တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးခြင်း
Vol. 117 Ch. 1623
‘ထောင်ချောက်တစ်ခုလား’
ကျန်းရီ၏ ရင်ထဲတွင် လှိုင်းတံပိုးထန်သွား၏။ ထိုရှေးဟောင်းအလောင်းသည် သူ၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ရန် သူ့အား ခေါ်ခဲ့ခြင်းလော။
နှစ်ပေါင်းသုံးသောင်း...
ထိုနှစ်ပေါင်းသုံးသောင်းမှာ အထက်ဘုံအချိန်ဖြစ်ကြောင်း ထင်ရှားသည်။ ထိုမဟာနတ်ဘုရားမျိုးနွယ်ဝင် သေပြီးသည်မှာ အထက်ဘုံအချိန် နှစ်ပေါင်းသုံးသောင်း ရှိခဲ့ပေပြီ။ သို့သော် သူ၏ ဝိညာဉ်အစအနက ကျန်ရှိနေသေးသည်။ ယင်းမှာ အတန်ငယ် ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်လော။
အခြေအနေက မည်သို့ပင်ဖြစ်စေ သေရေး၊ ရှင်ရေးနှင့် ရင်ဆိုင်လာရပြီဖြစ်၍ ကျန်းရီ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် တွေးတောလိုက်သည်။ သူ တုံ့ဆိုင်းမနေဘဲ သူ့စိတ်ဝိညာဉ်အတွင်း ဝင်ရောက်လာသည့် အစိမ်းရောင်အလင်းတန်းကို လျစ်လျူရှုကာ တံဆိပ်စာလုံးများကို ထုတ်လိုက်သည်။ ထို့ပြင် ခြောက်ရောင်ခြယ်မီးတောက်လုံး တစ်လုံးကိုလည်း ထုတ်၍ မီးတောက်လုံးနှင့် ရှေးဟောင်းအလောင်းကို ရိုက်လိုက်သည်။
ရွှီး...
ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တံဆိပ်စာလုံးများ ထွက်ပေါ်လာပြီး အဆက်မပြတ် တောက်ပနေ၏။ အစိမ်းရောင်အလင်းတန်းသည် စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ရောက်သောအခါ စိတ်ဝိညာဉ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ သို့သော် တောက်ပနေသော တံဆိပ်စာလုံးများကြောင့် အစိမ်းရောင်အလင်းက သိသိသာသာ မှိန်လာလေသည်။
“အာ...”
ခြောက်ရောင်ခြယ်မီးတောက်လုံးက ရှေးဟောင်းအလောင်းကို ပြာချမပစ်နိုင်ချေ။ ၎င်း၏မည်းနက်နေသော အရေပြားက အနီရောင်သာ တောက်ပလာသည်။ ယင်းမှလွဲ၍ အလောင်းသည် ခြောက်ရောင်ခြယ်မီးတောက်ကို အလွယ်တကူ တောင့်ခံနိုင်နေပေသည်။
ကျောက်စိမ်းဖြူချပ်ဝတ်ကို ဝတ်ဆင်ထားသော ကောင်းကင်ဘုရင်ယိုသည်ပင် ခြောက်ရောင်ခြယ်မီးတောက်များကြောင့် ပြာကျသွားခဲ့ရသည်။ သို့ဖြစ်ရာ ဤအလောင်းက မည်မျှစွမ်းအားကြီးကြောင်း သိနိုင်ပေသည်။
“အန်...”
တစ်ချိန်တည်းမှာပင် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင်လည်း အံ့အားသင့်သံတစ်သံ ထွက်ပေါ်လာ၏။ အစိမ်းရောင်အလင်းတန်းက ကျန်းရီ၏စိတ်ဝိညာဉ်ထံသို့ အသည်းအသန် သွားနေသော်လည်း တံဆိပ်စာလုံးများ၏ တားဆီးမှုကို ခံလိုက်ရသဖြင့် စိတ်ဝိညာဉ်အနီးကို မကပ်နိုင် ဖြစ်နေသည်။
“ဒါတွေက ဘာတွေလဲ။ ကောင်လေး... မင်းမှာ ဒီလိုစွမ်းအားကြီးတဲ့ စိတ်ဝိညာဉ်မူလရတနာတစ်ခု ရှိနေလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး”
အစိမ်းရောင်အလင်းတန်းအတွင်းမှနေ၍ အသံအိုတစ်သံ ထွက်လာ၏။ ထို့နောက် အသံက လေသံပြောင်းကာ ပြောသည်။
“ကောင်လေး... ရုန်းကန်မနေနဲ့တော့။ မဟာနတ်ဘုရားမျိုးနွယ်ထဲမှာ တော်ဝင်မိသားစုပြီးရင် ငါက နံပါတ်တစ် စွမ်းအားကြီး သိုင်းသမားပဲ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေက ငါ အားသာတဲ့အပိုင်း မဟုတ်ပေမဲ့ မင်းလိုပမွှားလေးကိုတော့ အလွယ်လေး ရှင်းပစ်လို့ရတယ်။ အေးအေးဆေးဆေး အလျှော့ပေးလိုက်။ ငါက မင်းရဲ့ရုပ်ခန္ဓာကို အဆတစ်ထောင်၊ တစ်သောင်း ပိုသန်မာသွားအောင် လုပ်ပေးမှာ။ အဲ့ကျရင် ငါ့မှာ မဟာနတ်ဘုရားမျိုးနွယ်ကို ပြန်တည်ထောင်နိုင်မဲ့အစွမ်း ရှိလာလိမ့်မယ်။ ပြီးရင် ငါတို့ ကောင်းကင်ဘုံတစ်ခုလုံးကို အုပ်စိုးကြတာပေါ့”
ဝှစ်...
အစိမ်းရောင်အလင်းတန်းမှနေ၍ ကြယ်တာရာအလင်းတန်းများ ထွက်လာပြီး အရှေ့သို့ ပျံသန်းကာ တံဆိပ်စာလုံးများကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ တံဆိပ်စာလုံးများသည် ကြောက်မက်ဖွယ်နှုန်းဖြင့် မှေးမှိန်လာ၏။ ၎င်းတို့က အစိမ်းရောင်အလင်းတန်း၏ တိုက်ခိုက်မှုကို ကြာရှည်တောင့်မခံနိုင်ကြောင်း ထင်ရှားသည်။
‘ငါ ဘာလုပ်သင့်လဲ’
ကျန်းရီ စိုးရိမ်လာ၏။ တံဆိပ်စာလုံးများက အလွန်စွမ်းအားကြီးသည်။ ဘွဲ့ထူးရစစ်နတ်ဘုရားများ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများပင် သူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ သို့သော် မဟာနတ်ဘုရားမျိုးနွယ်ထဲ၌ တော်ဝင်မိသားစုပြီးလျှင် ထိုအလောင်းက နံပါတ်တစ် စွမ်းအားကြီး သိုင်းသမားဖြစ်သည်။ သူက မည်မျှစွမ်းအားကြီးသနည်း။ တွေးကြည့်၍ပင် မရပေ။ အတိတ်တွင် မဟာနတ်ဘုရားမျိုးနွယ်က ကောင်းကင်ဘုံတစ်ခုလုံးကို ကြီးစိုးခဲ့သည်။ ဤအလောင်းသည် အသက်ရှိစဉ်က ဧကရာဇ်အဆင့်သို့ပင် ရောက်နေခဲ့လောက်သည်။
‘ငါ အရှုံးပေးလို့ မဖြစ်ဘူး။ သူက ဧကရာဇ်အဆင့် ဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ။ သူသေခဲ့တာ နှစ်ပေါင်းသုံးသောင်းရှိသွားပြီ။ အခု သူ့ရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်းပဲ ကျန်တော့တာ’
အထက်ပါအတိုင်း တွေးမိသောအခါ ကျန်းရီသည် ရုတ်ခြည်း မီးနဂါးဓားအပေါ် အာရုံစိုက်၍ ဆန်းကြယ်သော အဘိုးအို၏ ဝိညာဉ်ကို ခေါ်လိုက်၏။ သို့သော် ဆယ်ကြိမ်ကျော် ခေါ်ပြီးနောက်တွင်ပင် မီးနဂါးဓားက မည်သို့မှ ပြန်မတုံ့ပြန်ပေ။
‘ဟုတ်သား... ကောင်းကင်ဝါးမျိုသားရဲ’
နှင်းနက်ပင်လယ်မှ တိုက်ပွဲတွင် တမလွန်ဘုံဘုရင်က သူ့အား ထိန်းချုပ်မည်ကို ကောင်းကင်ဝါးမျိုသားရဲလေးက ကာကွယ်ပေးခဲ့သည်ကို ကျန်းရီ ရုတ်တရက် အမှတ်ရသွား၏။ သူ မီးဝိညာဉ်ပုလဲအပေါ် လျင်မြန်စွာ အာရုံစိုက်လိုက်ပြီး ခေါ်လိုက်သည်။
“ရှောင်မုန့်... ငါ့ကို ကယ်ပါဦး။ မြန်မြန်...”
ကောင်းကင်ဝါးမျိုသားရဲလေးက မီးဝိညာဉ်ပုလဲထဲရှိ မြက်ခင်းပြင်မီးတောက်များထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေခဲ့သည်။ သို့သော် ကျန်းရီ၏ ခေါ်သံကို ကြားသောအခါ သားရဲလေးသည် ရုတ်ခြည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပုလဲလုံးအပြင်သို့ ပျံထွက်၍ ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားထဲ ဝင်သွားလိုက်သည်။
ကျီ...ကျီ...
ကောင်းကင်ဝါးမျိုသားရဲလေးသည် အရွယ်ငယ်ပုံစံဖြင့် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲ၌ ထွက်ပေါ်လာ၏။ ၎င်းသည် အကြိမ်အနည်းငယ် အော်လိုက်ပြီး အစိမ်းရောင်အလင်းတန်းကို စတင် စားလေတော့သည်။ ထိုအခါ အလောင်း၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းက ကြောက်ရွံ့စွာ အော်လိုက်သည်။
“ဒါ...ဒါက ကောင်းကင်ဝါးမျိုသားရဲလား။ အဲ့လိုရှားပါးသတ္တဝါမျိုးက တကယ်ရှိတယ်လား။ ဟွန်း... ကောင်လေး ကောင်းကင်ဝါးမျိုသားရဲကို ချက်ချင်း ရပ်ခိုင်းလိုက်။ မဟုတ်ရင် ငါ မင်းရဲ့ရုပ်ခန္ဓာကို ဖျက်ဆီးပစ်လိုက်မယ်။ အဲ့ကျရင် မင်းရဲ့ စိတ်ဝိညာဉ်လည်း လွင့်ပြယ်သွားမှာပဲ”
“လုပ်လိုက်လေ”
ကျန်းရီသည် အစိမ်းရောင်အလင်းတန်းဆီသို့ အတွေးပြန်ပို့လိုက်၏။
“ဒီတစ်လောကလုံးမှာ ကျွန်တော်တစ်ယောက်ပဲ မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနိုင်တာ။ ခင်ဗျား ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်လိုက်ရင် မဟာနတ်ဘုရားမျိုးနွယ်လည်း ထာဝရဇာတ်သိမ်းသွားပြီပဲ။ ကျွန်တော်က မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနိုင်တယ်။ အဲ့ဒါက ကျွန်တော့်ကို ခင်ဗျားတို့ မဟာနတ်ဘုရားမျိုးနွယ်ရဲ့ ဆက်ခံသူ ဖြစ်စေတယ်။ ခင်ဗျားက ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကို လိုချင်တာလား။ အိပ်မက်မက်နေလိုက်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရမယ်ဆိုရင်တောင် ကျွန်တော့်ရဲ့ရုပ်ခန္ဓာကို ခင်ဗျားကိုပေးမှာ မဟုတ်ဘူး”
“မင်း...”
အစိမ်းရောင်အလင်းတန်း အလွန်ဒေါသထွက်သွား၏။ သို့သော် ၎င်းသည် ပို၍ချိုသာသော လေသံဖြင့် ပြန်ပြောလေသည်။
“ကောင်လေး... မီးနဲ့ မကစားချင်ပါနဲ့။ မင်းသာ မင်းရဲ့ရုပ်ခန္ဓာကို ငါ့ကိုပေးလိုက်ရင် မင်း တစ်လောကလုံးကို အုပ်စိုးပြီး ဘုံတစ်သောင်းရဲ့ ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်အောင် ငါ ကူညီပေးနိုင်တယ်။ ငါက မင်းချစ်ရတဲ့သူတွေကိုလည်း စောင့်ရှောက်ပေးမှာပါ။ မင်းရဲ့မျိုးနွယ်က မျိုးဆက်တစ်သောင်းအထိ ကြွယ်ဝစေရမယ်လို့လည်း အာမခံတယ်။ မင်းရဲ့ရန်သူတွေကိုလည်း ငါ့လက်နဲ့ ရှင်းပေးမယ်။ ကဲ... မင်း ဘာထပ်လိုချင်သေးလဲ”
“ဟားဟား...”
ကျန်းရီ ပြန်ပြောလိုက်သည်။
“အဲ့ဒါဆိုရင် အေးအေးချမ်းချမ်း ဆက်သေနေလိုက်။ ကျွန်တော် မဟာနတ်ဘုရားမျိုးနွယ်ကို ပြန်ထူထောင်ပေးမယ်၊ ဘုံတစ်သောင်းရဲ့ ကောင်းကင်ဧကရာဇ်လည်း ဖြစ်လာမယ်။ ခင်ဗျားမှာ နောက်ဆုံးဆန္ဒတို့၊ ရန်သူတို့ ရှိသေးလား။ ကျွန်တော် ခင်ဗျားရဲ့ နောက်ဆုံးဆန္ဒကိုလည်း ဖြည့်ပေးမယ်၊ ခင်ဗျားရဲ့ ရန်သူတွေကိုလည်း သတ်ပေးမယ်”
ကျီ...ကျီ...
ကောင်းကင်ဝါးမျိုသားရဲလေးသည် အစိမ်းရောင်အလင်းတန်းကို အလွန်လျင်မြန်စွာ စားနေ၏။ ထို့ကြောင့် အစိမ်းရောင်အလင်းတန်း မကျေမနပ်ဖြစ်လာပြီး အော်ပြောလိုက်သည်။
“ကောင်လေး... မင်းက မင်းအတွက် ဘာကကောင်းတယ်ဆိုတာကို မသိမှတော့ တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးကြတာပေါ့”
ဝှစ်...ဝှစ်...
အစိမ်းရောင်အလင်းတန်းမှနေ၍ မရေမတွက်နိုင်သော ကြယ်တာရာအလင်းတန်းများ ထွက်လာပြီး တံဆိပ်စာလုံးများကို ပို၍ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ ရုတ်ခြည်းပင် တံဆိပ်စာလုံးများ မှေးမှိန်လာပေသည်။
ကျန်းရီသည် အခြေအနေ မကောင်းတော့ကြောင်း တွေ့လိုက်၍ သူ့နတ်ဘုရားအမြုတေထဲမှ ကောင်းကင်စွမ်းအားများကို ထုတ်၍ ခန္ဓာကိုယ်အတွင်း လှည့်ပတ်လိုက်သည်။ ထို့နောက် သူ ရူးသွပ်စွာ ရယ်၍ ပြောလိုက်လေသည်။
“အဲ့ဒါဆိုလည်း တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးပြီး အတူတူ သေကြတာပေါ့။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ။ ခင်ဗျားက ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကို လိုချင်တာလား။ ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ရင် ခင်ဗျားရဲ့ မဟာနတ်ဘုရားမျိုးနွယ်က အဆုံးသတ်ပြီပဲ”
ကျန်းရီ၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်စွမ်းအားများ ပို၍လျင်မြန်စွာ လှည့်လည်လာ၏။ သူ့ကိုယ်မှနေ၍ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူ သူ့ကိုယ်သူ ဖောက်ခွဲပစ်တော့ပေမည်။ အစိမ်းရောင်အလင်းတန်း ထိတ်လန့်သွား၏။ ကျန်းရီ၏ ကောင်းကင်စွမ်းအားက အားကောင်းသည်။ သူသာ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်လျှင် အနီးရှိ ၎င်း၏ရုပ်အလောင်းလည်း ပျက်စီးသွားပေလိမ့်မည်။
“ကောင်လေး.. ရပ်လိုက်”
အစိမ်းရောင်အလင်းတန်းသည် တိုက်ခိုက်မှုများကို ရပ်တန့်ကာ အော်ပြောလိုက်၏။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ့ရဲ့ ဝိညာဉ်ကို မင်းရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲမှာ နေခွင့်ပေး။ ငါတို့ အတူတူ နေလို့ရတာပဲ။ ငါ သင့်တော်တဲ့ ရုပ်ခန္ဓာကို ရှာတွေ့တဲ့အခါကျရင် မင်းရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲက ထွက်ပေးမယ်”
“အာ...”
ကျန်းရီ သူလုပ်ဆောင်နေသည့်အရာများကို ရပ်တန့်လိုက်၏။ အတန်ကြာ တုံ့ဆိုင်းနေပြီးမှ သူ အသံပို့လွှတ်လိုက်သည်။
“ခင်ဗျား ကျွန်တော့်ရဲ့ရုပ်ခန္ဓာကို အပိုင်းမသိမ်းပါဘူးလို့ အာမခံနိုင်လား”
“ခံနိုင်တာပေါ့”
အစိမ်းရောင်အလင်းတန်းက အလွန်ပြတ်သားစွာ ပြန်ပြောသည်။
“ငါက မဟာနတ်ဘုရားမျိုးနွယ်ရဲ့ အရှေ့ဧကရာဇ်ပဲ။ ငါ့ရဲ့စကားက ရွှေလိုအဖိုးတန်တယ်။ ငါက မင်းလို ကောင်လေးတစ်ယောက်ကို လိမ်ရမှာလား။ မြန်မြန်... မင်းရဲ့ ကောင်းကင်ဝါးမျိုသားရဲကို ရပ်ဖို့ပြောလိုက်။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့”
“ဟုတ်သား...”
ကျန်းရီသည် ရုတ်တရက် အကြံတစ်ခုရလိုက်၍ ပြန်ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ဆက်ပြီး ဖုံးကွယ်မထားတော့ပါဘူး။ တကယ်တော့ ကျွန်တော့်ရဲ့ မျိုးနွယ်ဝင်တစ်ယောက်ကလည်း မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနိုင်တယ်။ သူ့ရဲ့ရုပ်ခန္ဓာကလည်း တော်တော်သန်မာတယ်။ ခင်ဗျားကို သူ့ရဲ့ရုပ်ခန္ဓာ ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ”
“တကယ်လား”
အစိမ်းရောင်အလင်းတန်း အလွန်ဝမ်းသာသွား၏။ သို့သော် ကောင်းကင်ဝါးမျိုသားရဲက ၎င်းအား စားနေခြင်းကို မရပ်သေးကြောင်း တွေ့လိုက်သောအခါ ဒေါသပြန်ထွက်သွားပြီး အော်ပြောလိုက်သည်။
“ကောင်လေး... မင်းရဲ့ ကောင်းကင်ဝါးမျိုသားရဲကို ရပ်လိုက်ဖို့ မြန်မြန်ပြောလိုက်။ မဟုတ်ရင် ငါ မင်းရဲ့ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်မယ်။ အဲ့ကျရင် မင်း အသေဆိုးနဲ့ သေရလိမ့်မယ်”
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... မလောပါနဲ့”
ကျန်းရီက ပျာပျာသလဲ ပြောလိုက်သည်။ ထို့နောက် ကောင်းကင်ဝါးမျိုသားရဲလေးအပေါ် အာရုံစိုက်ကာ အသံပို့လွှတ်လိုက်သည်။
“ရှောင်မုန့်... အဲ့စောက်ရူးကို ဝါးမျိုပစ်လိုက်။ သူက ငါ့ခန္ဓာကိုယ်ကို လိုချင်တာတဲ့။ အဟင်း.. သွားသေလိုက်”
ရွှီး...
ကျန်းရီသည် တံဆိပ်စာလုံးများကို ထိန်းချုပ်၍ အစိမ်းရောင်အလင်းတန်းကို တိုက်ခိုက်လိုက်၏။ ကောင်းကင်ဝါးမျိုသားရဲလေးသည်လည်း တောက်ပလာကာ အစိမ်းရောင်အလင်းတန်းထဲဝင်၍ ဝိညာဉ်အစအနကို အတွင်းမှလှိုက်ကာ ဝါးမျိုလိုက်သည်။
ထိုအခါ မဟာနတ်ဘုရားမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမား၏ ဝိညာဉ်အစအနက အလွန်ဒေါသထွက်သွားပြီး အော်ပြောလိုက်လေသည်။
“ကောင်လေး.. မင်းက ငါ့ကို လှည့်စားရဲတယ်လား။ ငါ မင်းကို ဖျက်ဆီးပစ်မယ်...”