အသက်လမ်းကြောင်း
Vol. 117 Ch. 1626
“ပြန်ဆုတ်...”
ကြောက်မက်ဖွယ် အပူလှိုင်းတစ်လှိုင်းက ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပြန့်ထွက်သွား၏။ တောက်ဖုန့်သည် ထိုအပူလှိုင်းကို မကြောက်သော်လည်း အဖွဲ့ကိုဦးဆောင်ကာ အနောက်သို့ ချက်ချင်းဆုတ်သွားလိုက်သည်။ မရေမတွက်နိုင်သော ကျန့်ရှမျိုးနွယ်ဝင်များ မီးလောင်ကျွမ်းသွားပြီး မည်းမှောင်နေသော တောင်ကြားကို လင်းလာစေသည်။ တောက်ဖုန့်တို့အဖွဲ့သည် ကျန်းရီ၏ခန္ဓာကိုယ်က အပိုင်းပိုင်းပြတ်သွားပြီး သွေးမှုန်သွေးမွှားများ ဖြစ်သွားသည်ကို ကြည့်ကာ မည်သို့လုပ်ရမည်မသိ ဖြစ်သွားကြပေသည်။
“ဘယ်လိုတောင် စိတ်ဓာတ်ခိုင်မာတာလဲ”
မီးတောက်များ ပျောက်ကွယ်သွားသောအခါ တောက်ဖုန့်သည် အဖွဲ့ကို ဦးဆောင်၍ အရှေ့သို့ ပျံသန်းသွားလိုက်၏။ သူတို့သည် ချောက်ကမ်းပါးနှင့် ခပ်လှမ်းလှမ်းတွင် ရပ်ကာ လှည့်ပတ်ကြည့်လိုက်၏။ အာကာသလှိုင်းများက အစစ်ဖြစ်ကြောင်း အတည်ပြုပြီးသောအခါ သခင်လေးတစ်ယောက်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။
“သူ သက်သာသွားတယ်။ ကျွန်တော်က သူ့ကို ကိုယ်တိုင်ဖမ်းပြီး သတ်ပစ်ချင်တာ”
“သွားကြစို့...”
အခြားသခင်လေးတစ်ယောက်က လက်ဝှေ့ယမ်းကာ အဖွဲ့ကို ဦးဆောင်၍ သူတို့လာခဲ့သောနေရာသို့ ပြန်သွားလိုက်၏။ ယခုတွင် ကျန်းရီသေသွားပြီဖြစ်၍ သူတို့ လက်စားချေနိုင်ခဲ့ပြီဟု ဆိုနိုင်ပေသည်။ အချိန်က အဖိုးတန်သည်။ သူတို့ ထိုနေရာတွင် နောက်တစ်စက္ကန့်ပင် အချိန်ဖြုန်းမနေလိုတော့ပေ။
“အာ...”
အဖွဲ့သည် ခြေလှမ်းများစွာ လျှောက်ပြီးနောက် တောက်ဖုန့်က လိုက်မလာကြောင်းကို သတိပြုမိလိုက်၏။ သခင်မလေးတစ်ယောက်က နောက်လှည့်ကြည့်ကာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“သခင်လေးဖုန့်... သခင်လေးက ဘာလို့ လိုက်မလာတာလဲ”
“တစ်ခုခုမှားနေတယ်... မဟုတ်သေးဘူး...”
တောက်ဖုန့်သည် မျက်မှောင်ကြုတ်၍ ချောက်ကမ်းပါးကို ငေးကြည့်နေ၏။ သူ အာကာသလှိုင်းများကို ကြည့်၍ သူ့ဘာသာ ရေရွတ်လိုက်သည်။
“တစ်ခုခုမှားနေတယ်လို့တော့ ငါ ခံစားနေရတယ်။ ဒါပေမဲ့ ဘာက မှားနေတာလဲဆိုတာ ငါ မသိဘူး။ ဒီနေရာမှာ တစ်ခုခုတော့ မှားနေတယ်”
“ဘာမှားနေလို့လဲ”
အားလုံးသည် တောက်ဖုန့်၏စကားများကြောင့် ခေါင်းရှုပ်သွားကြ၏။ သခင်လေးတစ်ယောက်က တောက်ဖုန့်ကို စိုက်ကြည့်ကာ စိတ်မရှည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“အစ်ကိုဖုန့်... အများကြီး တွေးမနေပါနဲ့တော့။ ကျန်းရီက အပိုင်းပိုင်းပြတ်သွားပြီ။ သူ ရှင်နေလိမ့်ဦးမယ်လို့ အစ်ကိုက ထင်လို့လား။ သူ သေသွားတာကို ကျွန်တော်တို့ကိုယ်တိုင် မြင်လိုက်တာပဲ။ သွားကြရအောင်ပါ... ကျွန်တော်တို့ ရတနာတွေ လိုက်ရှာရဦးမယ်”
“အပိုင်းပိုင်းပြတ်တာ... အပိုင်းပိုင်းပြတ်တာ...”
တောက်ဖုန့်၏ မျက်လုံးများ အရောင်လက်လာ၏။ သူ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။
“မသေသေးဘူး၊ ကျန်းရီက မသေသေးဘူး။ ငါတို့က ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ရတာပဲ။ ဒီချောက်ကမ်းပါးက အဆုံးသတ်မဟုတ်ဘူး။ ဒါက အသက်လမ်းကြောင်းတစ်ခုပဲ။ ပြီးတော့... ဒါက တတိယထပ်ရဲ့ဝင်ပေါက် ဖြစ်နေနိုင်တယ်”
“ဗျာ...”
“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သခင်လေးဖုန့်... ဘာလို့ ပေါက်ကရတွေ ပြောနေရတာလဲ။ ကျန်းရီက အပိုင်းပိုင်းပြတ်ပြီး သွေးမှုန်သွေးမွှားတွေ ဖြစ်သွားတာကို ကျွန်တော်တို့မျက်လုံးနဲ့တပ်အပ် မြင်လိုက်ရတာပဲ။ အဲ့ဒါက ဘယ်လိုလုပ် မှားနိုင်မှာလဲ”
သခင်လေးများနှင့် သခင်မလေးများ တစ်ယောက်တစ်ပေါက် အော်ပြောလိုက်ကြ၏။ အကယ်၍ လူတစ်ယောက်ကသာ မြင်လိုက်ရခြင်းဆိုလျှင် ထိုသူက အမြင်မှားခြင်းဟု ဆိုနိုင်သေးသည်။ သို့သော် ကျန်းရီသေသွားသည်ကို သူတို့အားလုံး မြင်လိုက်ရခြင်းပင်။ ယင်းမှာ မည်သို့ မှားနိုင်မည်နည်း။ သူတို့ထဲတွင် အားနည်းသောသိုင်းသမား တစ်ယောက်မှ မပါပေ။ ကျန်းရီ စေလွှတ်ခဲ့သော ကျန့်ရှမျိုးနွယ်ဝင် နှစ်ကောင်ကလည်း အာကာသလှိုင်းများထဲတွင် အမှုန့်ဖြစ်သွားခဲ့သေးသည် မဟုတ်လော။
“သွေးမှုန်သွေးမွှားတွေ၊ သွေး...”
အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ မျက်လုံးများ အရောင်လက်သွား၏။ သူလည်း သဘောပေါက်သွားပေသည်။ သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သခင်လေးဖုန့်ပြောတာ မှန်တယ်။ ကျန်းရီ မသေသေးဘူး။ သူက အပိုင်းပိုင်းပြတ်သွားပြီး သွေးမှုန်သွေးမွှားတွေ ဖြစ်သွားခဲ့တာ။ ဒါပေမဲ့ ကျုပ်တို့ သွေးနံ့ကို ရလိုက်ကြလား။ မရဘူး။ အဲ့တော့ ကျန်းရီက မသေသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူက တကယ်အပိုင်းပိုင်းပြတ်သွားတာ မဟုတ်ဘူး။ တတိယထပ်ကို တက်သွားတာ ဖြစ်မယ်”
“အာ...”
အားလုံး နှာခေါင်းကုတ်လိုက်ကြ၏။ သူတို့လည်း စတင်သဘောပေါက်လာပေပြီ။ ဟုတ်၏။ လူတစ်ယောက်က သွေးမှုန်သွေးမွှားများဖြစ်သွားလျှင် အဘယ်သို့ သွေးနံ့မထွက်ဘဲ ရှိမည်နည်း။ ချောက်ကမ်းပါးတွင် အာကာသလှိုင်းများ ရှိနေလျှင်ပင် သွေးနံ့က ထိုမျှ မြန်မြန် လွင့်ပြယ်မသွားသင့်ပေ။
“ဝင်ပေါက်...”
အားလုံး၏ မျက်လုံးများ တောက်ပသွားကြသည်။ ဒုတိယထပ်တွင် ရတနာအနည်းငယ်သာ ကျန်တော့သည်။ ဆယ်ကြိမ်ကျော် ရှာဖွေခဲ့ပြီးနောက်တွင် ရတနာအများစုကို ရှာတွေ့သွားခဲ့ပြီဖြစ်သည်။ ဟယ်နုန်ယင်း တိုက်ခိုက်နေခဲ့သော ကျောက်တောင်ထွတ်မှ ရတနာကဲ့သို့ လုံခြုံစွာ ဝှက်ထားသည့် ရတနာများသာ ကျန်တော့သည်။ သို့သော် သူတို့တွင် အချိန်မရှိပေ။ အကယ်၍ အကာအရံများကို အချိန်များစွာပေးကာ ဖျက်ဆီးပြီးမှ အထဲရှိ ရတနာက သာမန်ရတနာတစ်ခုဖြစ်နေလျှင် သူတို့ဆုံးရှုံးနစ်နာပေလိမ့်မည်။
သမိုင်းတစ်လျှောက်တွင် လူအနည်းငယ်သာ တတိယထပ်သို့ ရောက်ခဲ့သည်။ သို့သော် ထိုလူအနည်းငယ်ထဲမှ လူသုံးယောက်သာ ပြန်ထွက်လာနိုင်ခဲ့သည်။ သုံးယောက်ထဲမှ တစ်ယောက်က ပြန်ထွက်လာပြီး မကြာခင်မှာပင် သေဆုံးသွားခဲ့သည်။ အခြားတစ်ယောက်၏မျိုးနွယ်ကလည်း ရှင်းထုတ်ခံရသည်။ နောက်ဆုံးတစ်ယောက်မှာမူ ဟယ်မျိုးနွယ်မှဖြစ်သည်။ ဤတစ်ခေါက်တွင် ဟယ်နုန်ယင်းက သူမနှင့်အတူ လူတစ်ယောက်ကိုမှ ခေါ်မလာခဲ့။ ထို့ကြောင့် သူမက တတိယထပ်သို့ မည်သူ့ကိုမှ ခေါ်မသွားလိုကြောင်း ထင်ရှားသည်။
တတိယထပ်တွင် မည်သည့်ရတနာများ ရှိနေသနည်း။
မိစ္ဆာသတ်ဖြတ်ဓား၊ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်နှင့် မိစ္ဆာသတ်ဖြတ်နန်းတော်ကို ထိန်းချုပ်နိုင်မည့် သော့ချက်တို့က တတိယထပ်တွင် ရှိနေကြသည်လော။ မည်သူမှ မသိပေ။ သို့သော် သူတို့ကို သေချာပေါက် အဖိုးတန်ရတနာများက စောင့်ကြိုနေမည်သာ။ ထို့ကြောင့် သူတို့အားလုံး ရင်ခုန်စိတ်လှုပ်ရှားလာကြလေသည်။
သို့သော်...
သူတို့သည် အာကာသလှိုင်းများဆီသို့ ဆက်မသွားဝံ့ကြဘဲ တစ်ယောက်ကိုတစ်ယောက်သာ ကြည့်နေကြသည်။ ချောက်ကမ်းပါးက အသက်လမ်းကြောင်းတစ်ခု ဖြစ်ရမည်ဆိုခြင်းမှာ ခန့်မှန်းချက်တစ်ခုသာဖြစ်သည်။ အကယ်၍ ၎င်းက အဆုံးသတ်တစ်ခု ဖြစ်နေလျှင် မည်သို့ လုပ်မည်နည်း။
ချောက်ကမ်းပါးက အသက်လမ်းကြောင်းတစ်ခု ဖြစ်နေလျှင်ပင် တတိယထပ်၏ ဝင်ပေါက်လည်းဖြစ်ကြောင်း မည်သူက အာမခံနိုင်မည်နည်း။ သူတို့ ကြောက်မက်ဖွယ်နေရာတစ်ခုကို ရောက်သွားလျှင် မည်သို့လုပ်မည်နည်း။ သခင်လေးများနှင့် သခင်မလေးများ၏ အသက်က အဖိုးတန်သည်။ မည်သူမှ မစွန့်စားဝံ့ကြပေ။
တောက်ဖုန့်သည် အာကာသလှိုင်းများကို ငါးမိနစ်ကြာအောင် စူးစမ်းနေ၏။ ပြီးမှ သူ ရုတ်တရက် ပြောလိုက်သည်။
“ငါ ကံစမ်းကြည့်မယ်။ မင်းတို့ ငါ အပိုင်းပိုင်းပြတ်ပြီး သွေးမှုန်သွေးမွှားတွေ ဖြစ်သွားတာကို မြင်လိုက်ရင် ဒီချောက်ကမ်းပါးက လုံးဝအန္တရာယ်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲ့ကျ ငါ့နောက်ကနေ ချက်ချင်းလိုက်ခဲ့ကြပါ”
“သခင်လေးဖုန့်... အဲ့လိုလုပ်လို့ မဖြစ်ပါဘူး”
တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က ချက်ချင်း အော်ပြောကာ တားလိုက်၏။
“စမ်းကြည့်ရမယ်ဆိုရင်လည်း ဘာလို့ ကျုပ်ကို မစမ်းခိုင်းတာလဲ”
“ဟင့်အင်း... ဦးလေးနျို”
တောက်ဖုန့်က ခေါင်းခါသည်။
“ကျွန်တော်က တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ထားတယ်။ ဒီနေရာက လူတွေအကုန်လုံးထဲမှာ ကျွန်တော့်ရဲ့ ခံနိုင်စွမ်းက စွမ်းအားအကြီးဆုံးပဲ။ ပြီးတော့ ကျွန်တော်က အမြန်လည်း အမြန်ဆုံး။ အာကာသလှိုင်းတွေလောက်က ကျွန်တော့်ကို မသတ်နိုင်လောက်ပါဘူး”
“ကောင်းပါပြီ၊ တကယ်လို့ သခင်လေး မူမမှန်တာတစ်ခုခုကို ခံစားရရင် ချက်ချင်း နောက်ပြန်လှည့်လာခဲ့ပါ”
တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားသည် တောက်ဖုန့်က စိတ်ဆုံးဖြတ်ပြီးဖြစ်ကြောင်း တွေ့လိုက်သဖြင့် ဆက်မတားတော့ဘဲ ခေါင်းညိတ်၍သာ အားပေးလိုက်ရသည်။
ရွှီး...
တောက်ဖုန့်၏စစ်ချပ်ဝတ်က လင်းလက်လာ၏။ ထို့နောက် သူသည် လက်ပစ်မြားတစ်စင်းအလား အရှေ့သို့ ပျံသွားလိုက်သည်။ အားလုံး တောင့်တင်းသွားကြ။ သူတို့၏အကြည့်များကလည်း တောက်ဖုန့်ထံမှ မခွာပေ။
“တကယ်ကိုပဲ...”
တောက်ဖုန့်သည် အာကာသလှိုင်းများထဲ ရောက်သွားသောအခါ အားလုံး၏မျက်စိအရှေ့မှာပင် အပိုင်းပိုင်းပြတ်ကာ သွေးမှုန်သွေးမွှားများ ဖြစ်သွား၏။ သို့သော် တောက်ဖုန့်၏ ‘မသေခင်’ မျက်နှာထားက ထူးဆန်းစွာ တည်ငြိမ်နေသည်။ သူ့မျက်နှာပေါ်တွင် နာကျင်သည့်အရိပ်အယောင် တစ်ခုပင် မရှိပေ။
“သွားကြစို့”
တောက်ဖုန့်က တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ အာကာသလှိုင်းများက သူ့ကို ထိုမျှလျင်မြန်စွာ ပိုင်းဖြတ်မပစ်နိုင်သင့်ပေ။ ထို့ကြောင့် ၎င်းလှိုင်းများက ပုံရိပ်ယောင်သာဖြစ်ကြောင်း ထင်ရှားသည်။ ယင်းက အဆင့်မြင့် ပုံရိပ်ယောင်အစီအရင်တစ်ခုပင်။
အားလုံး ချောက်ကမ်းပါးသို့ ဦးတည်သွားလိုက်ကြသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ‘အပိုင်းပိုင်းပြတ်သွားကြပြီး’ သွေးမှုန်းသွေးမွှားများအဖြစ် အာကာသလှိုင်းများအကြား ပျောက်ကွယ်သွားကြသည်။
ရွှီး...
အဖြူရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။ တောက်ဖုန့်နှင့် အခြားသူများ ဧရာမစင်္ကြံလမ်းကြီးတစ်ခုထဲတွင် ထွက်ပေါ်လာကြသည်။ စင်္ကြံလမ်းက လင်းထိန်နေပြီး အလွန်ရှည်လျားသည်။ ထို့ပြင် စင်္ကြံလမ်းက ထောင့်ချိုးတစ်ခု ချိုးသွား၍ မည်သည့်နေရာသို့သွားသောလမ်း ဖြစ်ကြောင်းကို သူတို့ မသိနိုင်ကြပေ။ အားလုံး၏ မျက်ဝန်းများ လင်းလက်သွား၏။ သူတို့၏မျက်နှာပေါ်တွင်လည်း အပျော်များ ပြည့်နှက်နေသည်။
ပထမထပ်က တောအုပ်တစ်ခုဖြစ်ပြီး ဒုတိယထပ်က ခြောက်ကပ်သော တောင်တန်းဒေသတစ်ခုဖြစ်သည်။ တတိယထပ်မှာမူ ဤစင်္ကြံလမ်းလော။ အထပ်တိုင်းက ကွဲပြားသည်။ ထို့ကြောင့် သူတို့က တတိယထပ်သို့ ရောက်လာခြင်းဖြစ်နိုင်ပေသည်။
“သွားကြစို့... ကျန်းရီက ဒီနေရာကို ငါတို့ထက် ပိုစောပြီး ရောက်လာခဲ့တာ။ ရတနာတွေ အကုန်လုံးကို သူယူသွားမှာကို ခွင့်မပြုနိုင်ဘူး”
တောက်ဖုန့်၏အကြည့်က ခက်ထန်လာသည်။ သူ့လက်ထဲတွင်လည်း အဖြူရောင် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ထို့နောက် သူသည် အဖွဲ့ကို ဦးဆောင်၍ အရှေ့သို့ လျင်မြန်စွာ သွားလိုက်လေသည်။
စင်္ကြံလမ်းက အလွန်ဘေးကင်းသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် မည်သည့်အကာအရံကိုမှ မခံစားမိပေ။ တောက်ဖုန့်က လက်တစ်ဘက်ထဲတွင် အဖြူရောင်ပုလဲတစ်လုံးကို ကိုင်ထား၏။ ၎င်းပုလဲက အဆက်မပြတ် လင်းလက်နေသည်။ ထိုပုလဲရှိနေလျှင် အကာအရံများကို သူတို့ကိုယ်တိုင် အာရုံခံနေစရာ မလိုပေ။ အကာအရံများနှင့် နီးကပ်လာလျှင် ပုလဲက သိသိသာသာ တောက်ပလာမည်ဖြစ်သည်။
ထောင့်ချိုး ခုနစ်ချိုး၊ ရှစ်ချိုး ချိုးပြီးနောက် အဖွဲ့က ရုတ်တရက် ရပ်တန့်လိုက်၏။ သူတို့ လမ်းခွဲတစ်ခုသို့ ရောက်လာပေပြီ။ စင်္ကြံလမ်းက လမ်းကြောင်းကိုးခု ခွဲထွက်သွားသည်။ မည်သည့်လမ်းက မည်သည့်နေရာကိုရောက်ကြောင်း မည်သူမှ မသိပေ။
“သခင်လေးဖုန့်.. ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
လမ်းက ကိုးလမ်းခွဲထွက်သွားရာ အချို့လမ်းများက လမ်းပိတ်များဖြစ်ပြီး အချို့လမ်းများက အသက်လမ်းကြောင်းများဖြစ်ကြောင်း ပြောနေရန်ပင် မလိုပေ။ မဟုတ်လျှင် လမ်းက ဤသို့ခွဲထွက်သွားမည် မဟုတ်ပေ။ ဤအဖွဲ့ထဲတွင် တောက်ဖုန့်က အင်အားရော ဉာဏ်ရည်တွင်ပါ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် သခင်လေးများနှင့် သခင်မလေးများသည် တောက်ဖုန့်ကိုသာ လမ်းကြောင်းရွေးစေလိုကြပေသည်။
“ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ”
လမ်းကြောင်းကိုးခုစလုံးက တစ်ပုံစံတည်းဖြစ်သည်။ ၎င်းတို့ကို ခွဲခြားနိုင်မည့် သဲလွန်စများလည်း ရှိမနေ။ တောက်ဖုန့်သည် လမ်းကြောင်းများကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ဒုတိယလမ်းကြောင်းဆီသို့ လျှောက်သွားလိုက်၏။
“အလယ်ကလမ်းကြောင်းနဲ့ အစွန်ဆုံးကလမ်းကြောင်းတွေက တစ်ခုခုမှားနေလောက်တယ်။ ငါတို့ ကံစမ်းကြည့်ကြတာပေါ့”
တောက်ဖုန့်သည် ဒုတိယလမ်းကြောင်းထဲ ဝင်သွား၏။ ကျန်လူများအားလုံးသည်လည်း ရွေးချယ်စရာမရှိသဖြင့် သူ့နောက်သို့ လိုက်သွားကြသည်။ သူတို့အားလုံး လမ်းကြောင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် စင်္ကြံလမ်းတစ်လျှောက်တွင် နူးညံ့သောအသံတစ်သံကို ကြားလိုက်ရ၏။
လိမ္မော်ဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက်က စင်္ကြံလမ်းတစ်လျှောက် လျှောက်လာသည်။ သူမက သခင်မလေးဟယ်နုန်ယင်းပင်။ သူမသည် လမ်းကြောင်းကိုးခုကိုကြည့်ကာ လက်စွပ်ထဲမှနေ၍ လက်ရေးဖြင့်ရေးထားသော စာတစ်စောင်ကို ထုတ်လိုက်၏။ သူမသည် စာကို ခေတ္တမျှ ဖတ်ကြည့်ပြီးနောက် ခေါင်းညိတ်ကာ ရေရွတ်လိုက်လေသည်။
“ဒုတိယလမ်း၊ စတုတ္ထလမ်းနဲ့ သတ္တမလမ်းက အသက်လမ်းကြောင်းတွေပဲ။ ငါ စတုတ္ထလမ်းကို သွားမယ်။ ဒီတစ်ခေါက် ငါ မိစ္ဆာသတ်ဖြတ်ခန်းမထဲကို ဝင်နိုင်ပြီး မိစ္ဆာသတ်ဖြတ်နန်းတော်ကို ရနိုင်လောက်မလား”