ရပ်မှာလား၊ မရပ်ဘူးလား
Vol. 117 Ch. 1624
“ဖျက်ဆီးပစ်မှာလား၊ ကဲ.. လုပ်လေ။ ခင်ဗျား ကျွန်တော့်ကို ဖျက်ဆီးပစ်လိုက်တာနဲ့ ခင်ဗျားရဲ့ မဟာနတ်ဘုရားမျိုးနွယ်က အဆုံးသတ်ပြီပဲ”
ကျန်းရီက အလွန်ပြတ်သားနေသည်။ သူသည် သူတစ်ပါး၏ ထိန်းချုပ်မှုကို ခံမည့်အစား အသေသာခံမည်ဖြစ်သည်။ ထို့ကြောင့် အလောင်း၏ ကျန်လက်တစ်ဘက်က သူ့ရင်ဘတ်ကို ပြင်းထန်စွာ ကုတ်ဖြဲနေကြောင်း ခံစားနေရသော်လည်း သူ ၎င်း၏ ဝိညာဉ်အစအနကိုသာ ဆက်၍ တိုက်ခိုက်လိုက်သည်။
ကျန်းရီတွင် တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။ သူ ဤတိုက်ပွဲကို မနိုင်လျှင် သေရမည်ဖြစ်သည်။ ရန်သူနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရသောအခါ အနိုင်ရသူသာ ရှင်သန်နိုင်ပေမည်။ ထိုအခိုက်တွင် မည်သူက စိတ်ဓာတ်ပိုခိုင်မာသနည်း ဆိုသည်ကသာ အရေးပါပေသည်။
ဗြုန်း...
အလောင်း၏ ဧရာမလက်ကြီးက အစိမ်းရောင်အလင်း လင်းလက်လာပြီး ကုတ်ဖြဲလိုက်၏။ ကျန်းရီ၏ရင်ဘတ် ပွင့်ထွက်သွားသည်။
ဟုတ်၏...
ပွင့်ထွက်သွား၏။ ကျောက်စိမ်းဖြူချပ်ဝတ်က စုတ်ပြဲသွားပေသည်။ အလောင်း၏ လက်သည်းများက အလွန်ထက်ရှသော ရတနာတစ်ခုကဲ့သို့ ရှေးဦးဝိညာဉ်ရတနာတစ်ခုကိုပင် စုတ်ဖြဲပစ်နိုင်ပေသည်။
ထိုရှေးဦးဝိညာဉ်ရတနာမှာ ခြောက်ရောင်ခြယ်မီးတောက်များပင် မဖျက်ဆီးနိုင်ခဲ့သော ရတနာဖြစ်သည်။ ဟယ်နုန်ယင်း၏ မြားပင် မဖောက်ထွင်းနိုင်ခဲ့။ ယခုတွင်မူ ၎င်းက လက်သည်းများကြောင့် အလွယ်တကူ ဖျက်ဆီးခံလိုက်ရပေပြီ။
လက်သည်းများသည် ကျန်းရီ၏ ရင်ဘတ်ထဲ အလွယ်တကူ စိုက်ဝင်ကာ ကျန်းရီ၏ နတ်ဘုရားအမြုတေကို ဆုပ်ကိုင်ရန် လှမ်းလိုက်သည်။ နတ်ဘုရားအမြုတေသာ ဖျက်ဆီးခံလိုက်ရလျှင် ကျန်းရီ ဒုက္ခိတဖြစ်သွားပေလိမ့်မည်။ ထို့ပြင် ရုတ်တရက် ဖျက်ဆီးခံလိုက်ရပါက သူ့ကောင်းကင်စွမ်းအားလည်း အလွန်ရှုပ်ထွေးသွားနိုင်သည်။ ထိုအခါ သူ့တစ်ကိုယ်လုံး အမှုန့်ဖြစ်သွားနိုင်ပေသည်။
“လုပ်လိုက်လေ”
ကျန်းရီ ဒေါသတကြီး အော်လိုက်ပြီး ထိုဧရာမလက်ကြီးကို လုံးဝလျစ်လျူရှုလိုက်သည်။ သူ တံဆိပ်စာလုံးများနှင့် ကောင်းကင်ဝါးမျိုသားရဲကိုသာ ဆက်ထိန်းချုပ်၍ သူ့စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ အစိမ်းရောင်အလင်းတန်ကို တိုက်ခိုက်လိုက်သည်။
မဟာနတ်ဘုရားမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမား အရှေ့ဧကရာဇ်၏ ဝိညာဉ်အစအနက နှစ်ပေါင်းသုံးသောင်းကြာအောင် ရှင်သန်နိုင်ခဲ့ခြင်းမှာ လျှို့ဝှက်အတတ်တစ်ခုကို တတ်မြောက်ထား၍ပင်။ မဟုတ်လျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လွင့်ပြယ်သွားလောက်ပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းသုံးသောင်း ကြာပြီးနောက်တွင် ဝိညာဉ်အစအနက အလွန်အားနည်းလာပေပြီ။ ၎င်းသည် ကောင်းကင်ဝါးမျိုသားရဲ၏ စားသောက်ခြင်းနှင့် တံဆိပ်စာလုံးများ၏ တိုက်ခိုက်ခြင်းကို ခံနေရရာ ပျက်စီးလုနီးပါး ဖြစ်လာသည်။ ထို့ကြောင့် ၎င်း စိုးရိမ်လာပြီး ထပ်ခြိမ်းခြောက်လိုက်သည်။
“ကောင်လေး... မင်း တကယ်ကြီး ဆက်တိုက်ခိုက်မှာလား။ အဲ့လိုဆိုရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
ကျန်းရီသည် အာရုံစူးစိုက်၍ ဆက်တိုက်ခိုက်လိုက်၏။
“ကျွန်တော်က ဒီလိုပဲ၊ သေပေတော့...”
စွက်...စွက်...
ကျန်းရီ၏ ရင်ဘတ်ထဲ ဝင်သွားသော လက်ကြီးက အတွင်းသို့ ဆက်နှိက်လိုက်ပြီး ကျန်းရီ၏ နတ်ဘုရားအမြုတေကို ဆုပ်ကိုင်လိုက်သည်။ ၎င်းသာ အားအနည်းငယ် ထည့်လိုက်မည်ဆိုလျှင် ကျန်းရီ၏ နတ်ဘုရားအမြုတေက ပျက်စီးသွားပေလိမ့်မည်။ သို့သော် ကျန်းရီသည် အသည်းအသန် ဆက်တိုက်ခိုက်နေပေသေးသည်။
“ထားလိုက်တော့... ထားလိုက်တော့...”
လက်ကြီးသည် နောက်ဆုံးအခိုက်အတန့်တွင် ရပ်တန့်သွားပြီး လျင်မြန်စွာ ပြန်ရုတ်သွားသည်။ ထို့နောက် မဟာနတ်ဘုရားမျိုးနွယ်ဝင်၏ ဝိညာဉ်အစအနက အားနည်းစွာ ပြောသည်။
“ကောင်လေး... မင်းက တကယ်ကို ခက်ထန်တာပဲ။ ငါ ရှုံးပါတယ်။ ငါ့ခန္ဓာကိုယ်ကို လျှို့ဝှက်အတတ်တစ်ခုသုံးပြီး နှစ်တစ်သောင်းလောက် သန့်စင်ထားတာ။ အဲ့ဒါက ကောင်းကင်တပ်သားတွေကိုတောင် ယှဉ်နိုင်တယ်။ အဲ့ဒါကို ဖျက်ဆီးမပစ်ပါနဲ့။ မင်း အချိန်ရရင် ငါ့ခန္ဓာကိုယ်ကို ယူသွားပြီး မဟာနတ်ဘုရားတောင်အောက်မှာ မြှုပ်ပေးပါ...”
“ပြီးတော့.. မင်း ကျင့်ကြံနေတဲ့ မဟာနတ်ဘုရားအတတ်က မပြည့်စုံဘူး။ မင်း တကယ့်မဟာနတ်ဘုရားအတတ် အစစ်အမှန်ကို ကျင့်ကြံချင်ရင် ငါ့ရဲ့ခန္ဓာကိုယ်ကို အသေးစိတ် ရှာကြည့်ရမယ်။ ငါ့ခန္ဓာကိုယ်က သွေးကြောနေရာတွေအကုန်လုံးကို မှတ်သားထားပါ...”
ဝိညာဉ်အစအနက ပြောနေချိန်တွင် ကျန်းရီသည် သူ၏တိုက်ခိုက်မှုများကို တစ်ချက်မှ မရပ်တန့်ခဲ့ပေ။ ကောင်းကင်ဝါးမျိုသားရဲလေးကလည်း ဆက်ဝါးမျိုစားသောက်နေသည်။ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ အစိမ်းရောင်အလင်းတန်း လုံးဝပျောက်ကွယ်သွားမှ ကျန်းရီနှင့် ကောင်းကင်ဝါးမျိုသားရဲလေးတို့ ရပ်တန့်လိုက်ကြသည်။ အစိမ်းရောင်အလင်းတန်း ပျောက်ကွယ်သွားသောအခါ အသံလည်း ပျောက်ကွယ်သွားပေသည်။
ကျန်းရီသည် အတန်ငယ် စိုးရိမ်နေသေး၍ သေချာအောင် အကြိမ်အနည်းငယ် ထပ်စစ်ဆေးလိုက်၏။ သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲတွင် အစိမ်းရောင်အလင်းတစ်စမှ မကျန်ခဲ့ကြောင်း အတည်ပြုပြီးမှ သူ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏မျက်ခုံးနှစ်ခုကြားမှနေ၍ တံဆိပ်စာလုံးများ ပျံထွက်လာပြီး အလောင်းထဲဝင်သွားကာ အလောင်းတစ်ကိုယ်လုံးတွင် လှည့်ပတ်လိုက်၏။ ဝိညာဉ်အစအနက လုံးဝပျောက်ဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးသောအခါ ကျန်းရီ နောက်သို့ ပျံဆုတ်လိုက်ပြီး နတ်ဘုရားသစ်ရွက်ကိုထုတ်၍ သူ့ကိုယ်သူ စတင်ကုသလိုက်လေသည်။
ဟူး...
ကျန်းရီ၏ ဒဏ်ရာများက မပြင်းထန်ပေ။ ရင်ဘတ် ထိုးဖောက်ခံလိုက်ရရုံသာ။ သို့သော် ရှေးဦးဝိညာဉ်ရတနာတစ်ခုဖြစ်သော ကျောက်စိမ်းဖြူချပ်ဝတ် ပျက်စီးသွားခြင်းမှာတော့ နှမြောစရာကောင်းပေသည်။
အတန်ကြာ ကုသပြီးနောက် ကျန်းရီသည် အနည်းနှင့်အများဆိုသလို ပုံမှန်ပြန်ဖြစ်သွားပေပြီ။ ကျောက်စက်ပန်းဆွဲအခေါင်းထဲတွင် လက်နှစ်ဘက် ဆန့်တန်း၍ မှောက်ခုံကြီးဖြစ်နေပြီဖြစ်သော အလောင်းကောင်ကြီးကို သူ တုံ့ဆိုင်းစွာဖြင့် လှမ်းကြည့်လိုက်၏။
ထိုနှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော အလောင်းကြီးက အလွန်ဉာဏ်နီဉာဏ်နက်များသည်။ ကျန်းရီသည် ၎င်း၏ ဝင်ပူးမှုကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ ၎င်းက ယခုတွင် အမှန်တကယ် သေဆုံးသွားပြီလော။ ၎င်း၏ဝိညာဉ်အစအနက လုံးဝပျောက်ကွယ်သွားပြီလော။ ကျန်းရီ မသိပေ။
ဝိညာဉ်အစအန ပြောပုံအရ ထိုအလောင်းက အလွန်စွမ်းအားကြီးပြီး အလောင်းထဲ၌ မဟာနတ်ဘုရားအတတ်အစစ်အမှန် ပါဝင်သည်။ ပြဿနာမှာ ကျန်းရီက အလောင်းကို လုံးဝမထိန်းချုပ်နိုင်ခြင်းပင်။ အကယ်၍ ဝိညာဉ်အစအနက ရှင်သန်နေဦးမည်ဆိုလျှင် သူ အလောင်းကို ယူသွားပါက မြွေပွေးခါးပိုက်ပိုက်မိသလို ဖြစ်နေပေလိမ့်မည်။ ဝိညာဉ်အစအနက သူ့ကို အလစ်တိုက်ခိုက်၍ သူ၏ရုပ်ခန္ဓာကို မောင်ပိုင်စီးနိုင်သည် မဟုတ်ပါလား။
သို့သော် ထိုအလောင်းက အမှန်ပင် စွမ်းအားကြီးသည်။ ခြောက်ရောင်ခြယ်မီးတောက်များပင် ၎င်းကို ပြာချမပစ်နိုင်ပေ။ ထို့ပြင် ၎င်း၏လက်သည်းများက ရှေးဦးဝိညာဉ်ရတနာတစ်ခုကို ဖျက်ဆီးပစ်နိုင်သည်။ သို့ဖြစ်ရာ ၎င်းကို ဤနေရာမှာပင် ထားခဲ့မည်ဆိုလျှင် နှမြောစရာကောင်းပေသည်။
‘အို့... ဟုတ်သား’
ကျန်းရီသည် ရုတ်တရက် အကြံတစ်ခု ရလိုက်၍ အော်ခေါ်လိုက်၏။
“ရှောင်မုန့်...”
ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ အလင်းတန်းတစ်တန်း ပျံထွက်လာ၏။ ထိုအလင်းတန်းက လေထဲရောက်သောအခါ ကောင်းကင်ဝါးမျိုသားရဲ ဖြစ်သွားသည်။ ထို့နောက် ၎င်း အသံပို့လွှတ်လိုက်သည်။
“တမုန့်... ငါ့ကို ခေါ်တာလား။ အဲ့ဝိညာဉ်အစအနက အရမ်းစွမ်းအားကြီးတယ်၊ ငါ တကယ်ကြောက်သွားတာ”
ကျန်းရီသည် အလောင်းကို လက်ညှိုးထိုး၍ မေးလိုက်၏။
“မင်း အဲ့အလောင်းကို ထိန်းချုပ်နိုင်မလားဆိုတာ ကြည့်ကြည့်စမ်းပါ”
“ကောင်းပြီ”
ကောင်းကင်ဝါးမျိုသားရဲလေးသည် အလောင်းဆီသို့ ပျံသန်းသွားလိုက်၏။ ယင်းနောက် ၎င်း၏ဦးချိုလေးက လင်းလက်လာသည်။ ရွှေရောင်အလင်းသည် အလောင်းကို လွှမ်းခြုံသွားပြီး ငါးမိနစ်ကြာအောင် လင်းလက်နေ၏။ သို့သော် သားရဲလေးသည် စိတ်ဓာတ်ကျဟန်ဖြင့် ပြန်လှည့်လာပြီး အသံပို့လွှတ်လိုက်သည်။
“တမုန့်... မရဘူး။ အဲ့အလောင်းမှာ စိတ်ဝိညာဉ်မရှိတော့ ငါ ထိန်းချုပ်လို့မရဘူး”
“အဲ့အလောင်းထဲမှာ ဘာဝိညာဉ်အစအနမှ မရှိတော့ဘူးလား။ မင်း သေချာလား”
ကျန်းရီ မျက်ခုံးပင့်ကာ အလေးအနက် မေးလိုက်သည်။
“သေချာတယ်...”
ကောင်းကင်ဝါးမျိုသားရဲလေးက သေချာစွာ ပြောသည်။
“ငါတို့မျိုးနွယ်က စိတ်ဝိညာဉ်တွေကို အာရုံခံနိုင်ကြတယ်။ စိတ်ဝိညာဉ်တွေက အရမ်းအရသာရှိတယ် မဟုတ်လား။ အဲ့အလောင်းမှာ ဘာစိတ်ဝိညာဉ်မှ ရှိမနေတော့ဘူး”
“ငါ သိပြီ...”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ဝါးမျိုသားရဲလေးကို မီးဝိညာဉ်ပုလဲထဲ ပြန်သွားစေလိုက်သည်။ ထို့နောက် သူ အလောင်းကို ထပ်ကြည့်လိုက်သည်။ အလောင်းက အလွန်ကြီးမားသည်။ ပေလေးဆယ်လောက် အရပ်ရှည်ပုံပေါ်သည်။ ၎င်း ရှိနေခဲ့သည်မှာ နှစ်ပေါင်းသုံးသောင်း ရှိခဲ့ပြီဖြစ်သော်လည်း ဆွေးမြေ့မည့်ပုံ မပေါ်သေးပေ။ ထို့ပြင် မာကြောခိုင်မာပုံပင် ပေါ်နေသည်။ ၎င်း၏ ခြောက်ကပ်နေသော ကြွက်သားများထဲတွင် စွမ်းအင်များ ပြည့်နှက်နေသည်။ ၎င်း၏မျက်လုံးများမှာမူ မှိတ်ထားသည်။ ခေါင်းမှဆံပင်များက ကျွတ်မသွားသေးသော်လည်း မီးခိုးရောင်ပြောင်းလာပြီဖြစ်သည်။
‘ငါ အဲ့ဒါကို ယူသွားရမလား၊ ယူမသွားရဘူးလား’
ကျန်းရီ တွေဝေနေသည်။ အတန်ကြာပြီးနောက် အဝေးမှ လေခွင်းသံနှစ်သံကို ကြားလိုက်ရ၏။ အဆိပ်ဝိညာဉ်နှင့် ချီချင်ချန်တို့ သူ့ထံသို့ ပျံသန်းလာနေကြသည်။ အဆိပ်ဝိညာဉ်က အဝေးမှပင် လှမ်းအော်ပြောလိုက်သည်။
“အရှင်ငယ်... သူတို့ ဒီကိုရောက်လာပြီ”
‘ယူသွားကွာ...’
ကျန်းရီ အံကြိတ်လိုက်ပြီး ဆောင်းဥတုပုလဲကို ထုတ်ကာ ပုလဲအတွင်း ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်၏။ ဆောင်းဥတုပုလဲက လင်းလက်သွားပြီး ကျောက်စက်ပန်းဆွဲထဲမှ အလောင်းကြီး ပျောက်ကွယ်သွားသည်။ ကျန်းရီ ပုလဲထဲကို ကြည့်လိုက်ရာ အလောင်းကြီးက ကျန့်ရှမျိုးနွယ်ဝင်များ၏ကြားတွင် ရှိနေကြောင်း တွေ့လိုက်ရ၏။ အရာအားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးမှ ကျန်းရီ ကျောက်ဂူအပြင်သို့ ပျံထွက်လိုက်သည်။
“အရှင်ငယ်... လူတစ်စု လာနေပါတယ်။ သူတို့ထဲက ကိုးယောက်က အုပ်ချုပ်သူအဆင့်တွေပဲ”
အဆိပ်ဝိညာဉ်က လွင့်မျောလာကာ ပြောလိုက်၏။ ချီချင်ချန်သည်လည်း ကျောက်ဂူထဲ လှမ်းကြည့်ကာ စိတ်လှုပ်တရှားဖြင့် မေးလိုက်သည်။
“ကျန်းရီ... ရှင် အောင်မြင်ခဲ့လား”
“အောင်မြင်တာလား”
ကျန်းရီ ခါးသက်သက် ပြုံးလိုက်၏။ အစောတွင် သူ သေမလို ဖြစ်ခဲ့သည်။ သူ့ရုပ်ခန္ဓာကို မဟာနတ်ဘုရားမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ ဝိညာဉ်အစအနက သိမ်းပိုက်ရန် လုပ်ခဲ့သည်။ ထိုသိမ်းပိုက်မှုသာ အောင်မြင်ခဲ့လျှင် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့သည် အဘယ်ကြောင့်ဆိုသည်ကိုပင် မသိလိုက်ရဘဲ အသတ်ခံလိုက်ရမည်ဖြစ်သည်။
ရှင်းပြရန် အချိန်မရှိသဖြင့် ကျန်းရီ လက်ဝှေ့ယမ်း၍သာ ပြောလိုက်သည်။
“အရင်ဆုံး ဒီကထွက်ကြတာပေါ့။ စစ်သူကြီး... ကျွန်တော့်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်ပါ”
ကျန်းရီသည် ချီချင်ချန်ကို ဟွင့်သွမ့်ချီပုလဲထဲ ပို့ပြီးနောက် အဆိပ်ဝိညာဉ်နှင့်အတူ ပုန်းကွယ်ခြင်းအတတ်ကိုသုံး၍ အရှေ့သို့ ဆက်သွားလိုက်သည်။ မကြာခင်တွင် လေခွင်းသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ သခင်လေး၊ သခင်မလေး ခုနစ်ယောက် ရှစ်ယောက်လောက်က ကိုယ်ရံတော် ဆယ်ယောက်ကျော်ကိုခေါ်၍ ပျံသန်းလာကြ၏။ လူနှစ်ဆယ်ကျော်သည် ကျောက်ဂူကို လှမ်းကြည့်လိုက်၏။ ထို့နောက် ခံညားသော သခင်လေးတစ်ယောက်က ပြောလိုက်သည်။
“ဒီနေရာမှာ တစ်ယောက်ယောက်က ရတနာယူသွားတာပဲ။ ကျန်းရီများ ဖြစ်နေမလား”
“သခင်လေးဖုန့်ပြောတာ မှန်ပါတယ်”
လေထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြတ်ခနဲ ထွက်ပေါ်လာ၏။ သူက ဒုတိယထပ်၏ ဝင်ပေါက်ကို စောင့်နေခဲ့သော နှစ်ယောက်ထဲမှ တစ်ယောက်ပင်။ သူသည် ကျောက်ဂူအနီးရှိ ခြေရာလက်ရာများကို ကြည့်၍ ခိုင်မာစွာ ပြောလိုက်သည်။
“အဲ့ခြေရာလက်ရာတွေက ကျန်းရီရဲ့ ရုပ်သေးရုပ်တွေကြောင့် ဖြစ်လာတာပါ။ ဂူထဲက သွေးတွေလည်း မခြောက်သေးဘူး။ သူတို့ မကြာခင်လေးကမှ ထွက်သွားတာဖြစ်ရမယ်”
“လိုက်မယ်...”
တောက်ဖုန့်၏ ဝံပုလွေမျက်ဝန်းများက ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူသည် အားလုံးကိုခေါ်၍ အရှေ့သို့ ပျံသန်းသွားလိုက်လေသည်။