လွတ်လမ်းတစ်ခု
Vol. 117 Ch. 1634
‘ငါတော့ ပြဿနာတက်ပြီ’
ဤတစ်ခေါက်က ကျန်းရီ ခေါင်းကိုက်ရသည့် အလှည့်ပင်။ သူ့တွင် အမှန်ပင် ကျန့်ရှမျိုးနွယ်ဝင်များ သိပ်မကျန်တော့။ တစ်သန်း မပြည့်တပြည့်သာ ကျန်တော့သည်။
ကြည့်ရသည်မှာ ရန်သူက ကျန်းရီကို နှိပ်စက်သတ်ဖြတ်လိုနေပုံပင်။ လေဟာနယ်နတ်ဘုရားအသုံးအဆောင် ဆယ့်တစ်ခုက နီးကပ်လာသည်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော်၏ တိုက်ခိုက်မှုများက သူ့အပေါ် အဆက်မပြတ် ကျလာပေလိမ့်မည်။
ဤနေရာမှ မြေဆွဲအားက ကြောက်မက်ဖွယ်ကောင်းသည်။ အောက်ဘက်မှလာသော တိုက်ခိုက်မှုများက အားနည်းသွားမည်ဖြစ်သည်။ သို့သော် တိုက်ခိုက်မှုများက ရေပြင်ညီလာမည်ဆိုလျှင်မူ သိပ်၍အားနည်းသွားမည် မဟုတ်ချေ။ ထို့ပြင် လေဟာနယ်နတ်ဘုရားအသုံးအဆောင် နှစ်ခုက ကျောက်စင်မြင့်ထက် အနည်းငယ် ပိုမြင့်နေသည်။ သို့ဖြစ်ရာ ထိုတိုက်ခိုက်မှုများ၏ ပေါင်းစည်းစွမ်းအားက အဆုံးတွင် များစွာအားနည်းသွားမည် မဟုတ်ပေ။
ကျန်းရီတွင် ရှိသေးသော ကျန့်ရှမျိုးနွယ်ဝင် အရေအတွက်က များသည်ဟုလည်း ဆိုနိုင်သလို၊ နည်းသည်ဟုလည်း ဆိုနိုင်သည်။ တိုက်ခိုက်မှုများက အရပ်မျက်နှာအနှံ့မှနေ၍ အဆက်မပြတ် လာမည်ဆိုလျှင် ကျန့်ရှမျိုးနွယ်ဝင်များက အလွန်ဆုံး တစ်နာရီသာ ခံပေလိမ့်မည်။ ကျန့်ရှမျိုးနွယ်ဝင်အားလုံး ပျက်စီးသွားလျှင် ကျန်းရီသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ တိုက်ခိုက်မှုများကို ကာရန် မည်သည်ကို အသုံးပြုရမည်နည်း။
ကျန်းရီထံတွင် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ် ရှိနေမည်ဆိုလျှင်ပင် များစွာအသုံးဝင်မည် မဟုတ်။ ရန်သူက သူ့ကို အလွယ်တကူ သတ်နိုင်နိုင်ဆဲပင်။ သူ သေသည်နှင့် ချီချင်ချန်လည်း သေရပေလိမ့်မည်။ ခန်းမထဲတွင် ပုန်းအောင်းနေသော အဆိပ်ဝိညာဉ်သည်လည်း ရူးမိုက်သည့်အရာတစ်ခုကို လုပ်ရင်း အသတ်ခံရမည်ဖြစ်သည်။
ထိုအခိုက်တွင် အဆိပ်ဝိညာဉ်သည် တောက်ဖုန့်ကို ဓားစားခံလုပ်လိုနေပြီဖြစ်သည်။ သို့သော် ကျန်းရီက သူ့ကို မလှုပ်ရှားရန် တိတ်တဆိတ် အချက်လှမ်းပြသဖြင့် သူ ဆက်ပုန်းနေရသည်။ အဆိပ်ဝိညာဉ်၏ လုပ်ကြံရေးအတတ်များက စွမ်းအားကြီးသော်လည်း ပြဿနာမှာ တောက်ဖုန့်က တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားခြင်းပင်။ အဆိပ်ဝိညာဉ် သူ့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
‘စိတ်ငြိမ်ငြိမ်ထားပြီး နည်းလမ်းတစ်ခုရှာ’
ကျန်းရီသည် တရွေ့ရွေ့ ချဉ်းကပ်လာနေသည့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်များကို လျစ်လျူရှု၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ အသည်းအသန် တွေးတောလိုက်သည်။ သူသည် သူ့တွင်ရှိသည့် အတတ်အမျိုးမျိုးနှင့် စွမ်းရည်အမျိုးမျိုးကို တွေးတောလိုက်၏။ ထို့ပြင် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့အပါအဝင် ပတ်ဝန်းကျင်ရှိ မည်သည့်အရာအား အသုံးချနိုင်လောက်မည်ကိုလည်း သုံးသပ်လိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
သခင်လေးများနှင့် သခင်မလေးများက လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို အရှေ့သို့ တိုးရန် တိုက်ခိုက်မှုများ ပစ်လွှတ်နေကြသည်။ ၎င်းတို့က စင်မြင့်နှင့် ပေတစ်သောင်းအကွာသို့ ရောက်နေပြီဖြစ်သည်။ ၎င်းတို့တွင် စွမ်းအားကြီး အကာအရံများရှိရာ ထိုတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားမည် မဟုတ်ပေ။ လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခုစီကို လူနှစ်ယောက်၊ သုံးယောက်စီက တိုက်ခိုက်ကြသည်။ သူတို့သည် ကစားပွဲတစ်ခုကို ကစားနေသကဲ့သို့ပင်။
ဝှစ်...
သခင်မလေးကုန်းယန်နှင့် ဟယ်နုန်ယင်းတို့သည် အခြားကျောက်စင်မြင့်ဆီသို့ ပျံသန်းသွားနေကြ၏။ သူမတို့နှစ်ယောက်က ချီချင်ချန်ကဲ့သို့ မဟုတ်ဘဲ အုပ်ချုပ်သူအဆင့်သို့ ရောက်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျောက်စင်မြင့်အခြေသို့ အလွယ်တကူ ရောက်သွားကြသည်။ သို့သော် သူမတို့သည် စင်မြင့်ပေါ်သို့ တွားသွား၍ မတက်လိုက်ကြပေ။ မျိုးနွယ်များမှ သခင်လေးများက သူတို့၏ အပြုအမူဟန်ပန်ကို အရေးစိုက်ကြသည်။ သခင်မလေးများမှာမူ ပို၍ပင် အရေးစိုက်ကြသေးသည်။ သို့ဖြစ်ရာ သူမတို့သည် တွားသွား၍ တက်မည့်အစား ရတနာများကိုသာ လက်လျှော့လိုက်မည် ဖြစ်ပေသည်။
“ကျား...”
ခေတ္တမျှ အနားယူပြီးနောက် ဟယ်နုန်ယင်းသည် ကြမ်းပြင်ကို ကန်အားပြု၍ အထက်သို့ ခုန်တက်လိုက်၏။ သခင်မလေးကုန်းယန်သည်လည်း အခြားတစ်ဘက်မှနေ၍ စတင်တက်လိုက်သည်။ သူမတို့နှစ်ယောက်သည် စက္ကန့်ပိုင်းအတွင်းမှာပင် လှေကားထစ် အထစ်နှစ်ဆယ်ကျော်သို့ အလွယ်တကူ ရောက်သွားလေသည်။
ဟူး...ဟူး...
ထိုအခိုက်တွင် သခင်မလေးနှစ်ယောက်သည် မောဟိုက်စွာဖြင့် ရပ်တန့်လိုက်ကြ၏။ သူမတို့ကိုယ်ပေါ်တွင် ချွေးများလည်း စီးကျနေသည်။ သူမတို့က အသက်ပြင်းပြင်း ရှူနေကြရာ ရင်ဘတ်က နိမ့်တုံမြင့်တုံ ဖြစ်နေပြီး သခင်လေးများစွာ၏ အာရုံကို စွဲဆောင်သွားပေသည်။
တစ်ဘက်တွင် ဘုံကျောင်းများနှင့် နန်းတော်လေးများက ကျောက်စင်မြင့်နှင့် ပေလေးထောင်အကွာသို့ ရောက်နေကြပြီဖြစ်သည်။ ၎င်းတို့က ခရုနှုန်းဖြင့် ရွေ့လျားနေကြသော်လည်း တဖြည်းဖြည်း ကျောက်စင်မြင့်နှင့် နီးကပ်လာပေသည်။ ထိုအခိုက်တွင် ၎င်းတို့အပေါ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်လာသည်။ သူတို့၏ သတ်ဖြတ်အရှိန်အဝါများလည်း ထွက်လာလေသည်။
နောက်ဆုံးတွင် ကျန်းရီ လှုပ်ရှားပေပြီ။ သူ မလှုပ်ရှားသေးလျှင် မကြာခင်၌ သူ့အပေါ်သို့ တိုက်ခိုက်မှုများ အဆက်မပြတ် ကျဆင်းလာပေလိမ့်မည်။ သူ ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်ကာ သူ့ပတ်ပတ်လည်တွင် ဝန်းရံစေလိုက်သည်။ ၎င်းတို့က တောင်ငယ်တစ်လုံးကဲ့သို့ သူ့အား အကြားအလပ်မရှိ ဝန်းရံသွားသည်အထိ သူ ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်ထုတ်လွှတ်နေသည်။
ထိုတောင်ငယ်လေးကို ပြုလုပ်ပြီးသွားသော်လည်း ကျန်းရီ မရပ်သေးဘဲ ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်ထုတ်လိုက်၏။ ကျန့်ရှမျိုးနွယ်ဝင်များက ဟန်ချက်မညီတော့ဘဲ အောက်သို့ လိမ့်ကျကုန်မှ သူ ရပ်တန့်လိုက်သည်။ ခေတ္တကြာပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းမှာ အားနည်းမှုက စတင်လွင့်ပြယ်လာ၏။ သို့သော် သူ့ကိုယ်သူ ကယ်တင်နိုင်ရန် အကြံကောင်းတစ်ခု မရသေးပေ။
ကျန်းရီ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ရောက်နေခဲ့သည်မှာ အချိန်တစ်ခု ရှိခဲ့ပြီဖြစ်သော်လည်း အနိမ့်ဘုံအချိန် ရက်အနည်းငယ်လောက်သာ ကြာသေးပေသည်။ အထက်ဘုံအချိန်တစ်ရက် ပြည့်ရန်မူ အတော်လေး လိုပေသေးသည်။ ထို့ကြောင့် အပြင်သို့ တည်နေရာပြောင်းရွှေ့နိုင်ရန် အိပ်မက်မက်၍ မရသေး။ ထို့ပြင် လူများကလည်း နေရာအနှံ့တွင် ရှိနေရာ ထွက်ပြေးရန်လည်း မဖြစ်နိုင်ချေ။ တောက်ဖုန့်ကို ဓားစာခံလုပ်မည့်အကြံမှာ ပို၍ပင် ရယ်စရာကောင်းသည်။ သို့မဟုတ် ဝန်းရံထားမှုကို ဖောက်ထွက်ရမည်လော။ သူ၏လက်ရှိအင်အားက မလုံလောက်ပေ။
‘တခြားနည်း မရှိတော့ဘူးလား’
ကျန်းရီ စိတ်ဓာတ်ကျလာသည်။ သူသည် သေရမည်ကို ဝန်မလေးပေ။ သို့သော် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ကိုတော့ သူနှင့်အတူ မသေစေလိုပေ။ တောက်ဖုန့်၏ အကျင့်စရိုက်အရ သူ ချီချင်ချန်ကို ဖမ်းမိသွားလျှင် မည်သို့ ဖြစ်လာမည်နည်း။ ကျန်းရီ တွေးပင် တွေးမကြည့်လိုချေ။
“ကျား...”
တစ်ဘက်တွင် ဟယ်နုန်ယင်းနှင့် သခင်မလေးကုန်းယန်တို့က ထပ်မံ၍ ခုန်တက်လိုက်ကြ၏။ ဟယ်နုန်ယင်းသည် သူမ၏ငွေရောင်လေးကို ထုတ်၍ လှေကားထစ်များပေါ်မှ အကာအရံများထံ မြှားပစ်လွှတ်ကာ ပေါက်ကွဲမှုငယ်လေးများ ဖြစ်ပေါ်လာစေသည်။ သူမသည် ထိုပေါက်ကွဲမှုလေးများ၏ အဟုန်ကို အသုံးချ၍ အထက်သို့ ဆက်ခုန်တန်နေသည်။ သခင်မလေးကုန်းယန်ကလည်း ရတနာဓားတစ်လက်ဖြင့် လှေကားထစ်များကို ဆောင့်ထိုးကာ အားယူ၍ ဆက်တက်နေသည်။ သူမတို့နှစ်ယောက်က အလွန်သန်မာပြီး ကျန်းရီကလည်း သူမတို့ကို ဟန့်တားမနေရာ နောက်ဆုံးတွင် သူမတို့ ကျောက်စင်မြင့်ပေါ်သို့ ရောက်သွားလေသည်။
ဟူး...ဟူး...
သခင်မလေးနှစ်ယောက်သည် ကျောက်စင်မြင့်ပေါ်သို့ ရောက်သောအခါ မောဟိုက်စွာဖြင့် ရုတ်ခြည်း တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ တောက်ဖုန့်၏ ခန့်မှန်းချက်က မှန်ခဲ့ပေသည်။ ထိုနှစ်ယောက်သည် စင်မြင့်ပေါ်သို့ ရောက်အောင်သွားနိုင်သော်လည်း ထိုအပေါ်ရောက်သည်နှင့် အထက်ပေတစ်ထောင်တွင် ရှိသော ရတနာကို ခုန်ယူရန် မဆိုထားနှင့် မတ်တပ်ပင် မရပ်နိုင်ကြတော့ချေ။
ဟယ်နုန်ယင်းသည် ခေတ္တမျှ အနားယူလိုက်ပြီးနောက် မျက်လုံးဖွင့်ကာ ကျန်းရီကို လှမ်းကြည့်လိုက်၏။ သို့သော် ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်များအောက်တွင် ရှိနေသဖြင့် သူ့ကို မမြင်ရပေ။ သူမ၏ မျက်ဝန်းများထဲတွင် သနားသော အရိပ်အယောင်လေးတစ်ခု လက်သွားသည်။ လေဟာနယ်နတ်ဘုရားအသုံးအဆောင်များက သူနှင့် ပေနှစ်ထောင်အကွာသို့ ရောက်နေပြီဖြစ်သည်။ ၎င်းတို့က အရှေ့သို့ ဆက်တိုးနိုင်သေးကြောင်း ထင်ရှားသည်။ ၎င်းတို့ ကျန်းရီနှင့် ပေတစ်ထောင်အကွာသို့ ရောက်သည်နှင့် ကျန်းရီ သေရပေလိမ့်မည်။
တောက်ဖုန့်က ကျန်းရီကို သတ်လိုနေ၏။ ဟယ်နုန်ယင်းသည် ကျန်းရီကို ကူညီမည် မဟုတ်သလို တစ်ခွန်းမှလည်း ဝင်ပြောမည် မဟုတ်ပေ။ ကျန်းရီက ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ကောင်းကင်ဘုံတွင် သူ့ကဲ့သို့သောလူများ များစွာရှိသည်။ သို့ဖြစ်ရာ သူမသည် မရင်းနှီးသူတစ်ယောက်အတွက် တောက်ဖုန့်ကို အပြစ်ပြုပါမည်လော။ တောက်ဖုန့်ကို အသနားခံပါမည်လော။ ဟယ်နုန်ယင်းက အရူးတစ်ယောက် မဟုတ်ပေ။
ဟယ်နုန်ယင်းသည် ခေတ္တမျှ ကြည့်ပြီးနောက် အရေးမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ခေါင်းမော့၍ အထက်မှ ရတနာသေတ္တာကို ကြည့်ကာ မျက်ခုံးပင့်လိုက်၏။ ထိုရတနာသေတ္တာထဲတွင် မူလရတနာများ ရှိနေနိုင်သည်။ မဟုတ်လျှင် ၎င်းတို့ကို ရယူနိုင်ရန် အလွန်ခက်ခဲနေမည် မဟုတ်ချေ။
ရွှစ်...ရွှစ်...
အခြားတစ်ဘက်တွင် လေခွင်းသံများ ထွက်လာ၍ ဟယ်နုန်ယင်း ဆတ်ခနဲတုန်သွား၏။ တောက်ကျန်းက စတင် တိုက်ခိုက်ကြည့်နေပေပြီ။ သူသည် အရှေ့သို့ တိုက်ခိုက်မှုတစ်ခုကို ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။ တိုက်ခိုက်မှုက အရှေ့သို့ သွားရင်း အားနည်းလာသော်လည်း ကျောက်စင်မြင့်သို့ ရောက်သွားနိုင်ပြီး ကျန့်ရှမျိုးနွယ်ဝင်တစ်ကောင်ကို ထိမှန်သွားသည်။
ဝုန်း...
ထိုကျန့်ရှမျိုးနွယ်ဝင်က ရုတ်ခြည်း အပိုင်းပိုင်းပြတ်သွားသည်။ ၎င်းက အမှုန့်ဖြစ်မသွားသော်လည်း အားလုံး၏မျက်လုံးများ အရောင်လက်သွား၏။ သူတို့အားလုံး စတင်တိုက်ခိုက်လိုက်ကြသည်။ လေဟာနယ်အသုံးအဆောင်များကို ရွှေ့ပေးနေသူများလည်း စိတ်အားတက်လာပြီး ၎င်းတို့ကို အားကြိုးမာန်တက် တိုက်ခိုက်ကာ ကျန်းရီနှင့် ပိုနီးကပ်သွားအောင် လုပ်လိုက်ကြသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီသည် သူ့ပတ်ပတ်လည်မှ ပေါက်ကွဲသံများကို ကြားလိုက်ရ၏။ ကျန့်ရှမျိုးနွယ်ဝင်များ ပေါက်ကွဲသွားနေသည်ကို သူ ခံစားမိသည်။ သူ မျက်နှာညှိုးကာ စိတ်ဓာတ်ကျသွားသည်။ ရန်သူက အဝေးမှပင် တိုက်ခိုက်နိုင်ရာ သူနှင့် ပေတစ်ထောင်အတွင်း ရောက်လာသည်နှင့် ကျန့်ရှမျိုးနွယ်အားလုံး ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။ ၎င်းတို့အားလုံး ပျက်စီးသွားလျှင် သူ မည်သည်ကို သုံး၍ တိုက်ခိုက်မှုများကို ကာရပါမည်နည်း။
ကျန်းရီတွင် အလွန်စွမ်းအားကြီးသော အလောင်းကြီးတစ်လောင်း ရှိသည်။ သို့သော် ထိုအလောင်းကြီးက ကျောက်စင်မြင့်၏တစ်ဘက်ကိုသာ ကာပေးနိုင်ပေသည်။
‘အလောင်းကြီ...’
ရုတ်တရက် ကျန်းရီ ရင်ခုန်မြန်သွား၏။ အလောင်းကြီးက အလွန်စွမ်းအားကြီးသည်။ သူသာ ၎င်းကို သန့်စင်၍ ထိန်းချုပ်နိုင်မည်ဆိုလျှင် ၎င်းက သူ၏လွတ်လမ်း ဖြစ်မလာနိုင်သလော။
အလောင်းကိုယ်ထည်ကြီးက အလွန်သန်မာသဖြင့် ဤနေရာရှိ မြေဆွဲအားက ၎င်းအပေါ် မသက်ရောက်နိုင်လောက်ပေ။ အကယ်၍ သူသာ ၎င်းကို ထိန်းချုပ်၍ တိုက်ခိုက်နိုင်မည်ဆိုလျှင် ဝင်ရောက်လာသည့် တိုက်ခိုက်မှုများကို ကာနိုင်ရုံသာမက တောက်ဖုန်တို့ကိုလည်း သတ်ပစ်နိုင်လောက်သည်။
ရှူး...ရှူး...
အလောင်းကြီး၏ လက်သည်းများက ကျောက်စိမ်းဖြူချပ်ဝတ်အား ဖောက်သွားသည်ကို ပြန်တွေးကြည့်ရင်း ကျန်းရီ အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် သူ မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ အလောင်းကြီးကို ချက်ချင်းထုတ်၍ ၎င်းအား သန့်စင်နိုင်မည့်နည်လမ်းတစ်ခုကို တွေးတောလိုက်လေသည်။