← Chapters

ယောက်ျားအစစ်

Vol. 117 Ch. 1630

ယောက်ျားအစစ်

Vol. 117 Ch. 1630

ဝုန်း...ဝုန်း...ဝုန်း...

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ခန်းမတစ်ခုလုံး တုန်ခါနေပြီး ကျန့်ရှမျိုးနွယ်ဝင်များက တစ်ကောင်ပြီးတစ်ကောင် အဝေးသို့ လွင့်ထွက်ကာ အမှုန့်ဖြစ်သွားနေသည်။ ကြမ်းပြင်‌ပေါ်တွင် အမှုန့်လွှာတစ်လွှာ ရှိလာလေသည်။

တောက်ဖုန့်က ငါးမိနစ်ကြာအောင် တိုက်ခိုက်ပြီးခဲ့ပေပြီ။ အနည်းဆုံး ကျန့်ရှမျိုးနွယ်ဝင် အကောင်သုံးသိန်းကျော် လေးသိန်းလောက် သူ့ကြောင့် အမှုန့်ဖြစ်သွားပြီဖြစ်သည်။ သို့သော် ၎င်းတို့က တောင်ပုံရာပုံ ကျန်နေပေသေးသည်။

တောက်ဖုန့် ကိုယ့်စကားနှင့်ကိုယ် ပိတ်မိနေသည်။ အစောတွင် ဤတိုက်ပွဲကို သူတစ်ယောက်တည်း တိုက်မည်ဟု ပြောခဲ့ရာ ယခုမှ အကူအညီတောင်း၍ မဖြစ်တော့ပေ။ တောက်ဖုန့် ကျန်းရီကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ့တွင် ကျန့်ရှမျိုးနွယ်ဝင်များ မည်မျှရှိသနည်း။ အဘယ်ကြောင့် ၎င်းတို့ကို ဖျက်ဆီးပစ်လေလေ၊ ၎င်းတို့က ပိုများလာလေလေဟု တောက်ဖုန့် ခံစားနေရသနည်း။

ကျန့်ရှမျိုးနွယ်ဝင်များအကြားရှိ ကျန်းရီသည်လည်း စိတ်ပျက်နေ၏။ သူ လှေကားထစ်လေးဆယ့်နှစ်ထစ် တက်ခဲ့ပြီးပေပြီ။ နောက်ထပ်လှေကားတစ်ခြောက်ထစ်သာ ထပ်တက်ရတော့မည်။ သို့သော် ထိုအခိုက်တွင် သူ့လက်များက အားတစ်စက်မှ မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံးကလည်း နာကျင်ကိုက်ခဲနေသည်။ ကြွက်သားအားလုံးလည်း တုန်ယင်နေသည်။

မိုးမြေစွမ်းအားကို များစွာသုံးလိုက်လျှင် ထိုစွမ်းအားကုန်သွားချိန်၌ ခန္ဓာကိုယ်က ပိုအားနည်းလာမည်ဖြစ်သည်။ သို့သော် ကျန်းရီ မိုးမြေစွမ်းအားကို သုံးနိုင်သလောက် မသုံးလျှင်လည်း လက်ချောင်းတစ်ချောင်းပင် လှုပ်နိုင်တော့မည် မဟုတ်ပေ။ သူ စင်မြင့်ပေါ်သို့ မတက်နိုင်လျှင် လုံခြုံမည် မဟုတ်ချေ။

“ဆက်တက်မယ်...”

ကျန်းရီ တစ်စက္ကန့်မျှ နားလိုက်ပြီး အံကြိတ်ကာ အထက်သို့ ဆက်တက်လိုက်သည်။ သူ့ခန္ဓာကိုယ်က လှေကားထစ်များနှင့် ကပ်နေသလိုပင်။ သူ့လက်နှင့် ဒူးခေါင်းပေါ်မှ အရေပြားက ကြမ်းတမ်းသော မျက်နှာပြင်နှင့် အဆက်မပြတ် ပွတ်တိုက်မှုကြောင့် စုတ်ပြဲကာ သွေးများထွက်နေသည်။ သူ၏အနက်ရောင်ဝတ်ရုံသည်လည်း စုတ်ပြဲနေပြီဖြစ်သည်။

သို့သော် အထက်သို့တက်ရန် ပိုခက်ခဲလေလေ၊ ကျန်းရီအတွက် ပိုလုံခြုံလေလေပင်။ တောက်ဖုန့်၏ ရုပ်ခန္ဓာက သန်မာသည်။ သို့သော် အလွန်ဆုံးမှ ကျန်းရီ၏ရုပ်ခန္ဓာထက် အဆတစ်ရာလောက်သာ ပိုသန်မာပေလိမ့်မည်။ ထို့ကြောင့် တောက်ဖုန့်သည်လည်း လှေကားထစ်များပေါ်သို့ တွားသွား၍သာ တက်လာရလောက်သည်။ ထိုအခါ ကျန်းရီသည် အထက်စီးမှ‌နေ၍ တောက်ဖုန့်ကို အလွယ်တကူ တိုက်ခိုက်နိုင်မည်ဖြစ်သည်။

တစ်ထစ်၊ သုံးထစ်... ငါးထစ်...

ငါးမိနစ်ကြာသွားသည်အထိ ကျန်းရီ နောက်ထပ်လှေကားထစ် ငါးထစ်သာ တက်နိုင်လိုက်သည်။ တက်ရန် နောက်ထပ်တစ်ထစ် ကျန်သေးပေသည်။ သူ့တစ်ကိုယ်လုံးက လှေကားထစ်ပေါ်တွင် ပြားကပ်နေ၏။ သူ ထိုနေရာတွင် မလှုပ်မယှက် မှောက်နေလိုက်သည်။ ထိုနေရာမှ မြေဆွဲအားက သာမန်ထက် အဆနှစ်သန်းပို၍ အားကောင်းသည်။ အုပ်ချုပ်သူအဆင့် ရုပ်ခန္ဓာကို ပိုင်ဆိုင်မထားလျှင် ထိုနေရာအထိ ရောက်မလာနိုင်လောက်ပေ။

‘ငါ အဲ့ရတနာတွေကို ရနိုင်မလား’

စင်မြင့်ထက်ရှိ ရတနာများအ‌ကြောင်းကို တွေးမိသောအခါ ကျန်းရီ ခါးသက်စွာ ပြုံးလိုက်သည်။ သူမဆိုထားနှင့် တောက်ဖုန့်သည်ပင် စင်မြင့်ပေါ်သို့ ခုန်တက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ဖြစ်ရာ မည်သူက ထိုရတနာများကို ရနိုင်မည်နည်း။

‘အဟင်း... ငါ့အခြေအနေကို ကြည့်ပါဦး။ အရင်ဆုံး ငါ့အသက်ကလေးကို ဘယ်လိုကာကွယ်ရမလဲဆိုတာပဲ စဉ်းစားတာပေါ့။ အဲ့ရတနာတွေကို ရ၊ မရက အရေးမကြီးပါဘူး’

ကျန်းရီ သက်ပြင်းချလိုက်ပြီး သူ၏ ပူပန်မှုအားလုံးကို ခေါင်းထဲမှ ‌မောင်းထုတ်ပစ်လိုက်သည်။ ထို့နောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်၍ ကောင်းကင်စွမ်းအားများ ထုတ်လိုက်၏။ သူ့ကြွက်သားများနှင့် အရိုးများမှ ပြင်းထန်သော နာကျင်မှုကို သူ ခံစားလိုက်ရသည်။

ဝုန်း...ဝုန်း...ဝုန်း...

တောက်ဖုန့်က ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်တိုက်ခိုက်နေဆဲပင်။ သူက ကျန့်ရှမျိုးနွယ်ဝင် တစ်သန်းလောက်ကို ဖျက်ဆီးခဲ့ပြီးပေပြီ။ ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်မထုတ်တော့ပေ။ ဆောင်းဥတုပုလဲထဲ၌ များစွာမကျန်တော့ချေ။ သူ ကျန့်ရှမျိုးနွယ်ဝင်များကို တောင်ကြားထဲတွင် များစွာ သုံးခဲ့ပြီးပေပြီ။ ထို့ပြင် စင်မြင့်ပေါ်တွင် သုံးရန်အတွက်လည်း အနည်းငယ် ချန်ထားရပေဦးမည်။

ကျန်းရီသည် ငါးမိနစ်ကြာ အနားယူနေခဲ့၏။ အောက်ဘက်မှ ကျန့်ရှမျိုးနွယ်ဝင်တစ်ဝက်လောက်က ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ကျန်းရီ အံကြိတ်လိုက်ပြီး ကောင်းကင်စွမ်းအားသုံး၍ သူ့လက်ကိုမြှောက်ကာ သူရှိနေသော လှေကားထစ်ကို အကြိမ်များစွာ ရိုက်လိုက်သည်။ သူ့ခြေထောက်နှစ်ဘက်စလုံး တုန်ယင်လာ၏။ သူသည် ရိုက်ချက်အရှိန်ကို သုံး၍ နောက်ဆုံးကျန်သော လှေကားထစ်ကို တက်လိုက်သည်။ ထို့နောက် စင်မြင့်အစွန်းကို ဆုပ်ကိုင်၍ အားကုန်သုံးကာ လှိမ့်တက်လိုက်၏။ နောက်ဆုံးတွင် သူ စင်မြင့်ပေါ်သို့ ရောက်သွားပေပြီ။

ဟူး...ဟူး...

ကျန်းရီ ကျောက်စင်မြင့်ပေါ်တွင် လှဲ၍ သက်ပြင်းများမှုတ်ထုတ်လိုက်၏။ မိုးမြေစွမ်းအားများကိုလည်း နဝမမြောက်ကြယ်စက်လုံးထဲ ပြန်ပို့လိုက်သည်။ ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်က အလွန်အားနည်းသွားလေသည်။

ကြောက်မက်ဖွယ် မြေဆွဲအားက ဖိနှိပ်ထားသဖြင့် ကျန်းရီ လက်ချောင်းတစ်ချောင်းပင် မမနိုင်တော့ချေ။ သူ့အရိုးအားလုံးကလည်း နာကျင်ကိုက်ခဲနေသည်။ ထိုအခိုက်အတွင် သူ့ခန္ဓာကိုယ်ကို ဆယ်ကီလိုမီတာမြင့်သော တောင်ကြီးတစ်လုံးက ဖိထားသကဲ့သို့ ခံစားရသည်။ သူ အသက်ပင် မနည်းရှူနေရပြီး အချိန်မရွေး သတိလစ်သွားတော့မလို ဖြစ်နေပေသည်။

‘သတိမလစ်စေနဲ့.. ‌တောင့်ထား’

ရုတ်ခြည်းပင် ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်လိုက်ပြီး ပုံမှန် အသက်ရှူနိုင်အောင် ကြိုးစားလိုက်သည်။ ထိုကဲ့သို့သော မြေဆွဲအားအောက်တွင် သူ၏အတတ်များနှင့် စွမ်းရည်များ၏ အလုပ်လုပ်ပုံကလည်း အဆပေါင်းများစွာ ပိုနှေးနေသည်။ ကျန်းရီသည် သူ၏သွေးကြောများက ပေါက်ကွဲထွက်တော့မလို ခံစားလာရ၏။ ထို့ကြောင့် အားဖြည့်ခြင်းလုပ်ငန်းကို အရှိန်လျှော့ချလိုက်ရသည်။ သူ့ခန္ဓာကိုယ် ပြန်အားပြည့်လာရန် အသက်ရှူမှန်နေအောင်သာ အာရုံစိုက်ထားရပေမည်။ တောက်ဖုန့် စင်မြင့်ပေါ်သို့ တက်လာနိုင်ရန် အချိန်တစ်ခု လိုမည်ဖြစ်သည်။ ကျန်းရီသည် ထိုအချိန်ကို အသုံးချ၍ သူ့ခန္ဓာကိုယ်ကို အားပြန်ဖြည့်နိုင်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ဆယ်မိနစ်ကြာပြီးနောက် ကျန့်ရှမျိုးနွယ်ဝင်အားလုံး ဖျက်ဆီးခံလိုက်ရသည်။ ကြမ်းပြင်နှင့် လှေကားထစ်များပေါ်တွင် အနီရောင်အမှုန့်များ ထူထပ်စွာ ဖုံးလွှမ်းနေသည်။ တောက်ဖုန့်သည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး စင်မြင့်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေသော ကျန်းရီကို လှမ်းကြည့်လိုက်၏။ သူ ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်သည်။

“ငါ မင်းကို မရုန်းကန်ပါနဲ့လို့ ပြောခဲ့တယ် မဟုတ်လား။ အဲ့အပေါ်ကို တက်သွားတော့ရော ဘာအကျိုးရှိလဲ။ မင်း လှုပ်တောင်လှုပ်နိုင်သေးရဲ့လား”

ကျန်းရီက သူ့ခန္ဓာကိုယ်ကို အနားပေးနေဆဲပင်။ သူ မိုးမြေစွမ်းအားများစွာ အသုံးပြုခဲ့၍ သူ့ခန္ဓာကိုယ်က အလွန်အားနည်းနေသည်။ သူ့ကြွက်သားအားလုံး တုန်ယင်နေပြီး သူ အချိ်နမရွေး သတိလစ်သွားတော့မလို ခံစားနေရသည်။ သူ့တွင် တောက်ဖုန့်နှင့် စကားအခြေအတင်ပြန်ပြောရန်ပင် အားမရှိတော့ပေ။

တောက်ဖုန့်သည် စက္ကန့်အနည်းငယ် စောင့်နေလိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ သွားလိုက်သည်။ သူ့ခန္ဓာကိုယ်က အမှန်ပင် အလွန်သန်မာပေသည်။ သူသည် တစ်ချိန်လုံး ခပ်သွက်သွက်လျှောက်နိုင်ခဲ့သည်။ ကျောက်လှေကားထစ်များနှင့် နီးကပ်လာမှ သူ ခါးကိုင်းသွားသည်။ ကျန်းရီကမူ ထိုနေရာတွင် တွားသွား၍ တက်ခဲ့ရပေသည်။

“ယား...”

တောက်ဖုန့် အော်လိုက်၏။ သူ့မျက်လုံးများ အရောင်လက်လာသည်။ သူသည် ခန္ဓာကိုယ်ကို အတန်ငယ် ကိုင်း၍ ကြမ်းပြင်ကို ဓားဖြင့် ပြင်းထန်စွာ ထိုးချလိုက်၏။ သူသည် ထိုအရှိန်ကိုသုံး၍ လှေကားထစ်များကို လျင်မြန်စွာ တက်လိုနေခြင်းပင်။

ငါးထစ်၊ ဆယ်ထစ်... ဆယ့်ငါးထစ်...

တောက်ဖုန့်က အလွန်သန်မာသည်။ အသက်တစ်ရှူစာအတွင်းမှာပင် သူ လှေကားထစ် ဆယ့်ငါးထစ် တက်နိုင်လိုက်သည်။ ထို့နောက်တွင်မူ သူ ဓားကို အားပြု၍ ရပ်နေရလေတော့သည်။ သူ မောဟိုက်နေသည်။ ထိုနေရာမှ မြေဆွဲအားကြောင့် သူ လှေကားထစ်များကို လျင်မြန်စွာ ဆက်မတက်နိုင်တော့ပေ။

“ကျား...”

ငါးမိနစ်ကြာ အနားယူပြီးနောက် တောက်ဖုန့်သည် လှေကားထစ်ကို ဓားဖြင့် ထိုးလိုက်ပြီး ထိုအရှိန်ကိုသုံး၍ အထက်သို့ ဆက်တက်လိုက်သည်။ ဤတစ်ကြိမ်တွင် ဆယ်ထစ်တက်ပြီးနောက် သူ ထပ်မံရပ်လိုက်ရ၏။ သို့သော် သူ ဒူးထောက်မသွားသေးပေ။ ဓားကို အားပြုထားသည့် သူ့လက်များက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသော်လည်း၊ သူ့ခြေထောက်များက ပျော့ခွေနေသော်လည်း သူ ဒူးမထောက်သေးပေ။

လူနှစ်ဆယ်ကျော်လောက်က သူ့ကို ကြည့်နေကြသည်။ ထိုသခင်လေး၊ သခင်မလေးများက အပြင်ပန်းသွင်ပြင်ကို အလွန်အရေးစိုက်ကြသည်။ သူတို့က သူ့ကို တွားသွားစေလိုပါမည်‌လော။ သူကိုယ်တိုင်လည်း မတွားသွားလိုပေ။

တောက်ဖုန့်သည် ငါးမိနစ်ကြာ အနားယူနေလိုက်ပြီးနောက် တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားကို လှည့်ကြည့်လိုက်၏။ ထိုသိုင်းသမားသည် ကျန်းရီကို လှမ်းကြည့်လိုက်ပြီး တောက်ဖုန့်ကို ခေါင်းညိတ်ပြကာ ကျန်းရီက မလှုပ်သေးကြောင်း သိစေလိုက်သည်။ ထိုမှ တောက်ဖုန့် ထပ်မံမာန်သွင်းလိုက်ပြီး အထက်သို့ ဆက်တက်လိုက်လေသည်။

ဘုန်း...

ဤတစ်ကြိမ်တွင် တောက်ဖုန့်သည် ရှစ်ထစ်သာ တက်နိုင်လိုက်ပြီး အားကောင်းသော မြေဆွဲအားကြောင့် ထပ်မံရပ်တန့်သွား၏။ သူ့ခန္ဓာကိုယ်က ယိမ်းယိုင်လာပြီး သူ့ခြေထောက်များက ဆက်တောင့်မထားနိုင်‌တော့သဖြင့် သူ ဒူးထောက်ကျသွားသည်။ သူ၏ရုပ်ခန္ဓာက သန်မာ၏။ သို့သော် လှေကားထစ်များအပေါ် လမ်းလျှောက်၍ တက်ခြင်းက သူ့ခန္ဓာကိုယ်ပေါ် အလွန်ဖိအားများစေပေသည်။ အစောတွင် ကျန်းရီသာ မတွားသွားဘဲ လမ်းလျှောက်တက်ခဲ့မည်ဆိုလျှင် လှေကားပေါ်မှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားပေလိမ့်မည်။

“ကောင်းတယ်...”

သခင်လေးဖုန့်က တကယ့်ကို ယောက်ျားတစ်ယောက်ပဲ...”

“ယောက်ျားအစစ်တစ်ယောက်...”

“ဆက်သွားပါ သခင်လေးဖုန့်...”

သခင်လေးများနှင့် သခင်မလေးများသည် တောက်ဖုန့်က ဓားကို အားပြု၍ ပြန်ထရပ်ရန် ကြိုးစားနေသည်ကို ကြည့်ကာ တောက်ဖုန့်အား အားပေးလိုက်ကြသည်။ ထိုနေရာမှ မြေဆွဲအားက မည်မျှအားကောင်းကြောင်းကို သူတို့ မသိပေ။ သို့သော် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်နီးပါး အားကောင်းသော ကျန်းရီသည်ပင် တွားသွားတက်ခဲ့ရရာ မြေဆွဲအားက မည်မျှကြောက်စရာကောင်းမည်ကို သူတို့ တွေးကြည့်နိုင်ပေသည်။ သူတို့သာ တက်ရန် ကြိုးစားမည်ဆိုလျှင်‌ သေချာပေါက် တွားသွားရပေလိမ့်မည်။

တောက်ဖုန့်သည် အားပေးသံများကြောင့် အားတက်လာ၏။ အားလုံးက သူ့ကို ရဲရင့်မှုအတွက် လေးစားနေကြပြီး သူ့အား အားပေးနေကြပေသည်။ သူ မျက်နှာထား ပြောင်းမသွားသော်လည်း ရင်ထဲတွင်မူ ခါးသက်သက် ရယ်လိုက်သည်။ သူ ဆက်၍ တောင့်မထားနိုင်တော့ပေ။ သူ ကျန်းရီကဲ့သို့ တွားသွား၍ တက်လိုနေသည်။ သို့သော် ထိုသခင်လေးများ၊ သခင်မလေးများ၏ အရှေ့တွင် သူ မည်သို့ တွားသွားနိုင်ပါမည်နည်း။

တောက်ဖုန့်သည် ဆွံ့အနေသူတစ်ယောက် ဆေးခါးကြီး သောက်မိသလို ဖြစ်နေ၏။ သူသည် သူခံစားနေရသော ခါးသီးမှုကို အသံထွက်၍ မညည်းတွားနိုင်ပေ။

“ယား...”

ငါးမိနစ်ကြာ အနားယူပြီးနောက် တောက်ဖုန့်သည် သူ့အထက်ရှိ လှေကားထစ်များကို မော့ကြည့်လိုက်၏။ လှေကားထစ် ဆယ်ထစ်ကျော်သာ ကျန်တော့သည်။ သူ အံကြိတ်လိုက်ပြီး သူ့မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားကို ထပ်မံလှည့်ကြည့်လိုက်သည်။ ကျန်းရီက လူသေတစ်ကောင်ကဲ့သို့ မလှုပ်မယှက် ဆက်လဲလျောင်းနေသေးကြောင်း အတည်ပြုပြီးသောအခါ သူ ဆက်တက်ရန် ဟန်ပြင်လိုက်သည်။ သူ့ခန္ဓာကိုယ်က တောက်ပစွာ လင်းလက်လာပြီး သူ့ဓားကလည်း အဆက်မပြတ် လင်းလက်လာသည်။ ထို့နောက် သူသည် လှေကားထစ်ကို ဓားဖြင့် ဆောင့်ထိုး၍ ခြေတစ်ဘက်ဖြင့် ခုန်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဓားမြှောင်တစ်ချောင်းအလား အထက်သို့ ထိုးတက်သွား၏။ သူသည် ဓားဖြင့် လှေကားထစ်များကို ထိုးဆောင့်ကာ ထိုအရှိန်ကိုသုံး၍ အထက်သို့ ခုန်တက်နေပေသည်။

“ကောင်းတယ်...”

သခင်လေးများသည် တောက်ဖုန့်၏ စိတ်ဓာတ်ခိုင်မာမှုကို ကြည့်ရင်း ချီးကျုးလိုက်ကြသည်။ တောက်ဖုန့် စင်မြင့်ပေါ် ရောက်သွားမည်ကို သူတို့ မစောင့်နိုင်ကြတော့ပေ။ တောက်ဖုန့်က ကျန်းရီ၏ခေါင်းအား ဖြတ်ပစ်မည်ကို သူတို့ မြင်လိုနေကြပေပြီ။

“ဟာ...သွားပြီ... သခင်လေး သတိထားပါ”

တောက်ဖုန့်က လှေကားတစ် ဆယ်ထစ် ထပ်တက်ပြီးပေပြီ။ ဆက်တက်ရန် လေးထစ်သာ ကျန်တော့သည်။ သို့သော် ထိုအခိုက်တွင် တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားက အော်ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအထိ မလှုပ်မယှက်လဲလျောင်းနေခဲ့သော ကျန်းရီက ရုတ်တရက် မျက်လုံးများဖွင့်လိုက်၍ပင်။

All Chapters