ငါ့ရဲ့ တိုက်ကွက်တစ်ကွက်ကို ခံပါ
Vol. 117 Ch. 1625
အနောက်မှနေ၍ လူများ လိုက်လာသဖြင့် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ အရှေ့သို့ ဆက်သွားနေရသည်။ ထိုတောင်ကြားက အလွန်ရှည်လျားသည်။ ကီလိုမီတာရာကျော် သွားပြီးနောက်တွင်ပင် အဆုံးကို လှမ်းမမြင်ရသေးပေ။ အနောက်မှ လေခွင်းသံများက နီးကပ်လာသဖြင့် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ မျက်မှောင်ကြုတ်လိုက်ကြသည်။ လိုက်လာသူများထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားကိုးယောက် ပါလာရာ သူတို့ ချောင်ပိတ်မိသည်နှင့် အခြေအနေက ဆိုးရွားသွားမည်ဖြစ်သည်။
‘အပေါ်မှာ အကာအရံတွေ ရှိနေတယ်’
ကျန်းရီ အထက်သို့ မော့ကြည့်လိုက်၏။ တောင်ကြားဘေးနှစ်ဘက်မှ ချောက်ကမ်းပါးနံရံများက အလွန်မြင့်မားသည်။ ချောက်ကမ်းပါးထိပ်တွင် အကာအရံများ ရှိနေကြောင်းလည်း ထင်ရှားသည်။ ထို့ကြောင့် ကျန်းရီတို့နှစ်ယောက် ရွေးချယ်စရာ မရှိတော့ဘဲ အရှေ့သို့သာ ဆက်သွားနေရလေသည်။
‘ဘာလို့ ဒီတောင်ကြားက ဒီလောက်ရှည်နေရတာလဲ’
နောက်ထပ်ကီလိုမီတာရာကျော် သွားပြီးသည်အထိ တောင်ကြားအဆုံးကို မရောက်သေးပေ။ တောင်ကြားလမ်းကသာ ပိုကျဉ်းလာသည်။ အနောက်မှ လေခွင်းသံများကလည်း ပို၍ ပို၍ နီးကပ်လာသည်။ နောက်လှည့်ကြည့်မည်ဆိုလျှင် ခပ်ရေးရေး လူရိပ်များကိုပင် မြင်လာရပြီဖြစ်သည်။
ရွှီး...ရွှီး...
လိုက်လာသူများက အရှေ့သို့ အလင်းတန်းများ လှမ်းပစ်လွှတ်လိုက်ကြ၏။ ထိုအလင်းတန်းများက စွမ်းအားမကြီးသော်လည်း ပတ်ဝန်းကျင်လေထုကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ ထို့ကြောင့် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် ကိုယ်ဖျောက်ထားရာမှ ရုတ်ခြည်း ကိုယ်ပြန်ပေါ်လာကြ၏။ ထိုအခါ ရယ်သံတစ်သံ ထွက်ပေါ်လာလေသည်။
“ဟားဟားဟား၊ ကျန်းရီ... မင်းက အထက်ဘုံရဲ့ နံပါတ်တစ် ပါရမီရှင်လို့ ငါကြားတယ်။ ငါက တောက်ဖုန့်... တွေ့ရတာ ဝမ်းသာပါတယ်”
ကျန်းရီ ပြန်မပြောပေ။ သူသည် အဆိပ်ဝိညာဉ်ကို သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်ပြီး ကျန့်ရှမျိုးနွယ်ဝင်များကို အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။ ထို့ပြင် မိုးမြေစွမ်းအားကိုလည်း ထုတ်သုံး၍ အရှေ့သို့ အလွန်လျင်မြန်စွာ ဆက်သွားလိုက်သည်။ သူ ဤတောင်ကြားထဲမှ ထွက်နိုင်မည်ဆိုလျှင် ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ နောက်မှလိုက်လာသူများကို ရှောင်ရှားနိုင်ပေလိမ့်မည်။ တောင်ကြားအပြင်သို့သာ ရောက်သွားပါက နောက်မှလိုက်လာသူအရေအတွက်က ဆယ်ဆတိုးသွားမည်ဆိုလျှင်ပင် သူ့ကို ရှာနိုင်တော့မည် မဟုတ်ပေ။
ဝှစ်...ဝှစ်...ဝှစ်....
ကျန့်ရှမျိုးနွယ်ဝင်များက အနောက်သို့ ပျံသန်းသွားကြ၏။ ကျန်းရီကမူ အရှေ့သို့ ဆက်သွားရင်း ကျန့်ရှမျိုးနွယ်ဝင်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ တောင်ကြားကလည်း ပို၍ကျဉ်းမြောင်းလာသည်။ ထို့ကြောင့် ကျန့်ရှမျိုးနွယ်ဝင်များက လမ်းကို ရုတ်ခြည်းပိတ်ဆို့နိုင်လိုက်သည်။ နောက်မှလိုက်လာသူများက သူ့ကိုမီလိုလျှင် ကျန့်ရှမျိုးနွယ်ဝင်များကို ဖြတ်ကျော်ရမည်ဖြစ်သည်။
ဝုန်း...ဝုန်း...ဝုန်း...
တောက်ဖုန့်၏လက်ထဲတွင် နှင်းကဲ့သို့ ဖြူစွတ်သော ဓားတစ်ချောင်း ထွက်ပေါ်လာ၏။ သူသည် ထိုဓားဖြင့် အရှေ့သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။ သက်တံ့ကဲ့သို့သော ဧရာမလှိုင်းကြီးတစ်လှိုင်းက အရှေ့သို့ ထွက်သွားပြီး ကျန့်ရှမျိုးနွယ်ဝင်များကို ရှင်းပစ်ကာ လမ်းကြောင်းတစ်ခု ဖန်တီးလိုက်သည်။ ထိုတစ်ချက်က အနည်းဆုံး ကျန့်ရှမျိုးနွယ်ဝင် ထောင်ဂဏန်းအနည်းငယ်ကို သတ်ပစ်ခဲ့ပေသည်။
ဝှစ်...
တောက်ဖုန့်သည် ကျန့်ရှမျိုးနွယ်ဝင်များကို အရေးမစိုက်ဘဲ အရှေ့သို့ ဆက်ပျံသန်းသွား၏။ ကျန်လူများကလည်း သူ့အနောက်မှ ကပ်လိုက်သွားသည်။ လမ်းကြောင်းဘေးနှစ်ဘက်ရှိ ကျန့်ရှမျိုးနွယ်ဝင်များက တောက်ဖုန့်ကို လက်ဓားများဖြင့် ပြင်းထန်စွာ စတင်ခုတ်ပိုင်းကြ၏။ သို့သော် သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်လာပြီး ခုတ်ပိုင်းမှုများကို ခံလိုက်သည်။ သူ၏အမြန်နှုန်းကတော့ အတန်ငယ် လျော့ကျသွားပေသည်။
‘အဲ့ဒါက တာအိုကောင်းကင်ဝိညာဉ်ရတနာလား၊ ဒါမှမဟုတ် ကမ္ဘာဦးဝိညာဉ်ရတနာလား။ အဲ့တောက်ဖုန့်က ဘယ်မျိုးနွယ်ကြီးကလဲ။ သူက အုပ်ချုပ်သူအဆင့် ဖြစ်ရုံတင်မကဘူး မူလရတနာအများကြီးလည်း ပိုင်ဆိုင်ထားတာလား’
ကျန်းရီသည် ထိုမြင်ကွင်းကို မြင်သောအခါ စိတ်ထဲမှ ရေရွတ်လိုက်၏။ တောက်ဖုန့်၏ လက်နက်နှင့် စစ်ချပ်ဝတ်က အလွန်စွမ်းအားကြီး၏။ ယခု ကျန်းရီ မည်သို့လုပ်နိုင်တော့မည်နည်း။ သူ ကျန့်ရှမျိုးနွယ်ဝင်များကို အသည်းအသန် ဆက်ထုတ်ရန်သာ ရှိတော့သည်။ ဆောင်းဥတုပုလဲထဲရှိ ကျန့်ရှမျိုးနွယ်ဝင် ခုနစ်သန်းကျော် ရှစ်သန်းစလုံး ကုန်သွားပါစေ သူ ၎င်းတို့ကို ထုတ်ရပေမည်။
တောင်ကြားက မဆုံးနိုင်သေးပေ။ ပို၍လည်း ကျဉ်းမြောင်းလာသည်။ တောက်ဖုန့်က စွမ်းအားကြီးသော်လည်း တောင်ကြားထဲ၌ ကျန့်ရှမျိုးနွယ်ဝင်များက နေရာလပ်မရှိ ရှိနေသဖြင့် စိတ်ရှိသလောက် ရှေ့မရောက်နိုင် ဖြစ်နေသည်။ သူတို့ ကျန်းရီကို ဖမ်းလိုလျှင် ကျန့်ရှမျိုးနွယ်ဝင်များကို ဖျက်ဆီးပစ်ရပေမည်။ သို့သော် သူတို့ တိုက်ခိုက်လိုက်တိုင်း သူတို့၏အမြန်နှုန်းက လျော့ကျသွားသည်။ ထို့ကြောင့် ပြေးသူနှင့် လိုက်သူတို့၏ အမြန်နှုန်းက အနည်းနှင့်အများ ညီမျှနေပေသည်။ အကယ်၍ ကျန်းရီသာ တောင်ကြားထဲမှ ထွက်နိုင်သွားမည်ဆိုလျှင် သူတို့ သူ့ကို လိုက်ရှာနိုင်ရန် ခက်သွားပေလိမ့်မည်။
“ကျန်းရီ... မင်းက ယောက်ျားတစ်ယောက်ဆိုရင် ဆက်မပြေးနဲ့တော့”
တောက်ဖုန့်သည် အတော်ကြာအောင် လိုက်ပြီးသည်အထိ ကျန်းရီအနားကို မကပ်နိုင်သေးသဖြင့် အော်ပြောလိုက်၏။
“ဒီလိုဆိုဘယ်လိုလဲ။ ငါ ကျန်တဲ့သူတွေကို ပြန်ဆုတ်ခိုင်းလိုက်မယ်။ မင်းနဲ့ငါပဲ တစ်ယောက်ချင်းတိုက်မယ်။ မင်းက ကောင်းကင်ဘုံက လူတွေကို သတ်ခဲ့ရင်တင် မကဘူး ငါ့မိတ်ဆွေတွေရဲ့ မျက်နှာကို အိုးမဲသုတ်ခဲ့တယ်။ ငါ အဲ့ကိစ္စအတွက် သေချာပေါက် လက်စားချေရမယ်။ မင်း ငါ့ရဲ့တိုက်ကွက်တစ်ကွက်ကို ခံနိုင်မယ်ဆိုရင် ငါ အဲ့ကိစ္စကို ပြီးပြီလို့ သဘောထားလိုက်မယ်”
ကျန်းရီ လှောင်ရယ် ရယ်လိုက်ပြီး နောက်လှည့်ကြည့်ကာ ပြန်ပြောလိုက်၏။
“သခင်လေးတောက်ဖုန့်... မင်းက ပေါက်ကရတွေ လာပြောနေတာလား။ ငါ့ကို သုံးနှစ်သားလေးများ မှတ်နေလား။ မင်းဘက်မှာ လူတွေအများကြီး ပါလာတယ်၊ အုပ်ချုပ်သူအဆင့် သိုင်းသမားကိုးယောက်လည်း ရှိနေတယ်။ မင်းကိုယ်တိုင်ကလည်း အုပ်ချုပ်သူအဆင့်၊ ပြီးတော့ ရတနာတွေအများကြီးကိုလည်း ပိုင်ဆိုင်ထားတယ်။ မင်းတို့အကုန်လုံးက ငါတစ်ယောက်တည်းကို လိုက်ဖမ်းနေတာကြတော့ ယောက်ျားဆန်တဲ့ အပြုအမူပေါ့လေ။ ငါက အထက်ဘုံရဲ့ နံပါတ်တစ် ပါရမီရှင် မဟုတ်ဘူး၊ တက်လှမ်းလာတာ တစ်နှစ်တောင် မပြည့်သေးတဲ့ အနိမ့်ဘုံက ပမွှားလေးတစ်ယောက်ပဲ။ မင်းကတော့ ကောင်းကင်ဘုံက မျိုးနွယ်ကြီးတစ်ခုရဲ့ သခင်လေးတစ်ယောက်၊ မင်းလိုလူတစ်ယောက်က ငါ့လိုဘာမဟုတ်တဲ့သူလေးကို လူတွေအများကြီးနဲ့ လိုက်ဖမ်းနေတာ မင်း မရှက်ဘူးလား”
“ဟားဟားဟား...”
တောက်ဖုန့်သည် အတန်ငယ်ပင် ရှက်မသွားပေ။ ထိုအစား သူ ကျယ်လောင်စွာ ရယ်၍ ပြောလိုက်သည်။
“မင်း တက်လှမ်းလာတာ တစ်နှစ်တောင် မပြည့်သေးဘူးလား။ အဲ့ဒါဆိုရင် မင်းက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ ငါနဲ့ စကားနိုင်လုမနေပါတဲ့တော့။ မင်းက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ပစ်ခဲ့တယ်၊ မျိုးနွယ်ကြီးတွေက လူတွေအများကြီးကိုလည်း သတ်ပစ်ခဲ့တယ်။ ငါတို့ မင်းကို လွှတ်မပေးနိုင်ဘူး။ ဒါပေမဲ့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးပါမယ်။ မစိုးရိမ်ပါနဲ့... ငါ တောက်ဖုန့်က စကားတည်တဲ့သူပါ။ ကဲ.. ဘယ်လိုလဲ”
“ငါ စဉ်းစားဦးမယ်”
ကျန်းရီ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။ ထို့နောက် သူ အနောက်သို့ပင် ခေါင်းလှည့်မကြည့်တော့ဘဲ အရှေ့ကို ဆက်သွားလိုက်၏။ ထိုသခင်လေးတောက်ဖုန့်က အတော်လေး စကားပြောကောင်းသည်။ အခွင့်အရေးတစ်ခုနှင့် စကားတည်သောလူတစ်ယောက်လော။ သူ၏ဓားက အနိမ့်ဆုံး တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုဖြစ်သည်။ ကမ္ဘာဦးဝိညာဉ်ရတနာပင် ဖြစ်နေနိုင်ခြေရှိသည်။ အရူးတစ်ယောက်သာ သူ၏တိုက်ကွက်တစ်ကွက်ကို ခံပေလိမ့်မည်။ ထို့ပြင် သူက စကားတည်လျှင်လည်း ဘာဖြစ်သနည်း။ ကျန်းရီသည် အခြားသူများက သူ့ဘဝအား ထိန်းချုပ်သည်ကို ခံမည်သူတစ်ယောက် မဟုတ်ပေ။
ကျန်းရီ အရှေ့သို့ ဆက်သွားနေ၏။ သူ ကျန့်ရှမျိုးနွယ်ဝင် သုံးသန်းကျော်ကို ထုတ်ခဲ့ပြီးပြီဖြစ်သည်။ သို့သော် တောင်ကြား၏အဆုံးကို မမြင်ရသေးချေ။ ကျန်းရီ မသင်္ကာဖြစ်လာ၏။ အဘယ်ကြောင့် တောင်ကြားက ဤမျှရှည်လျားရသနည်း။ ထို့ပြင် အလွန်လည်း ကျဉ်းမြောင်းလာသည်။ မူလတွင် တောင်ကြားက ပေတစ်သောင်းကျယ်ခဲ့သည်။ ယခုတွင်မူ ပေရာဂဏန်းအနည်းငယ်သာ ကျယ်တော့သည်။ တောင်ကြားအဆုံးသတ်က ထွက်ပေါက်မဟုတ်ဘဲ အန္တရာယ်တစ်ခုလည်း ဖြစ်နေနိုင်ခြေ ရှိနေသေးသည်။
‘ချီးပဲ...’
ကျန်းရီ၏ ခန့်မှန်းချက်က အမှန်ဖြစ်လာ၏။ နောက်ထပ်ကီလိုမီတာတစ်ရာ့ငါးဆယ် သွားပြီးနောက်တွင် ကျန်းရီသည် တောင်ကြားအဆုံးကို မြင်လိုက်ရ၏။ တောင်ကြားအဆုံးမှာ ထွက်ပေါက်မဟုတ်ဘဲ ချောက်ကမ်းပါးတစ်ခု ဖြစ်နေသည်။ ထိုချောက်ကမ်းပါးက အဆက်မပြတ် တောက်ပနေသည်။ စက္ကန့်အနည်းငယ်ပြည့်တိုင်း ၎င်းချောက်ကမ်းပါးမှနေ၍ ရွှေရောင်အလင်းတန်းက ကောင်းကင်ထက်သို့ ပျံတက်သွားနေသည်။
ထိုရွှေရောင်အလင်းတန်းကို ကျန်းရီ ရင်းနှီး၏။ ၎င်းမှာ အာကာသလှိုင်းပင်။
ကျန်းရီသည် ထိုကဲ့သို့သော အာကာသလှိုင်းများကို အကြိမ်များစွာ တွေ့ခဲ့ဖူးပေပြီ။ ၎င်းတို့ကို ဟွင့်သွမ့်နတ်ဘုရားလှေပေါ်မှနေ၍လည်း အကြိမ်များစွာ တွေ့ကြုံခဲ့ဖူးသည်။ ဟွင့်သွမ့်နတ်ဘုရားလှေများက အလွန်စွမ်းအားကြီးသော်လည်း ထိုကဲ့သို့သော အာကာသလှိုင်းများနှင့် ထိတိုက်မိသွားလျှင် နှစ်ခြမ်းပြတ်သွားမည်ဖြစ်သည်။
အစောတွင်သာဆိုလျှင် ကျန်းရီ စွန့်စားခဲ့မည်ဖြစ်သည်။ သူ့တွင် ကျောက်စိမ်းဖြူချပ်ဝတ် ရှိနေခဲ့သည် မဟုတ်ပါလား။ သို့သော် ယခုတွင်မူ ကျောက်စိမ်းဖြူချပ်ဝတ်က အလောင်းကြီး၏ ဖျက်ဆီးမှုကိုခံခဲ့ရပေပြီ။ ထို့ကြောင့် ၎င်းချောက်ကမ်းပါးအောက်သို့ ခုန်ချသွားမည်ဆိုလျှင် သူ သေချာပေါက် သေရမည်ဖြစ်ကြောင်း ကျန်းရီ သိပေသည်။
ဝှစ်...
ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင် နှစ်ကောင်ကို ထိန်းချုပ်၍ အရှေ့သို့ ပျံသွားစေလိုက်၏။ ၎င်းနှစ်ကောင်သည် ချောက်ကမ်းပါးအနီးသို့ ရောက်သောအခါ ရုတ်ခြည်းပင် အာကာသလှိုင်းထဲတွင် မိသွားပြီး အပိုင်းပိုင်းပြတ်ကာ အမှုန့်ဖြစ်သွားလေသည်။ ကျန်းရီသည် ယင်းကိုမြင်သောအခါ နှုတ်ခမ်းမဲ့သွား၏။
“ဟားဟားဟား...”
တောက်ဖုန့်က ပေသောင်းကျော်သာ ဝေးတော့သည်။ ထိုအခိုက်တွင် သူ ရပ်တန့်လိုက်ပြီး ကျန့်ရှမျိုးနွယ်ဝင်များကိုဖြတ်၍ ကျန်းရီကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ ခနဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“ဆက်ပြေးလေ၊ မင်းက ပြေးတဲ့နေရာမှာ တော်တယ်မဟုတ်လား။ ဘာလို့ ရပ်လိုက်တာလဲ။ ကျန်းရီ... အခု မင်းကို ငါ အခွင့်အရေးတစ်ခု ပေးမယ်။ မင်း ငါ့ရဲ့တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရင် ငါ လှည့်ပြန်သွားမယ်။ ဘယ်လိုလဲ”
“တစ်ကွက်လား”
ကျန်းရီ မျက်ခုံးပင့်ကာ ခေတ္တမျှ ရပ်တန့်လိုက်၏။ ရုတ်တရက် သူ မျက်လုံးမှိတ်ကာ အော်ပြောလိုက်သည်။
“ငါ့ကို စဉ်းစားဖို့ အချိန်ငါးမိနစ်ပေးပါ။ ငါးမိနစ်ပဲ”
“ကောင်းပြီ...”
တောက်ဖုန့်သည် ကျန့်ရှမျိုးနွယ်ဝင်များက ဆက်မတိုက်ခိုက်တော့ကြောင့် တွေ့လိုက်သောအခါ ပခုံးတွန့်၍ သဘောတူလိုက်၏။ သူသည် ဤကဲ့သို့ လိုက်တမ်းပြေးတမ်း ကစားရခြင်းကို သဘောကျပေသည်။ ယခု ကျန်းရီတွင် ပြေးစရာမြေ မရှိတော့ပေ။ ကျန်းရီတစ်ယောက် ငါးမိနစ်အတွင်း ဘာလုပ်မည်ကိုလည်း သူ သိလိုနေသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကျန်းရီက အချိန်အတိအကျ မျက်လုံးပြန်ဖွင့်လာသည်။ ထို့နောက် သူ အဝေးရှိ တောက်ဖုန့်ကို လှမ်းကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“သခင်လေးတောက်ဖုန့်... ငါ စိတ်မကောင်းပါဘူး။ မင်းရဲ့အကျင့်က သိပ်မယုံရဘူး။ ငါ သေရမယ်ဆိုရင်တောင် မင်းရဲ့ဓားအောက်မှာ မသေချင်ဘူး”
ဝှစ်...
ကျန်းရီ၏လက်က လင်းလက်လာ၏။ သူ ခြောက်ရောင်ခြယ်မီးတောက်များကို ထုတ်လွှတ်လိုက်ပြီး အရှေ့သို့ လျင်မြန်စွာ ပြေးကာ ချောက်ကမ်းပါးအောက်သို့ ခုန်ချလိုက်သည်။ အာကာသလှိုင်းများက ကျန်းရီကို မိသွား၏။ ကျန်းရီတစ်ယောက် ကြောက်မက်ဖွယ်နှုန်းဖြင့် အပိုင်းပိုင်းပြတ်သွားကာ သွေးမှုန်သွေးမွှားများ ဖြစ်သွားလေသည်။