← Chapters

ဟယ်နုန်ယင်း

Vol. 116 Ch. 1620

ဟယ်နုန်ယင်း

Vol. 116 Ch. 1620

“ကျွန်တော့်ကို သတ်မှာလား”

ထိုအရှက်မရှိသော စကားများကို ကြားလိုက်ရသောအခါ ကျန်းရီ၏မျက်နှာထားက ချက်ချင်း ပြောင်းလဲသွား၏။ ထိုမိန်းမပျိုလေးက သူ့အပေါ် အလွန်ရိုင်းပျနေသည်လော။ သူမက သိမ်မွေ့သော မိန်းမပျိုလေးတစ်ယောက်နှင့်တူ၍ မူလတွင် ကျန်းရီ သူမထံမှ ရတနာလုယူလိုစိတ် မရှိခဲ့ပေ။ သို့သော် ယခုတွင်မူ သူ ဒေါသထွက်သွားပေပြီ။

“ဟွန်း...”

ကျန်းရီ မတုံ့ပြန်နိုင်သေးခင်မှာပင် သူ့ဘေးမှ ချီချင်ချန်က နှာမှုတ်လိုက်သည်။ ထိုမိန်းမပျိုလေးက ကျန်းရီအား ခနဲ့နေခြင်းကို သူမ မကျေနပ်ပေ။ သို့သော် သူမ ပြန်တုံ့ပြန်လိုက်ပုံ၏ အဓိကအကြောင်းမှာ သူမ၏အရိုးစွဲနေသော မာနကြောင့် ဖြစ်သည်။ ထိုမိန်းမလှလေးသည် သူမတို့နှစ်ယောက်စလုံးအပေါ် အထင်သေးနေပုံပင်။ ယင်းကပင် ချီချင်ချန်ကို စိတ်မကျေမနပ်ဖြစ်စေသည်။ အကယ်၍ ထိုသခင်မလေးကသာ မရိုင်းပျခဲ့လျှင် ချီချင်ချန် နှုတ်ဆိတ်နေခဲ့လောက်သည်။ သို့သော် ထိုအခိုက်တွင် ချီချင်ချန် ခြောက်ကပ်ကပ် ရယ်လိုက်ပြီး သခင်မလေး၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒီသခင်မလေးက တော်တော်စိတ်ကြီးဝင်နေတာပဲ။ ကဲ.. ရှင် ကျွန်မတို့ကို သတ်ဖို့ ကြိုးစားကြည့်လေ”

ရွှီး...

ချီချင်ချန်၏စကား မဆုံးသေးခင်မှာပင် လိမ္မော်ဝါရောင် ဝတ်ဆင်ထားသော သခင်မလေးက သူမ၏ငွေရောင်လေးကို မလိုက်၏။ လေးက စတင်တောက်ပလာသည်။ ယခု တောက်ပမှုမှာ အစောကထက် အဆပေါင်းများစွာပို တောက်ပသည်။ လေးသည် စွမ်းအားကြီး အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေသဖြင့် ကျန်းရီနှင့် ချီချင်ချန်တို့ မျက်နှာထားပြောင်းသွားကြ၏။ ထိုလေးက ရှေးဦးဝိညာဉ်ရတနာတစ်ခု မဟုတ်၊ တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုပင်။

ဝှစ်...

လေးမှနေ၍ ငွေရောင်အလင်းတန်း ပျံထွက်လာ၏။ ထိုအလင်းတန်းသည် သန်းချီသောအလင်းတန်းများအဖြစ် ကွဲထွက်မသွားဘဲ အားကောင်းသော အလင်းတန်းတစ်တန်းအဖြစ်သာ ဆက်ရှိနေသည်။ သို့သော် ထိုအတိုင်းက ပို၍ကြောက်မက်ဖွယ်ကောင်းပေသည်။

အလင်းတန်းသည် တည်ငြိမ်နေသော ရေပြင်ကို ဖြတ်၍ကူးခတ်နေသော ငါးတစ်ကောင်အလား အာကာပြင်ထဲတွင် လှိုင်းဂယက်များ ထသွားစေပြီး အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ ပတ်ဝန်းကျင်အာကာပြင်က စတင်စုတ်ပြဲလာသည်။ အက်ကြောင်းများမှာလည်း ပင့်ကူအိမ်ကဲ့သို့ ဖြစ်လာသည်။ အစောတွင် အလင်းတန်းက သုံးကီလိုမီတာကျော် အကွာတွင် ရှိနေခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ချီချင်ချန်၏အရှေ့သို့ ရောက်လာလေသည်။

ကျန်းရီသည် အလင်းတန်း ထွက်ပေါ်မလာခင်ကတည်းက လှုပ်ရှားခဲ့ပြီးဖြစ်သည်။ သူ ဟွင့်သွမ့်ချီပုလဲကိုထုတ်၍ ချီချင်ချန်အား ပုလဲထဲ ပို့လိုက်သည်။ သို့သော် ချီချင်ချန်က ခုခံနေ၏။ သူမသည် ကျန်းရီ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထပ်မဝင်လိုတော့ပေ။ သူမက အတင်းခုခံနေသဖြင့် ကျန်းရီ အော်ပြောလိုက်ရသည်။

“စစ်သူကြီး.. ခုခံမနေပါနဲ့တော့။ ကျွန်တော့်ကို ယုံပါ”

နောက်ဆုံးအခိုက်တွင်မှ ချီချင်ချန်သည် ကျန်းရီကိုယုံရန် ဆုံးဖြတ်လိုက်သည်။ ဤအတောအတွင်း သူမ ကျန်းရီ၏အမိန့်များကို နာခံခြင်း၌ အသားကျလာပုံပင်။ သူမ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ဟွင့်သွမ့်ချီပုလဲထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

မျှော်လင့်ထားသကဲ့သို့ပင်...

ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက ကျန်းရီဆီသို့ တလိပ်လိပ်ရွေ့လျားလာ၏။ သူက အသက်ဆုံးရှုံးနိုင်ရသော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ကျန်းရီ သိသည်။ ချီချင်ချန် မရှိတော့သဖြင့် အလင်းတန်း၏ နောက်ပစ်မှတ်က သူဖြစ်လာမည်ဖြစ်သည်။

ကျန်းရီ ထွက်မပြေးပေ။ သူ လောကအဆုံးအထိ ထွက်ပြေးမည်ဆိုလျှင်ပင် ထိုအလင်းတန်းက သူ့နောက် လိုက်လာဦးမည်ဖြစ်သည်။ ထို့ပြင် အလင်းတန်းက အလွန်လျင်မြန်သည်။ သူ မည်သို့မှ ထွက်ပြေးနိုင်မည် မဟုတ်။ ထို့ကြောင့် ပြန်တိုက်ခိုက်ရန်သာ ရှိတော့သည်။

‘မီးနဂါးဓား... အခု အရာအားလုံးက မင်းအပေါ် မူတည်နေပြီ’

ကျန်းရီ၏ နောက်ဆုံးမျှော်လင့်ချက်က မီးနဂါးဓားပေါ်တွင် ဖြစ်သည်။ အတိတ်တွင် သူသည် မီးနဂါးဓားကိုသုံး၍ မြောက်ပိုင်းဧကရာဇ်၏ လှံကို ကာခဲ့သည်။ အကယ်၍ ဤတစ်ခေါက်တွင် မီးနဂါးဓားက အလင်းတန်းကြောင့် ပျက်စီးသွားမည်ဆိုလျှင် ကျောက်စိမ်းဖြူချပ်ဝတ်၊ အဆတစ်ရာကျော် ပိုသန်မာနေသော ရုပ်ခန္ဓာတို့နှင့်ပင် သူ အသတ်ခံလိုက်ရဦးပေမည်။

ဝှစ်...

ကျန်းရီ၏အကြည့်က သားရဲတစ်ကောင်၏ အကြည့်ကဲ့သို့ အေးစက်နေပြီး သူ့ထံ ပျံဝင်လာသော ငွေရောင်အလင်းတန်းအပေါ်တွင် ရှိနေသည်။ ထို့နောက် သူ မီးနဂါးဓားကို အားကုတ်ခုတ်ချလိုက်၏။ မီးနဂါးဓားနှင့် ငွေရောင်အလင်းတန်းတို့ ထိခတ်သွားသည်။

ဝုန်း...

ကျယ်လောင်သော ထိခတ်သံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ၏ မျက်လုံးများ တောက်ပလာသည်။ မီးနဂါးဓားက အစိတ်စိတ်အမွှာမွှာ ကျိုးမသွားပေ။ သို့သော် အားကောင်းသော အဟုန်ကြောင့် သူ လွင့်ထွက်သွားသည်။ သူ့လက်ထဲမှ အရိုးအားလုံးလည်း ကျိုးသွားသည်။ သူ့ညာလက်တစ်ဘက်လုံး မလှုပ်နိုင်တော့ပေ။ သူ သုံးကီလိုမီတာခန့် လွင့်သွားပြီးနောက် အလင်းတန်းက သူ့ထံသို့ ထပ်မံ ပျံဝင်လာပြီး သူ့ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားလေသည်။

ဂျွတ်...

ကျောက်စိမ်းဖြူချပ်ဝတ်က အက်ကွဲမသွားပေ။ သို့သော် သူ၏အရိုးများ ကျိုးသွားသံကို ကျန်းရီ ကြားလိုက်ရသည်။ ထိုအသံမှာ ကြေးမုံတစ်ချပ် ကွဲသွားသောအသံကဲ့သို့ပင်။ သူ့ရင်ဘတ်ထဲမှ အရိုးအားလုံး ကျိုးသွားပေပြီ။ သူ၏ကိုယ်တွင်းအင်္ဂါများလည်း အပြင်းအထန် ဒဏ်ရာရသွားသည်။ သူ သွေးအန်လိုက်ပြီး ရင်ဘတ်ထဲမှ ပြင်းစွာသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့အမြင်များ စတင်ဝေဝါးလာပြီး သူ အချိန်မရွေး သတိလစ်သွားတော့မလို ခံစားလာရလေသည်။

‘ငါ သတိလစ်သွားလို့ မဖြစ်ဘူး၊ သတိလစ်သွားရင် သေလိမ့်မယ်’

ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ သတိလစ်မသွားစေရန် ကျန်းရီ သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ သူသည် အဝေးရှိ ဧရာမကျောက်တောင်ထွတ်တစ်ခုနှင့် ဝင်ဆောင့်၏။ ကျောက်တောင်ထွတ် မွစာကြဲသွားသည်။ သူလည်း မြေပြင်ပေါ်တွင် အပတ်များစွာ လိမ့်သွားသည်။ သူ့ကိုယ်တွင်းရှိ ကြွက်သားအားလုံး ကိုက်ခဲနေသည်။ သူ့ပါးစပ်မှနေ၍လည်း သွေးများ အဆက်မပြတ် စီးကျနေသည်။ သူ အသက်ကို ရှူသွင်းရုံသာ ရှူသွင်းနိုင်တော့ပြီး ပြန်ရှူမထုတ်နိုင်တော့ချေ။

လိမ္မော်ဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သခင်မလေးက ကျန်းရီထံသို့ ခပ်ဖြည်းဖြည်း ပျံသန်းလာ၏။ သူမသည် သူနှင့် သုံးကီလိုမီတာအကွာရှိ ကျောက်တောင်ထွတ်တစ်ခုမှနေ၍ သူ့ကို အေးစက်စက် ကြည့်နေသည်။ သူမ၏မျက်နှာထားက အတန်ငယ်ထူးဆန်းပြီး သူမ၏နှုတ်ခမ်းလေးများက အနည်းငယ် ဟနေသည်။ သူမ ရေရွတ်လိုက်သည်။

“သူ မသေဘူးလား”

ဆက်၍ဖြစ်လာသော အဖြစ်အပျက်က ထိုသခင်မလေးကို ပို၍ပင် အံ့အားသင့်သွားစေသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ အရိုးအားလုံးနီးပါးက ကျိုးနေသော်လည်း ကျန်းရီသည် ထရပ်နိုင်ရန် ရုန်းကန်နေဆဲပင်။ တစ်ချက်လှုပ်လိုက်တိုင်း သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ့မျက်နှာကလည်း နာကျင်မှုကြောင့် ရှုံ့တွနေသည်။ သို့သော် နောက်ဆုံးတွင် သူ ထရပ်နိုင်သွားသည်။

ကျန်းရီသည် အချိန်မရွေး ပြိုလဲကျသွားတော့မလို တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။ သို့တစေ သူသည် လိမ္မော်ဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော သခင်မလေးကို ခက်ထန်စွာ ကြည့်နေသေးသည်။ ပါးစပ်ထဲမှနေ၍ သွေးများ စီးကျနေဆဲမှာပင် သူ အားနည်းစွာ ပြောလိုက်သည်။

“တာအိုကောင်းကင်ဝိညာဉ်ရတနာလား၊ ကောင်းကင်ဘုံရဲ့ မျိုးနွယ်ကြီးတွေက တကယ့်ကို ကြွယ်ဝကြတာပဲ။ သခင်မလေး.. ခင်ဗျား ကျွန်တော့်ကို သတ်ချင်ခဲ့တာ မဟုတ်ဘူးလား။ ဟင်းဟင်း... ခင်ဗျားမှာ တစ်ခုခုလိုနေတုန်းပဲလို့ ကျွန်တော်ထင်တယ်”

ကျန်းရီ၏အသံက ဖျော့တော့သော်လည်း လိမ္မော်ဝါရောင်ဝတ်စုံနှင့် သခင်မလေးက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်၍ စကားလုံးတိုင်းကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။ သူမ၏မျက်နှာထားက တစ်ချက်ပင် ပြောင်းလဲမသွားပေ။ သူမသည် တောင်ထွတ်ပေါ်ရှိ မြေပြင်တွင် စိုက်နေသော မီးနဂါးဓားကို လှမ်းကြည့်ကာ ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

“ရှင့်မှာလည်း တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခု ရှိတယ် မဟုတ်ဘူးလား။ အဲ့ဓားက တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခု မဟုတ်ဘူးဆိုရင် အခုလောက်ဆို ကျိုးသွားလောက်ပြီ၊ ရှင်လည်း သေနေလောက်ပြီ”

ကျန်းရီ၏မီးနဂါးဓားက အဟုန်တစ်ပိုင်းကို ကာပေးခဲ့သည်။ ထိုဓားသာ ကျိုးသွားခဲ့မည်ဆိုလျှင် ယခု ကျန်းရီ သေနေလောက်ပြီဖြစ်သည်။ လူတစ်ယောက်သည် အရိုးအားလုံး၊ ကိုယ်တွင်းအင်္ဂါအားလုံး ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် ရွှံ့ပုံတစ်ပုံကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ အကယ်၍ နတ်ဘုရားအမြုတေနှင့် သွေးကြောများပါ ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင်မူ သူကမည်မျှစွမ်းအားကြီးပါစေ သေသွားမည်သာ။

“ခင်ဗျား ကျွန်တော့်ကို သတ်ချင်ရင် အခု လှုပ်ရှားလိုက်”

ကျန်းရီ ခက်ခက်ခဲခဲဖြင့် ထပ်ပြောလိုက်သည်။

“ကျွန်တော် ကျန်းရီက ကောင်းကင်ဘုံက လူတွေကို သတ်ခဲ့တယ်။ ခင်ဗျား သူတို့အတွက် လက်စားချေမယ်ဆိုရင် ကျွန်တော် ဘာမှ အထွန့်တက်စရာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့အဖော်တွေက ကောင်းကင်ဘုံကလူ တစ်ယောက်ကိုမှ မသတ်ခဲ့ဘူး။ သခင်မလေး... ကျေးဇူးပြုပြီးတော့ သူတို့ကို အသက်ချမ်းသာခွင့် ပေးလိုက်ပါ”

“ရှင် ကောင်းကင်ဘုံကလူတွေက သတ်တာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ”

သခင်မလေး ပြန်ပြောလိုက်သော စကားက ကျန်းရီကို စိတ်ဝင်စားသွားစေ၏။ သူမက သူ့ကို ဆက်မတိုက်ခိုက်တော့သလို သူ၏မီးနဂါးဓားကိုလည်း မလုယူပေ။ ထိုအစား အကာအရံများရှိသည့် တောင်ထွတ်ပေါ်တွင်သာ ရပ်နေသည်။ နောက်ဆုံးတွင် သူမသည် သူ့ထံသို့ အသံပို့လွှတ်ကာ ပြောလိုက်လေသည်။

“ကျွန်မ ရှင်တို့ကို တိုက်ခိုက်ခဲ့တာက ရှင်တို့က ကျွန်မရဲ့ရတနာတွေကို လုယူဖို့ ကြံနေကြလို့ပဲ။ ရှင်က ကျွန်မရဲ့ တိုက်ကွက်ကနေ ရှင်သန်နိုင်ခဲ့တယ်ဆိုတော့ ကျွန်မတို့ ကြေပြီပေါ့။ ကျွန်မနာမည်က ဟယ်နုန်ယင်းပါ။ နောက်ကျ ရှင် လက်စားချေချင်ရင် ကျွန်မကို လင်းဒေသမှာ လာရှာပါ”

“အာ...”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ ကောင်းကင်ဘုံမှ သခင်လေး၊ သခင်မလေးအားလုံးက ထင်တိုင်းကြဲတတ်သူများ မဟုတ်သည်လော။ အဘယ်ကြောင့် ဟယ်နုန်ယင်းက အကျိုးအကြောင်း ကြည့်တတ်နေရသနည်း။ ထို့ပြင် သူမ မီးနဂါးဓားကို တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုဟုလည်း ပြောခဲ့သည်လော။ သို့သော် သူမသည် မီးနဂါးဓားကို လုယူရန် တစ်ချက်မှ မလှုပ်ရှားခဲ့ပေ။ သူမက ဤနေရာကို ရတနာများ လာရှာသည်မှ ဟုတ်ပါလေသလော။

ဝှစ်...

အဆိပ်ဝိညာဉ် ပျံဝဲလာပြီး မီးနဂါးဓားကို ကိုင်၍ ကျန်းရီကို အံ့ဩတကြီးဖြင့် ကြည့်လိုက်၏။ ထို့နောက် သူ စကားတစ်ခွန်းမှ မပြောဘဲ ကျန်းရီကို သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပို့ကာ ထွက်ပြေးလိုက်သည်။ သူသည် တစ်ချိန်လုံး အနီးတွင် ရှိနေခဲ့သည်။ သို့သော် ကျန်းရီနှင့် ချီချင်ချန်တို့ပင် ထိုသခင်မလေး၏ တိုက်ခိုက်မှုကို မခံနိုင်ခဲ့လျှင် သူလည်း ခံနိုင်မည် မဟုတ်ပေ။ သူ သေပင်သေသွားနိုင်သည်။ ထို့ပြင် သူသည် သူ၏တာဝန်များကို သိကာ တစ်လျှောက်လုံး စိတ်ငြိမ်ငြိမ်ထားနိုင်ခဲ့သည်။ ယင်းမှာ ထိပ်တန်းအဆင့် လုပ်ကြံရေးသမားတစ်ယောက်၏ လက္ခဏာပင်။

ဝုန်း...ဝုန်း...ဝုန်း...

ဟယ်နုန်ယင်းသည် တောင်ကြီးကို ဆက်တိုက်ခိုက်ကာ အကာအရံများကို အားသုံး၍ ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်၏။ အဆိပ်ဝိညာဉ် ထွက်ပေါ်လာချိန်တွင် သူမ တစ်ချက်လှမ်းကြည့်ခဲ့သည်။ သို့သော် မည်သို့မှ မလုပ်လိုက်ဘဲ ‌တောင်ကိုသာ ဆက်တိုက်ခိုက်နေလိုက်ပေသည်။

“အထက်ဘုံရဲ့ နံပါတ်တစ်ပါရမီရှင်တဲ့လား၊ တကယ်ကိုပဲ...”

ခေတ္တမျှ တိုက်ခိုက်ပြီးနောက် ဟယ်နုန်ယင်း ရပ်တန့်လိုက်သည်။ ထို့နောက် သူမ ပြုံးကာ သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ သူ့လို သတ္တိရှိတဲ့သူမျိုးက ရှားတယ်။ သူက သုံးစားမရတဲ့ ဟိုသခင်လေးတွေထက် အများကြီး ပိုသန်မာတယ်။ ကျန်းရီ... ရှင် မိစ္ဆာသတ်ဖြတ်နန်းတော်ထဲကနေ အသက်ရှင်ရက် ပြန်ထွက်နိုင်ပြီး ကောင်းကင်ဘုံကို တက်လှမ်းလာနိုင်မယ်ဆိုရင် ကျွန်မ ရှင့်ကို လင်းဧကရီဆီမှာ ထောက်ခံပေးမယ်။ သူက ရှင့်ကို တောက်ပတဲ့အနာဂတ်အတွက် လမ်းစတစ်ခု ပေးနိုင်လိမ့်မယ်”

All Chapters