← Chapters

သေချင်လို့ ရောက်လာတာလား

Vol. 117 Ch. 1631

သေချင်လို့ ရောက်လာတာလား

Vol. 117 Ch. 1631

ကျန်းရီသည် မျက်လုံးမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ထားခြင်းဖြစ်ရာ ဖြစ်ပျက်နေသည်များကို မည်သို့ မသိဘဲ နေပါမည်နည်း။ သူသည် စင်မြင့်ထက်သို့ ရောက်သည်နှင့် မိုးမြေစွမ်းအား အသုံးပြုခြင်းကို ရုတ်ခြည်း ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အပြင်လူများအတွက် သူက လက်ချောင်းတစ်ချောင်းပင် မမနိုင်တော့သည့်ပုံ ပေါက်နေမည်ဖြစ်သည်။

ထို့ပြင် မိုးမြေစွမ်းအား၏ ဘေးထွက်ဆိုးကျိုးက ကျန်းရီကို လူသေတစ်ယောက်နှင့် တူနေစေသည်။ သို့ဖြစ်၍လည်း သူ တောက်ဖုန့်နှင့် တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားတို့ကို လှည့်စားနိုင်ခဲ့ခြင်းပင်။

တောက်ဖုန့်က ဟိတ်ဟန်ထုတ်လို၍ မတွားသွားဘဲ လမ်းလျှောက်တက်ခဲ့သည်။ ထိုအခြေအနေတွင် ကျန်းရီက တောက်ဖုန့်အတွက် ခက်ခဲအောင် မလုပ်လျှင် ရူးနေ၍သာ ဖြစ်ပေလိမ့်မည်။

သို့သော် ကျန်းရီ ပေါင်းစည်းမီးတောက်များ မထုတ်ခဲ့ပေ။ သူ လက်ဝါးတစ်ချက် ရိုက်ထုတ်၍သာ ဧရာမလက်ဝါးရာကြီးကို စင်မြင့်ပေါ်သို့ တက်လာသော တောက်ဖုန့်ထံ ပို့လွှတ်လိုက်သည်။

အကယ်၍ ကျန်းရီသာ ထိုစွမ်းအားကို အောက်မှနေ၍ အထက်သို့ ပို့လွှတ်မည်ဆိုလျှင် ခြင်တစ်ကောင်ပင် သတ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် ယခုက အထက်မှနေ၍ အောက်သို့ ပို့လွှတ်ခြင်းဖြစ်ရာ လက်ဝါးရာကြီး၏ စွမ်းအားနှင့် အမြန်နှုန်းတို့က များစွာတိုးလာပေသည်။ ယင်းက သာမန်လက်ဝါးရိုက်ချက်တစ်ချက်သာ ဖြစ်သော်လည်း စွမ်းအားနှင့် အမြန်နှုန်းမှာမူ တောက်ဖုန့်၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုနှင့် ယှဉ်နိုင်ပေသည်။

“အန်...”

တောက်ဖုန့်သည် အားကောင်းသော မြေဆွဲအားကို တောင့်ခံကာ အံကြိတ်၍ အထက်သို့ တက်နေခဲ့သည်။ တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမား၏ အော်ပြောသံကို ကြားလိုက်သောအခါတွင်မူ သူ စိုးရိမ်သွားသည်။ ချက်ချင်းပင် အထက်သို့ မော့ကြည့်လိုက်ရာ သူ့ထံသို့ ကျဆင်းလာနေသည့် ဧရာမလက်ဝါးရာကြီးကို‌ တွေ့လိုက်ရလေသည်။ ထိုလက်ဝါးရာကြီးက ကြီးမားသည်။ ပေနှစ်ဆယ်လောက်ကျယ်သည်။ တောက်ဖုန့်သည် မြေဆွဲအားကြောင့် လှုပ်ရှားရန်ပင် ခက်ခဲနေပြီဖြစ်ရာ ထိုလက်ဝါးချက်ကို မည်သို့ ရှောင်နိုင်ပါမည်နည်း။

ဝုန်း...

တောက်ဖုန့် ပြင်းထန်စွာ ရိုက်ချခံလိုက်ပြီး အောက်သို့ ဒလိမ့်ခေါက်ကွေး လိမ့်ဆင်းကျသွားလေသည်။

“သခင်လေး...”

တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားသည် စိုးရိမ်သွားပြီး တောက်ဖုန့်ဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ သို့သော် တောက်ဖုန့်က ချက်ချင်း ပြန်ထရပ်၍ အော်ပြောလိုက်သည်။

“ကျွန်တော် ဘာမှ မဖြစ်ဘူး။ မလာခဲ့နဲ့။ ဒါက တစ်ယောက်ချင်းတိုက်ပွဲပဲ။ ဒီနေ့ ကျွန်တော် သူ့ကို မသတ်နိုင်ရင် တောက်မျိုးနွယ်မှာ ဆက်မနေတော့ဘူး”

တောက်ဖုန့်က တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် အလွန်ခံနိုင်ရည်ကောင်းနေသည်။ သူ့အတွက် ကျန်းရီ၏ လက်ဝါးချက်က အလွန်းအားနည်းသည်။ ၎င်းလက်ဝါးချက်သည် သူ့ကို လုံးဝ မထိခိုက်သွားစေခဲ့ပေ။

ကျန်းရီက သူ့ခန္ဓာကိုယ်ကိုပင် မလှုပ်ရှားနိုင်ဘဲ အားနည်းသည့် လက်ဝါးချက်တစ်ချက်သာ ထုတ်လွှတ်နိုင်ကြောင်း တွေ့လိုက်သောအခါ တောက်ဖုန့်သည် ကျန်းရီတစ်ယောက် အမှန်ပင် ပင်ပန်းနွမ်းနယ်နေရမည်ဟု တွေးလိုက်၏။ သူသာ ကျောက်စင်မြင့်ထက်သို့ တက်သွားနိုင်မည်ဆိုလျှင် ကျန်းရီကို အလွယ်တကူ သတ်နိုင်လောက်ပေသည်။

တောက်ဖုန့်သည် ထိုလက်ဝါးချက်ကြောင့် ဒဏ်ရာရမသွားသော်လည်း အားလုံး၏ အရှေ့တွင် ဒလိမ့်ခေါက်ကွေး လိမ့်ကျခဲ့ခြင်းဖြစ်ရာ မျက်နှာပျက်ရပေသည်။ သူသည် သူမျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားကို ဝင်မပါစေလိုပေ။ ကျန်းရီကို သူကိုယ်တိုင်သာ သတ်မည်ဖြစ်သည်။

တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားသည် တောက်ဖုန့်၏ စကားကြောင့် ရပ်တန့်လိုက်သည်။ တောက်ဖုန့်သည် အင်အားမဲ့နေပုံပေါ်သော ကျန်းရီကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်၏။ ထို့နောက် သူ ဘယ်ဘက်သို့ တိုးလိုက်ပြီး အထက်သို့ ထပ်မံတက်လိုက်ပေသည်။ ကျန်းရီက မလှုပ်ရှားနိုင်တော့သဖြင့် တောက်ဖုန့် အခြားတစ်နေရာမှ တက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။ သူ စင်မြင့်ထက်သို့ရောက်လျှင် ကျန်းရီက သေချာပေါက် သေရမည်ဖြစ်သည်။

တောက်ဖုန့်၏ရင်ထဲတွင် ဒေါသမီးတောက်လောင်နေသည်။ ဤတစ်ခေါက်တွင် သူ တစ်စက္ကန့်ပင် အနားမယူခဲ့။ ကျောက်လှေကားထစ်များကို ဓားဖြင့်ဆောင့်၍ ထိုအရှိန်ကိုသုံးကာ အထက်သို့ မရပ်မနား တက်နေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ လှေကားထစ် အထစ်နှစ်ဆယ်ကျော်ကို တက်ပြီးသွားလေသည်။

ဟူး...ဟူး...

ထိုသို့လျင်မြန်စွာ လှုပ်ရှားခြင်းက တောက်ဖုန့်၏ ခန္ဓာကိုယ်အပေါ် ဖိအားပိုပိစေသည်။ လှေကားထစ် နှစ်ဆယ့်ရှစ်ထစ်မြောက်တွင် တောက်ဖုန့် ရပ်တန့်လိုက်ရပြီး အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လုပ်လိုက်ရသည်။ သို့သော် မျက်လုံးမှိတ်ကာ ဆယ့်စက္ကန့်ကျော် အနားယူပြီးနောက် သူ ထပ်မံတက်ပြန်သည်။ သူ စင်မြင့်ပေါ်သို့ တစ်ချီတည်းနှင့် အရောက်သွားလိုနေပေသည်။

ဒုန်း...ဒုန်း...ဒုန်း...

ကျောက်လှေကားထစ်များပေါ်တွင် အကာအရံများ ရှိသည်။ တောက်ဖုန့်၏ ဓားချက်ကပင် ၎င်းတို့ကို ထိခိုက်မသွားစေပေ။ ကျောက်လှေကားထစ်များက အဖြူရောင်အလင်း လင်းလက်နေသလို သခင်လေးများနှင့် သခင်မလေးများ၏ မျက်လုံးများကလည်း အရောင်တလက်လက် ရှိနေပေသည်။ တောက်ဖုန့်က လေးဆယ့်လေးထစ်မြောက်သို့ ရောက်နေပေပြီ။ နောက်ထပ် လေးထစ်သာ ဆက်တက်ရတော့မည်။

“မကောင်းတော့ဘူး”

တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားက ရုတ်ရက် အော်ပြောလိုက်၏။

“သခင်လေး... ကျန်းရီ လှုပ်ရှားလာပြီ”

အကြည့်အားလုံးက ကျန်းရီအပေါ်သို့ ရောက်သွားကြ၏။ စင်မြင့်ထက်တွင် ကျန်းရီသည် ကိုယ်ကိုလှိမ့်၍ တောက်ဖုန့်တက်လာရာ နေရာဆီသို့ သွားနေသည်။ သူတို့ အံ့အားသင့်သွားကြသည်။ ကျန်းရီက ထိုကဲ့သို့သော မြေဆွဲအား‌အောက်မှာပင် လှိမ့်နိုင်သေးသည်လော။

“သူ လှုပ်လာတာလား”

တောက်ဖုန့် မျက်မှောင်ကြုတ်လိုက်၏။ ထိုအခိုက်တွင် သူသည် ကျောက်စင်မြင့်ထက်၌ ဖြစ်ပျက်နေသည်များကို လှမ်းမမြင်နိုင်ပေ။ ထို့ကြောင့် ကျန်းရီက လှုပ်သွားခြင်းကို သူ လုံးဝမသိခဲ့ချေ။

လှေကားထစ်လေးထစ်သာ ကျန်တော့ရာ တောက်ဖုန့် မည်သို့ လက်လျှော့နိုင်ပါမည်နည်း။ သူ မာန်သွင်း၍ အော်လိုက်ပြီး အားကုန်သုံးကာ ဓားဖြင့် လှေကားထစ်ကို ဆောင့်ထိုး၍ အထက်သို့ ဆက်တက်လိုက်သည်။

တစ်ထစ်၊ နှစ်ထစ်...သုံးထစ်...

တောက်ဖုန့် အားတက်လာသည်။ နောက်တစ်ထစ်သာ ကျန်တော့သည် မဟုတ်ပါလား။ သူ့အရိုးများက ကျိုးကြေသွားတော့မလို ခံစားနေရသော်လည်း ဤမျှကြိုးစားခဲ့ပြီးမှ သူ လက်မလျှော့နို်ငတော့ပေ။ သူ ကျောက်လှေကားထစ်ကို ဓားဖြင့် ထပ်မံဆောင့်ကာ အထက်သို့ တက်လိုက်သည်။

“မင်းက သေချင်လို့ ရောက်လာတာလား”

တောက်ဖုန့်၏ ဦးခေါင်းက စင်မြင့်ကြမ်းပြင်ကို ကျော်သွားပြီး သူ့လက်က စင်မြင့်အစွန်းကို ကိုင်မိချိန်တွင် ခနဲ့သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ဧရာမလက်ကြီးတစ်ဘက်က သူ့ဦးခေါင်းထံ ဦးတည်လာသည်။ ထိုလက်ထဲတွင် ခြောက်ရောင်ခြယ်မီးတောက်လည်း ထွက်ပေါ်လာပေသည်။ ထိုကြောက်မက်ဖွယ်မီးတောက်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွဦး၏။ တောက်ဖုန့် အော်ဟစ်လိုက်ပြီး အောက်သို့ ထပ်မံပြုတ်ကျသွားလေသည်။

“သခင်လေး...”

တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားက အရှေ့သို့ လျင်မြန်စွာ ပြေးလာ၏။ သခင်လေးများနှင့် သခင်မလေးများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မည်သို့လုပ်ရမည်မသိဖြစ်သွားကြပြီး အနောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ကြသည်။ အပူလှိုင်းက အောက်သို့ ဆင်းလာရာ ပေသောင်းကျော်အကွာရှိ သူတို့အတွက်ပင် အပူချိန်က မခံမရပ်နိုင်အောင် ဖြစ်လာပေသည်။ တောက်ဖုန့်ကမူ ထိုမီးတောက်များ၏ လွှမ်းခြုံမှုကို ခံထားရရာ မည်သို့ ရှင်သန်နိုင်ပါတော့မည်နည်း။

“အား...”

တောက်ဖုန့်သည် နာကျင်တကြီး အော်ဟစ်၍ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေ၏။ သူ့အရေပြားက မီးကျွမ်းလာပြီး သူ့ကိုယ်မှနေ၍ အစိမ်းရောင်အငွေ့များ ထွက်လာသည်။ သူ၏ခံ့ညားသော မျက်နှာကလည်း ယခုတွင် ပုံပျက်ပန်းပျက် ဖြစ်သွားပြီဖြစ်သည်။ ထိုမြင်ကွင်းမှာ ကျောစိမ့်ဖွယ်ပင်။

“မသေသေးဘူးလား”

ကျန်းရီသည် စင်မြင့်အစွန်းတွင် ဝမ်းလျားမှောက်၍ လူးလိမ့်နေသော တောက်ဖုန့်ကို ငုံ့ကြည့်လိုက်၏။ ကျန်းရီ အံ့ဩသွားသည်။ တောက်ဖုန့်က အမှန်ပင် စွမ်းအားကြီးပြီး သူ၏ တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်က အပူအများစုကို ခံလိုက်ပေသည်။ သို့သော် သူ၏ရုပ်ခန္ဓာကသာ လုံလောက်အောင် မသန်မာလျှင် သူ မီးလောင်ကျွမ်းကာ သေပြီးနေလောက်ပေပြီ။

ကျန်းရီသည် ခေတ္တမျှကြည့်ပြီးနောက် တောက်ဖုန့်ကို အရေးမစိုက်တော့ဘဲ ပြန်လှဲကာ မျက်လုံးများ မှိတ်ထားလိုက်သည်။ အစောတွင် သူ မိုးမြေစွမ်းအားကို သုံးခဲ့သည်။ ယင်း၏ဘေးထွက်ဆိုးကျိုးက မပြယ်သေးပေ။ ယခု သူ မိုးမြေစွမ်းအားကို ထပ်သုံးလိုက်ရရာ ပို၍ပင် အားနည်းလာပြီဖြစ်သည်။

သို့သော် ကျန်းရီ အတော်လည်း စိတ်အေးလာသည်။ စင်မြင့်ထက်တွင်ဆိုလျှင် သူ လုံးဝလုံခြုံပေသည်။ ရန်သူအားလုံးကို ရှင်းမပစ်နိုင်လျှင်ပင် စင်မြင့်ထက်၌ တစ်ရက်ပြည့်အောင် တောင့်ခံနေရုံသာ။ တစ်ရက်ပြည့်သည်နှင့် သူ မိစ္ဆာသတ်ဖြတ်နန်းတော်အပြင်သို့ အလိုအလျောက် တည်နေရာပြောင်းရွှေ့ခံလိုက်ရမည်ဖြစ်သည်။

တောက်ဖုန့်က နာကျင်တကြီး အော်ဟစ်နေဆဲပင်။ တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားက ကောင်းကင်စွမ်းအားများသုံး၍ တောက်ဖုန့်၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။ တောက်ဖုန့်သည် အတန်ငယ် သက်သာလာသောအခါ အသက်ပြင်းပြင်း ရှူသွင်း၍ သူ၏မီးကျွမ်းနေသော နှုတ်ခမ်းများကိုဟကာ အော်ပြောလိုက်သည်။

“အားလုံး သူ့ကို တက်ပြီးသတ်ကြ။ သတ်ကြ...”

“တက်ရမှာလား”

သခင်လေး၊ သခင်မလေး အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ မည်သူမှ မလှုပ်ဝံ့ပေ။ သူတို့ထဲတွင် တောက်ဖုန့်က အင်အားအကြီးဆုံးဖြစ်သည်။ တောက်ဖုန့်ပင် စင်မြင့်ထက်သို့ မရောက်နိုင်ခဲ့ရာ သူတို့အကုန်လုံး တွားသွား၍ တက်မည်ဆိုလျှင်ပင် ကျန်းရီကြောင့် ပြန်ပြုတ်ကျလာကြမည်သာ။

တောက်ဖုန့်တွင် တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ် ရှိသည်။ သူတို့တွင် မရှိ။ သူတို့ မီးလောင်ကျွမ်းကာ သေသွားမည်ဆိုလျှင် မည်သို့လုပ်ပါမည်နည်း။

တောက်ဖုန့်က အေးစက်စက် လှမ်းကြည့်၏။ မည်သူမှ မလှုပ်ကြောင်းကို တွေ့သောအခါ သူ ဒေါသထွက်လာပြီး အော်ပြောလိုက်သည်။

“အသုံးမကျတဲ့ကောင်တွေ... မင်းတို့က ဘာကို ကြောက်နေကြတာလဲ။ မင်းတို့ အကုန်လုံး တစ်နေရာစီကနေ တက်သွားမယ်ဆိုရင် ကျန်းရီက မင်းတို့တွေကို တစ်ချိန်တည်း တိုက်ခိုက်နိုင်ပါ့မလား။ မင်းတို့သာ စင်မြင့်ပေါ်ကို ရောက်သွားရင် ကျန်းရီကို အလွယ်‌လေး သတ်လို့ရတယ်။ ငါ့ကိုကူညီပြီး ကျန်းရီကို သတ်ပေးတဲ့ ဘယ်သူမဆို ငါတို့မျိုးနွယ်ရဲ့ ကမ္ဘာဦးဆန်းကြယ်နယ်မြေမှာ တစ်နှစ်ကျင့်ကြံခွင့်ရမယ်”

“အာ...”

တောက်ဖုန့်၏စကားကို ကြားလိုက်သောအခါ သခင်လေးများ၊ သခင်မလေးများ နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများ အားလုံး ခေါင်းထောင်သွားကြ၏။ ရုတ်ခြည်းပင် သူတို့၏ သတ်ဖြတ်အရှိန်အဝါများ ထွက်လာကြသည်။ သခင်လေးတစ်ယောက်က အော်ပြောလိုက်သည်။

“အားလုံး သွားကြစို့။ အဲ့ခွေးကျန်းရီကို သတ်ကြမယ်”

All Chapters