အကုန်လုံးက ငါ့ဟာ
Vol. 117 Ch. 1627
ကျန်းရီသည် ဒုတိယနှင့် စတုတ္ထလမ်းကြောင်းကို မရွေးခဲ့ဘဲ သတ္တမလမ်းကြောင်းကို ရွေးခဲ့သည်။ သူ ချောက်ကမ်းပါးမှ ခုန်ချခဲ့ခြင်းမှာ သေကြောင်းကြံခြင်း မဟုတ်ဘဲ ပြဿနာကြီးတစ်ခုကို ရှာတွေ့ခဲ့၍ဖြစ်သည်။ အစောတွင် သူသည် ကျန့်ရှမျိုးနွယ်ဝင် နှစ်ကောင်ကို အာကာသလှိုင်းထဲ သွားစေခဲ့သည်။ ထိုနှစ်ကောင်က ရုတ်ခြည်း အမှုန့်ဖြစ်သွားခဲ့သည်။
ထိုအဖြစ်တွင် သံသယဖြစ်စရာ မရှိပေ။ ပြဿနာမှာ အမှုန်များတွင်ဖြစ်သည်။ ၎င်းတို့က လေထဲတွင် ဝဲလွင့်နေသင့်သည်။ သို့သော် ကျန်းရီ အမှုန်များကို ခံစားကြည့်ရန် ကြိုးစားသောအခါ ၎င်းတို့အကုန်လုံးက ရုတ်ခြည်း ပျောက်ကွယ်သွားကြောင်း သိလိုက်ရသည်။ တစ်မှုန်မှ မကျန်ခဲ့ပေ။
တောက်ဖုန့်တို့သည် သွေးနံ့မရခြင်းကြောင့် တစ်ခုခုမှားနေကြောင်း သဘောပေါက်သွားခဲ့ခြင်းပင်။ ကျန်းရီ၏အာရုံများက သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ထားလျှင် များစွာပို၍စူးရှသည်။ လောကထဲတွင် အမှုန်များစွာ ရှိသည်။ အချို့အမှုန်များကို မျက်စိနှင့်မမြင်နိုင်သော်လည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင်ဆိုလျှင် ကျန်းရီ ၎င်းတို့ကို အာရုံခံစားနိုင်သည်။ သို့သော် ကျန့်ရှမျိုးနွယ်ဝင်နှစ်ကောင်၏ အမှုန်များကို သူ မခံစားနိုင်ခဲ့ချေ။
ထို့ကြောင့် ကျန်းရီသည် လောင်းကြေးထပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူ့ကိုယ်သူ တွန်းအားပေးမှ သူ၏အကန့်အသတ်များကို ကျော်နိုင်ပေလိမ့်မည်။ ထို့ပြင် ရတနာချန်ခဲ့သူများသည် ထိုကဲ့သို့သော လမ်းဆုံးများကို အသက်လမ်းကြောင်းများအဖြစ် ထာလေ့ရှိသည် မဟုတ်ပါလား။
နောက်ဆုံးတွင် ကျန်းရီ လောင်းကြေး နိုင်ခဲ့ပေသည်။
ချောက်ကမ်းပါးက အမှန်ပင် တတိယထပ်သို့ဝင်ပေါက် ဖြစ်နေခဲ့သည်။ လမ်းခွဲကိုးခုသို့ ရောက်သောအခါတွင်လည်း သူ၏အတွေးက တောက်ဖုန့်၏အတွေးနှင့် သိပ်မကွာခဲ့ပေ။ ထိုကဲ့သို့သော လမ်းခွဲများတွင် အလယ်လမ်းနှင့် အစွန်ဆုံးလမ်းများက လမ်းဆုံးများ ဖြစ်နေတတ်သည်။ ထို့ကြောင့် ရွေးစရာ ခြောက်လမ်းသာ ကျန်သည်။
ကျန်းရီသည် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်၏ အမြင်မှနေ၍ ကြည့်နိုင်ရန် ကြိုးစားခဲ့သည်။ သူသာ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ဆိုလျှင် လမ်းကြောင်းကိုးခုထဲမှ နှစ်ခု၊ သုံးခုလောက်ကို အသက်လမ်းကြောင်းများအဖြစ် ထားမည်ဖြစ်သည်။ ထိုအသက်လမ်းကြောင်းများကို ရွေးနိုင်၊ မရွေးနိုင်မှာတော့ ရတနာရှာသူ၏ ကံတရားအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
အားလုံး၏ ရင်ထဲတွင် သူတို့အတွက် ကံကောင်းသည့်ဂဏန်းဟု မှတ်ယူထားသော ဂဏန်းတစ်လုံး ရှိနေတတ်သည်။ ရှေးဦးစွာ ငါးနှင့် ကိုးတို့က ကျန်းရီအတွက် အလွန်အရေးပါသော ဂဏန်းများဖြစ်ကြသည်။ သို့သော် ယခုကိစ္စတွင် ထိုဂဏန်းနှစ်လုံးစလုံးကို ရွေး၍ မဖြစ်ပေ။ ထို့ကြောင့် ကျန်းရီ ခုနစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ကျန်းရီ မှန်ခဲ့၏။ သူ ရွေးချယ်လိုက်သော လမ်းကြောင်းက အသက်လမ်းကြောင်းတစ်ခု ဖြစ်နေခဲ့သည်။ လမ်းကြောင်းအဆုံးတွင် သူ တံခါးတစ်ခုကို တွေ့သည်။ တံခါးပေါ်တွင် အကာအရံများ လင်းလက်နေသည်။ တံခါးထဲဝင်ရန် ခက်ပေလိမ့်မည်။
‘ဒါက စမ်းသပ်ချက်တစ်ခုပဲ။ လိုအပ်တဲ့စွမ်းရည်တွေ မရှိတဲ့သူတွေဆို ဝင်နိုင်မှာ မဟုတ်ဘူး’
ကျန်းရီသည် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ကျန့်ရှမျိုးနွယ်ဝင် အနည်းငယ်ကို တံခါးအား တိုက်ခိုက်စေလိုက်သည်။ တံခါးပေါ်မှ အကာအရံများက အဆက်မပြတ်လင်းလက်နေသဖြင့် ကျန်းရီ ခေါင်းဆတ်လိုက်၏။ တံခါးနောက်တွင် အဖိုးတန်ရတနာတစ်ခု ရှိနေလောက်သည်။ သူ ၎င်းရတနာကို ရနိုင်၊ မရနိုင်မှာ တံခါးပေါ်မှ အကာအရံများကို ဖျက်နိုင်၊ မဖျက်နိုင် အပေါ်တွင် မူတည်နေပေသည်။
ရွှီး...
ကျန်းရီ မီးနဂါးဓားကို ဆင့်ခေါ်လိုက်ပြီး မိုးမြေစွမ်းအားကို သုံးကာ တံခါးအား ပြင်းထန်စွာ ခုတ်ချလိုက်သည်။ ဤတစ်ကြိမ်တွင် အကာအရံများက ပို၍တောက်ပစွာ လင်းလက်လာသည်။ သို့သော် ၎င်းတို့ကို ဖျက်ဆီးနိုင်ရန် ဆက်၍ကြိုးစားရဦးမည်ဖြစ်ကြောင်း ထင်ရှားပေသည်။
ရွှစ်...ရွှစ်...
ကျန်းရီသည် ပေါင်းစည်းမီးတောက်များကို ထုတ်လိုက်၏။ သို့သော် မီးတောက်များ၏ အကာအရံအပေါ် သက်ရောက်မှုက မီးနဂါးဓား၏ သက်ရောက်မှုထက်ပင် အားနည်းနေသည်။ ခေတ္တမျှ တွေးတောပြီးနောက် ကျန်းရီ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ကို အပြင်ထုတ်လိုက်၏။ ထို့နောက် နှစ်ယောက်စလုံးနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။
“အဲ့တံခါးကို တိုက်ခိုက်ကြည့်ကြပါ။ ဖွင့်နိုင်မလားလို့ပေါ့”
“အာ...”
ချီချင်ချန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် တုန်လှုပ်သံဖြင့် မေးလိုက်၏။
“ကျန်းရီ... ကျွန်မတို့ ဘယ်ကိုရောက်နေတာလဲ။ အစောတုန်းက ကျွန်မတို့က တောင်ကြားထဲမှာ မဟုတ်ဘူးလား။ အခု ဘာလို့ ဒီကို ရောက်လာတာလဲ”
“အဲ့ဒါတွေကို ရှင်းပြနေဖို့ အချိန်မရှိပါဘူး။ ကျွန်တော်တို့နောက်ကို လူတွေ လိုက်လာတယ်။ မြန်မြန် အဲ့တံခါးကို ဖွင့်လိုက်ပါ”
ကျန်းရီသည် ချီချင်ချန်ကို မျက်နှာထားတည်တည်ဖြင့် ပြန်ပြောလိုက်၏။ အကယ်၍ တောက်ဖုန်းတို့က နောက်မှလိုက်လာပြီး သူ့ကို လူခွဲရှာကြမည်ဆိုလျှင် သူတို့ မကြာခင်တွင် ဤသို့ ရောက်လာပေလိမ့်မည်။ ထို့ကြောင့် တံခါးကို မြန်နိုင်သမျှအမြန်ဆုံး ဖွင့်၍ တံခါးနောက်မှ ရတနာကို ယူရပေမည်။
ရွှစ်...ရွှစ်...
အဆိပ်ဝိညာဉ်သည် တုံ့ဆိုင်းမနေဘဲ ကျန်းရီညွှန်ကြားသည့်အတိုင်း တံခါး၏အကာအရံများကို နတ်ဘုရားဝိညာဉ်ထိုးချက်နှင့် တိုက်ခိုက်လိုက်သည်။ အကာအရံများက လင်းလက်သွားသည်။ ကျန်းရီသည် ထိုအဖြစ်ကို မြင်သောအခါ ခေါင်းညိတ်၍ ပြောလိုက်၏။
“အဲ့ဒါက ကျွန်တော် အစွမ်းကုန်သုံးပြီး တိုက်ခိုက်တာရဲ့ သက်ရောက်မှုနဲ့ အတူတူလောက်ပဲ”
“အလျားလေ”
ချီချင်ချန်သည် သူမ၏ဓားပျော့ကို ဝှေ့ယမ်း၍ သိမ်မွေ့သော လေပြေတစ်တန်းကို စုစည်းလိုက်၏။ လေပြေက တစ်လိုင်းတည်း ဖြစ်သွားပြီး အရှေ့သို့ တိတ်တဆိတ်ပျံသန်းသွားကာ တံခါးကို ဝင်တိုးလိုက်သည်။ အကာအရံများက ပို၍ပင်တောက်ပစွာ လင်းလက်လာသည်။
“ဟုတ်ပြီ...”
ကျန်းရီ ခေါင်းဆတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့သုံးယောက် အတူတူတိုက်ခိုက်မယ်။ ဒီအကာအရံတွေကို မြန်မြန်ဖျက်မှရမယ်။ တံခါးပေါ်မှာ ဘာစက်ခလုတ်မှမရှိဘူး။ အဲ့တော့ ကျွန်တော်တို့ တံခါးကို ဖျက်ပစ်မှရမယ်”
ကျန်းရီတို့သုံးယောက် တံခါးကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ ကျန်းရီက မီးနဂါးဓားဖြင့် ခုတ်သည်၊ အဆိပ်ဝိညာဉ်က နတ်ဘုရားဝိညာဉ်ထိုးချက်ဖြင့် ထိုးသည်၊ ချီချင်ချန်က အလျားလေဖြင့် တိုးသည်။ အဆိပ်ဝိညာဉ်သည် နတ်ဘုရားဝိညာဉ်ထိုးချက်ကို တစ်ကြိမ်သုံးပြီးတိုင်း ခေတ္တမျှ အနားယူရ၏။ ထိုတိုက်ကွက်က သူ၏စွမ်းအင်ကို များစွာကုန်ဆုံးစေသည်။ ကျန်းရီက သူ့အား နတ်ဘုရားသစ်ရွက် ပေးလိုက်မှ သူ လျင်မြန်စွာ စွမ်းအင်ပြန်ပြည့်လာနိုင်လေသည်။
ဝုန်း...ဝုန်း...ဝုန်း...
သုံးယောက်သား တံခါးကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။ အကာအရံများက တလက်လက်တောက်ပနေပြီး တံခါးပတ်ပတ်လည်မှ အလင်းက တဖြည်းဖြည်း မှိန်လာသည်။ ၎င်း၏စွမ်းအင်များ ကုန်လာပြီဖြစ်ကြောင်း ထင်ရှားပေသည်။ ကျန်းရီတို့သည် ပို၍လျင်မြန်စွာ တိုက်ခိုက်လိုက်ကြ၏။ သူတို့ အလွန်လည်း စိတ်လှုပ်ရှားလာကြသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် တံခါးက ရုတ်တရက် မျက်စိကျိန်းလောက်ဖွယ် အဖြူရောင်အလင်း တောက်ပလာ၏။ ထို့နောက် တဖြည်းဖြည်းဖြင့် အနောက်သို့ ဆုတ်သွားသည်။ နောက်ဆုံးတွင် တံခါးပွင့်သွားပေပြီ။
ထုံးစံအတိုင်း...
ကျန်းရီသည် အထဲသို့ တန်းမဝင်ဘဲ ကျန့်ရှမျိုးနွယ်ဝင် အနည်းငယ်ကို စေလွှတ်၍ စမ်းသပ်လိုက်သည်။ ကျန့်ရှမျိုးနွယ်ဝင်များသည် တံခါးနောက်တွင် လင်းလက်ကာ ပျောက်ကွယ်သွားကြ၏။ ကျန်းရီ စက္ကန့်အနည်းငယ် တွေးတောနေလိုက်ပြီးမှ ချီချင်ချန်ကို ကြည့်ကာ ပြောလိုက်သည်။
“အရှေ့က လျှောက်ဝင်သွားပါ”
“ကျွန်မလား”
ချီချင်ချန် အံ့ဩသွား၏။ ယခင်တွင် ဤကဲ့သို့သော အခြေအနေမျိုး၌ ကျန်းရီကသာ ရှေ့ဆုံးမှနေလေ့ ရှိသည်။ ဤတစ်ခေါက်တွင်မူ အဘယ်ကြောင့် သူက သူမကို ရှေ့ဆုံးမှသွားခိုင်းရသနည်း။ သူက အမျိုးသမီးကို မညှာတာတော့သည်လော။ ယင်းမှာ ကျန်းရီနှင့်အတူပေ။
“ကျွန်တော့်ရဲ့ ကျောက်စိမ်းဖြူချပ်ဝတ်က ဖျက်ဆီးခံလိုက်ရလို့ပါ”
ကျန်းရီ သက်ပြင်းချကာ ခါးသက်သက်ပြုံးလိုက်သည်။
“စစ်သူကြီးက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၊ ပြီးတော့ ရှေးဦးဝိညာဉ်ရတနာချပ်ဝတ်လည်း ရှိတယ်လေ။ စစ်သူကြီးက ရှေ့ဆုံးက မသွားရင် ဘယ်သူ ရှေ့ဆုံးကသွားနိုင်မှာလဲ”
“ဖျက်ဆီးခံလိုက်ရတာလား”
ချီချင်ချန် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ကျွန်မ ချပ်ဝတ်ကို ရှင့်ကို ပြန်ပေးမယ်လေ။ အဲ့ဒါက ရှင့်ဟာပဲ မဟုတ်လား”
“အဲ့ကိစ္စတွေကို ကျွန်တော်တို့ ပြန်ရောက်မှ ပြောကြတာပေါ့။ ကဲပါ... ဝင်သာဝင်သွားလိုက်ပါ”
ကျန်းရီ စိတ်မရှည်တော့ဟန်ဖြင့် ပြန်ပြောလိုက်သည်။ ထို့ကြောင့် ချီချင်ချန် ရွေးချယ်စရာ မရှိတော့ဘဲ အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ရသည်။ တံခါးအနောက်သို့ ရောက်သောအခါ သူမ လင်းလက်၍ ပျောက်ကွယ်သွားသည်။ တံခါးက တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် တံခါးအနောက်မှ အရာများကို မမြင်ရ၍ပင်။
“သွားကြစို့...”
ကျန်းရီ ချီချင်ချန်အနောက်မှ ကပ်လိုက်သွား၏။ အဆိပ်ဝိညာဉ်က နောက်ဆုံးမှ ဝင်သည်။ သူတို့ တံခါးထဲဝင်လိုက်သောအခါ အဖြူရောင်အလင်းက သူတို့ကို လွှမ်းခြုံသွား၏။ ခေတ္တကြာမှ သူတို့၏ခြေထောက်နှင့် ကြမ်းပြင် ပြန်ထိသွားသည်။ ရုတ်ခြည်းပင် သူတို့ ပုန်းကွယ်ခြင်းအတတ်ကို သုံးလိုက်ကြသည်။
‘ဒီခန်းမက အရမ်းကြီးတာပဲ’
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် ပုန်းကွယ်ခြင်းအတတ်ကို သုံးပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြ၏။ မြင်လိုက်ရသော မြင်ကွင်းက သူတို့နှစ်ယောက်စလုံးကို အံ့အားသင့်သွားစေသည်။ ဤခန်းမက သူတို့မြင်ခဲ့ဖူးသမျှ ခန်းမများထဲတွင် အကြီးဆုံးဖြစ်သည်။ ခန်းမ၏အဆုံးကို မမြင်ရပေ။ သူတို့ဘေးရှိ ကျောက်တိုင်းကြီးများကလည်း အချင်းခြောက်မီတာလောက်ရှိကြပြီး ကီလိုမီတာသုံးဆယ်လောက် မြင့်ကြပေသည်။ ခန်းမကို ဝေ့ဝဲကြည့်ရှုပြီးနောက် အနည်းဆုံး ကျောက်တိုင်ထောင်ကျော်ရှိကြောင်း သူတို့ သိလိုက်ရသည်။
ချီချင်ချန်က အနီးတွင် ရှိနေသည်။ သူမသည် ကျန်းရီ တည်နေရာပြောင်းရွှေ့လာသည်ကို မြင်ခဲ့သည်။ ကျန်းရီက ရောက်ရောက်ချင်း ကိုယ်ဖျောက်လိုက်သော်လည်း သူက အနီးတွင် ရှိနေကြောင်း သူမ သိပေသည်။ ထို့ကြောင့် သူမ မြောက်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။
“ကျန်းရီ... အဲ့ကိုကြည့်လိုက်”
ကျန်းရီနှင့်အဆိပ်ဝိညာဉ်တို့ နှစ်ယောက်စလုံး မြောက်ဘက်ကို ကြည့်လိုက်ကြ၏။ သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။ မြောက်ဘက်တွင် ဧရာမကျောက်စင်မြင့်ကြီးနှစ်ခု ရှိနေသည်။ ထိုစင်မြင့်များအထက် ပေတစ်ထောင်အကွာတွင် ဧရာမကျောက်စိမ်းသေတ္တာကြီးများ ရှိ၏။ ၎င်းတို့က အရောင်ကိုးရောင် လင်းလက်နေကြသည်။ အရူးများပင် ထိုသေတ္တာကြီးများက ရတနာသေတ္တာများဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။
“သွားကြစို့...”
ကျန်းရီနှင့် အဆိပ်ဝိညာဉ်ကို ကိုယ်ဖျောက်ထားရာမှ ပြန်ဖော်လိုက်ကြ၏။ ထို့နောက် ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်အနည်းငယ်ကို အရှေ့မှသွားစေလိုက်ပြီး သူတို့သုံးယောက်က နောက်မှ လိုက်လေသည်။ မီတာရာကျော်သွားပြီးနောက် သူတို့၏ အမြန်နှုန်းက သိသိသာသာ နှေးသွားသည်။
“အဆတစ်သိန်း မြေဆွဲအား”
ကျန်းရီ အံ့ဩတကြီး ရေရွတ်လိုက်၏။ သူ မိုးမြေစွမ်းအား ထုတ်သုံးလိုက်ပြီး အဆိပ်ဝိညာဉ်အား လှမ်းပြောလိုက်သည်။
“အဆိပ်ဝိညာဉ်... ကျွန်တော်တို့နောက်က မလိုက်ခဲ့ပါနဲ့တော့။ ဒီနေရာက စောင့်နေပါ”
အဆိပ်ဝိညာဉ်၏ ရုပ်ခန္ဓာက သန်မာသော်လည်း ချီချင်ချန်၏ ရုပ်ခန္ဓာနှင့် မိုးမြေစွမ်းအားသုံးထားသည့် ကျန်းရီ၏ ရုပ်ခန္ဓာတို့ထက် အနည်းငယ် ပိုအားနည်းသည်။ သူတို့ စင်မြင့်များသို့ရောက်ရန် မီတာထောင်ကျော် သွားရဦးမည်ဖြစ်သည်။ ထိုအကွာအဝေးမှာပင် မြေဆွဲအားက အလွန်အားကောင်းနေပေပြီ။ အနီးသို့ ဆက်တိုးသွားလျှင် မြေဆွဲအားက မည်မျှပိုအားကောင်းလာမည်ကို မည်သူမှ မသိပေ။ ထို့ပြင် စင်မြင့်ပေါ်သို့ရောက်ရန် ဆယ်ချီသော လှေကားထစ်များကို တက်ရပေဦးမည်။ ရတနာများကို ရရှိနိုင်ရန် လွယ်ကူမည် မဟုတ်ချေ။ အဆိပ်ဝိညာဉ်သာ နောက်၌ နေခဲ့မည်ဆိုလျှင် သူတို့ အကူအညီလိုသောအခါတွင်လည်း ကူညီပေးနိုင်ပေလိမ့်မည်။
ချီချင်ချန်နှင့် ကျန်းရီတို့သည် မြေဆွဲအားကို အန်တု၍ အရှေ့သို့ ဆက်လျှောက်သွားလိုက်ကြ၏။ မီတာသုံးရာ သွားပြီးတိုင်း မြေဆွဲအားက ပိုအားကောင်းလာသည်။ စင်မြင့်များနှင့် ကီလိုမီတာသုံးထောင်အကွာသို့ ရောက်သောအခါ သူတို့အရှေ့မှ ကျန့်ရှမျိုးနွယ်ဝင်များသည် နတ်ဘုရားစစ်သူကြီးများလောက် နှေးလာလေသည်။ ကျန်းရီနှင့် ချီချင်ချန်တို့လည်း ထို့အတူပင် နှေးလာသည်။
“လူခွဲမယ်၊ ကျွန်မတို့ စင်မြင့်တစ်ခုစီကို သွားကြမယ်”
ချီချင်ချန်၏ မျက်လုံးများ တောက်ပလာသည်။ စင်မြင့်နှစ်ခုက သုံးကီလိုမီတာခြားသည်။ သူမသည် ရတနာကို ကျန်းရီနှင့် တစ်ယောက်တစ်ခုယူရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ချီချင်ချန်သည် ဘယ်ဘက်သို့သွားရန် ဟန်ပြင်လိုက်၏။ ထိုစဉ် သူမတို့အနောက်မှနေ၍ လေခွင်းသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ၎င်းနောက် တစ်စုံတစ်ယောက်က ကျယ်လောင်စွာရယ်ကာ ပြောလိုက်သည်။
“တစ်ယောက်တစ်ခု ယူမှာလား။ စိတ်မကောင်းပါဘူး... အကုန်လုံးက ငါ့ဟာပဲ။ မင်းတို့ တစ်ခုမှရမှာ မဟုတ်ဘူး။ ကျန်းရီ... ငါတို့ ထပ်တွေ့ပြန်ပြီ”
ကျန်းရီ ချက်ချင်း နောက်လှည့်ကြည့်လိုက်၏။ သူ့အကြည့်က ခက်ထန်သွားသည်။ လူအယောက်နှစ်ဆယ်ကျော်က အဝေးမှနေ၍ သူတို့ထံသို့ လာနေကြသည်။ တောက်ဖုန့်တို့ မီလာပေပြီ။