လုပ်ဆောင်ရမည့်အချိန်
Vol. 117 Ch. 1628
လူနှစ်ဆယ့်လေးယောက်...
ထိုနှစ်ဆယ့်လေးယောက်ထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမား ကိုးယောက်ပါသည်။ အဘိုးအိုအချို့၏ အရှိန်အဝါများက အလွန်သိပ်သည်းရာ သူတို့သည် ကောင်းကင်ဘုရင်ယို၊ ကောင်းကင်ဘုရင်ဝူနှင့် ဆောင်းဥတုအရှင်တို့နှင့်ပင် ယှဉ်နိုင်ပုံပေါ်သည်။ တောက်ဖုန့်ကို ရတနာများက လွှမ်းခြုံထားသည်။ ရှေးဦးဝိညာဉ်ရတနာများဖြစ်သော လက်နက်များကို ပိုင်ဆိုင်ထားသည့် အခြား အုပ်ချုပ်သူအဆင့် သခင်လေးသုံးယောက်လည်း ပါသည်။
သို့သော် ကျန်းရီဘက်တွင်မူ ချီချင်ချန်သည်သာ အုပ်ချုပ်သူအဆင့်ဖြစ်သည်။ ထို့ပြင် သူမ ထိုအဆင့်သို့ ရောက်သည်မှာလည်း မကြာသေးပေ။ သူမသည် ပြီးခဲ့သည့်အတောအတွင်း မရပ်မနားလေ့ကျင့်နေခဲ့သော်လည်း သူမ၏ တိုက်ခိုက်စွမ်းရည်က ကောင်းကင်ဘုရင်ယို၏ တိုက်ခိုက်စွမ်းရည်နှင့် ယှဉ်နိုင်ရန် များစွာလိုအပ်ပေသေးသည်။ အဆိပ်ဝိညာဉ်ကိုမူ ကျန်လူများနှင့် နှိုင်းယှဉ်နေရန်ပင် မလိုပါချေ။
ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့သည် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို သတ်နိုင်ကြလိမ့်မည် မဟုတ်ချေ။ ကျန်းရီတွင်လည်း ခြောက်ရောင်ခြယ်မီးတောက်များမှလွဲ၍ အုပ်ချုပ်သူအဆင့် သိုင်းသမားများကို သတ်နိုင်မည့် အခြားနည်းလမ်းများ မရှိပေ။ သူ၏ မကောင်းသောအရှိန်အဝါနှင့် နတ်ဘုရားအသံကောင်းကင်အတတ်တို့က အုပ်ချုပ်သူအဆင့် သိုင်းသမားများအပေါ်တွင် အနည်းငယ်သာ သက်ရောက်နိုင်ပေသည်။
ခြောက်ရောင်ခြယ်မီးတောက်များက အလွန်စွမ်းအားကြီးသည်။ ၎င်းတို့က တောက်ဖုန့်ကို သတ်နိုင်မည်ဖြစ်စေ၊ မသတ်နိုင်မည်ဖြစ်စေ သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားအောင်တော့ လုပ်နိုင်မည်ဖြစ်သည်။ သို့သော် ကျန်းရီ တောက်ဖုန့်အနားကို ကပ်သွားနိုင်ပါမည်လော။ ယခုတွင် သူက အလွန်အားကောင်းသော မြေဆွဲအားကို တောင့်ခံနေရသည်။ အမြန်နှုန်းကိုယှဉ်လျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများအတွက် ကျန်းရီက ခရုတစ်ကောင်ကဲ့သို့ ဖြစ်နေပေသည်။
အရေးအကြီးဆုံးမှာ ကျန်းရီ၏ ကျောက်စိမ်းဖြူချပ်ဝတ်က ပျက်စီးသွားခဲ့ခြင်းပင်။ သူ့တွင် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်တစ်ခုကို သန့်စင်ရန်လည်း အချိန်မရှိတော့။ ထို့ကြောင့် ရန်သူ၏ အဝေးမှတိုက်ခိုက်မှုများကပင် ကျန်းရီကို သတ်နိုင်လောက်ပေသည်။
သေရေး၊ ရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ၏ ဦးနှောက်က အလွန်လျင်မြန်စွာ အလုပ်လုပ်လာသည်။ သူသည် ရွှေ့ကွက်တိုင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကို တွက်ချက်လိုက်ပြီး ခေါင်းထဲတွင် အခြေအနေတိုင်းကို ပုံဖော်ကြည့်လိုက်သည်။ နောက်ဆုံး၌ လွတ်မြောက်နိုင်ရန် နည်းလမ်းတစ်ခုသာ ရှိကြောင်း သဘောပေါက်သွားသည်။ သူ ကျောက်စင်မြင့်ပေါ်သို့ တက်ရပေမည်။
တောက်ဖုန့်တို့က ကျန်းရီနှင့် ကီလိုမီတာသုံးဆယ်အကွာတွင် ရှိနေကြသည်။ သူတို့ ကျောက်စင်မြင့်များဆီသို့ လာမည်ဆိုလျှင် အားကောင်းသော မြေဆွဲအားကို ခံရမည်သာ။ အကယ်၍ သူတို့က ကျန်းရီကို ရုတ်တရက် တိုက်ခိုက်လိုလျှင်ပင် တိုက်ခိုက်နိုင်လောက်မည် မဟုတ်ပေ။ ကျန်းရီက ကျောက်စင်မြင့်များနှင့် သုံးကီလိုမီတာသာ ဝေးတော့သည်။ ထိုနေရာမှ မြေဆွဲအားက ကြောက်မက်ဖွယ်ပင်။ ကျောက်စင်မြင့်ပေါ်တွင်ဆိုလျှင် မြေဆွဲအားက မည်မျှပို၍ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
တွေးကြည့်၍ပင် မရပေ။
ထို့ပြင် ကျောက်စင့်မြင့်များအနီးသို့ ရောက်သွားလျှင် သူတို့၏ အတွင်းအားလည်း အားနည်းလာလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းသည်။ ရန်သူက ကျန်းရီကို သတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျန်းရီအနားကိုကပ်ရန် ဖြစ်သည်။ သို့သော် ကျန်းရီထံတွင် ပေါင်းစည်းမီးတောက်များ ရှိနေသည်။ တောက်ဖုန့်တို့သာ အနားကပ်လာလျှင် ကျန်းရီ သူတို့ကို အရှင်လတ်လတ် မီးရှို့ပစ်နိုင်ပေသည်။
ရွှီး...
ကျန်းရီ စိတ်ဆုံးဖြတ်လိုက်ပြီး ဟွင့်သွမ့်ချီပုလဲကို ထုတ်၍ ချီချင်ချန်အား ၎င်းပုလဲထဲသို့ ပို့လိုက်၏။ ချီချင်ချန်က ခေတ္တမျှ ခုခံနေခဲ့သေးသော်လည်း နောက်ဆုံးတွင် ကျန်းရီ၏ဆန္ဒအတိုင်းသာလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
ဝှစ်...
ကျန်းရီသည် တစ်စက္ကန့်ပင် အချိန်မဖြုန်းပေ။ သူ ဝမ်းခေါင်းသံကြီးဖြင့် အော်လိုက်၏။ သူ၏ခါးက ပုစွန်တစ်ကောင်ကဲ့သို့ ကွေးနေသော်လည်း သူ ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
မီတာသုံးရာ ဆက်သွားပြီးနောက် မြေဆွဲအားက အဆများစွာ ထပ်မံအားကောင်းလာ၏။ ကျန်းရီ၏ခါးက ပိုကိုင်းသွားသည်။ သို့သော် သူ အံကြိတ်ကာ အရှေ့သို့ ဆက်သွားလိုက်ပေသည်။ သူ မပြေးနိုင်တော့ပေ။ ထို့ကြောင့် ခြေလှမ်းကျဲကြီးများဖြင့်သာ လျှောက်သွားနေရသည်။
ရွှီး...
တစ်ချိန်တည်းမှာပင် ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်၍ သူ့အနောက်တွင် တစ်ဖြောင့်တည်း စီတန်းစေလိုက်၏။ ၎င်းတို့သည် ကျောက်နံရံကြီးများကဲ့သို့ ကျန်းရီအတွက် ရန်သူများကို စက္ကန့်အနည်းငယ်လောက် တားပေးနိုင်ပေလိမ့်မည်။
“ဟင်းဟင်း...”
လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ တောက်ဖုန့်သည် အရှေ့သို့ လျှောက်မလာသေးဘဲ ကျန်းရီတစ်ယောက် ရုန်းကန်နေရပုံကို ကြည့်၍ ပြုံးလိုက်သည်။
“ကျန်းရီ... မင်းက သေရတော့မှာပဲ။ ရုန်းကန်မနေပါနဲ့တော့။ မင်း အဲ့ရတနာတွေကို ရခဲ့ရင်တောင် ငါ့အတွက် သွားယူပေးသလိုပဲ ဖြစ်နေမှာ။ ဒီတစ်ခေါက် မင်း ချောက်ကမ်းပါးပေါ်က ခုန်ချချင်ရင်လည်း အခွင့်အရေးရတော့မှာ မဟုတ်ဘူး”
ဝှစ်...ဝှစ်...
လူနှစ်ဆယ်ကျော်ထဲမှ ခုနစ်ယောက်၊ ရှစ်ယောက်လောက်က အဖွဲ့ထဲမှထွက်၍ အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ သွားလိုက်ကြ၏။ သူတို့က ကျောက်စင်မြင့်ကို ဝန်းရံထားပေသည်။ သူတို့ထဲမှ အချို့သည် ကျောက်စင်မြင့်များနှင့် ကီလိုမီတာအနည်းငယ်အကွာရှိ နေရာမှ မြေဆွဲအားကို ခံစားကြည့်ရန် ကြိုးစားလိုက်ကြသည်။ မည်သူမှ အံ့အားမသင့်ပေ။ သူတို့သည် အနီးသို့ ကပ်သွားရန်၊ ရတနာများကို ယူရန် မကြိုးစားကြပေ။
သူတို့သိသည်...
ယခုက သခင်လေးတောက်ဖုန့် လုပ်ဆောင်ရမည့်အချိန်ပင်။ တောက်ဖုန့်သည် ထိုရတနာများက သူ့အပိုင်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီဖြစ်သည်။ မည်သူက သူနှင့်ယှဉ်၍ ရတနာများကို လုဝံ့မည်နည်း။ သို့ဆိုလျှင် တောက်ဖုန့်ကို မလေးမစားလုပ်ရာ ကျပေလိမ့်မည်။ သူတို့သည် တတိယထပ်သို့ ရောက်နေပြီဖြစ်ရာ ရတနာများ မရမည်ကို စိတ်ပူစရာမလိုပေ။
ဝုန်း...
ကျန်းရီသည် ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ ဆက်လျှောက်နေသေး၏။ ကျောက်စင်မြင့်များနှင့် မီတာသုံးရာအကွာသို့ ရောက်သောအခါ သူ့ခြေထောက်များ ပျော့ခွေသွားပြီး သူ ကြမ်းပြင်အပေါ် ဒူးထောက်လဲကျသွားသည်။ သူ တုန်လှုပ်သွား၏။ ထိုနေရာတွင် မြေဆွဲအားက အပြင်ကထက် အဆတစ်သန်း ပိုအားကောင်းနေသည်။ မိုးမြေစွမ်းအားသာ မရှိလျှင် သူ အရှေ့သို့ ဆက်သွားနိုင်တော့မည် မဟုတ်ပေ။
ရွှီး...
ကျန်းရီ မိုးမြေစွမ်းအားကို ထုတ်သုံး၍ ကျောက်စင်မြင့်များထံသို့ လက်ဝါးနှင့် ရိုက်လိုက်၏။ ၎င်းနောက် ဖြစ်ပေါ်လာသောအရာက သူ့ကို တုန်လှုပ်သွားစေသလို စိတ်လည်းလှုပ်ရှားသွားစေသည်။ သူ ရိုက်ထုတ်လိုက်သော လက်ဝါးရာကြီးက အရှေ့သို့ အနည်းငယ် ပျံထွက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ ကျောက်စင်မြင့်များဆီသို့ပင် မရောက်ခဲ့ချေ။
ထို့ကြောင့် ကျောက်စင်မြင့်များ ပတ်ပတ်လည်မှ မြေဆွဲအားက အလွန်အားကောင်းလောက်သည်။ ကျောက်စင်မြင့်များအနီးသို့ ရောက်လျှင် တိုက်ခိုက်မှုအားလုံးက သိသိသာသာ အားနည်းသွားမည်ဖြစ်သည်။ ကျောက်စင်မြင့်ပေါ်ကို အောက်မှနေ၍ လှမ်းမတိုက်ခိုက်နိုင်လောက်ချေ။ အကယ်၍ ကျန်းရီသာ ကျောက်စင်မြင့်များပေါ်သို့ တက်နိုင်လိုက်မည်ဆိုလျှင် တောက်ဖုန့်တို့သည် သူ့ကို သတ်နိုင်တော့မည် မဟုတ်ပေ။ သူ့ကို သတ်လိုလျှင် ကျောက်စင်မြင့်များပေါ်သို့ လိုက်တက်လာရမည်ဖြစ်သည်။
ပြဿနာမှာ... ကျန်းရီ ကျောက်စင်မြင့်များအပေါ်သို့ တက်နိုင်ပါမည်လော။
အား...
တက်နိုင်၊ မတက်နိုင်ကို ကြိုးစားကြည့်မှ သိပေမည်။ ကျန်းရီ အသံနက်ကြီးဖြင့် အော်လိုက်ပြီး အံကြိတ်ကာ အရှေ့သို့ ဆက်သွားလိုက်သည်။ သူ အရှေ့သို့ ဆက်သွားနိုင်သော်လည်း တွားသွား၍ သွားရခြင်းပင်။ တွားသွား၍ သွားခြင်းက လမ်းလျှောက်၍သွားခြင်းထက် မြေဆွဲအားကို ပိုင်ခံနိုင်ပေသည်။
“ဟားဟားဟား...”
တောက်ဖုန့်သည် ယခုအထိ မလှုပ်ရှားသေးပေ။ သူ ကျန်းရီကိုသာ ခပ်လှောင်လှောင် ကြည့်နေသည်။ အခြားသခင်လေးများကလည်း ကျေနပ်စွာ ပြုံးနေကြသည်။ ကျန်းရီက သေရတော့မည်ကိုပင် ရုန်းကန်နေသေး၏။ ဤကဲ့သို့အချိန်တစ်ခုတွင် သူက ရတနာများကို ရယူရန် ကြိုးစားနေသေးသည်လော။ သူ ဝိုင်းရံခံထားရပြီဖြစ်သည်။ ရတနာများကို ရယူနိုင်လိုက်လျှင်လည်း သူ ထွက်ပြေးနိုင်ပါမည်လော။
“အားလုံးပဲ... ငါ့ရဲ့နောက်ကျောဘက်ကို စောင့်ကြည့်ထားကြပါ။ ကျန်းရီက ငါတို့ကို လူအုပ်နဲ့ အနိုင်ကျင့်တဲ့သူတွေလို့ ပြောခဲ့တယ်ဆိုတော့ ငါပဲ သူနဲ့ တစ်ယောက်ချင်း တိုက်မယ်”
ခေတ္တကြာပြီးနောက် တောက်ဖုန့်သည် လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။ သူ သူ့ပတ်ပတ်လည်က သခင်လေးများကို လက်ဆုပ်ကာ ပြောလိုက်သည်။ သခင်လေးများသည် သူ့ကို ချက်ချင်း အားပေးလိုက်ကြပြီ သူ ကျန်းရီနှင့် တစ်ယောက်ချင်းတိုက်ရန် လျှောက်သွားသည်ကို ကြည့်နေလိုက်ကြသည်။
လူများစွာ၏ မျက်ဝန်းများက ကျောက်စင်မြင့်များအပေါ်ရှိ ကျောက်စိမ်းသေတ္တာနှစ်လုံးအပေါ်သို့ ရောက်နေကြသည်။ သူတို့၏အကြည့်များက တပ်မက်မှုများနှင့် စိမ်းဖန့်နေသည်။ တတိယထပ်မှ ရတနာများက သေချာပေါက် အလွန်အဖိုးတန်မည်ဖြစ်ရာ သူတို့ မည်သို့ မလိုချင်ဘဲ နေပါမည်နည်း။
ဝှစ်...
တောက်ဖုန့်သည် သူ၏ အဖြူရောင်ဓားကိုထုတ်ကာ ဓားထိပ်နှင့် ကြမ်းပြင်ကို ပွတ်ဆွဲ၍ အရှေ့သို့ လျှောက်သွား၏။ ထို့နောက် အရှိန်တင်ကာ ပြေးသွားလိုက်သည်။ ဓားနှင့် ကြမ်းပြင်တို့ ပွတ်တိုက်မှုကြောင့် အနောက်တွင် မီးပွားလေးများ ကျန်ခဲ့သည်။ ကြမ်းပြင်ပေါ်တွင် အကာအရံများရှိကြောင်း ထင်ရှားသည်။ မဟုတ်လျှင် ချွန်မြသော ဓားထိပ်ကြောင့် ကြမ်းပြင်၌ နက်ရှိုင်းသော အစင်းကြောင်းကြီး ဖြစ်သွားပေလိမ့်မည်။
တောက်ဖုန့်က အရပ်မြင့်ကာ သန်မာသည်။ ပခုံးလည်းကျယ်ကာ ခြေတံရှည်သည်။ ခါးမှာလည်း မားမားမတ်မတ် ရှိလှသည်။ သူသည် နှင်းဖြူရောင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အလွန်သူရဲကောင်းဆန်ကာ ခံ့ညားနေပေသည်။ သူ ယုံကြည်မှုရှိရှိဖြင့် အရှေ့သို့ သွားနေသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှ အရှိန်အဝါကလည်း ပိုအားကောင်းလာသည်။ သခင်မလေးသုံးယောက်သည် သူ၏ပုံစံကို ကြည့်ရင်း အထင်ကြီးလာကြသည်။ တောက်ဖုန့်သည် ခပ်ရေးရေးပြုံးနေပြီး မျက်လုံးများ တောက်ပနေသည်။ ရုပ်ရည်သွင်ပြင်အရပင် သူက အပြတ်အသတ် နိုင်ပေသည်။
တောက်ဖုန့်သည် အလယ်အလတ်အရှိန်ဖြင့် ပြေးသွားပြီး မြေဆွဲအား စတင်အားကောင်းလာသော ဧရိယာအတွင်း အလွယ်တကူ ဝင်သွား၏။ မြေဆွဲအားက သူ့အပေါ် သက်ရောက်လာသော်လည်း သူ နှေးမသွားပေ။ ကျန်းရီကမူ ပို၍ပင် သနားစဖွယ်ကောင်းလာနေသည်။ ထိုအခိုက်တွင် သူက ကြမ်းပြင်ပေါ်၌ တွားသွားနေရသည်။ သို့သော် ယခု သူက ကျောက်စင်မြင့်များနှင့် နီးကပ်နေပြီဖြစ်သည်။
မျှော်လင့်ထားသလိုပင်...
ကျန်းရီ၏လက်များက ကျောက်စင်မြင့်၏ ပထမလှေကားထစ်ကို ဆုပ်ကိုင်မိသောအခါ သူ့တစ်ကိုယ်လုံး ပို၍ပိပြားသွားသည်။ ထိုနေရာမှ မြေဆွဲအားက အပြင်ကထက် အဆဆယ့်နှစ်သိန်း ပိုအားကောင်းပေသည်။
“သွားမယ်...”
ကျန်းရီ ထပ်မံအော်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ၏လက်များနှင့် ဒူးများက လျင်မြန်စွာ လှုပ်ရှား၍ သူ့အား လှေကားထစ်များအပေါ် ခေါ်ဆောင်သွားသည်။ လှေကားထစ်များက ဆယ်ချီသည်။ အမြင့်မှာ မီတာသုံးရာနီးပါး ရှိလောက်သည်။ ထိုနေရာတွင် အားကောင်းသော မြေဆွဲအားသာ ရှိမနေပါက ကျန်းရီသည် ထိုအမြင့်လောက်ကို တစ်ခုန်တည်းနှင့် တက်နိုင်ပေသည်။ သို့သော် ယခုတွင်မူ လှေကားတစ်ထစ် တက်နိုင်ရန် ပင်ပန်းတကြီး ကြိုးစားနေရသည်။ သူ့တစ်ကိုယ်လုံးကလည်း ထိန်းမနိုင်သိမ်းမရ တုန်ခါနေလေသည်။
“ဟင်းဟင်း... ကျန်းရီ မင်း အဲ့အပေါ်ကို ရောက်သွားရင်တောင် ရတနာတွေကို ရနိုင်မှာလား”
တောက်ဖုန့်က ခြေလှမ်းကျဲကြီးများဖြင့် ကျန်းရီဆီသို့ လာနေဆဲပင်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ ကျောက်စင်မြင့်များနှင့် ခြောက်ကီလိုမီတာသာ ဝေးတော့သည်။ သူသည် ကျောက်စင်မြင့်များအပေါ်ရှိ သေတ္တာနှစ်လုံးကို လှမ်းကြည့်၍ ခြောက်ကပ်ကပ်ရယ်လိုက်သည်။
“အဲ့က မြေဆွဲအားက အများကြီး ပိုကြောက်စရာကောင်းလိမ့်မယ်လို့ ငါ လောင်းရဲတယ်။ မင်း အဲ့အပေါ်ကို တက်သွားရင် လက်တွေ၊ ခြေတွေတောင် လှုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲ့တော့ ရတနာတွေကို ဘယ်လိုယူမလဲ”
“ငါ ကြိုးစားကြည့်ချင်တယ်”
ကျန်းရီသည် ခေါင်းနောက်လှည့်၍ တောက်ဖုန့်ကိုကြည့်ကာ ပြုံးလိုက်သည်။
“သခင်လေးတောက်ဖုန့်... မင်းက ငါ့ထက် အများကြီးပိုသန်မာပါတယ်။ ရတနာတွေကို ငါတို့ထဲက ဘယ်သူ ရမလဲဆိုတာ ပြိုင်ကြတာပေါ့”
“မင်း သေချာပေါက် ရှုံးမှာပဲ”
တောက်ဖုန့် မြေပြင်နှင့် ပွတ်ဆွဲလာသော ဓားက လင်းလက်လာ၏။ ထို့နောက် သူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ဘာလို့ဆို ငါက မင်းကို ရတနာတွေ ယူခွင့်ပေးဖို့ စိတ်ကူးမရှိလို့ပဲ။ သေပေတော့”