုံးမှာ ပြဒါးလုံးတွေ ရှိကြတယ်၊ ခင်ဗျားကိုသာ ရှာတွေ့သွားရင် ခင်ဗျား သေချာပေါက် အသတ်ခံရလိမ့်မယ်”

ရေကန်မှ လွတ်မြောက်လာပြီးနောက် ပုန်းကွယ်ခြင်းအတတ်သုံးရန် ဟန်ပြင်နေသော အဆိပ်ဝိညာဉ်ကို ကျန်းရီ လှမ်းသတိပေးလိုက်သည်။ အဆိပ်ဝိညာဉ်က ခေါင်းညိတ်ကာ ပြန်ပြောသည်။

“စိတ်မပူပါနဲ့ အရှင်ငယ်၊ ကျွန်တော် မလိုအပ်ဘဲ စွန့်စားမှာ မဟုတ်ပါဘူး”

ဒုတိယထပ်က အလွန်ကြီးမားပုံပေါ်သည်။ မြေမျက်နှာသွင်ပြင်ကလည်း ရှုပ်ထွေးသည်။ နေရာအနှံ့တွင် တောင်များ ရှိနေပြီး ၎င်းတို့၏ အဆုံးသတ်ကို မမြင်ရပေ။

ကျန်းရီ ကီလိုမီတာ ရာဂဏန်းအနည်းငယ် ဆက်ပျံသန်းလိုက်၏။ မည်သူမှ သူတို့နောက်သို့ လိုက်မလာကြောင်း အတည်ပြုပြီးမှ သူ ချီချင်ချန်ကို အပြင်ထုတ်ပေးလိုက်သည်။ ချီချင်ချန်သည် အတော်လေး ဖြူဖျော့နေသော မျက်နှာ၊ မချင့်မရဲဖြစ်မှုများ ပြည့်နှက်နေသော လေသံတို့ဖြင့် ပြော၏။

“ကျန်းရီ... ကျွန်မရဲ့ ပါရမီနဲ့ အင်အားက ထိပ်တန်းပဲလို့ ကျွန်မ အမြဲတွေးခဲ့တယ်။ ကျွန်မက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပြီး ရတနာရှာတဲ့နေရာမှာ ရှင့်ကို မကူညီနိုင်ဘဲနေလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”

“ဟင်းဟင်း...”

ကျန်းရီ ပြုံးကာ ပြန်ပြောလိုက်သည်။

“စစ်သူကြီး အဲ့အချက်ကို သဘောပေါက်သွားတာနဲ့တင်.. ဒီခရီးက အချည်းနှီး မဟုတ်တော့ဘူး။ အနည်းဆုံးတော့ စစ်သူကြီးရဲ့မာန်က နည်းနည်းလျော့သွားတာပေါ့။ အဲ့ဒါက တိုးတက်ရေးမှာ အများကြီး အကျိုးရှိတယ်။ တစ်တောင်ပေါ် တစ်တောင်ဆင့်ဆိုသလို ကိုယ့်ထက်တော်တဲ့သူက အမြဲရှိနေမှာပဲ။ ကျွန်တော်တို့က အထက်ဘုံမှာ ထိပ်တန်းပါရမီရှင်တွေ ဖြစ်နိုင်ပေမဲ့ ကောင်းကင်ဘုံမှာတော့ ပမွှားလေးတွေ ဖြစ်နေနိုင်တယ်”

“အဟုတ်ပဲ...”

ချီချင်ချန် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမ စကားဆက်မပြောတော့ဘဲ ကျန်းရီနောက်သို့ လိုက်သွားသည်။ ကျန်းရီလည်း စကားဆက်မပြောတော့ပေ။ အချို့ကိစ္စများမှာ မိမိကိုယ်တိုင် သဘောပေါက်နိုင်မှ ရမည်ဖြစ်သည်။ ချီချင်ချန် ထိုသဘောတရားကို နားလည်သွားပြီး အသစ်ပြန်စနိုင်မည်ဆိုလျှင် သူမ၏အနာဂတ်အတွက် များစွာအကျိုးရှိပေလိမ့်မည်။

ဤတစ်ခေါက်တွင် ဆောင်းဥတုအရှင်က သူတို့နှင့်အတူ လိုက်မလာဘဲ ချီချင်ချန်ကို စွန့်စားစေခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ သူမကို အခက်အခဲများနှင့် ရင်ဆိုင်စေ၍ သူမ၏အရိုးစွဲနေသော မာန်မာနကို လျှော့ချပေးလိုခြင်းဖြစ်မည်။

ကျန်းရီနှင့် ချီချင်ချန်တို့ တိတ်တဆိတ် လမ်းလျှောက်နေကြသည်။ အဆိပ်ဝိညာဉ်က မကြာမကြာဆိုသလို သူတို့ဆီ ပြန်လာပြီး အရှေ့တွင် အန္တရာယ်ကင်းကြောင်း တင်ပြသည်။ ဒုတိယထပ်က အမှန်ပင် ကျယ်ပြန့်ပေသည်။ နှစ်နာရီကြာအောင် သွားပြီးနောက်တွင်ပင် သူတို့ လူတစ်ယောက်နှင့်မှ ထပ်မဆုံသေးချေ။ သို့သော် အဆိပ်ဝိညာဉ်က အလွန်ဆန်းကြယ်သောနေရာတစ်ခုကို ရှာတွေ့လာခဲ့သည်။

“အဲ့မှာ ရတနာတစ်ခုရှိလောက်တယ်”

ချီချင်ချန်၏ မျက်ဝန်းများ အရောင်လက်သွား၏။ သူမသည် ကျန်းရီ၊ အဆိပ်ဝိညာဉ်တို့နှင့်အတူ အဆိပ်ဝိညာဉ်တွေ့ခဲ့သောနေရာသို့ သွားလိုက်သည်။ မကြာခင်တွင် သူမတို့ ကျောက်တောင်ထွတ်တစ်ခုအောက်သို့ ရောက်သွား၏။ အဆိပ်ဝိညာဉ်က ဂူတစ်လုံးကို ညွှန်ပြကာ ပြောလိုက်သည်။

“အဲ့ဂူက နည်းနည်းထူးဆန်းနေတယ်။ အရှင်ငယ်... အသေးစိတ် စူးစမ်းကြည့်လိုက်ပါ။ ကျွန်တော် အနားမှာ စောင့်ကြပ်ပေးနေပါမယ်”

ကျန်းရီက လက်ဟန်ပြလိုက်ရာ အဆိပ်ဝိညာဉ် ထွက်သွား၏။ ချီချင်ချန်သည် ဂူထဲသို့ စွန့်စား၍မဝင်ဘဲ မလှမ်းမကမ်းမှသာ ကြည့်နေသည်။ ဤတစ်ကြိမ်တွင် သူမ အတွေ့အကြုံရှိသွားပြီဖြစ်၍ အရင်ဆုံး ပတ်ဝန်းကျင်တွင် သဲလွန်စများ လိုက်ရှာလိုပေသည်။

ထိုဂူက အမှန်ပင် ထူးဆန်းနေသည်။ ၎င်းက အလွန်တိမ်သဖြင့် ဂူထဲကို အလွယ်တကူ လှမ်းမြင်နိုင်သည်။ သို့သော် ထိုဂူထဲသို့ လေများတိုက်ခတ်နေပုံပေါ်၏။ ထိုလေတိုက်နှုန်းကလည်း အတော်လေး အားကောင်းသည်။ သို့သော် ဂူထဲဝင်သွားသော လေများက ပြန်ထွက်မလာတော့ပေ။

ဂူမှာ အပိတ်ဖြစ်ရာ လေက ဂူအဆုံးကို ရိုက်ခတ်၍ အပြင် ပြန်ထွက်လာသင့်သည်။ ယခုမှာမူ သဘာဝမကျချေ။ အဘယ်ကြောင့် ဝင်သွားသော လေများက ပြန်မထွက်လာရသနည်း။

ချီချင်ချန် စူးစူးစိုက်စိုက် ကြည့်နေသည်။ သို့သော် ဂူထဲတွင် အစီအရင်များ၏ အရိပ်လက္ခဏာတစ်ခုကိုမှ မတွေ့ရချေ။ သူမသည် ကျန်းရီထံမှ သင်ယူခဲ့သည့်အတိုင်း လက်နက်တစ်ခုကို ထုတ်၍ ဂူထဲ ပစ်ထည့်လိုက်၏။ လက်နက်က ဂူထဲသို့ အလွယ်တကူ ဝင်သွားပြီး ဂူနံရံတစ်နေရာတွင် စိုက်ဝင်နေသည်။

ချီချင်ချန် လုံးဝ နားမလည်နိုင်ပေ။ သူမ မလှုပ်မယှက်နှင့် ရပ်နေလိုက်ပြီး ကျန်းရီ မျက်လုံးပြန်ဖွင့်လာမည်ကိုသာ စောင့်နေလိုက်သည်။ သို့သော် ကျန်းရီက ကျောက်တောင်ထွတ်အောက်တွင် တစ်နာရီနီးပါးကြာသည်အထိ ရပ်နေသည်။ မျက်လုံးပြန်ဖွင့်မည့်ပုံလည်း မပေါ်သေး။ သူသည် မျက်မှောင်ကြုတ်ထားပြီး ခက်ခဲသော ပြဿနာတစ်ခုကို တွေးတောနေပုံ‌ပေါ်သည်။

တစ်နာရီကြာပြီးနောက် ကျန်းရီ မျက်လုံးဖွင့်လာ၏။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ သူ ခေါင်းခါကာ ရေရွတ်လိုက်သည်။

“အဲ့လိုမဟုတ်နိုင်ဘူး။ ဘာတွေဖြစ်နေတာလဲ”

“ဘာက ဘာဖြစ်တာလဲ”

ချီချင်ချန် အတန်ငယ် စိတ်မရှည်နိုင်ဟန်ဖြင့် မေးလိုက်၏။

“ကျန်းရီ... ကျွန်မတို့ အဲ့ရတနာကို ဘယ်လိုယူရမှာလဲ။ ရတနာက ဘယ်မှာလဲ”

“ဘာရတနာလဲ”

ကျန်းရီ ချီချင်ချန်ကို လှည့်ကြည့်၍ မေးလိုက်သည်။ ထို့နောက် ခါးသက်သက်ပြုံးကာ ဆက်ပြောလိုက်သည်။

“ဒီလိုထူးဆန်းတဲ့နေရာတွေမှာ ရတနာရှိလိမ့်မယ်လို့ ဘယ်သူကပြောလဲ။ ဒီဂူတစ်ခုလုံးကို တစ်ချက်တည်းနဲ့ ကြည့်နိုင်တယ်။ ဂူနံရံတွေကလည်း သာမန်ပဲ။ အဲ့တော့ ဘယ်မှာ ရတနာရှိမှာလဲ”

ချီချင်ချန်၏ ရင်ထဲမှ မျှော်လင့်ချက်လေး ပျက်သုဉ်းသွားသည်။ သူမ မျက်လုံးပင့်ကာ ပြန်ပြောလိုက်သည်။

“ရတနာမရှိဘူးဆိုရင် ဘာလို့ ရှင်က အကြာကြီး တွေးနေရတာလဲ”

“ဒီမှာ ရတနာမရှိပေမဲ့...”

ကျန်းရီ ဂူကို လှမ်းကြည့်၍ ပြောလိုက်၏။

“သာမန်ရတနာတွေထက် ပိုအဖိုးတန်တဲ့အရာ ရှိတယ်။ အဲ့ဒါက စွမ်းအားကြီး လေဓာတ်စည်းမျဉ်းတစ်ခု ဖြစ်ရင်ဖြစ် မဟုတ်ရင် ထူးခြားတဲ့ ဆန်းကြယ်စွမ်းရည်တစ်ခုပဲ။ ဆိုးတာက ကျွန်တော်တို့အချိန်က အကန့်အသတ်ရှိနေတာပဲ။ ကျွန်တော်တို့မှာ အဲ့ဒါကို ရပ်လေ့လာနေဖို့ အချိန်မရှိဘူး”

“စည်းမျဉ်း၊ ဆန်းကြယ်စွမ်းရည်”

ချီချင်ချန် တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်၏။ သို့သော် သူမ စိတ်မရှည်စွာ ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း သွားကြစို့။ အချိန်က အဖိုးတန်တယ်၊ ကျွန်မတို့ ဒီမှာ အချိန်ထပ်ဖြုန်းမနေသင့်ဘူး”

အချိန်က တစ်ရက်သာ ရှိသည်။ ဤနေရာကလည်း အလွန်ကျယ်ပြောသည်။ အချိန်အတော်ကြာခဲ့သည်ပင် သူမတို့သုံးယောက် သစ်ရွက်တစ်ရွက်သာ ရထားသေးသည်။ ဤရတနာရှာပွဲအတွက် သူမတို့က အသက်ကိုရင်းထားရခြင်းပင်။ ထို့ကြောင့် သစ်ရွက်တစ်ရွက်သာ ရခဲ့မည်ဆိုလျှင် တန်မည် မဟုတ်ပေ။ ကျန်းရီသည်လည်း ထိုအကြောင်းကို တွေးလိုက်ပြီး ချီချင်ချန်ကိုခေါ်၍ ရတနာများရှာဖွေရန် အခြားနေရာသို့ ထွက်သွားလိုက်လေသည်။

တစ်နာရီကြာပြီးနောက် အဆိပ်ဝိညာဉ်က ရုတ်တရက် ပြန်ရောက်လာ၏။ သူ တီးတိုးတင်ပြလိုက်သည်။

“အရှင်ငယ်... ဒီနေရာမှာ သခင်မ‌လေးတစ်ယောက် ရှိနေပုံပဲ။ သူက အဖိုးတန်ရတနာတစ်ခုကို ရှာတွေ့ထားပုံပေါ်တယ်၊ အခု သူ အဲ့ရတနာကို အားသုံးပြီး ယူဖို့ ကြိုးစားနေတယ်”

“အဖိုးတန်ရတနာတစ်ခုလား”

ချီချင်ချန်၏ မျက်လုံးများ လင်းလက်သွား၏။ သို့သော် ကျန်းရီက အတန်ငယ် အံ့အားသင့်ဟန်ဖြင့် ရေရွတ်လိုက်သည်။

“သခင်မလေးလား”

“ကျွတ်...”

ချီချင်ချန်က စုပ်သပ်၍ ပြော၏။

“ရှင်တို့ယောက်ျားတွေ အကုန်လုံးက အတူတူချည်းပဲ။ လှတဲ့ သခင်မလေးဆိုတာလည်း ကြားလိုက်ရော ရင်ခုန်နေပြီ မဟုတ်လား”

“စစ်သူကြီးက ဘာတွေ တွေးနေတာလဲ”

ကျန်းရီ ရှက်ရွံ့စွာဖြင့် နှာခေါင်းကုတ်၍ ရှင်းပြလိုက်သည်။

“ဒီနေရာကို လာနိုင်ခဲ့တယ်ဆိုတော့ အဲ့သခင်မလေးက သာမန်တော့ဟုတ်မှာ မဟုတ်ဘူးမလား။ ပြီးတော့... အဲ့ရတနာကိုယူဖို့ လုပ်နေတာ သူတစ်ယောက်တည်းပဲ ဖြစ်နိုင်ပါ့မလား”

“ဪ...”

ချီချင်ချန် အတန်ငယ် ရှက်သွားဟန်ဖြင့် ခေါင်းငုံ့လိုက်၏။ စိတ်ထဲလည်း မသက်မသာဖြစ်သွားသည်။ ကျန်းရီနှင့်အတူ ကြာကြာနေလေလေ၊ သူမ၏ဦးနှောက်က ပို၍ထိုင်းမှိုင်းလာလေလေပင်။ သူမက ကျန်းရီအပေါ် မှီခိုလွန်းနေ၍ သူမဘာသာ မတွေးတောနိုင်တော့ခြင်းလော။

“သွားကြည့်ကြတာပေါ့”

ကျန်းရီသည် ကောင်းကင်ဘုံမှ သခင်လေးများနှင့် သခင်မလေးများအပေါ် အမြင်မကြည်ပေ။ အမှန်သာ ထိုသခင်မလေးတစ်ယောက်တည်း ရှိနေခြင်းဆိုလျှင် သူ သူမ၏ရတနာကို လုယူမည်ဖြစ်သည်။ အဆိပ်ဝိညာဉ်သည် ပုန်းကွယ်ခြင်းအတတ်ကိုသုံး၍ အရှေ့သို့ သွားလိုက်၏။ ကျန်းရီနှင့် ချီချင်ချန်တို့က အနောက်မှ လိုက်သွားသည်။ အဆိပ်ဝိညာဉ်သည် သူ၏တာဝန်ကို ရှင်းရှင်းလင်းလင်းသိ၏။ ကျန်းရီနှင့် ချီချင်ချန်တို့က သူ့ကို ခေါ်လာခဲ့ခြင်းမှာ တိုက်ခိုက်ခိုင်းရန်၊ ရတနာများရှာခိုင်းရန် မဟုတ်ပေ။ သူတို့အတွက် ထောက်လှမ်းပေးရန်၊ ကူညီပေးရန်သာဖြစ်သည်။

ဆယ်မိနစ်ကြာပြီးနောက် ဦးတည်ရာသို့ ရောက်သွားကြ၏။ အဆိပ်ဝိညာဉ် ကိုယ်ပြန်ပေါ်လာပြီး အလွန်ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“ကီလိုမီတာငါးထောင် ပတ်လည်အတွင်းမှာ တခြားဘယ်သူမှ မရှိပါဘူး။ ဒါပေမဲ့ အဲ့သခင်မလေးက အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်သမားတစ်ယောက် ဖြစ်လောက်ပါတယ်”

“သွားကြတာပေါ့”

ကျန်းရီ လက်ဟန်ပြလိုက်ပြီး အရှေ့သို့ လျှို့ဝှက်စွာ ဆက်သွားလိုက်သည်။ သူတို့သည် အရှေ့မှ ပေါက်ကွဲသံများကို ခပ်ရေးရေး ကြားလာရပြီဖြစ်သည်။ နောက်ထပ်ကီလိုမီတာအနည်းငယ် သွားပြီးနောက် သူတို့ သခင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

အရှေ့ရှိ တောင်ထွတ်တစ်ခုအနီးတွင် လိမ္မော်ဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက်က တောင်ကို အဆက်မပြတ် တိုက်ခိုက်နေ၏။ ထိုသခင်မလေးက အတော်လေးငယ်ရွယ်ပြီး အတော်လေးလည်း လှပသည်။ သူမ၏အလှက ချီချင်ချန်နှင့်ပင် ယှဉ်နိုင်သည်။ သူမ၏အငွေ့အသက်မှာလည်း အလွန်ထူးခြားကာ ခံစားမိသူကို စိတ်သက်တောင့်သက်သာ ဖြစ်စေသည်။ သူမသည် တောင်ကို တိုက်ခိုက်နေခြင်းဖြစ်သော်လည်း ကိုယ်ပိုင်အနောက်ခြံဝန်းထဲတွင်ထိုင်၍ လက်ယမ်းကာ ယင်မောင်းနေသလိုသာ ထင်ရပေသည်။

ထိုသခင်မလေးသည် ငွေရောင်လေးရှည်တစ်လက်ကို ကိုင်ထားပြီး လေးကြိုးကို အဆက်မပြတ်တင်ကာ တောင်ဆီသို့ ကြယ်တာရာအလင်းတန်းများ ပစ်လွှတ်နေသည်။ ထိုတောင်သည်လည်း အဆက်မပြတ် လင်းလက်နေသည်။ တောင်ပတ်ပတ်လည်တွင် စွမ်းအားကြီး အကာအရံများရှိကြောင်း ထင်ရှားပေသည်။ ထိုအကာအရံများမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်နေပြီး ငါးကီလိုမီတာ အဝန်းအဝိုင်းကို ဖိနှိပ်ထား၏။ ထို့ကြောင့် ကျန်းရီနှင့် ချီချင်ချန်တို့ အတန်ငယ် မွန်းကြပ်နေသည်။ ကျယ်လောင်သော ပေါက်ကွဲသံများကလည်း သူတို့၏ နားစည်များကို နာလာစေပေသည်။

‘အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၊ အဲ့လေးက ရှေးဦးဝိညာဉ်ရတနာတစ်ခုပဲ၊ သူ့ရဲ့ဝတ်စုံကလည်း ထူးခြားနေတယ်’

ကျန်းရီသည် အရှေ့သို့ လှမ်းကြည့်လိုက်ပြီး ထိုမိန်းမပျိုလေးက သေချာပေါက် ကောင်းကင်ဘုံ မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးတစ်ယောက်ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အုပ်ချုပ်သူအဆင့်သို့ ရောက်နေပြီး ရတနာများစွာကိုလည်း ပိုင်ဆိုင်ထားသလို ဤနေရာ၌ ကိုယ်ရံတော်မပါဘဲနှင့် အေးအေးလူလူ ရှိနေပုံကို ကြည့်လျှင် သူမက သူမ၏အစွမ်းကို အလွန်ယုံကြည်မှုရှိကြောင်း သိနိုင်ပေသည်။

“ကျန်းရီ... ကျွန်မတို့ ရတနာကို လုမှာလား၊ မလုဘူးလား”

ချီချင်ချန်သည် တောင်ထွတ်ကို ကြည့်နေရင်း ၎င်းတောင်ထွတ်ထဲတွင် ထူးခြားသော ရတနာတစ်ခု ရှိလိမ့်မည်ဟု အလွန်သေချာလာသည်။ သို့သော် ပြိုင်ဘက်က မိန်းမတစ်ယောက် ဖြစ်နေရာ ချီချင်ချန် တိုက်ခိုက်ရန် အတန်ငယ် လက်တွန့်နေသည်။

ကျန်းရီက ပြန်မပြောနိုင်သေးခင်မှာပင် ထိုသခင်မလေးက သူမ၏တိုက်ခိုက်မှုများကို ရုတ်တရက် ရပ်တန့်လိုက်သည်။ ထို့နောက် သူမ တည်တည်ငြိမ်ငြိမ်ဖြင့် နောက်လှည့်၍ ကြည့်လိုက်၏။ ကြားတွင် ကီလိုမီတာအနည်းငယ် ခြားနေသော်လည်း သူမ၏အကြည့်က ကျန်းရီနှင့် ချီချင်ချန်တို့ ကွယ်၍ပုန်းအောင်းနေသော ဧရာမကျောက်တုံးကြီးအပေါ်တွင် ရှိနေပေသည်။ ၎င်းနောက် သူမ ခနဲ့ပြုံး ပြုံး၍ စူးရှစွာ ပြောလိုက်သည်။

“လုယူချင်တာလား၊ ရှင်တို့နှစ်ယောက်တည်းနဲ့လား။ ရှင်က ကျန်းရီထင်တယ်.. ဟုတ်တယ်မလား။ ကျွန်မ ရှင့်ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်ဆိုတာ ရှင် ယုံလား”

All Chapters