← Chapters

ခွေးကျဝက်ကျ

Vol. 117 Ch. 1632

ခွေးကျဝက်ကျ

Vol. 117 Ch. 1632

တောက်ဖုန့်၏ အကြံက မဆိုးပေ။

ဤနေရာတွင် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား ကိုးယောက်ရှိနေသည်။ တောက်ဖုန့်က ဒဏ်ရာရထားပြီး လောလောဆယ်တွင် မတိုက်ခိုက်နိုင်သေးသော်လည်း အခြားရှစ်ယောက် ကျန်သေးသည်။ ထို့ကြောင့် ကျန်လူနှစ်ဆယ်လောက်က တက်သွားရန်ပင် မလိုပေ။ သူတို့ အောက်ဘက်မှနေ၍ ကူညီပေးရုံသာ။

ကျန်းရီသည် မည်သည့်အရာ ဖြစ်ပျက်လာတော့မည်ကို အလွန်ရှင်းလင်းစွာ သိ၏။ သူ့မျက်လုံးများက မှိတ်ထားသော်လည်း သူ၏ဦးနှောက်က အသည်းအသန် အလုပ်လုပ်နေသည်။ မကြာခင်မှာပင် သူ အကြံတစ်ခု ရသွားသည်။ ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်၍ ထိုသူများကို တိုက်ခိုက်ခိုင်းရပေမည်။

ကျောက်စင်မြင့်ပေါ်မှ မြေဆွဲအားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ကျန့်ရှမျိုးနွယ်ဝင်များကို အပြင်ထုတ်လိုက်လျှင် ၎င်းတို့ လှုပ်နိုင်မည်မဟုတ်ဘဲ ကျောက်စင်မြင့်ပေါ်တွင် ပြားကပ်သွားလောက်သည်။ သို့သော် ၎င်းတို့မလှုပ်နိုင်လျှင်လည်း ကျန်းရီက ၎င်းတို့ကို ကူညီပေးနိုင်သည်။ ၎င်းတို့ စင်မြင့်ပေါ်မှသာ ပျံဆင်းသွားနိုင်လျှင် ကြောက်မက်ဖွယ် မြေဆွဲအားက အဟန့်အတားဖြစ်တော့မည် မဟုတ်ဘဲ တွန်းအားပင် ဖြစ်သွားနိုင်သည်။ ထိုအခါ ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှု အမြန်နှုန်းက ပိုတိုးသွားနိုင်ပေသည်။

လောကထဲရှိ သိုင်းသမားအားလုံးထဲတွင် အလျင်မြန်ဆုံး သိုင်းသမားများက ခုခံရန် အခက်ဆုံးသူများ ဖြစ်ကြသည်။

အလွန်လျင်မြန်သော အမြန်နှုန်းက အဟုန်အားတစ်ခုကို ဖြစ်စေသည်။ ထို့ကြောင့် ဧရာမစစ်တပ်ကြီးတစ်ခု အရှိန်အဟုန်နှင့် ချီတက်လာခြင်းက အလွန်အင်အားကြီးခြင်းဖြစ်သည်။ ကျန့်ရှမျိုးနွယ်ဝင်များသာ စင်မြင့်ထက်မှ ပျံဆင်းသွားနိုင်လျှင် မြေဆွဲအား၏ အဟုန်ကို အသုံးချ၍ ၎င်းတို့၏အမြန်နှုန်းကို မြှင့်တင်နိုင်ပေလိမ့်မည်။ သို့သော် အထက်သို့ တက်လာသူများကတော့ မြေဆွဲအားကို အံတုရမည်ဖြစ်သည်။ ကျန့်ရှမျိုးနွယ်ဝင်များက သူတို့ကို သေသွားအောင်၊ ဒဏ်ရာရသွားအောင် မလုပ်နိုင်လျှင်ပင် နောက်ပြန်ပြုတ်ကျသွားအောင်တော့ လုပ်နိုင်လောက်သည်။

ရွှီး...ရွှီး...ရွှီး...

ကျန်းရီသည် ဆောင်းဥတုပုလဲကို ထုတ်၍ ကျန့်ရှမျိုးနွယ်ဝင်များကို အပြင်ထုတ်လိုက်၏။ ထင်ထားသလိုပင် ၎င်းတို့ ထွက်ပေါ်လာသည်နှင့် မြေဆွဲအားကြောင့် စင်မြင့်ထက်၌ ပြားကပ်သွားကြသည်။ ၎င်းတို့ မတ်မတ်ပင် မရပ်နိုင်ကြချေ။ ကျန်းရီသည် ကျန့်ရှဘုရင်မှတဆင့် ၎င်းတို့ကို လှုပ်ရန် အမိန့်ပေးလိုက်သည်။ သို့သော် အကျိုးမရှိပေ။

၎င်းတို့က မလှုပ်နိုင်သည်လော။ ပြဿနာမရှိပေ။

ကျန်းရီသည် အားတင်း၍ ကျောက်စင်မြင့်ပေါ်၌ စက်ဝိုင်းပုံ လှိမ့်လိုက်၏။ လှိမ့်ရင်းလည်း ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်ထုတ်လိုက်သည်။ ထို့ကြောင့် ကျောက်စင်မြင့်တစ်ခွင်လုံးတွင် ကျန့်ရှမျိုးနွယ်ဝင်များ ပြည့်နှက်သွားသည်။ ထို့နောက် ကျန်းရီသည် ကျောက်စင်မြင့်အလယ်တွင် နေရာယူကာ ရန်သူ ရောက်လာမည်ကို စောင့်နေလိုက်လေသည်။

“အာ...”

ကျန်းရီ၏ လုပ်ဆောင်မှုများကို အဝေးမှနေ၍ လှမ်းမြင်နိုင်ရာ လူများစွာ အတန်ငယ် အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့် ကျန်းရီက ထိုရုပ်သေးရုပ်များကို ထုတ်လွှတ်နေရသနည်း။ ၎င်းတို့က မြေဆွဲအားအောက်တွင် လှုပ်ပင်မလှုပ်နိုင်ကြရာ အုပ်ချုပ်သူအဆင့် သိုင်းသမားများက ၎င်းတို့ကို ကြောက်ပါမည်လော။

“ပြဿနာပဲ... အားလုံး သတိထားကြပါ”

တောက်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမား တောက်ကျန်းက ကျန်းရီ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွား၏။ သို့သော် သူတို့က ဤနေရာအထိ ရောက်နေပြီဖြစ်၍ မည်သို့ ပြန်ဆုတ်နိုင်ပါ‌တော့မည်နည်း။ သူတို့ ဆုတ်လိုလျှင်ပင် တောက်ဖုန့်က ဆုတ်လိမ့်မည် မဟုတ်ချေ။

“သွားကြစို့...”

ကျန်အုပ်ချုပ်သူအဆင့် သိုင်းသမားများသည်လည်း သတိထား၍သွားရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့ရှစ်ယောက်သား အရပ်ရှစ်မျက်နှာမှနေ၍ ကျောက်စင်မြင့်ဆီသို့ လျင်မြန်စွာ စတင်သွားလိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က သခင်လေးတစ်ယောက်ဖြစ်ပြီး အခြားသူများမှာ မျိုးနွယ်အသီးသီးမှ ကိုယ်ရံတော်များပင်။ သို့သော် ထိုသခင်လေး၏ ခြေလှမ်းများက အတန်ငယ် ပိုနှေးသည်။ သူသည် တောက်ဖုန့် ဒေါသဖြေနိုင်ရန်အတွက်နှင့် သူ့အသက်ကို မစတေးလိုချေ။

ကျန်ခြောက်ယောက်၏ ခြေလှမ်းများကလည်း နှေးလာသဖြင့် တောက်ကျန်း သက်ပြင်းချလိုက်ပြီး အရှိန်တင်လိုက်သည်။ သူက အရှေ့ဆုံးမှနေ၍ ပထမဆုံးတက်ရမည့်သူဖြစ်ကြောင်း ထင်ရှားနေပေပြီ။

မကြာခင်တွင် ရှစ်ယောက်စလုံး ကျောက်စင်မြင့်သို့ ရောက်သွားကြသည်။ အားလုံးသည် တောက်ဖုန့်အတိုင်း ဟိတ်ဟန်မထုတ်ကြပေ။ သူတို့သည် ခါးကိုင်း၍ လှေကားတစ်ထစ်ချင်းစီ တက်လိုက်ကြသည်။ သို့သော် သူတို့၏ မျက်ဝန်းများက စင်မြင့်ထက်မှ မခွာကြပေ။ သူတို့၏ နားများကလည်း စွင့်နေကြပေသည်။ အကယ်၍ လှုပ်ရှားမှုတစ်ခုခုကို တွေ့သည်နှင့် သူတို့ ရပ်ကာ ဘေးသို့ရှောင်ခြင်း သို့မဟုတ် တန်ပြန်တိုက်ခိုက်ခြင်း လုပ်ကြမည်ဖြစ်သည်။

အုပ်ချုပ်သူအဆင့် သိုင်းသမား ရှစ်ယောက်သည် ပတ်ပတ်လည်မှ ဝိုင်း၍ တိုက်ခိုက်ရန် ကြံထားကြသည်။ သူတို့ ကျောက်စင်မြင့်ထက်ကို ရောက်နိုင်လျှင် ကျန်းရီကို အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။ အားလုံး ဖြည်းဖြည်းချင်း တက်လှမ်းနေကြသည်။ နေ့တစ်ဝက်ကြာအောင် အချိန်ယူရမည်ဆိုလျှင်ပင် ကျန်းရီကို ရအောင်သတ်ရန် သူတို့ ဆုံးဖြတ်ထားပေသည်။

ကျန်လူဆယ်ယောက်ကျော်ထဲတွင် တစ်ဝက်လောက်က နောက်မှလိုက်လာကြပြီး လှေကားအရင်းတွင် စောင့်နေကြကာ တက်သွားသူများကို ကူညီရန် အသင့်ပြင်ထားကြသည်။ ကျန်လူအနည်းငယ်က အဝေးတွင်နေခဲ့ပြီး ကျန်းရီ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ကာ လိုအပ်လာလျှင် အော်၍သတိပေးရန် ဟန်ပြင်ထားကြပေသည်။

သုံးထစ်၊ ဆယ်ထစ်... အထစ်နှစ်ဆယ်...

ကျန်းရီက မလှုပ်သေးဘဲ စင်မြင့်ပေါ်တွင် လူသေတစ်ကောင်ကဲ့သို့ လှဲလျောင်းနေသည်။ တောက်ကျန်းနှင့် အဖော်များသည် ဆယ်မိနစ်ကြာ အနားယူလိုက်ပြီး စတင် တွားသွားတက်ကြသည်။ သုံးထစ် တက်ပြီးတိုင်း သူတို့ ခေတ္တမျှ အနားယူကြ၏။ ထိုမှ ကျန်းရီက အလစ်တိုက်ခိုက်လာလျှင် ပြန်ခုခံနိုင်ရန် အင်အားရှိမည်ဖြစ်သည်။

တောက်ကျန်းက သုံးဆယ့်ငါးထစ်မြောက်သို့ ရောက်နေပြီဖြစ်ပြီး ကျန်ကိုယ်ရံတော်ခြောက်ယောက်က သုံးဆယ့်သုံးထစ်မြောက်သို့ ရောက်နေပေပြီ။ သို့သော် ကျန်းရီ မလှုပ်ရှားသေးပေ။ မြေဆွဲအားက ပို၍ကြောက်မက်ဖွယ်ကောင်းလာရာ အားလုံး၏ အရှိန်က ပို၍ပင် နှေးသွားသည်။ နှစ်ဆယ့်ငါးထစ်မြောက်မှာပင် ရှိနေသေးသော သခင်လေးမှလွဲ၍ ကျန်လူအားလုံး စိတ်ပါလက်ပါ စတင်တက်ကြသည်။ ထိုမှ သူတို့၏ မြေဆွဲအားဗဟိုချက်က ပိုနိမ့်၊ ပိုတည်ငြိမ်မည်ဖြစ်ပြီး တစ်စုံတစ်ခုဖြစ်လာလျှင်လည်း ပိုလျင်မြန်စွာ တုံ့ပြန်နိုင်မည်ဖြစ်သည်။

အထစ်လေးဆယ်မြောက်...

တောက်ကျန်းသည် ရပ်တန့်၍ အခြားသူများကို စောင့်လိုက်၏။ ထိုမှ သူတို့ တစ်ပြိုင်တည်း တိုက်ခိုက်နိုင်မည်ဖြစ်သည်။ အားလုံး၏ မျက်လုံးများက အေးစက်လာကြပြီး သတ်ဖြတ်အရှိန်အဝါများ ထွက်လာသည်။ ကောင်းကင်ဘုံမှ လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်တစ်စုက အထက်ဘုံမှ လူငယ်တစ်ယောက်ကြောင့် ထိုအခြေအနေသို့ ရောက်နေသည်။ ထို့ကြောင့် သူတို့ မျက်နှာပျက်ရသည်ဟု အားလုံး ခံစားနေရပေသည်။

“သွားကြစို့...”

တောက်ကျန်းသည် အဝေးမှ စောင့်ကြည့်နေသူများ၏ အချက်ပြမှုကို စောင့်ပြီးနောက် ဆက်၍တက်လိုက်၏။ သူ့ အမြန်နှုန်းက အလွန်နှေးနေပေသည်။ သူ လေးဆယ့်ငါးထစ်မြောက်သို့ ရောက်သောအခါ အဝေးမှ သခင်လေးတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

“အခုပဲ...”

ဝှစ်...

အထစ်သုံးဆယ်ကျော်တွင်သာ ရှိနေသေးသော် သခင်လေးမှလွဲ၍ ကျန်ခုနစ်ယောက်စလုံး တညီတညွတ်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့သည် လက်နက်များကို ကိုင်ကာ ကျောက်လှေကားထစ်ကို ဆောင့်ထိုးလိုက်ပြီး ကျောက်သားပြင်ကို ခြေကန်အားပြု၍ အထက်သို့ ခုန်တက်လိုက်ကြ၏။

“ဟင်းဟင်း...”

ထိုအခိုက်တွင် ကျန်းရီ မျက်လုံးများ ဖွင့်လိုက်သည်။ ထို့နောက် သူ့ပတ်ပတ်လည်ရှိ ကျန့်ရှမျိုးနွယ်ဝင်များကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်လေသည်။ မလှုပ်နိုင်ဖြစ်နေသော ကျန့်ရှမျိုးနွယ်ဝင်နှစ်ကောင်သည် လက်ဝါးချက်ကြောင့် စင်မြင့်ပေါ်မှ ပျံထွက်သွားပြီး အောက်ဘက်သို့ ကျဆင်းသွား၏။ ၎င်းတို့၏ ဧရာမဓားလက်ကြီးများကလည်း လူနှစ်ယောက်၏ ဦးခေါင်းကို ပြင်းထန်စွာ ခုတ်ချလိုက်လေသည်။

ဝှစ်...ဝှစ်...

ကျန်းရီသည် လက်ဝါးချက်များ အဆက်မပြတ် ရိုက်ထုတ်၍ ကျန့်ရှမျိုးနွယ်ဝင်များကို ‌အောက်သို့ ပို့လွှတ်လိုက်၏။ သူ၏လက်ဝါးချက်များက အတန်ငယ် နှေးသော်လည်း အထက်သို့ မဟုတ်ဘဲ အောက်ဘက်သို့ ရိုက်ထုတ်ခြင်းဖြစ်ရာ ကျန့်ရှမျိုးနွယ်ဝင်များကို အောက်သို့ အလွယ်တကူ ပို့လွှတ်လိုက်နိုင်ပေသည်။

ရွှက်...ရွှက်...ရွှက်...

ကျန်းရီ၏ခန့်မှန်းချက်က မှန်ခဲ့၏။ ကျန့်ရှမျိုးနွယ်ဝင်များ စင်မြင့်အောက်သို့ ကျသွားသောအခါ ၎င်းတို့၏ အမြန်နှုန်းနှင့် စွမ်းအားက အဆများစွာ တိုးလာပေသည်။

အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် ကျန်းရီ၏အကြံကို သိထားခဲ့ပြီဖြစ်၍ ကျဆင်းလာသော ကျန့်ရှမျိုးနွယ်ဝင်များကို သူတို့၏လက်နက်များနှင့် သတ်ပစ်ရန် လုပ်လိုက်ကြသည်။ သို့သော် ပြဿနာမှာ သူတို့က မြေဆွဲအားကြောင့် ဟန်ချက်မငြိမ် ဖြစ်နေခြင်းပင်။ သူတို့ထဲမှ သုံးယောက်က ဟန်ချက်ပျက်သွားပြီး အောက်သို့ ခွေးကျဝက်ကျ လိမ့်ကျသွားကြသည်။ အခြားသုံးယောက်မှာ ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုကို ခံလိုက်ရ၍ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်။ နောက်ဆုံးတစ်ယောက်သည်လည်း တုန်ယင်ကာ လိမ့်ကျသွားလေသည်။

ဝှစ်...

နောက်ဆုံးမှ သခင်လေးက ဉာဏ်ကောင်းသည်။ သူသည် အောင်ပွဲကြီးတစ်ပွဲ ရခဲ့သည့်အလား ‌အောက်သို့ ဟိတ်ဟန်အပြည့်ဖြင့် ခုန်ဆင်းလိုက်သည်။

“ပြဿနာပဲ...”

တောက်ကျန်းသည် မျက်ခုံးပင့်၍ စင်မြင့်ထက်သို့ လှမ်းကြည့်လိုက်၏။ မြေဆွဲအားသာ ရှိမနေလျှင် သောင်းချီသော ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများကပင် သူတို့ကို ဤသို့ လိမ့်ကျသွားစေမည် မဟုတ်ပေ။

လှေကားထစ် အထစ်လေးဆယ်ကျော်သည်နှင့် မြေဆွဲအားက မယုံနိုင်လောက်အောင် အား‌ကောင်းလာသည်။ ထို့ကြောင့် သူတို့အားလုံး ဟန်ချက်မငြိမ် ဖြစ်လာကြသည်။ ထိုအခိုက်တွင် တစ်စုံတစ်ခုကသာ သူတို့ကို ဟန့်တားလိုက်မည်ဆိုလျှင် သူတို့ လိမ့်ကျသွားမည်သာ။ ကျန်းရီ၏ ကျန့်ရှမျိုးနွယ်ဝင်များက မြေဆွဲအားကို အဟုန်အဖြစ် အသုံးချ၍ အောက်ဘက်သို့ လျင်မြန်စွာ ပျံဆင်းနိုင်ကြသည်။ ၎င်းတို့၏ တိုက်ခိုက်စွမ်းအားကလည်း များစွာတိုးလာသည်။ သို့ဖြစ်၍ သူတို့ရှစ်ယောက်ထဲက မည်သူကမှ စင်မြင့်ထက်သို့ ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိကြတော့ပေ။ သူတို့ထဲမှ တစ်ယောက်က စင်မြင့်ထက်သို့ ရောက်သွားမည်ဆိုလျှင်လည်း ကျန်းရီထံတွင် ကြောက်မက်ဖွယ်မီးတောက်များ ရှိနေပေသေးသည်။

“သခင်လေး...”

တောက်ကျန်းသည် လက်လျှော့လိုက်ရန် ဖျောင်းဖျသော မျက်နှာထားဖြင့် တောက်ဖုန့်ကို လှမ်းကြည့်၏။ ကျန်းရီအတွက် အချိန်ဖြုန်းနေမည့်အစား သူတို့ အခြားရတနာများကို သွားရှာခြင်း သို့မဟုတ် အလယ်ခန်းမသို့သွား၍ အခြားသူများကို သွားရှာခြင်းက ပိုအကျိုးရှိမည်ဖြစ်သည်။ မိစ္ဆာသတ်ဖြတ်ဓား၊ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်နှင့် မိစ္ဆာသတ်ဖြတ်နန်းတော်ကို ထိန်းချုပ်နိုင်မည့် သော့ချက်တို့က ထိုအလယ်ခန်းမထဲတွင် ရှိနေလျှင် မည်သို့လုပ်မည်နည်း။

“ဆက်တိုက်...”

တောက်ဖုန့် အော်ပြောလိုက်သည်။ ထို့ကြောင့် တောက်ကျန်းနှင့် အဖော်များ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းခါလိုက်ကြပြီး အထက်သို့ ပြန်တက်လိုက်ကြရလေသည်။ ကျန်းရီက သူတို့ရှစ်ယောက်စလုံးကို တားရန် ကျန့်ရှမျိုးနွယ်ဝင်များအပေါ် မှီခိုနေရသည်။ သို့သော် ထိုကျန့်ရှမျိုးနွယ်ဝင်များသက်သက်နှင့် သူတို့ကို သတ်နိုင်မည် မဟုတ်ပေ။

All Chapters