← Chapters

ပြီးပြည့်စုံသော ခန္ဓာကိုယ်

Vol. 117 Ch. 1622

ပြီးပြည့်စုံသော ခန္ဓာကိုယ်

Vol. 117 Ch. 1622

“မဟာနတ်ဘုရားမျိုးနွယ်လား”

ချီချင်ချန်သည် ကျန်းရီကို အံ့ဩတကြီး ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများ လှုပ်ရှားလာပြီး သူမ၏စိတ်က အတိတ်ဆီသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်။ နောက်ဆုံးတွင် သူမ သိလိုစိတ်ကို အောင့်မထားနိုင်တော့ဘဲ မေးလိုက်လေသည်။

“ကျန်းရီ... ကျွန်မ အမြဲ ရှင့်ကို ကိစ္စတစ်ခု မေးချင်နေခဲ့တာ။ တခြားလူတွေလည်း ကျွန်မလိုပဲ မေးချင်နေလိမ့်မယ်ထင်တယ်။ ရှင်က... မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနေတာလား”

အမှန်တွင် စွမ်းအားကြီး သိုင်းသမားများစွာသည် ထိုအချက်ကို ခန့်မှန်းခဲ့ပြီးဖြစ်သည်။ ကျန်းရီ၏ ရုပ်ခန္ဓာအင်အားက အချိန်တိုအတွင်း အဆပေါင်းများစွာ တိုးတက်လာခြင်းကို မဟာနတ်ဘုရားအတတ်ကသာ ရှင်းပြနိုင်မည်ဖြစ်သည်။

သို့သော် ကျန်းရီ၏ ခန္ဓာကိုယ်အချိုးအစားက မဟာနတ်ဘုရားမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်အချိုးအစားနှင့် လုံးဝကွဲပြားနေသည်။ ထို့ပြင် မဟာနတ်ဘုရားမျိုးနွယ် ပျက်သုဉ်းသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သူတို့တစ်ယောက်မှ အသက်ရှင်ကျန်မနေလောက်ပေ။ ယခုတွင် ကျန်းရီက ကျောက်စက်ပန်းဆွဲကြီးထဲရှိ ရှေးဟောင်းအလောင်းကို အာရုံခံနိုင်နေသည်။ ထို့ကြောင့် ချီချင်ချန်က မေးခွန်းကို မေးလိုက်ခြင်းဖြစ်ပေသည်။

ကျန်းရီ ခပ်သဲ့သဲ့ပြုံး၍ ခေါင်ညိတ်ပြလိုက်၏။ သူ ချီချင်ချန်ကို ဆက်ဖုံးကွယ်မထားလိုတော့ပေ။

“စစ်သူကြီးရဲ့ ခန့်မှန်းချက်က မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အဲ့ဒါကို လျှို့ဝှက်ထားပေးပါ”

“အာ...”

ချီချင်ချန် အံ့အားသင့်သွားပြီး အလိုလို ရေရွတ်မိသွား၏။

“ရှင်.. ရှင်က မဟာနတ်ဘုရားမျိုးနွယ်ကလား”

“စစ်သူကြီးက ဘာတွေတွေးနေတာလဲ”

ကျန်းရီ မျက်လုံးပင့်လိုက်၏။

“ကျွန်တော့်အဖေက အနိမ့်ဘုံက သေမျိုးလေးတစ်ယောက်ပဲ။ ကျွန်တော့်အမေကလည်း ဝိညာဉ်မျိုးနွယ်က။ အဲ့ဒါကို ကျွန်တော်က ဘယ်လိုလုပ် မဟာနတ်ဘုရားမျိုးနွယ်က ဖြစ်နိုင်မှာလဲ။ ပြီးတော့ ကျွန်တော်က မဟာနတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်နဲ့ တူနေလို့လား”

“အာ... ဟုတ်သားပဲ”

ချီချင်ချန် ပြန်သတိကပ်လာ၏။ သူမသည် ကျန်းရီအား မိစ္ဆာတစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်ပြီး မသင်္ကာဟန်ဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ရှင့်မှာ ဝှက်ဖဲတွေ အများကြီးရှိတယ်။ သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေက မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ တစ်ယောက်မှ မအောင်မြင်ခဲ့ဘူး။ ရှင် အဲ့အတတ်ကို ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်သွားတာလဲ”

“စစ်သူကြီးရော ကျင့်ကြံချင်လို့လား”

ကျန်းရီ ခပ်ရေး‌ရေးပြုံးကာ စကားလမ်းကြောင်းလွှဲလိုက်၏။

“စစ်သူကြီး ကြိုးစားရင်တောင် အဲ့အတတ်ကို ကျင့်ကြံနိုင်မှာ မဟုတ်ဘူး။ ဒီလောကထဲမှာ မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနိုင်တာ ကျွန်‌တော်တစ်ယောက်ပဲ ရှိတယ်။ အနည်းဆုံးတော့ ကျွန်တော် အဲ့အတတ်ကို ဘယ်လိုကျင့်ကြံခဲ့တယ်ဆိုတာက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေမှာပဲ။ စစ်သူကြီးက ကျွန်တော့်ရဲ့မိန်းမ မဟုတ်တော့ အဲ့လျှို့ဝှက်ချက်ကို စစ်သူကြီးကို ပြောမပြနိုင်ပါဘူး”

“ဟွန့်...”

ချီချင်ချန် ရှက်သွေးဖြာသွား၏။ ထို့နောက် သူမ မျက်နှာထား ပြန်တည်ကာ ပြောလိုက်သည်။

“ကျန်းရီ... ရှင် ကျွန်မအပေါ် စိတ်ရှိနေရင် ရပ်လိုက်ဖို့ သတိပေးချင်တယ်။ ကျွန်မက ရှင့်ထက် အကြီးပဲ။ ရှင့်စကားတွေက မလေးမစားဖြစ်နေပြီဆိုတာ ရှင် နားလည်ရဲ့လား။ နောက်ကျရင် ရှင် အဲ့လိုမျိုးထပ်ပြီး မစနောက်ပါနဲ့”

“ဟားဟားဟား...”

ချီချင်ချန်၏ တည်နေသော မျက်နှာထားကို မြင်လိုက်သောအခါ ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်၏။ ဟယ်နုန်ယင်းကြောင့် စိတ်ဓာတ်ကျနေခဲ့မှုလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ ပြုံးကာ ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ၊ ကျွန်တော်မျိုးကြီးရဲ့ သခင်မလေးချီအပေါ် ကျွန်တော်မျိုးကြီး ဘာစိတ်မှ မရှိပါဘူး။ သခင်မလေးချီက ကျွန်တော်မျိုးကြီးထက် ကြီးတဲ့သူတစ်‌ယောက်ပါ၊ ဒေါ်လေးတစ်ယောက်ပါ။ အဲ့ဒါဆို ရပြီလား”

“ရှင်က နာချင်နေတာ ထင်တယ်”

ချီချင်ချန် ဒေါသလေးထွက်သွား၏။ ထို့နောက် သူမ ကျန်းရီကို ရိုက်ရန် လက်မြှောက်လိုက်သည်။ သို့သော် သူမ၏လက်က လေထဲတွင် ရပ်တန့်သွား၏။ ဤနည်းက လူတစ်ယောက်ကိုရိုက်ရန် နည်းလမ်းမဟုတ်။ ချစ်သူအချင်းချင်း ကျီစယ်ကြပုံမျိုးသာ။ ထို့ကြောင့် သူမ ရှက်သွေးဖြန်းသွားပြီး နောက်လှည့်လိုက်သည်။ လက်ရှိတွင် ကျန်းရီကို အရေးမစိုက်တော့ခြင်းကသာ များစွာပို၍သင့်တော်ပေလိမ့်မည်။

“ကဲပါ...”

ကျန်းရီ၏ မျက်နှာထားက ပြန်တည်သွား၏။

“စစ်သူကြီး ဒီမှာစောင့်နေလိုက်ပါ။ ကျွန်တော် အပေါ်တက်ကြည့်လိုက်ဦးမယ်။ အဲ့ရှေးဟောင်းအလောင်းက ကျွန်တော့်ကို ဖိတ်ခေါ်နေသလိုပဲ။ ကျွန်တော် တစ်ချက်သွားကြည့်ချင်တယ်”

“သတိထားပါ”

ချီချင်ချန်သည် ကျန်းရီကို စိုးရိမ်ဟန်ဖြင့် ကြည့်လိုက်၏။ အလောင်းရေကပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်ရာ အလောင်းကိုယ်တိုင်ဆိုလျှင် မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း။ မဟာနတ်ဘုရားမျိုးနွယ် ပျက်သုဉ်းသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း မျိုးနွယ်ဝင်တစ်ယောက်၏ အလောင်းက အကောင်းအတိုင်း ရှိနေသေးသည်လော။ ထို့ပြင် အဘယ်ကြောင့် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ထိုအလောင်းကို သူ၏နန်းတော်ထဲ၌ ထည့်ထားကြောင်းကိုလည်း သူမတို့ မသိပါပေ။

ဝှစ်...

ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို စေလွှတ်၍ အထက်မှ ‌ကျောက်စက်ပန်းဆွဲကြီးကို ခုတ်စေလိုက်၏။ ကျန့်ရှမျိုးနွယ်ဝင်များ၏ လက်ဓားများက ကျောက်စက်ပန်းဆွဲကြီးကို ထိသောအခါ မီးပွားများ ထွက်ပေါ်လာသည်။ ကျောက်စက်ပန်းဆွဲပေါ်၌လည်း အက်ကြောင်းလေးများ ဖြစ်လာသည်။

ထန်း...ထန်း...ထန်း...

ကျန့်ရှမျိုးနွယ်ဝင်များက ကျောက်စက်ပန်းဆွဲကြီးကို အဆက်မပြတ် ခုတ်နေကြ၏။ အက်ကြောင်းလေးများက တဖြည်းဖြည်း ကြီးလာသည်။ ကျန်းရီသည် စက္ကန့်အနည်းငယ် စောင့်ပြီးနောက် မီးနဂါးဓားကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ကျန့်ရှဘုရင်လည်း ထွက်လာကာ ကျောက်စက်ပန်းဆွဲပေါ်မှ အက်ကြောင်းလေးများကို ဆက်ခုတ်လိုက်လေသည်။

ထန်း...ထန်း...

ကျန့်ရှဘုရင်၏ တိုက်ခိုက်မှုများက များစွာပို၍ စွမ်းအားကြီး၏။ အက်ကြောင်းများက ပိုကျယ်၊ ပိုရှည်လာကြသည်။ ကျန်းရီ လေထဲတွင် ရပ်နေပြီး မျက်လုံးမှိတ်ကာ ကျောက်စက်ပန်းဆွဲကြီးကို အာရုံစိုက်ထားသည်။ သူ တစ်ချက်မှ မလှုပ်ပေ။ ချီချင်ချန်ကမူ ဖြစ်စဉ်တစ်ခုလုံးကို အဝေးမှနေ၍ ကြည့်နေသည်။ အဆိပ်ဝိညာဉ်ကလည်း သူတို့အနားသို့ ကပ်မလာပေ။ သူသည် အခြားသူများ ထိုတောင်ကြားအနားသို့ ကပ်မလာနိုင်အောင် စောင့်ကြည့်နေလိုပုံပင်။

ငါးမိနစ်၊ ဆယ့်ငါးမိနစ်... တစ်နာရီ...

အက်ကြောင်းများက ကြီးမားလာ၏။ ကျန့်ရှဘုရင်သည် အက်ကြောင်းကို ပိုနက်သွားအောင် လက်ဓားဖြင့် အဆက်မပြတ် ခုတ်နေသည်။ ထိုစဉ် ရုတ်တရက် ကျန်းရီ မျက်လုံးဖွင့်လိုက်၏။ ကျန့်ရှဘုရင်၏ တိုက်ခိုက်မှုများက အသုံးမဝင် ဖြစ်လာကြောင်း သူ အာရုံခံမိပေသည်။

ဧရာမအက်ကြောင်းကြီးက အနက်ရောင်အလင်း တောက်ပနေသည်။ ထိုနေရာတွင် အကာအရံများ ရှိနေကြောင်း ထင်ရှားသည်။ အကာအရံများက ကျန့်ရှဘုရင်ကြောင့် ပျက်စီးသွားမည် မဟုတ်ပေ။

“ခက်တာပဲ...”

အကာအရံများက ပျက်စီးမည်ဖြစ်စေ၊ မပျက်စီးဘဲဆက်ရှိနေမည်ဖြစ်စေ ကျန်းရီ ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်ခုတ်ခိုင်းနေရပေမည်။ အကယ်၍ အကာအရံများက ဆက်ရှိနေမည်ဆိုလျှင် ကျန့်ရှဘုရင်က ၎င်းတို့ကို တစ်ကိုယ်တော် ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

“စစ်သူကြီး... ဒီတောင်ကြားထဲက ထွက်လိုက်ပါ”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ပေါင်းစည်းမီးတောက်များကို သုံးရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ထိုမီးတောက်များကလည်း အကာအရံများကို မဖျက်နိုင်လျှင် သူ ရှေးဟောင်းအလောင်းကို လက်လျှော့ရပေတော့မည်။

“သတိထားပါ”

ချီချင်ချန်သည် စိုးရိမ်ဟန်ဖြင့် ထပ်မံပြောလိုက်ပြီး တောင်ကြားထဲမှ ထွက်သွားလိုက်သည်။ ထိုအခါ ကျန်းရီ ကျန့်ရှမျိုးနွယ်ဝင်များကို ပြန်သိမ်းလိုက်ပြီး အကာအရံများဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားလိုက်၏။

ရွှီး...

အကာအရံများက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။ ကျန်းရီ၏လက်ထဲတွင် မီးတောက်များ ထွက်ပေါ်လာသည်။ ရုတ်ခြည်းပင် အကာအရံများ အဆက်မပြတ် လင်းလက်သွားသည်။ တစ်ချိန်တည်းမှာပင် ကျောက်စက်ပန်းဆွဲမှ စိမ့်ထွက်နေသော အလောင်းရေလည်း အငွေ့ပျံသွားသည်။ ထို့နောက် ကြောက်မက်ဖွယ်အပူလှိုင်းများက တောင်ကြားတစ်ခုလုံးအတွင်း ပြည့်နှက်သွားလေသည်။

‘အသုံးမဝင်ဘူးလား’

ကျန်းရီသည် လင်းလက်နေသော အကာအရံများကို ကြည့်၍ စိတ်ပျက်သွား၏။ အကာအရံများ၏ စွမ်းအင်က လျင်မြန်စွာ ကုန်ဆုံးနေသော်လည်း ၎င်းတို့ အဆက်မပြတ် လင်းလက်နေပုံအရ သူ၏မြက်ခင်းပြင်မီးတောက်များကို အကုန်သုံးလိုက်မည်ဆိုလျှင်ပင် အကာအရံများက ပျက်သွားဦးမည် မဟုတ်ကြောင်း ကျန်းရီသိသည်။

‘မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ရဲ့ အကာအရံတွေက ဒီလောက်‌တောင် စွမ်းအားကြီးတယ်လား’

ကျန်းရီ သက်ပြင်းချလိုက်သည်။ သူ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပေပြီ။

ကျန်းရီသည် မီးတောက်များကို ပြန်သိမ်းလိုက်ပြီး အပြင်ပြန်ထွက်လိုက်၏။ သူ ကျောက်ဂူထဲမှ ပြန်ထွက်တော့မည့် အချိန်တွင် ဂူထဲမှ လှုပ်ရှားမှုများကို ခံစားလိုက်ရသည်။ သူ ရင်ခုန်မြန်သွား၏။ ရှေးဟောင်းအလောင်းက သူ့ကို ထပ်မံခေါ်နေပေသည်။

“အာ...”

ကျန်းရီ ရပ်တန့်လိုက်၏။ သူ နောက်ပြန်လှည့်ကာ အကာအရံများကို ထပ်မံအာရုံစိုက်လိုက်သည်။ စက္ကန့်များစွာ ချီတုံချတုံ ဖြစ်နေပြီးနောက် သူ အကာအရံများထံသို့ ထပ်မံသွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူ အခြားလှုပ်ရှားမှုလှိုင်းများကို ခံစားလိုက်ရ၏။ တစ်စုံတစ်ခုက သူ့ကို ခေါ်နေကြောင်း ထင်ရှားပေသည်။ ထိုအရာက သူ့ထံသို့ အသံမဲ့သတင်း ပို့နေသကဲ့သို့ပင်။

“ဟာ...ဟုတ်သား”

ကျန်းရီ ပို၍ရင်ခုန်မြန်လာ၏။ ရုတ်တရက် သူ၏နဝမမြောက်ကြယ်စက်လုံးထဲရှိ မိုးမြေစွမ်းအားက အပြင်သို့ ထိုးထွက်လာသည်။ ထို့နောက် ကျန်းရီသည် အားကုန်သုံး၍ သူ့အရှေ့မှ အကာအရံများကို ထိုးချလိုက်လေသည်။

ဝုန်း...

ပေါက်ကွဲသံတစ်သံ ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။ အကာအရံများကလည်း နောက်တစ်ကြိမ် လင်းလက်လာသည်။ ဤတစ်ကြိမ်တွင် အလင်းက အလွန်တောက်ပလွန်းသဖြင့် ကျန်းရီ မျက်လုံးပင် မဖွင့်နိုင်တော့ပေ။ သို့သော် အကြိမ်များစွာ မျက်‌တောင်ပုတ်ခတ်ပြီးနောက် သူ ပြန်မြင်လာရသည်။ ရုတ်ခြည်းပင် သူ စိတ်လှုပ်ရှားသွားပေသည်။

‘အဲ့ဒါက အလုပ်ဖြစ်တယ်’

ကျန်းရီ၏တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ၏လက်သီးတစ်ချက်က အကာအရံများကို ရုတ်ခြည်း အားနည်းသွားစေသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရခြင်းကို ကျန်းရီ မသေချာသော်လည်း ယခု သူ အားပြန်တက်လာပေပြီ။

မဟာနတ်ဘုရားမျိုးနွယ်မှ ရှေးဟောင်းအလောင်းက သူ၏ သွေးကြောများနှင့် ဆက်နွယ်မှု ရှိနေသည်။ သူသာ ထိုရှေးဟောင်းအလောင်း၏ စွမ်းအားကို ရလိုက်မည်ဆိုလျှင် သူ့အတွက် အလွန်အကျိုးရှိပေလိမ့်မည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီ အကာအရံများကို ထပ်ခါ ထပ်ခါ ထိုးလိုက်၏။ အကာအရံများသည် မျက်စိကျိန်းလောက်အောင် တောက်ပလာလိုက်၊ ပြန်မှိန်သွာလိုက်နှင့် ရှိနေပေသည်။ အကာအရံများက အချိန်မရွေး ပျက်စီးသွားတော့မည်ဟု ခံစားမိလိုက်သောအခါတွင် ကျန်းရီ ပို၍လျင်မြန်စွာ တိုက်ခိုက်လိုက်လေသည်။

ရွှီး...

ဆယ်မိနစ်ကြာပြီးနောက် ကျန်းရီသည် သူ လက်သီးချက်မည်မျှ ထိုးခဲ့ကြောင်းကိုပင် မသိတော့ပေ။ အကာအရံများပတ်ပတ်လည်မှ အလင်းလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျန်းရီ၏ လက်သီးချက်များက ကျောက်စက်ပန်းဆွဲကြီးတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေသည်။ ကျောက်စက်ပန်းဆွဲအတွင်းပိုင်းက အခေါင်းပေါက်ဖြစ်သည်။ ထိုအခေါင်းပေါက်က မကြီးပေ။ အချင်းဝက်မီတာသုံးဆယ်‌လောက်သာရှိမည်။ အထဲတွင်မူ လဲလျောင်းနေသော ဧရာမအလောင်းကောင်ကြီးတစ်ခုမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေပေ။

“မကောင်းတော့ဘူး...”

ကျန်းရီသည် ရှေးဟောင်းအလောင်းကို လှမ်းကြည့်ကာ ရင်တုန်သွား၏။ ရှေးဟောင်းအလောင်းက အသက်ဝင်လာပေပြီ။ ယခုတွင် ၎င်းက ကျန်းရီထံ လျင်မြန်စွာ ရွေ့လျားလာ‌နေသည်။ ခြောက်ကပ်ကာ အရိုးကျနေသော လက်တစ်ဘက်က ကျန်းရီ၏ လည်ပင်းကို ညှစ်လိုက်၏။ တစ်ချိန်တည်းမှာပင် အလောင်း၏ မျက်တွင်းနက်များက အစိမ်းရောင် လင်းလက်လာ၏။ ထို့နောက် အစိမ်းရောင်အလင်းတန်း တစ်တန်းက ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားထဲ ပျံဝင်သွားသည်။ ကျန်းရီ၏စိတ်ဝိညာဉ်ထဲတွင် အေးစက်စက် ရယ်သံတစ်သံကို ကြားလိုက်ရပေသည်။

“ဟားဟားဟား.... ကောင်စုတ်လေး၊ မင်းက တော်တော် တော်တာပဲ။ ငါ စောင့်နေခဲ့တာ နှစ်သုံးသောင်း ရှိသွားပြီ။ နောက်ဆုံးတော့ ငါ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်တစ်ခုကို ရတော့မယ်”

All Chapters