ကုန်းယန်၏ဗျူဟာ
Vol. 117 Ch. 1633
လူများသည် အောက်မှနေ၍ ဆက်စောင့်ကြည့်နေကြ၏။ ကျန်းရီက မလှုပ်ရှားသေးသ၍ အားလုံး စိတ်အေးရပေသည်။ သို့သော် ဤတစ်ခေါက်တွင် အုပ်ချုပ်သူအဆင့် သခင်လေးက ထပ်မတက်တော့ပေ။ သူ ထပ်မံတွားသွားတက်၍ သူ့အသက်ကို မရင်းလိုတော့ချေ။ ဤပြဿနာက သူ့ပြဿနာလည်း မဟုတ်။ ထို့ပြင် သူ ဤကိစ္စအတွက် စိတ်အားထက်သန်ခြင်းလည်း မရှိပေ။
ကိုယ်ရံတော်ခုနစ်ယောက်ကမူ ဤတစ်ခေါက်တွင် တတ်နိုင်သမျှ အမြန်ဆုံး တက်နေကြသည်။ လှေကားထစ် လေးဆယ့်ငါးထစ်မြောက်သို့ ရောက်သောအခါ သူတို့ တစ်ပြိုင်တည်း အရှိန်မြှင့်လိုက်ကြသည်။ သို့သော် ကျန်းရီက သူ့ပတ်ပတ်လည်တွင် ကျန့်ရှမျိုးနွယ်ဝင်များကို ထပ်ထုတ်ထားပြီးဖြစ်သည်။ သူသည် ၎င်းတို့ကို တစ်ကောင်ပြီးတစ်ကောင် အောက်သို့ ရိုက်ထုတ်လိုက်ပြီး ခုနစ်ယောက်စလုံးကို လိမ့်ကျသွားစေလိုက်ပြန်သည်။
“ဆက်တက်... သူ့ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်က ဘယ်လောက်ကျယ်နိုင်မှာလဲ။ သူ့မှာ အဲ့ရုပ်သေးရုပ်တွေ ဘယ်လောက်များများ ရှိနိုင်မှာလဲ။ အစောက တောင်ကြားထဲမှာနဲ့ ခုနက တိုက်ပွဲမှာ အဲ့ရုပ်သေးရုပ်တွေ သန်းနဲ့ချီပြီး ဖျက်ဆီးခံလိုက်ရပြီမလား။ သူ့မှာ သိပ်မကျန်လောက်တော့ဘူး”
တောက်ဖုန့်၏ အော်ပြောသံ ထွက်ပေါ်လာ၏။ သူ့စကားလုံးတိုင်းကို အဆိပ်နှင့် ဒေါသတို့က လွှမ်းခြုံထားသည်။ တောက်ကျန်းနှင့် အဖော်များသည် ရွေးချယ်စရာမရှိသဖြင့် ထပ်မံတက်ကြရပြန်သည်။ သူတို့ ကျန်းရီကို မသတ်နိုင်လျှင်ပင် တောက်ဖုန့်၏ငြိုငြင်မှုကို မခံရရန် ထပ်တက်နေရပေမည်။ ဆယ်ကြိမ်ကျော်အောင် တက်လိုက်၊ ပြန်ကျလာလိုက် ဖြစ်နေလျှင် တောက်ဖုန့်က လက်လျှော့သွားနိုင်သည် မဟုတ်ပါလား။
တစ်ကြိမ်၊ နှစ်ကြိမ်... ငါးကြိမ်...
ကျန်းရီ၏ ကျန့်ရှမျိုးနွယ်ဝင်များက အဆုံးမရှိသကဲ့သို့ပင်။ အမှန်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်ကို အောက်သို့ တွန်းချရန် ကျန့်ရှမျိုးနွယ်ဝင်ကို များစွာအသုံးပြုရန် မလိုပေ။ ကျန်းရီသည် တစ်ကြိမ်လျှင် ကျန့်ရှမျိုးနွယ်ဝင် ဆယ်ဂဏန်းလောက်ကိုသာ အောက်သို့ ရိုက်ထုတ်ခဲ့သည်။ အကြိမ်အနည်းငယ် တက်လိုက်၊ ပြန်ကျလိုက် ဖြစ်ပြီးနောက်တွင် တောက်ကျန်းတို့ အမှန်ပင် ဒေါသထွက်လာပေသည်။
“မျိုးမစစ်ကောင်၊ မျိုးမစစ်ကောင်...”
တောက်ဖုန့်၏ မီးကျွမ်းထားသော မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်လာ၏။ ယခင်မှ သခင်လေးတစ်ယောက်၏ ယဉ်ကျေးသော၊ လူကြီးလူကောင်းဆန်သော၊ ကြော့ရှင်းသော အငွေ့အသက်များက ပျောက်ကွယ်သွားပေပြီ။ သူ၏ စိတ်ရင်းအမှန်က သာမန်လူများထက် ပို၍အရုပ်ဆိုးကာ အကျည်းတန်ပေသည်။
တောက်ဖုန့်တစ်ယောက် စိတ်ဓာတ်လည်း ကျလာသည်။ ကျန်းရီက တောင်ကြားထဲတွင် ကျန့်ရှမျိုးနွယ်ဝင်များကို အရေအတွက် သန်းနှင့်ချီ၍ ထုတ်ခဲ့သည်။ အစောတွင်လည်း နောက်ထပ်တစ်သန်းလောက် ထပ်ထုတ်ခဲ့သည်။ အကယ်၍ သူ့တွင် ကျန့်ရှမျိုးနွယ်ဝင် တစ်သန်းလောက် ကျန်နေဦးမည်ဆိုလျှင်ပင် မည်သူမှ ကျောက်စင်မြင့်ပေါ်သို့ တက်နိုင်မည် မဟုတ်ချေ။ ထို့ပြင် ကျန့်ရှမျိုးနွယ်ဝင်များက သူ စုဆောင်းထားသော ရုပ်သေးရုပ်များ မဟုတ်ဘဲ ဆန်းကြယ်စွမ်းရည်တစ်ခုကို အသုံးပြု၍ သူ့စိတ်ကြိုက် ဖန်တီးနိုင်သော အရာများ ဖြစ်နေလျှင်လည်း မည်သို့လုပ်မည်နည်း။
မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် တစ်ရက်သာ ရတနာရှာနိုင်မည်ဖြစ်သည်။ ထိုတစ်ရက်ကို ကျန်းရီအတွက် ဖြုန်းတီးလိုက်ရလျှင် အလွန်နှမြောစရာကောင်းပေသည်။ မိစ္ဆာသတ်ဖြတ်နန်းတော်က မည်မျှကြာမှ နောက်တစ်ကြိမ်ထွက်ပေါ်လာမည်ကို မည်သူ သိပါသနည်း။ သို့သော် အခြေအနေများက ဤအဆင့်အထိ ရောက်နေပြီဖြစ်ရာ တောက်ဖုန့် ဤအတိုင်း ပြန်ဆုတ်သွားပြီး ထိုသတင်းသာ ပျံ့နှံ့သွားလျှင် သူ မျက်နှာပျက်ရပေလိမ့်မည်။
ရှပ်...ရှပ်...ရှပ်...
တောက်ဖုန့် တွေဝေနေချိန်တွင် အနောက်ဘက်မှ ထွက်ပေါ်လာသော ခြေသံများကို ကြားလိုက်ရ၏။ ထို့နောက် လူဆယ်ကျော် ထွက်ပေါ်လာသည်။ တောက်ဖုန့်သည် ထိုသူများကို လှမ်းကြည့်လိုက်ပြီး ရုတ်ခြည်း ဝမ်းသာအားရဖြစ်သွား၏။ သို့သော် သူ လျင်မြန်စွာ အကြည့်လွှဲလိုက်သည်။ သူခံစားနေရသော အရှက်နှင့် ဒေါသတို့ကလည်း အထွတ်အထိပ်သို့ ရောက်သွားလေသည်။
ကောင်းကင်ဘုံ မျိုးနွယ်ကြီးများမှ လူများ ရောက်လာပေပြီ။ သူတို့ထဲမှ စွမ်းအားအကြီးဆုံးနှစ်ယောက်မှာ သခင်မလေးကုန်းယန်နှင့် သခင်မလေးဟယ်တို့ဖြစ်ကြသည်။
တောက်ဖုန့်သည် သခင်မလေးကုန်းယန်ကို အရေးမစိုက်ပေ။ သူမကို စိတ်လည်းမဝင်စားချေ။ သို့သော် သူ ဟယ်နုန်ယင်းကို ပိုးပန်းနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယခု သူ၏ အကျည်းတန်နေသောပုံစံကို သူမ တွေ့သွားပြီဖြစ်ရာ သူ နေရာမှာပင် သေပစ်လိုစိတ် ပေါက်သွားပေသည်။
“အာ...”
သခင်မလေးကုန်းယန်၊ ဟယ်နုန်ယင်းနှင့် သူမတို့အနောက်မှ လူသုံးဆယ်လောက်သည် ကျောက်စင်မြင့်နှစ်ခုကို ကြည့်ကာ မျက်လုံးများ ရုတ်ခြည်း တောက်ပသွားကြ၏။ သို့သော် မကြာခင်မှာပင် သူတို့ အံ့အားသင့်သွားကြသည်။ ထိုအခိုက်တွင် ကျောက်စင်မြင့်ထက်သို့ တက်နေကြသော တောက်ကျန်းနှင့် အဖော်များက ကျန်းရီ၏ ကျန့်ရှမျိုးနွယ်ဝင်များကြောင့် အောက်သို့ ဒလိမ့်ခေါက်ကွေး ပြန်ကျလာကြသည်။ တောက်ဖုန့်၏ မျက်နှာကလည်း မီးကျွမ်းကာ မည်းတူးနေသည်။ ထို့ကြောင့် သူတို့၏ မျက်နှာထားများက ပို၍ရှုပ်ထွေးလာပေသည်။
ဟယ်နုန်ယင်းက စတုတ္ထလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ သူမ ဒုတိယထပ်ရှိ ကျောက်တောင်ထွတ်ကို တိုက်ခိုက်နေခဲ့ခြင်းမှာ ၎င်းတောင်ထွတ်တွင် ရတနာရှိ၍ မဟုတ်ပေ။ ထိုနေရာ၌ တတိယထပ်သို့ရောက်သည့် လမ်းကြောင်းတစ်ခု ရှိနေ၍သာ။ သူမ ကျောက်တောင်ထွတ်၏ အကာအရံများကို ဖျက်ဆီးပြီးနောက် လမ်းကြောင်း ထွက်ပေါ်လာခဲ့သည်။ သူမသည် ထိုလမ်းကြောင်းမှနေ၍ တတိယထိပ်သို့ ရောက်လာခဲ့ခြင်းပင်။ ၎င်းလမ်းကြောင်းက တစ်နာရီကြာအောင် ရှိနေခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သခင်လေးကုန်းယန်က လူအချို့နှင့်အတူ ထိုနေရာသို့ ရောက်လာခဲ့ပြီး လမ်းကြောင်းကို တွေ့သွားခဲ့သည်။ သို့ဖြင့် သူမလည်း တတိယထပ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ဟယ်နုန်ယင်းထံတွင် ထူးခြားသော ရနံ့တစ်ခုရှိသည်။ သခင်မလေးကုန်းယန်က ထိုရနံ့ကို ရင်းနှီးသဖြင့် ဟယ်နုန်းယင်းအနောက်သို့လိုက်ကာ စတုတ္ထလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် အားလုံး အသက်လမ်းကြောင်းကို ရွေးချယ်နိုင်ခဲ့ပေသည်။ သူမတို့ ဤခန်းမသို့ ရောက်လာရန် အလွန်ကြာနေခဲ့ခြင်းမှာမူ အစော၌ ဘေးခန်းမတစ်ခုတွင် အတူပူးပေါင်း၍ ရတနာအချို့ ရှာနေခဲ့၍ဖြစ်သည်။
ဟယ်နုန်ယင်းသည် တောက်ဖုန့်ကို တတိယထပ်တွင် တွေ့လိုက်၍ အလွန်အံ့အားသင့်သွား၏။ သူက သူမထက်အရင် ရောက်နေခြင်းလော။ သို့သော် ပို၍အံ့ဩရသည်မှာ ကျန်းရီကလည်း ဤနေရာတွင် ရှိနေပြီး တောက်ဖုန့်တို့ကို ဒေါသဖြစ်စေနေခြင်းပင်။
သခင်မလေးကုန်းယန်သည် တစ်ချက်၊ နှစ်ချက် ကြည့်လိုက်ပြီးနောက် အခြေအနေကို အနည်းနှင့်အများဆိုသလို သဘောပေါက်သွားသည်။ သူမ အပြုံးကို ဝှက်လိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်သည်။
“သခင်လေးဖုန့်... သူက ကျန်းရီလား။ ကြည့်ရတာ အထက်ဘုံရဲ့ နံပါတ်တစ်ပါရမီရှင်က အဲ့ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တဲ့ပုံပဲ။ သခင်လေးဖုန့်ကလည်း သတိမထားတာပါ.. သူက သခင်လေးကို အလစ်တိုက်ခိုက်ခဲ့တာမဟုတ်လား။ သခင်လေး ကျွန်မတို့ရဲ့ အကူအညီကို လိုပါသလား”
သခင်မလေးကုန်းယန်၏ စကားလုံးများက အလွန်ယဉ်ကျေးကာ သင့်လျော်ပေသည်။ သူမက တောက်ဖုန့်ကို အလွန်မျက်နှာသာပေးလိုက်ခြင်းပင်။ ယနေ့တွင် တောက်ဖုန့်သည် သူ အလွန်မျက်နှာပျက်ခဲ့ရပြီဟု ခံစားနေရ၏။ ဟယ်နုန်ယင်းသာ ဤနေရာတွင် ရှိမနေလျှင် သူ ထိုမျှခံစားနေရမည် မဟုတ်ပေ။ သို့သော် ဟယ်နုန်ယင်းက သူ့ကို လှမ်းကြည့်ချိန်တွင် သူ တွင်းတစ်တွင်းတူး၍ တွင်းထဲဝင်ပုန်းနေလိုစိတ်ပင် ပေါက်သွားပေသည်။
“အဟမ်း...အဟမ်း...”
တောက်ဖုန့် ချောင်းဟန့်ကာ ပြန်ပြောလိုက်၏။
“စိတ်ဓာတ်မကောင်းရင် ပျက်စီးရမှာပါပဲ။ အဲ့ကောင်လေးရဲ့ မီးတောက်တွေက အရမ်းစွမ်းအားကြီးတယ်၊ သူ လျန်မျိုးနွယ်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို မီးရှို့ပြီးသတ်နိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ အဲ့စင်မြင့်နှစ်ခုက မြေဆွဲအားက အရမ်းအားကောင်းတယ်၊ စင်မြင့်ပေါ်ကို တက်နိုင်ဖို့ မလွယ်ဘူး။ အဲ့ကောင်လေးက အဲ့ဒါကို အသုံးချနေတာ။ ကျွန်တော်တို့ အပေါ်ကို မတက်နိုင်ဘူး ဖြစ်နေတယ်။ သခင်မလေးကုန်းယန်... ခင်ဗျားမှာ အကြံရှိလား”
သခင်မလေးကုန်းယန်သည် စင်မြင့်များကို လှမ်းကြည့်လိုက်ပြီး နှုတ်ဆိတ်သွား၏။ ခေတ္တကြီးပြီးနောက် သူမ တောက်ပစွာ ပြုံးကာ ပြောလိုက်သည်။
“ကျွန်မမှာ အကြံကောင်းတစ်ခုတော့ မရှိပေမဲ့ ရူးမိုက်တဲ့အကြံတစ်ခုတော့ ရှိတယ်။ သူ့ရဲ့ ရုပ်သေးရုပ်တွေက အကန့်အသတ်ရှိတယ်မဟုတ်လား။ ရှင်တို့ သူ့ကို အဝေးကနေ တိုက်ခိုက်ပြီး သူ့ရဲ့ရုပ်သေးရုပ်တွေကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် သူ့ကိုသတ်ဖို့က ပိုလွတ်သွားမယ်မလား”
“အဲ့လိုမရဘူး...”
တောက်ဖုန့်က ခေါင်းခါကာ ပြန်ပြောသည်။
“သခင်မလေး မသိလို့... ကျောက်စင်မြင့်တွေပေါ်က မြေဆွဲအားက ကြောက်စရာပဲ။ အဝေးက တိုက်ခိုက်မှုတွေက အကျိုးရှိမှာ မဟုတ်ဘူး... သူ့ကိုလည်း ဘာမှသိပ်ထိခိုက်စေမှာ မဟုတ်ဘူး”
သခင်မလေးကုန်းယန်က ခပ်သဲ့သဲ့ရယ်ကာ ပြန်ပြော၏။
“အဲ့လိုဆိုရင်လည်း အနားကို ကပ်သွားတာပေါ့။ ကျောက်စင်မြင့်တွေပေါ် တက်ဖို့က အရမ်းခက်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဘာသာ စင်မြင့်တွေ ဆောက်မယ်ဆိုရင်ရော ဘယ်လိုလဲ။ အဲ့လိုဆို သူ့ကို တိုက်ခိုက်ဖို့က ပိုမလွယ်ဘူးလား”
“ဟုတ်သား...”
တောက်ဖုန့်နှင့် အဖော်များ၏ မျက်လုံးများ အရောင်လက်သွား၏။ တောက်ဖုန့် လက်မထောင်ပြကာ ပြောလိုက်သည်။
“သခင်မလေးကုန်းယန်က ဉာဏ်ကောင်းတယ်လို့ ကျွန်တော် ကြားထားတာ ကြာပါပြီ။ တကယ်ကို ဟုတ်လို့ကျော်တာပဲ။ အဲ့လိုဆို ကျန်းရီကို သတ်ပြီး ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ပေးဖို့ သခင်မလေးကုန်းယန်ကိုပဲ အကူအညီတောင်းရတော့မှာပဲ”
“ကျွန်မ မကူညီလည်း သခင်လေးဖုန့်ကိုယ်တိုင် လုပ်နိုင်မှာပါ”
သခင်မလေးကုန်းယန်သည် ခပ်ရေးရေးပြုံး၍ ဟယ်နုန်ယင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ညီမလေးနုန်ယင်း... တခြားကျောက်စင်မြင့်ပေါ်က ရတနာကို သွားကြည့်တာပေါ့။ မမတို့ မျှမျှတတ ပြိုင်ကြမလား”
“ကောင်းပြီ”
ဟယ်နုန်ယင်းက ခေါင်းညိတ်လိုက်၏။ ထိုအခါ သခင်မလေးကုန်းယန်က လက်ဟန်ပြကာ ပြောလိုက်သည်။
“အားလုံး သခင်လေးတောက်ဖုန့်ရဲ့ ညွှန်ကြားချက်တွေကို နားထောင်ကြပါ။ ကျွန်မက ညီမလေးနုန်ယင်းနဲ့အတူ တခြားစင်မြင့်ပေါ်က ရတနာကို သွားယူလိုက်မယ်”
ဝှစ်...
ဟယ်နုန်ယင်းနှင့် သခင်မလေးကုန်းယန်တို့ ဘယ်ဘက်ရှိ ကျောက်စင်မြင့်ဆီသို့ ဦးတည်သွားလိုက်ကြ၏။ တောက်ဖုန့်သည် ထိုနှစ်ယောက်ကို အရေးမစိုက်ပေ။ အစောတွင် သူက ကျောက်စင်မြင့်ပေါ်ကို ရောက်လုနီးပါး ဖြစ်ခဲ့၍ ထိုနေရာမှ မြေဆွဲအားက မည်မျှအားကောင်းကြောင်း သိသည်။ ထိုနှစ်ယောက်က စင်မြင့်ပေါ် တက်နိုင်လျှင်လည်း စင်မြင့်အထက် ပေတစ်ထောင်အကွာရှိ ရတနာသေတ္တာကို ခုန်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မည်သူကမှ ရတနာများကို ရယူနိုင်မည်လိမ့်မည် မဟုတ်။ ရတနာကို ယူရန် ကြိုးစားမည့်အစား ကျန်းရီကို သတ်၍ ဒေါသဖြေခြင်းက ပိုကောင်းသည်ဟု သူ တွေးပေသည်။
“ကျောက်စင်မြင့်လောက် မြင့်တဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်တွေ ရှိရင် ထုတ်လိုက်ကြပါ”
တောက်ဖုန့်က အမိန့်ပေးလိုက်သောအခါ လူများစွာသည် လေဟာနယ်နတ်ဘုရားအသုံးအဆောင် အမျိုးမျိုးကို ထုတ်လိုက်ကြ၏။ အချို့က ဘုံကျောင်းအသေးလေးများကို ထုတ်လိုက်ကြသည်။ ၎င်ဘုံကျောင်းလေးများက တဖြည်းဖြည်း ကြီးလာရာ နောက်ဆုံးတွင် ကျောက်စင်မြင့်နှင့် အမြင့်အတူတူ ဖြစ်သွားကြသည်။ အခြားတစ်ယောက်ကလည်း ကျောက်စင်မြင့်နှင့် အမြင့်အတူတူနီးပါး ရှိသော နန်းတော်ငယ်တစ်လုံးကို ထုတ်လိုက်သည်။
“ဟုတ်ပြီ... ဦးလေးကျန်း၊ ဦးလေးတို့ လူခွဲပြီး လေဟာနယ်နတ်ဘုရားအသုံးအဆောင်တွေပေါ်မှာ ရပ်လိုက်ကြပါ”
တောက်ဖုန့်သည် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်များအပေါ်သို့ ပျံတက်စေလိုက်၏။ သခင်မလေးကုန်းယန်က သူမနှင့်အတူ အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ့်တစ်ယောက် ခေါ်လာခဲ့သည်။ ထိုသိုင်းသမားအားလုံးလည်း လေဟာနယ်နတ်ဘုရားအသုံးအဆောင်များအပေါ်သို့ တက်လိုက်ကြသည်။ ထို့နောက် တောက်ဖုန့်သည် ကျန်လူများအား ထိုလေဟာနယ်နတ်ဘုရားအသုံးအဆောင်များကို ကျန်းရီရှိနေသော ကျောက်စင်မြင့် ပတ်ပတ်လည်ဆီ တွန်းပို့ရန် စေခိုင်းလိုက်သည်။
ကျောက်စင်မြင့်နှင့် အမြင့်တူသော လေဟာနယ်နတ်ဘုရားအသုံးအဆောင် ဆယ့်တစ်ခု ရှိသည်။ မြေဆွဲအား အားကောင်းသော ဧရိယာအတွင်းသို့ ရောက်သောအခါ ၎င်းတို့ကို တွန်းရန် ခက်ခဲလာသည်။ သို့သော် ယင်းက ပြဿနာမဟုတ်ပေ။ သခင်လေး၊ သခင်မလေး အားလုံးက ၎င်းတို့ကို တိုက်ခိုက်လိုက်ကြရာ ၎င်းတို့သည် ကျောက်စင်မြင့်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့သွားပေသည်။
သခင်မလေးကုန်းယန်၏ ဗျူဟာက အတော်လေးကောင်းသည်။ ထိုလေဟာနယ်နတ်ဘုရားအသုံးအဆောင် ဆယ့်တစ်ခုသာ ကျောက်စင်မြင့်ကို ပေတစ်ထောင်အကွာမှနေ၍ ဝန်းရံထားနိုင်မည်ဆိုလျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ တိုက်ခိုက်မှုများက သေချာပေါက် ကျောက်စင်မြင့်ဆီ ရောက်ကာ ကျန်းရီ၏ ကျန့်ရှမျိုးနွယ်ဝင်များကို ဖျက်ဆီးနိုင်ပေလိမ့်မည်။ ကျန့်ရှမျိုးနွယ်ဝင်အားလုံး ပျက်စီးသွားသည်နှင့် ကျန်းရီကို အလွယ်တကူ သတ်နိုင်သွားမည်ဖြစ်သည်။