← Chapters

သန့်စင်ရန် မတတ်နိုင်

Vol. 117 Ch. 1635

သန့်စင်ရန် မတတ်နိုင်

Vol. 117 Ch. 1635

အကြံကကောင်း၏။ သို့သော် အလောင်းကြီးကိုထုတ်၍ ၎င်းအတွင်းသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်သော်လည်း ငါးမိနစ်ကြာသည်အထိ အလောင်းကြီးက မည်သို့မှ မတုံ့ပြန်သေးချေ။

ဝုန်း...ဝုန်း...ဝုန်း...

တိုက်ခိုက်မှုများက အရပ်မျက်နှာအနှံ့မှ ဝင်ရောက်လာပြီး ကျန့်ရှမျိုးနွယ်ဝင်များကို ဖျက်ဆီးပစ်နေသည်။ ထို့ကြောင့် ကျန်းရီသည် အလောင်းကြီးအား သန့်စင်နေခြင်းကို ရပ်တန့်လိုက်ရပြီး ကျန့်ရှမျိုးနွယ်ဝင်များအပေါ် အာရုံပြန်စိုက်လိုက်ရသည်။ အရင်ဆုံး သူ့အသက်ကို ကယ်ရပေမည်။

တော်သေးသည်မှာ ဘုံကျောင်းဆယ်ခုနှင့် နန်းတော်ငယ်‌လေးက စင်မြင့်နှင့် ပေတစ်ထောင့်ငါးရာအကွာသို့ ရောက်သောအခါ အရှေ့သို့ ဆက်တိုးနိုင်ရန် အခက်ကြံလာခြင်းပင်။ ၎င်းတို့က ကြီးမားရာ ၎င်းတို့အပေါ် သက်ရောက်သော မြေဆွဲအားကလည်း ပိုအားကောင်းသည် မဟုတ်ပါလား။ ထိုအကွာအဝေးမှဆိုလျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ တိုက်ခိုက်မှုများက အတော်‌လေး အားနည်းနေပေသေးသည်။ တိုက်ခိုက်မှုတစ်ခုစီက ကျန့်ရှမျိုးနွယ်ဝင် နှစ်ကောင်၊ သုံးကောင်လောက်ကိုသာ ဖျက်ဆီးပစ်နိုင်ပေသည်။

‘ငါ မိုးမြေစွမ်းအားကိုသုံးပြီး စမ်းကြည့်ရမယ်...’

ကျန့်ရှမျိုးနွယ်ဝင်များကို လုံလုံလောက်လောက် ထုတ်ပြီးနောက် ကျန်းရီ အစီအစဉ်ပြောင်းလိုက်သည်။ မဟာနတ်ဘုရားမျိုးနွယ်က မိုးမြေစွမ်းအားကို ကျင့်ကြံရာ ၎င်းစွမ်းအားကို သုံးလျှင် အလောင်းကြီးကို ပို၍လွယ်ကူစွာ သန့်စင်နိုင်လောက်သည်။

မိုးမြေစွမ်းအားက အလွန်အဖိုးတန်သည်။ ကျန်းရီသည် သူ့ကျင့်ကြံထားသည့် မိုးမြေစွမ်းအားအနည်းငယ်ကို အလောင်းကြီးထဲ ထည့်သွင်းလိုက်သည်။

ရွှီး...

မိုးမြေစွမ်းအား ထည့်သွင်းလိုက်သောအခါ အလောင်း တစ်ကောင်လုံး တောက်ပလာ၏။ ခြောက်ကပ်တောင့်တင်းနေသော ကြွက်သားများက ပြန်စိုပြည်လာသည်။ သူ့အကြံက အလုပ်ဖြစ်ခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်သောအခါ ကျန်းရီ၏မျက်လုံးများ အရောင်လက်လာသည်။

သို့သော်...

ကျန်းရီ၏မျက်လုံးများ ချက်ချင်း ပြန်မှေးမှိန်သွားသည်။ မိုးမြေစွမ်းအားက အလောင်းထဲ ဝင်သွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် တောက်ပနေသော အလောင်းကြီး ပြန်မှိန်လာပေသည်။

“အာ...”

ကျန်းရီ မျက်မှောင်ကြုတ်ကာ စူးစမ်းလိုက်၏။ မိုးမြေစွမ်းအားက သဲလွန်စတစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်ကို သိလိုက်ရ၍ သူ ဆွံ့အသွားသည်။ သူ့ နဝမမြောက်ကြယ်စက်လုံးထဲတွင် မိုးမြေစွမ်းအား များစွာမရှိပေ။ မကြာသေးမီက သူ မိုးမြေစွမ်းအားကို အဆက်မပြတ် ကျင့်ကြံခဲ့သော်လည်း စုစောင်းရရှိထားသည့် စွမ်းအားပမာဏက သူ့အတွက် တစ်လ၊ နှစ်လလောက်သာ ခံမည်ဖြစ်သည်။ ထို့ပြင် ၎င်းအလောင်းကြီးက အလွန်ကြီးမားသည်။ လက်ရှိ သူပိုင်ဆိုင်ထားသော မိုးမြေစွမ်းအား အားလုံးကို အလောင်းထဲ ထည့်သွင်းလိုက်မည်ဆိုလျှင်ပင် အလောင်းကို ကြာရှည်ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။

‘ထပ်ကြိုးစားကြည့်တာပေါ့’

ကျန်းရီသည် အလောင်းထဲ မိုးမြေစွမ်းအားအနည်းငယ် ထပ်မံ ထည့်သွင်းလိုက်၏။ သက်ရောက်မှုများက အတူတူပင်ဖြစ်သည်။ မိုးမြေစွမ်းအား ထည့်သွင်းလိုက်လျှင် အလောင်း တစ်ကောင်လုံး လင်းလက်လာမည်ဖြစ်သည်။ သို့သော် မိုးမြေစွမ်းအားအနည်းငယ်က အလောင်းကို စက္ကန့်ပိုင်းမျှသာ ထိန်းချုပ်ထားနိုင်သည်။ ထို့နောက်တွင် အလောင်းကြီးက မူလအခြေအနေသို့ ပြန်ရောက်သွားပေသည်။ ထည့်သွင်းလိုက်သည့် မိုးမြေစွမ်းအားကလည်း သဲလွန်စတစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။ အလောင်းကြီးကို ထိုပုံစံအတိုင်း သန့်စင်ရန် မဖြစ်နိုင်ပေ။

‘ဆက်ကြိုးစားမယ်’

ကျန်းရီ အံကြိတ်၍ အလောင်းထဲသို့ မိုးမြေစွမ်းအားများ ထပ်မံထည့်သွင်းလိုက်၏။ နောက်ဆုံးတွင် သူ လက်လျှော့လိုက်ရသည်။ မိုးမြေစွမ်းအားမျှနှင့် အလောင်းကြီးကို မသန့်စင်နိုင်ကြောင်း သူ သေချာသွားပေသည်။ သူ၏ နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ မိုးမြေစွမ်းအား တော်တော်များများကို သုံးလိုက်ပြီဖြစ်သော်လည်း အလောင်းကြီးက တုံ့ပြန်မှု မရှိသေးပေ။ သူ့တွင် ကျန်နေသေးသော မိုးမြေစွမ်းအား အားလုံးကို ထည့်သွင်းလိုက်လျှင်လည်း အချည်းနှီးသာ ဖြစ်မည်ဖြစ်ကြောင်း သူ သိသည်။ မိုးမြေစွမ်းအား ကုန်သွားလျှင် သူ ကျောက်စင်မြင့်ပေါ်၌ လှုပ်ရှားနိုင်တော့မည် မဟုတ်ချေ။ ထို့သို့ဖြစ်လာလျှင် သူ သေရန် စောင့်နေရုံသာ ရှိတော့မည်။ သို့ဖြစ်၍ သူ မိုးမြေစွမ်းအားများကို ထပ်ဖြုန်းတီးမပစ်လိုတော့ချေ။

အလောင်းကြီးကို ကောင်းကင်စွမ်းအားနှင့်ရော မိုးမြေစွမ်းအားနှင့်ပါ မသန့်စင်နိုင်ပေ။ စိတ်ဝိညာဉ် မရှိလျှင် ကောင်းကင်ဝါးမျိုသာရဲလေးကလည်း ၎င်းကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီ နောက်ဆုံးနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

တံဆိပ်စာလုံးများကို အသုံးပြုခြင်း...

တံဆိပ်စာလုံးများသည် ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ ထွက်လာပြီး အလောင်းကြီးထဲ ဝင်သွားသည်။ ထို့နောက် ကျန်းရီသည် တံဆိပ်စာလုံးများကို ထိန်းချုပ်၍ အလောင်း၏ ဦးနှောက်အတွင်း ဝင်သွားစေလိုက်၏။ အလောင်းကြီး၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ခြောက်ကပ်နေသော မူလစိတ်ဝိညာဉ် ရှိနေသည်။ တံဆိပ်စာလုံးများသည် မူလစိတ်ဝိညာဉ်ထဲ ဝင်၍ လှည့်ပတ်လိုက်ကြသည်။

‘အသုံးမဝင်ဘူး’

ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ မိနစ်အနည်းငယ် ကြာပြီးသည်အထိ အလောင်း၏ မူလစိတ်ဝိညာဉ်က ခြောက်ကပ်နေသေးပြီး မည်သည့်အသက်လက္ခဏာ၊ မည်သည့်လှုပ်ရှားမှုကိုမှ မပြပေ။ သို့သော် ကျန်းရီသည် လက်မလျှော့သေးဘဲ တံဆိပ်စာလုံးများကို အလောင်းကြီး၏ တစ်ကိုယ်လုံးတွင် လှည့်လည်သွားစေလိုက်ပြီး အကျိုးသက်ရောက်မှု တစ်ခုခု ရှိလာမည်လောဟု စောင့်ကြည့်လိုက်၏။

ရလဒ်မှာ စိတ်ပျက်ဖွယ်ပင်။

တံဆိပ်စာလုံးများက အလောင်းကြီးအတွင်း အကြိမ်ကြိမ် လှည့်ပတ်နေသော်လည်း အလောင်းကြီးက မည်သို့မှ ပြန်မတုံ့ပြန်ချေ။ နောက်ဆုံးတွင် ကျန်းရီ လက်လျှော့လိုက်သည်။ သူ ထိုအလောင်းကြီးကို မထိန်းချုပ်နိုင်သလို သူ့၏ရုပ်သေးရုပ် ဖြစ်သွားအောင်လည်း မသန့်စင်နိုင်ပေ။

ဝုန်း..ဝုန်း...ဝုန်း...

မိနစ်အနည်းငယ် ကြာခဲ့ပြီဖြစ်၍ ကျန့်ရှမျိုးနွယ်ဝင်များစွာ ပျက်စီးသွားပေပြီ။ ထို့ကြောင့် ကျန်းရီသည် အလောင်းကြီးအား သန့်စင်ရန်ကို လက်လျှော့လိုက်ပြီး ကျန့်ရှမျိုးနွယ်ဝင်များကို ထပ်ထုတ်၍ ထိုအခြေအနေမှ လွတ်မြောက်နိုင်မည့် အခြားနည်းလမ်းများကို ကြိုးစားတွေးတောလိုက်သည်။

ဘုံကျောင်းဆယ်ခုနှင့် နန်းတော်ငယ်လေးသည် ယခုတွင် စင်မြင့်နှင့် ပေတစ်ထောင့်နှစ်ရာအကွာသို့ ရောက်နေပြီဖြစ်သည်။ ထိုအကွာအဝေးသို့ပင် ရောက်နေပြီဖြစ်၍ လူများသည် ၎င်းတို့ကို အရှေ့သို့ ဆက်တိုးရန် အပြင်းအထန် ကြိုးစားလာကြသည်။ သခင်လေးများ၊ သခင်မလေးများနှင့် ကိုယ်ရံတော်များ အားလုံး အားကောင်းသော မြေဆွဲအား၏ ဖိနှိပ်မှုကို ခံနေကြရသည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုများကို ထုတ်လွှတ်ရန် ပိုခက်လာသည်။ သူတို့၏အင်အားကလည်း လျော့ကျလာလေသည်။

“ရပြီ... အားလုံး ပြန်ဆုတ်ခဲ့တော့။ အဲ့အကွာအဝေးက လုံလောက်ပါပြီ”

တောက်ဖုန့် အမိန့်ပေးလိုက်၏။ ပေတစ်ထောင့်နှစ်ရာ အကွာအဝေးက လှမ်းသေးသည်ဟု ဆိုနိုင်သော်လည်း ယခုတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ တိုက်ခိုက်မှုတိုင်းက ကျန့်ရှမျိုးနွယ်ဝင် အနည်းငယ်စီကို ဖျက်ဆီးပစ်နိုင်နေပြီဖြစ်သည်။ သူတို့သာ ထိုသို့ဆက်တိုက်မည်ဆိုလျှင် မကြာခင်တွင် ကျန့်ရှမျိုးနွယ်ဝင်များ ကုန်သွားနိုင်သည်။ ကျန်းရီ၏ ကျန့်ရှမျိုးနွယ်ဝင်များက အကန့်အသတ်မရှိဟု တောက်ဖုန့် မယုံပေ။

အုပ်ချုပ်သူအဆင့် သိုင်းသမားအားလုံးက ဘုံကျောင်းများနှင့် နန်းတော်အပေါ်တွင် ထိုင်နေကြသည်။ သူတို့က ထိုင်နေရာ သူတို့အပေါ် သက်ရောက်သော မြေဆွဲအားက ပိုနည်းသဖြင့် တိုက်ခိုက်ရခြင်းမှာ ပြောပလောက်အောင် မပင်ပန်းချေ။ သူတို့ ပင်ပန်းလာလျှင်ပင် ခေတ္တမျှ အနားယူပြီးမှ ဆက်တိုက်ခိုက်နိုင်ပေသည်။ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် နေနိုင်သည့်အချိန်က အတော်လေးကျန်သေးသဖြင့် နေ့တစ်ဝက် အချိန်ပေးရမည်ဆိုလျှင်ပင် ကျန်းရီကို ရအောင်သတ်ရန် တောက်ဖုန့် ဆုံးဖြတ်ထားပေသည်။

‘အရေးမစိုက်တော့ဘူးကွာ... ပေါ်ချင်လဲ ပေါ်စေတော့’

ကျန့်ရှမျိုးနွယ်ဝင်များက တစ်အုပ်ပြီးတစ်အုပ် ပျက်စီးသွားနေသည်ကို ကြည့်ရင်း ကျန်းရီသည် တိုက်ခိုက်မှုများကို အလောင်းကြီးနှင့်ကာရန် ဆုံးဖြတ်လိုက်သည်။ အလောင်းကြီးက ကြီးမားပြီး ဘေးတိုက်လှဲနေခြင်းဖြစ်ရာ ကျန်းရီ ၎င်း၏ကျောကို မှီထားနိုင်သည်။ အလောင်းကြီးသည် ဘုံကျောင်းလေးခုထံမှ တိုက်ခိုက်မှုများကို ကာပေးနိုင်ပေသည်။ ထို့ကြောင့် ကျန့်ရှမျိုးနွယ်ဝင်များက ကျန်ဘုံကျောင်းခြောက်ခုနှင့် နန်းတော်ငယ်လေးမှ တိုက်ခိုက်မှုများကိုသာကာရန် လိုသည်။ ထိုနည်းနှင့်ဆိုလျှင် ကျန့်ရှမျိုးနွယ်ဝင်များ၏ အကျအဆုံးကို လျှော့ချနိုင်မည်ဖြစ်ပြီး သူ့အတွက်လည်း အချိန်ပိုဆွဲနိုင်မည်ဖြစ်သည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီသည် အလောင်းကြီးရှိနေရာဘက်သို့ ကျန့်ရှမျိုးနွယ်ဝင်များ ထပ်မထုတ်လွှတ်တော့ပေ။ ထို့ကြောင့် ၎င်းဘက်၌ ရှိနေခဲ့သော ကျန့်ရှမျိုးနွယ်ဝင်အားလုံး ပျက်စီးသွားသောအခါ အလောင်းကြီး ပေါ်သွားပေသည်။

“အာ...”

အလောင်းကြီး ထွက်ပေါ်လာမှုက အားလုံးကို မျက်မှောင်ကြုတ်သွားစေ၏။ အလောင်းကြီးက အလွန်ကြီးမားပြီး ၎င်း၏ကိုယ်မှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။ ၎င်းသည် အမှောင်ထဲတွင် ပုန်းအောင်းနေသည့် ရှေးဦးသားရဲတစ်ကောင်ကဲ့သို့ အားလုံးကို ရင်တုန်သွားစေပေသည်။

ဝှစ်...ဝှစ်...

အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က အလောင်းကြီးဆီသို့ ကြယ်တာရာအလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်၏။ အလင်းတန်းက အလောင်းကြီးကို ထိမှန်သွားသောအခါ အလောင်းကြီးသည် ခေတ္တမျှ အစိမ်းရင့်ရောင် လင်းလက်သွား၏။ သို့သော် ၎င်းသည် မပေါက်ကွဲသွားသည့်အပြင် အနည်းငယ်ထိခိုက်သွားပုံပင် မပေါ်ပေ။ ၎င်း၏အရေပြားပေါ်၌ ခြစ်ရာတစ်ရာပင် မထင်ချေ။

“အဲ့အလောင်းကြီးက... မဟာနတ်ဘုရားမျိုးနွယ်ကလား”

ဤနေရာရှိ လူအားလုံးက ကောင်းကင်ဘုံမှ အရေးကြီးပုဂ္ဂိုလ်များပင်။ ထို့ကြောင့် သူတို့သည် တစ်ခဏအတွင်းမှာပင် ခန့်မှန်းနိုင်လိုက်ကြသည်။ မဟာနတ်ဘုရားမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်များကသာ ထိုမျှကြီးမားသန်မာကြပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် အလောင်းကြီးကို ပူးပေါင်းတိုက်ခိုက်လိုက်ကြ၏။ သို့သော် လုံးဝထိရောက်မှုမရှိပေ။

တောက်ဖုန့် အခြေအနေကို သတိပြုမိလိုက်၏။ သူ၏မီးကျွမ်းထားသော မျက်နှာက ဝင်းလက်သွားသည်။ ထို့နောက် သူ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“အဲ့ဘက်ကို ဆက်မတိုက်နဲ့တော့။ တခြားဘက်တွေကိုပဲ ပေါင်းတိုက်။ ကျန်းရီရဲ့ ရုပ်သေးရုပ်တွေက ကုန်တော့မှာ။ အဲ့အလောင်းကြီးက သေချာပေါက် မဟာနတ်ဘုရားမျိုးနွယ်ကပဲ။ ကျွန်တော်သာ အဲ့အလောင်းကြီးကို ရမယ်ဆိုရင် အားလုံးကို ကျွန်တော်တို့မျိုးနွယ်ရဲ့ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲကို နှစ်လဝင်ခွင့်ပေးမယ်”

သာမန်လူများက မဟာနတ်ဘုရားမျိုးနွယ်ဝင် အလောင်းများ၏ တန်ဖိုးကို မသိလောက်သော်လည်း တောက်ဖုန့်က ကောင်းစွာသိသည်။ သူသာ ထိုအလောင်းကို သူ့မျိုးနွယ်သို့ ပြန်ယူသွားနိုင်မည်ဆိုလျှင် သူတို့ ၎င်းအား မွမ်းမံသန့်စင်နိုင်သည်။ ထိုအခါကျလျှင် အလောင်းကြီးက မည်မျှစွမ်းအားကြီးသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာမည်နည်း။ ထိုရုပ်သေးရုပ်က သူ့ကိုပင် ယှဉ်နိုင်ပေလိမ့်မည်။

All Chapters