ရှေးဟောင်းအလောင်း
Vol. 116 Ch. 1621
ကျန်းရီ အလွန်လျင်မြန်စွာ ပြန်ကောင်းလာ၏။ နတ်ဘုရားသစ်ရွက်တွင် အလွန်အစွမ်းထက်သော ကုသနိုင်စွမ်းလည်း ရှိသည်။ ထိုအစွမ်းက ဘုံတစ်သောင်းပြိုင်ပွဲတွင် ကိုယ့်ခြေထောက်ကိုယ် ဖြတ်ပြခဲ့သော သခင်လေး၏အစွမ်းထက် မနိမ့်ပေ။ တစ်နာရီအတွင်းမှာပင် နတ်ဘုရားသစ်ရွက်၏ အကူအညီကြောင့် ကျန်းရီ အပြည့်အဝနီးပါး ပြန်ကောင်းသွားသည်။
အဆိပ်ဝိညာဉ်က ကျန်းရီကို အပြင်ထုတ်ပေးလိုက်သောအခါ ကျန်းရီကလည်း ချီချင်ချန်ကို အပြင်ထုတ်ပေးလိုက်သည်။ အဆိပ်ဝိညာဉ်နှင့် ချီချင်ချန်တို့သည် ကျန်းရီ၏တိုက်ပွဲအကြောင်းကို ကြားလိုက်သောအခါ နှုတ်ဆိတ်သွားကြ၏။
ဤတစ်ကြိမ်တွင် ချီချင်ချန်၏ အရိုးစွဲနေသောမာန်မာနက လုံးဝပျောက်ကွယ်သွားပေပြီ။ ဟယ်နုန်ယင်းက သူမထက် ပိုကြီးမည့်ပုံ မပေါ်ပေ။ သို့သော် ဟယ်နုန်ယင်း၏ တိုက်ခိုက်စွမ်းအားက ကောင်းကင်ဘုရင်ယို၏ တိုက်ခိုက်စွမ်းအားထက်ပင် ပိုသာသည်။ ထို့ပြင် ဟယ်နုန်ယင်းက အစွမ်းကုန်ထုတ်သုံးခဲ့ခြင်းပင် မဟုတ်သေးပေ။ သို့ဖြစ်ရာ သူမ၏ တိုက်ခိုက်စွမ်းအားအစစ်အမှန်က မည်မျှစွမ်းအားကြီးမည်ကို မည်သူ သိပါမည်နည်း။
ဟယ်နုန်ယင်းက ရတနာတစ်ခုကို ပိုင်ဆိုင်ထားသော မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးပင်။ သို့သော် ချီချင်ချန်မှာလည်း မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးပင် ဖြစ်သည်။ ဤလောကကြီးက မျှတမှုမရှိပေ။ အကြောင်းက မည်သို့ဖြစ်စေ တိုက်ခိုက်စွမ်းအားပိုသာသူက ပိုသန်မာသည်သာ။ ကောင်းကင်ဘုံမှ ထိပ်တန်းအဆင့် သခင်မလေးက ဤသို့ တစ်ယောက်တည်း လာခဲ့ခြင်းကို ကြည့်လျှင် သူမက အခြားသူများကဲ့သို့ မဟုတ်ကြောင်း သိနိုင်ပေသည်။
ကျန်းရီနှင့် ချီချင်ချန်တို့သည် သခင်မလေးဟယ်ကို မမုန်းတီးကြပေ။ သူတို့၏စိတ်ထဲတွင် သူမထံမှ ရတနာများကို လုမယူလိုခဲ့သော်လည်း ချီချင်ချန်က ‘လုမှာလား၊ မလုဘူးလား’ဟု ပြောခဲ့မိ၍ သူတို့ကြားတွင် နားလည်မှုလွဲသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သခင်မလေးဟယ်က သူတို့ကို သင်ခန်းစာ ပေးခဲ့ခြင်းမှာ သဘာဝကျပေသည်။ ကျန်းရီက သူမ၏တိုက်ခိုက်မှုကို ခုခံခဲ့ပြီးနောက် သူမသည် ကျန်းရီကို ဆက်မတိုက်ခိုက်ခဲ့ပေ။ ကျန်းရီ၏မီးနဂါးဓားကိုလည်း လုမယူခဲ့။ ယင်းကပင် သူမက ဖြောင့်မတ်သူတစ်ယောက်ဖြစ်ကြောင်း ပြသနေပေသည်။
‘ဟယ်နုန်ယင်း... နောက်ကျ အခွင့်အရေးရရင် ကျွန်တော် ခင်ဗျားကို တစ်ချက်ပြန်တုံ့ပြန်ရမယ်’
ကျန်းရီသည် သူ ဒဏ်ရာရခဲ့ခြင်းကို စိတ်ထဲမထားပေ။ သို့သော် ဟယ်နုန်ယင်း၏ ထီမထင်သောအပြုအမူက သူ၏မာနကို ထိခိုက်စေခဲ့သည်။ ထို့ကြောင့် နောင်တွင် အခွင့်အရေးရပါက တစ်ချက်ပြန်တုံ့ပြန်ရမည်ဟု သူ စိတ်ထဲတွင် တေးထားလိုက်ပေသည်။
အဆိပ်ဝိညာဉ်သည် ဆက်၍ ထောက်လှမ်းလိုက်ပြီး ကျန်းရီနှင့် ချီချင်ချန်တို့ အရှေ့သို့ တိတ်တဆိတ် ဆက်သွားကြသည်။
ကျန်းရီ၏ မွေးရာပါမာနသည် ထိုသခင်မလေးဟယ်ကြောင့် ပျက်သုဉ်းသွားပေပြီ။ သူသည် သူ့ကိုယ်သူ နှစ်သိမ့်ရန် ကောင်းကင်ဘုံသို့သွား၍ လက်စားချေမည်ဟု သန္နိဋ္ဌာန်ချလိုက်သည်။ သို့သော် သူ့ရင်ထဲတွင် ခါးသီးနေဆဲပင်။
ကျန်းရီသည် ခရီးဆက်ရင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်ဆင်ခြင်သုံးသပ်နေသည်။ မကြာသေးမီက သူ ချီချင်ချန်ကို သင်ခန်းစာတစ်ခု ပေးခဲ့သည်။ သို့သော် သူကလည်း မာန်ဝံ့နေခဲ့မိကြောင်း ယခုမှ သူ သဘောပေါက်လာသည်။
ကောင်းကင်ဘုရင်ယိုကို သတ်ခဲ့ခြင်း၊ မြစ်ဖြူမြို့ကို ဖရိုဖရဲဖြစ်သွားစေခဲ့ခြင်းနှင့် ကြယ်တာရာကျွန်းစုထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်နိုင်ခဲ့ခြင်းတို့က ကျန်းရီကို သူ၏တိုက်ခိုက်စွမ်းအားမှာ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်စွမ်းအားနှင့် ညီနေပြီဟု ခံစားရစေခဲ့သည်။ သူက မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှ စွမ်းအားကြီး သိုင်းသမားအားလုံးကိုလည်း သတ်နိုင်လိမ့်မည်ဟု သူ ထင်ခဲ့သည်။
မီးဝိညာဉ်ပုလဲထဲတွင် မြက်ခင်းပြင်မီးတောက်များ ရှိနေသေးသည်။ ထိုမီးတောက်များကို သူ၏ နဝမမြောက်ကြယ်စက်လုံးထဲတွင် ပေါင်းစည်းနိုင်သည်။ ထိုပေါင်းစည်းမီးတောက်များက အမှန်ပင် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို သတ်နိုင်ပေသည်။ သို့သော် အရာအားလုံးတွင် အားနည်းချက်၊ အားသာချက် ရှိကြသည်။ သခင်လေး၊ သခင်မလေးအားလုံးက အသုံးမကျသည် မဟုတ်။ ဟယ်နုန်ယင်းက သူ့အား ထိုသင်ခန်းစာကို သင်ပေးခဲ့သည်။ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် သူက စွမ်းအားအကြီးဆုံး မဟုတ်ကြောင်းလည်း သူ့ကို သဘောပေါက်သွားစေခဲ့သည်။
ထို့ပြင်...
မီးတောက်များက ပြင်ပအရင်းအမြစ်များဖြစ်သည်။ တစ်ရက်ရက်တွင် သူ၏မြက်ခင်းပြင်မီးတောက်များက ကုန်သွားမည်သာ။ သူက ပြင်ပစွမ်းအားအပေါ်တွင် မှီခိုနေမိခဲ့ပြီး သူ၏ကိုယ်ပိုင်တိုက်ခိုက်စွမ်းရည်များကို မေ့လျော့နေခဲ့သည်။ မြက်ခင်းပြင်မီးတောက်များ ကုန်သွားလျှင် သူ အုပ်ချုပ်သူအဆင့် သိုင်းသမားများကို သတ်နိုင်ပါဦးမည်လော။ သတ်ဖို့မဆိုထားနှင့် ကြိုးစားရန်ပင် အခွင့်အရေးရလိုက်မည် မဟုတ်ချေ။
ကျန်းရီ၏အကြည့်က ခက်ထန်လာ၏။ ချီချင်ချန်သည်လည်း နှုတ်ဆိတ်နေသည်။ သူတို့နှစ်ယောက်စလုံး ထိုပုံစံဖြင့် သူတို့ကိုယ်သူတို့ ပြန်သုံးသပ်နေကြပေသည်။ ဆယ်နာရီက ထိုအတိုင်း ကုန်ဆုံးသွားသည်။ အဆိပ်ဝိညာဉ် ပြန်ရောက်လာမှသာ သူတို့ သတိပြန်ကပ်သွားကြသည်။
အဆိပ်ဝိညာဉ်က လက်ဆုပ်၍ တင်ပြသည်။
“အရှင်ငယ်၊ စစ်သူကြီး... ကျွန်တော် ထူးခြားတဲ့နေရာတစ်ခုကို ရှာတွေ့လာပါတယ်။ အဲ့မှာ ရတနာတွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်”
“ရတနာတွေလား”
ကျန်းရီနှင့် ချီချင်ချန်တို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံး ခါးသက်သက် ပြုံးလိုက်ကြသည်။ ထိုနေရာတွင် တာအိုကောင်းကင်ဝိညာဉ်ရတနာများ ရှိနေလျှင်ပင် သူတို့ အလွန်စိတ်လှုပ်ရှားတော့မည် မဟုတ်ပေ။
သို့သော် ရတနာများ ရှိနေနိုင်သော နေရာတစ်ခုကို ရှာတွေ့ပြီဖြစ်ရာ သူတို့ တစ်ချက်တော့ သွားကြည့်ရပေမည်။ သူတို့နှစ်ယောက်စလုံး အဆိပ်ဝိညာဉ်နောက်မှ လိုက်သွားလိုက်ကြသည်။ ဆယ်မိနစ်ကြာပြီးနောက် သူတို့ တောင်ကြားလေးတစ်ခုဆီသို့ ရောက်သွားကြ၏။ တောင်ကြားအတွင်းပိုင်းက မည်းမှောင်နေသဖြင့် သူတို့ အရာတစ်ခုကိုမှ မမြင်ရပေ။ ကျန်းရီသည် တောင်ကြားအပြင်တွင် ရပ်၍ အထဲမှအရာများကို အာရုံခံနိုင်ရန် ကြိုးစားလိုက်၏။ ထို့နောက် သူ့မျက်လုံးများ အရောင်လက်လာသည်။
“အထဲမှာ တကယ်ပဲ ရတနာတစ်ခု ရှိနေတယ်”
အဆိပ်ဝိညာဉ်သည် ညွှန်ကြားရန်ပင်မလိုဘဲ တောင်ကြားဘေးတွင် ပုန်းလိုက်၏။ ချီချင်ချန်သည်လည်း ခံစားကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“အထဲမှာ ထူးဆန်းတဲ့လှုပ်ရှားမှုတွေ ရှိတယ်။ အဲ့လှုပ်ရှားမှုတွေက တကယ်ပဲ ဆန်းကြယ်တယ်။ အဲ့ဒါတွေက အကာအရံတွေလို့တော့ ကျွန်မ မထင်ဘူး။ ဘာများဖြစ်နိုင်မလဲ”
“ဝင်သွားပြီး ကြည့်ကြတာပေါ့”
ကျန်းရီသည် ရာချီသော ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်၍ လမ်းရှင်းခိုင်းလိုက်၏။ ထို့နောက် သူ တောင်ကြားထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိုက်သည်။ သူ ဖြည်းဖြည်းချင်း လျှောက်နေပြီး တစ်ချိန်လုံး မျက်လုံးမှိတ်ထား၏။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း၌ ပတ်ဝန်းကျင်ကို အာရုံခံနေပေသည်။
အရှေ့သို့ ရောက်လာသောအခါ လှုပ်ရှားမှုများက ပိုအားကောင်းလာကြောင်း ကျန်းရီ ခံစားလိုက်ရသည်။ ယခုတွင် ကျန့်ရှမျိုးနွယ်ဝင်များက တစ်စုတစ်စည်းတည်း ပျံသန်းနေပေပြီ။ လမ်းတစ်လျှောက်တွင် သူတို့သည် မည်သည့်အန္တရာယ်၊ မည်သည့်အကာအရံနှင့်မှ မကြုံခဲ့ပေ။ ကျန်းရီနှင့် ချီချင်ချန်တို့က အလယ်တွင်ဖြစ်ပြီး ကျန့်ရှမျိုးနွယ်ဝင်များက သူတို့၏ အရှေ့နှင့် အနောက်တွင် ရှိနေကြသည်။ ထို့ကြောင့် သူတို့က အတော်လေး လုံခြုံပေသည်။
ကီလိုမီတာအနည်းငယ် သွားပြီးနောက် ကျန်းရီနှင့် ချီချင်ချန်တို့သည် လှုပ်ရှားမှုများ၏ အရင်းအမြစ်ကို ရှာတွေ့သွား၏။ ၎င်းမှာ ကျောက်ဂူတစ်လုံးထဲရှိ ဗုံတစ်လုံးနှင့်တူသော ကျောက်တုံးတစ်တုံးသာ။ ရေစက်များက ထိုကျောက်တုံးအပေါ်ကျသောအခါ ကျောက်တုံးက တုန်ခါသွားပြီး ပတ်ဝန်းကျင်လေထုထဲတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေခြင်းပင်။
“ဒီကျောက်တုံးက ရတနာတစ်ခုလား”
ချီချင်ချန်သည် ခေတ္တမျှ လှမ်းကြည့်ပြီးနောက် ၎င်းကျောက်ဗုံက အောက်ရှိ ကျောက်သားပြင်နှင့် ဆက်စပ်နေကြောင်း တွေ့လိုက်ရ၏။ သူမ ကျန်းရီကို လှည့်ကြည့်လိုက်သည်။
“အဲ့ကျောက်တုံးက ရတနာတစ်ခု မဟုတ်ဘူး။ ကြည့်လိုက်... ကျောက်တုံးပေါ်မှာ ရေကျရာတစ်ခု ချိုင့်နေတယ်။ အဲ့အချိုင့်ကနေလည်း ကျောက်တုံးထဲ ရေစိမ့်ဝင်နေတယ်။ အဲ့ကျောက်တုံးကသာ ရတနာတစ်ခုဆိုရင် ဘယ်လိုလုပ် ကျောက်တုံးထဲကို ရေစိမ့်ဝင်နိုင်မှာလဲ။ ဒါပေမဲ့ အဲ့ကျောက်တုံးက အရမ်းမာကြောလိမ့်မယ် ထင်တယ်။ အဲ့အပေါ် ရေတစ်စက်တစ်စက် ကျနေတာ နှစ်ပေါင်းများစွာ ကြာပြီဆိုပေမဲ့ နည်းနည်းပဲ ချိုင့်သေးတယ်”
ကျန်းရီ ခေါင်းခါလိုက်ပြီး ကျောက်တုံးပေါ်ကျနေသော ရေစက်များကို အာရုံစိုက်လိုက်သည်။ သေချာစူးစမ်းကြည့်သောအခါ ရေစက်များက ကျောက်စက်ပန်းဆွဲတစ်ခုမှ ကျလာခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ အထက်တွင် ကျောက်စက်ပန်းဆွဲကြီးတစ်ခု ရှိနေသည်။ ရေစက်များက ၎င်းမှနေ၍ တစ်စက်ချင်း ကျနေခြင်းပင်။
“အဲ့ရေက တစ်ခုခုမှားနေတယ်”
ကျန်းရီ၏အကြည့်က ရုတ်ခြည်း စူးရှသွား၏။ ချီချင်ချန်သည် အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခုကို ထုတ်၍ အရှေ့တွင် ဝှေ့ယမ်းကာ ရေက ဘာမှားနေကြောင်း အနားသွားကြည့်ရန် ဟန်ပြင်လိုက်သည်။
“မလှုပ်ပါနဲ့”
ကျန်းရီ အော်ပြောလိုက်၏။ ချီချင်ချန် ရပ်တန့်လိုက်ပြီး ကျန်းရီကို တုန်လှုပ်စွာ လှည့်ကြည့်သည်။
“ဘာဖြစ်လို့လဲ။ ကျွန်မ အဲ့ဒါကို သွားကိုင်မှာ မဟုတ်ပါဘူး”
“နောက်ပြန်ဆုတ်လိုက်ပါ”
ကျန်းရီ ညွှန်ကြားလိုက်သည်။ ချီချင်ချန် နောက်ပြန်ဆုတ်လိုက်ပြီးနောက် သူ ကျန့်ရှမျိုးနွယ်ဝင် တစ်ကောင်ကို အရှေ့သို့ စေလွှတ်၍ ၎င်း၏ဓားကဲ့သို့သောလက်နှင့် ရေကို ခံစေလိုက်၏။
တောက်...
ရေစက်က ကျန့်ရှမျိုးနွယ်ဝင်၏ လက်ပေါ်သို့ ကျလာ၏။ ဆက်၍ဖြစ်လာသော အဖြစ်အပျက်က ချီချင်ချန်ကို အလွန်ကြောက်ရွံ့သွားစေသည်။ ရေစက်သည် အရပ်မျက်နှာအနှံ့သို့ ကွဲထွက်ကာ ဆယ်ချီသော ရေစက်အသေးလေးများအဖြစ် ပြောင်းလဲသွားသည်။ ထိုရေစက်လေးများ ထိမှန်ခံရသော ကျန့်ရှမျိုးနွယ်ဝင်များအားလုံး ရုတ်ခြည်း တိုက်စားခံလိုက်ရသည်။ ရေစက်အသေးလေးတစ်စက်က ကျန့်ရှမျိုးနွယ်ဝင်တစ်ကောင်ကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်ချီသော ကျန့်ရှမျိုးနွယ်ဝင်များ ပျက်စီးသွားလေသည်။
“အဲ့... အဲ့ဒါက ဘာလဲ”
ချီချင်ချန်သည် အစိမ်းရောင်အခိုးအငွေ့များ ထုတ်လွှတ်နေသော ကျန့်ရှမျိုးနွယ်ဝင်များကို ကြည့်ရှု၍ ပင့်သက်ရှိုက်လိုက်၏။ ရေစက်လေးများက ထိုမျှကြောက်မက်ဖွယ်ကောင်းသည်ကို သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူမတွင် ရှေးဦးဝိညာဉ်ရတနာစစ်ချပ်ဝတ် ရှိသော်လည်း ထိုရေစက်လေးများသာ သူမကို ထိမှန်သွားလျှင် မည်သို့ဖြစ်လာလိမ့်မည်ကို သူမ မသိပေ။
“အပေါ်မှာ”
ကျန်းရီသည် ကျောက်စက်ပန်းဆွဲကြီးကို မော့ကြည့်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
“အဲ့ကျောက်စက်ပန်းဆွဲကြီးထဲမှာ ကြောက်စရာကောင်းတဲ့အရာတစ်ခု ရှိနေတယ်။ အဲ့ရေက သာမန်မဟုတ်ဘူး။ အလောင်းရေပဲ။ ကျွန်တော် ရေကနေပြီး အလောင်းအရှိန်အဝါနည်းနည်းကို ခံစားနေရတယ်။ စွမ်းအားကြီးတဲ့ ရှေးဟောင်းအလောင်းတစ်ကောင်က အဲ့ကျောက်စက်ပန်းဆွဲထဲမှာ ပိတ်မိနေတာလို့ ကျွန်တော်ထင်တယ်။ အဲ့အလောင်းက စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဒါမှမဟုတ် စွမ်းအားကြီး ရှေးဟောင်းသားရဲတစ်ကောင်ရဲ့ အလောင်းဖြစ်ရမယ်”
“အလောင်းရေလား”
ချီချင်ချန်၏ မျက်နှာကလေး ဖြူဖျော့သွား၏။ အမျိုးသမီးတစ်ယောက်သည် မည်မျှသန်မာပါစေ ထိုကဲ့သို့သော အရာများကို ကြောက်တတ်ပေသေးသည်။ အလောင်းကောင်မှ စိမ့်ထွက်လာသော ရေကပင် ထိုမျှကြောက်မက်ဖွယ်ကောင်းနေလျှင် ရှေးဟောင်းအလောင်း ကိုယ်တိုင်ဆိုလျှင် မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း။
“ကျန်းရီ.. သွား.. သွားကြစို့”
ချီချင်ချန်သည် ဧရာမ ကျောက်စက်ပန်းဆွဲကြီးကို မော့ကြည့်၍ ကြောက်ရွံ့စွာ ပြောလိုက်၏။ သူမသည် ရှေးဟောင်းအလောင်းကို မဆိုထားနှင့် ရတနာများကိုပင် စိတ်မဝင်စားတော့ပေ။
ကျန်းရီက မလှုပ်ပေ။ ထိုအစား ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ကျောက်စက်ပန်းဆွဲကြီးကို အာရုံခံကြည့်လိုက်၏။ သူသည် ရတနာများကို လောဘမတက်သလို ချီချင်ချန်ကိုလည်း ရတနာအတွက်နှင့် အသက်ရင်းခိုင်းမည် မဟုတ်ပေ။ သူ အစောတွင် ဆန်းကြယ်သော လှုပ်ရှားမှုတစ်ခုကို အာရုံခံမိလိုက်ခြင်းသာ။
လှုပ်ရှားမှုက ရေစက်ကျခြင်းမှ ဖြစ်လာခြင်း မဟုတ်ဘဲ အထက်ရှိ ကျောက်စက်ပန်းဆွဲကြီးမှ ထွက်ပေါ်လာခြင်းပင်။
ကျန်းရီသည် လှုပ်ရှားမှုကို ခံစားလိုက်ရသောအခါ ရင်ခုန်မြန်သွားခဲ့၏။ ထို့ပြင် သူ့နဝမမြောက်ကြယ်စက်လုံးထဲရှိ မိုးမြေစွမ်းအားကလည်း ထူးဆန်းသော သက်ရောက်မှုများကို ခံလိုက်ရသည်။
နာရီဝက်၊ တစ်နာရီ၊ တစ်နာရီခွဲ...
ကျန်းရီ မျက်လုံးပြန်ဖွင့်လိုက်၏။ သူ့မျက်လုံးနှစ်လုံးက ဧရာမနေလုံးကြီးနှစ်လုံးကဲ့သို့ပင်။ ချီချင်ချန်သည် ကျန်းရီ၏မျက်ဝန်းများကို ကြည့်ပင် မကြည့်ရဲတော့ချေ။ ကျန်းရီသည် ဧရာမ ကျောက်စက်ပန်းဆွဲကြီးကိုကြည့်၍ အံ့ဩလာ၏။ ထို့နောက် တုန်ယင်သော နှုတ်ခမ်းများဖြင့် ပြောလိုက်သည်။
“အဲ့အလောင်းက မဟာနတ်ဘုရားမျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတစ်ယောက်ရဲ့ အလောင်းပဲ။ အလောင်းက စိမ့်ကျလာတဲ့ ရေစက်ကတောင် အဲ့လောက် စွမ်းအားကြီးနေတာ အံ့ဩစရာ မရှိတော့ပါဘူး”