နတ်ပန်းပဲ ခေါ် ယုလု
Vol. 36 Ch. 494
"ချီးမြှောက်မှုအတွက် ကျေးဇူးတင်ပါတယ် သခင်ယု"
ကုတင်အောက်တွင် ကိုယ်လုံးတီးခန္ဓာဖြင့် ဒူးထောက်နေသော လျန်ရန်အာက ပြောလိုက်ခြင်းဖြစ်သည်။ သူမ၏အသံက အက်ကွဲနေပြီး တစ်ကိုယ်လုံးက ရင်မှည့်ကာစ မက်မွန်သီးတစ်လုံးပမာ နီမြန်းနေသည်။ သူမ၏မျက်လုံးများက ရီဝေနေသော်လည်း ကြောက်ရွံ့လေးစားမှုကို ဖုံးကွယ်မရပေ။ သူမရှေ့တွင် အနက်ရောင်ပုံရိပ်တစ်ခုက သရဲတစ်ကောင်ပမာ ထွက်ပေါ်လာသည်။ ပိုမေ့နှင့် အခြားခေါင်းဆောင်များသာရှိလျှင် အလွန်အမင်းအံ့သြ ထိတ်လန့်သွားကြပေလိမ့်မည်။ အနက်ရောင်ပုံရိပ်က နတ်ပန်းပဲခေါ် ယုလုဖြစ်ပြီး သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်အနက် တစ်ယောက်ဖြစ်နေခဲ့သည်။
"မင်းကိစ္စက အဆင်သင့်ဖြစ်ပြီလား"
ယုလုက အခန်းထဲတွင် မတ်တပ်ရပ်နေပြီး ခံစားချက်ကင်းမဲ့သောအသံဖြင့် လျန်ရန်အာကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"သခင်ယုကို သတင်းပို့ပါတယ်။ အရာအားလုံး အသင့်ပါပဲ"
သူမက အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူမက တစ်ခုခုပြောရန် ကြိုးစားနေခဲ့သည်။
"ပြောစမ်း"
ယုလု၏ အေးစက်စက်အမိန့်သံ ထွက်ပေါ်လာသည်။
"ကျွန်တော်မျိုးမက ပုံရိပ်ယောင်ပုလဲကို တွေ့ထားပါတယ်"
လျန်ရန်အာက ယုလု ဒေါသထွက်မည်ကို စိုးရွံ့နေဟန်ဖြင့် ဂရုတစိုက် လျှောက်တင်လိုက်၏။
"နတ်မိုးကြိုးမြို့တော်ကို သိမ်းပိုက်ပြီးရင် ပုံရိပ်ယောင်ပုလဲက မင်းအပိုင်ပဲ"
ယုလုက တော်ဝင်မြို့တော်အစည်းအဝေးထက် ပို၍စကားပြောဆိုနေသော်လည်း စကားတစ်လုံးက ရွှေထက်ပို၍ အဖိုးတန်ဟန်ဖြင့် နည်းပါးစွာ ထွက်ပေါ်နေသည်။
"ကျေးဇူးအများကြီးတင်ပါတယ် သခင်"
လျန်ရန်အာက ပုံရိပ်ယောင်ပုလဲအပေါ် လောဘတက်နေသောကြောင့် ပျော်ရွှင်နေခဲ့သည်။ ယုလုက လက်နှစ်ဖက်ကိုနောက်ပစ်၍ ပြတင်းပေါက်မှတဆင့် နတ်မိုးကြိုးမြို့တော်ကို ကြည့်ရှုနေသည်။ သူ၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်သည့် ငရဲသားတစ်ကောင်ပမာ အေးစက်တင်းမာနေသည်။ သူက မြို့တော်အတွင်း မည်သို့ရောက်နေကြောင်းကို မည်သူမှမပြောနိုင်ပေ။ ပိုမေ့နှင့် အဆင့်နှစ်ပိုင်နက် ပိုင်ရှင်များပင် ယုလုရောက်ရှိနေကြောင်း သတိမထားမိခဲ့ပေ။
မြို့ရိုးပေါ်ရှိ ထောင့်တစ်နေရာတွင် ယဲ့ချန်၊ လောင်ရင်နှင့် ပိုလင်းတို့က တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေကြသည်။ ယဲ့ချန်က ဉာဏ်အလင်းပွင့်နေသဖြင့် ဘုန်းတော်ကြီးအိုတစ်ပါးပမာ မလှုပ်မယှက်ထိုင်နေခဲ့သည်။ သူတို့ကိုမြင်သောအခါ ကျန်းလီက အနီးသို့ ချဥ်းကပ်လာသဖြင့် ယဲ့ချန်၏မျက်လုံးများ ပွင့်လာခဲ့သည်။
"ညီလေးချန် အဆင့်နှစ်ပိုင်နက်ကို နားလည်နေပြီလား"
ကျန်းလီက တစ်ချက်ပြုံး၍ မေးလိုက်သည်။
"ကျုပ် နည်းနည်းပဲ နားလည်နိုင်ပါသေးတယ်။ ခေါင်းဆောင်ကျန်းအတွက် ဟားစရာဖြစ်နေပါပြီ"
ယဲ့ချန်သည် ကြယ်ပိုင်နက်ကို နားလည်ကာစဖြစ်သောကြောင့် အဆင့်နှစ်ပိုင်နက်အကြောင်း အနည်းငယ်ပို၍သိလာသော်လည်း အလွန်နည်းပါးနေဆဲသာဖြစ်သည်။ အဆင့်နှစ်ပိုင်နက်တစ်ခုကို ထုတ်ဖော်နိုင်ရန် မလွယ်ကူပေ။ ထို့အပြင် သူက ထူးကဲအဆင့်တစ် ကျင့်ကြံသူသာဖြစ်သည်။ အဆင့်နှစ်ပိုင်နက်ကို ထုတ်ဖော်နိုင်ရန်အတွက် ကျင့်ကြံသူတစ်ယောက်က အနည်းဆုံး ထူးကဲအဆင့်သုံးသို့ ရောက်ရန် လိုအပ်သည်။
"ဝိညာဥ်နဲ့ နှလုံးသားက ဆက်နွယ်နေတယ်။ ငါ့မျိုးဆက်ကျင့်ကြံသူတွေဟာ နှလုံးသား၊ စိတ်နဲ့ ဝိညာဥ်ကို ကျင့်ကြံကြတယ်။ နှလုံးက ရုပ်ခန္ဓာ၊ စိတ်က ဝိညာဥ်အသိစိတ်နဲ့ ဝိညာဥ်က ဝိညာဥ်စွမ်းအင်ကို ကိုယ်စားပြုတယ်။ ဝိညာဥ်ရဲ့အတွင်းပိုင်းမှာ နယ်မြေတစ်ခုရှိပြီး မင်းက ဒါကိုထိတွေ့နိုင်ရင် နတ်ဘုရားအဆင့်ကို ထိတွေ့နိုင်လာလိမ့်မယ်။ ဝိညာဥ်နဲ့ နှလုံးသားကို ကောင်းကောင်းမွန်မွန်ဆက်သွယ်နိုင်ရင် လောကကြီးရဲ့အရှိန်အဝါကို ချိုးဖျက်ပြီး ပိုင်နက်ကို ဖန်တီးနိုင်လာလိမ့်မယ်"
ကျန်းလီက အဝေးသို့မျှော်ကြည့်ရင်း ယဲ့ချန်ကို သင်ကြားပြသပေးခဲ့သည်။
"ခေါင်းဆောင်ကျန်းရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ကျန်းလီ၏စကားကြောင့် ယဲ့ချန်က နားလည်မှုအသစ်များ တိုးပွားလာခဲ့သည်။ သူက ထူးကဲအဆင့်သို့ရောက်ရန် ချီပင်လယ်အဆင့် ရန်ဟိုင်၏အကူအညီကို ရယူခဲ့သည်။ ထို့ကြောင့် ထူးကဲအဆင့်နှင့်ပတ်သက်သော အသိဉာဏ်အရာတွင် ချို့တဲ့နေခဲ့သည်။
"ပိုင်နက်အဆင့်နှစ်ကို နားလည်နိုင်ဖို့ဆိုရင် ဝိညာဥ်က ဒီထက်ပိုပြီး သန့်စင်ရမယ်။ ခန္ဓာကိုယ်နဲ့ ဝိညာဥ်ကို ဆက်သွယ်နိုင်ပြီဆိုရင် သေချာတဲ့ ဖြစ်နိုင်ချေတစ်ခု ရှိလာလိမ့်မယ်"
ကျန်းလီက ထပ်မံညွှန်ကြားလိုက်သည်။ သာမန်ကျင့်ကြံသူတစ်ယောက်အတွက် ပိုင်နက်အဆင့်နှစ်ကို နားလည်ရန် အလွန်ခက်ခဲနိုင်သော်လည်း ယဲ့ချန်၏ပါရမီက ကွဲပြားခြားနားနေသည်။ သူက ဤလူငယ်လေးအပေါ် အကောင်းမြင်စိတ်ရှိသည်။
ယဲ့ချန်က စိတ်လှုပ်ရှားသွားခဲ့သည်။ ခန္ဓာကိုယ်နှင့် ဝိညာဥ် တစ်သားတည်းဖြစ်စေရန် သူက ပေါင်းစပ်နိုင်ပြီးဖြစ်သည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ ထူးခြားသော အစွမ်းကြောင့် သူက ဤအခြေအနေကို အောင်မြင်ထားခဲ့သည်။ ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် စိတ်နှင့် ဝိညာဥ်ပေါင်းစပ်ရာတွင် ယဲ့ချန်ကို မမီနိုင်ချေ။ သူက ဤအဆင့်ကို အောင်မြင်ထားသော်လည်း အဆင့်နှစ်ပိုင်နက်ကို ထုတ်ဖော်နိုင်ရန်အတွက် တစ်ခုခုလိုအပ်နေပုံပေါ်သည်။ ကျန်းလီ၏စကားများက သူ့အတွက် အကျိုးရှိစေခဲ့သည်။ ထိုအချိန်တွင် သူ၏လက်ဝါးပေါ်ရှိ ကောင်းကင်ကြယ်တာရာတံဆိပ်က ရုတ်တရက်လင်းလက် တောက်ပလာသည်။
"ယဲ့ချန် သမာဓိကောင်စီက နတ်မိုးကြိုးမြို့တော်ထဲကို ရောက်နေပြီ။ မကြာခင် စစ်ပွဲစတော့မယ်။ မင်းသာ သတိမထားရင် ဘယ်လိုသေသွားလဲဆိုတာတောင် မသိဘဲနေမယ်။ ဟိုနတ်ဆိုးမြေခွေးမက သစ္စာဖောက်တစ်ယောက် ဖြစ်နေတယ်။ ပွဲကတော့ ကြည့်ကောင်းပြီ"
ခြင်္သေ့ကြီး၏စကားသံက လေးလေးနက်နက် ထွက်ပေါ်လာခဲ့သည်။
"ခေါင်းဆောင်ကျန်း သမာဓိကောင်စီရဲ့ ခေါင်းဆောင်တစ်ယောက် မြို့ထဲကို ရောက်နေပြီ။ အရှင်ပိုကို အမြန်ဆုံး သတင်းပို့ပေးပါ"
ယဲ့ချန်က ချက်ချင်းထရပ်၍ ကျန်းလီကို သတိပေးလိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အရှေ့ပိုင်းတိုက်ကြီးမှာ ဘယ်သူကမှ နတ်မိုးကြိုးမြို့တော်ရဲ့ ကာကွယ်ရေးအစီအရင်ကို မထိုးဖောက်နိုင်ပါဘူး။ ရန်သူက မြို့ထဲမှာ အရင်တည်းက ပုန်းအောင်းနေတာ ဖြစ်နိုင်မလား"
ယဲ့ချန်၏စကားကြောင့် ကျန်းလီက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအချိန်တွင် ပိုမေ့နှင့် ရှထုံတန်း၏ ဝိညာဥ်အသိစိတ်များက အနီးအနားတွင်ရှိနေသောကြောင့် ယဲ့ချန်နှင့် ကျန်းလီ ပြောဆိုနေသမျှကို သိရှိသွားကြသည်။
"ယုလုက နတ်မိုးကြိုးမြို့တော်ထဲကို ရောက်နေတယ်"
ဤသတင်းက အလွန်ထိတ်လန့်စရာကောင်းသည်။ သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်တွင် ကြောက်စရာအကောင်းဆုံးမှာ နောက်ခံမသိရသော ယုလုဖြစ်သည်။ ထို့ကြောင့် ပိုမေ့နှင့် ရှထုံတန်းကဲ့သို့ အစွမ်းထက်ကျင့်ကြံသူများပင် တုန်လှုပ်သွားကြသည်။ သူတို့က ယဲ့ချန်၏စကားကြောင့် လျန်ရန်အာနေထိုင်သော မိုးကြိုးနက်ခြံဝန်းထံ ဝိညာဥ်အသိစိတ်ကို စေလွှတ်လိုက်ကြသည်။ ကျန်းလီသည်လည်း မြို့ရိုးပေါ်မှ ခုန်ပျံကျော်လွှား၍ ထိုနေရာသို့ ဦးတည်သွားခဲ့သည်။ အကယ်၍ သူတို့သာ ယုလုကို အချိန်မီမတားမြစ်နိုင်ခဲ့လျှင် နတ်မိုးကြိုးမြို့တော်က အချိန်မရွေး၊ အတွင်းအပြင်နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံရကိန်းရှိနေသည်။ ယုလုသည် နတ်မိုးကြိုးမြို့တော်အတွင်း ရှိနေသည်ကို အဆင့်နှစ်ပိုင်နက်ကို နားလည်ထားသော ခေါင်းဆောင်များပင် သတိမထားမိခဲ့ပေ။ သို့သော် လက်ရှိတွင် သူတို့၌ ယဲ့ချန်ကို ဤအကြောင်းမေးခွန်းထုတ်ရန် အချိန်မရှိပေ။
ယဲ့ချန်နှင့်အနီးတွင် ထိုင်နေသော ပိုလင်းနှင့် လောင်ရင်သည်လည်း သူ၏စကားများကြောင့် တုန်လှုပ်သွားကြသည်။ သူတို့က ယဲ့ချန် မည်သို့သိရှိနေကြောင်းကို မေးခွန်းထုတ်လိုသော်လည်း အချိန်အခါမသင့်သောကြောင့် ချက်ချင်းထရပ်လိုက်ကြသည်။ ထို့နောက် ယဲ့ချန်၊ ပိုလင်းနှင့် လောင်ရင်က ကျန်းလီနောက်သို့ ချက်ချင်းလိုက်ပါသွားကြကာ မိုးကြိုးနက်ခြံဝန်းထံ ဦးတည်လိုက်ကြသည်။
"သခင် သူတို့ကဒီ အကြောင်း ရှာတွေ့သွားကြပြီ"
ခြံဝန်းအတွင်း လျန်ရန်အာသည် ယဲ့ချန်တို့၏လှုပ်ရှားမှုကို အာရုံခံမိလိုက်သောကြောင့် မျက်နှာထားက အေးစက်သွားကာ ယုလုထံ လျှောက်တင်လိုက်၏။ အစွမ်းထက်အရှိန်အဝါသုံးခုက ခြံဝန်းထံ ကျဆင်းလာနေပြီး ပိုမေ့၊ ရှထုံတန်းနှင့် ကျန်းလီတို့ဖြစ်သည်။
"အစီအစဥ်အတိုင်း ဆက်လုပ်။ မင်း ထွက်သွားနိုင်ပြီ"
ယုလုက ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် လေပေါ်သို့ပျံတက်သွားကာ အေးစက်စက်အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့။ သတိထားပါ သခင်"
လျန်ရန်အာက အမိန့်နာခံလိုက်သည်။ သူမက ယုလုအပေါ်တွင် အလွန်အမင်းယုံကြည်နေကာ နေရာမှ ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
ခြံဝန်း၏အထက် ကောင်းကင်တွင် ပုံရိပ်သုံးခု ချက်ချင်းရောက်ရှိလာကာ ယုလုသည် ဓားအိမ်အတွင်းမှ ဆွဲမထုတ်ရသေးသော ဓားတစ်လက်ကဲ့သို့ အရှိန်အဝါကို ပေးစွမ်းနေသည်။
"နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပဲ"
ယုလု၏အသံက လေဟာနယ်အတွင်းမှ ထွက်ပေါ်လာပုံပေါ်သည်။
"နောက်ဆုံးတော့ ငါးကြီးကြီးတစ်ကောင် မိနေပါလား။ ယုလု မင်းထွက်ပြေးဖို့ စဥ်းတောင်မစဥ်းစားနဲ့"
ရှထုံတန်းက အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲတွင် အဝါရောင်သဲများကို စုစည်းလိုက်သည်။
"ဒီကောင်နဲ့ စကားများမနေနဲ့။ သတ်ကွာ။ ငါ့သွေးသောက်ဓားချက်ကို မြည်းကြည့်စမ်း"
ကျန်းလီ၏ညာလက်တွင် ဧရာမဓားတစ်လက် ထွက်ပေါ်လာသည်။ သူက အော်ဟစ်ကြုံးဝါး၍ ခုတ်ပိုင်းလိုက်သောအခါ သွေးနီရောင်ဓားအလင်းတစ်ခုက ကောင်းကင်ကိုပိုင်းဖြတ်မည့်ဟန်ဖြင့် ထွက်ပေါ်လာကာ ယုလုထံ ကျဆင်းလာသည်။ ဤဓားကား စစ်နတ်ဘုရားကျောင်းတော်၏ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသော သွေးသောက်ဓားဖြစ်သည်။ ယုလု၏ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုပမာ ပြောင်းလဲသွားပြီး ဓားအလင်းက ကျော်ဖြတ်သွားကာ အန္တရာယ်မပေးနိုင်ခဲ့ချေ။ အချိန်ခဏအတွင်း ယုလု၏ပုံရိပ်က အကောင်းပကတိအတိုင်း ပြန်လည်ဖြစ်ပေါ်လာသည်။
"ဒါက ဟင်းလင်းပြင်ဆိုင်ရာ လျှို့ဝှက်ကျင့်စဥ်တစ်ခုပဲ"
ယုလုက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေသောကြောင့် ပိုမေ့ပင် ရင်ထိတ်သွားခဲ့သည်။ တစ်ဖက်လူက ဟင်းလင်းပြင်လျှို့ဝှက်ကျင့်စဥ်ကို အဆင့်သုံးအထိ အောင်မြင်ထားပုံပေါ်သည်။ ယုလု၏ပုံရိပ် ပြန်လည်ထွက်ပေါ်လာချိန်တွင် ပိုမေ့နှင့် တစ်ထပ်တည်းတူညီသော ပုံရိပ်က ယုလုနောက်တွင် ထွက်ပေါ်လာသည်။ ပိုမေ့နောက်တစ်ယောက်က ယုလု၏လည်ပင်းကို လက်ဖြင့်ဆုပ်ကိုင်၍ ချေမွပစ်လိုက်သည်။
"ဂျွတ်"
အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာသည်။ မြို့တော်အတွင်းရှိ ကျင့်ကြံသူများက ကောင်းကင်ရှိပုံရိပ်လေးခုကို စိုက်ကြည့်နေကြပြီး အစိုးရိမ်ကြီးနေကြသည်။ ဤကား နတ်မိုးကြိုးမြို့တော်၏ သေရေးရှင်ရေးကို ဆုံးဖြတ်နိုင်သော အစွမ်းထက်ကျင့်ကြံသူများ၏ တိုက်ပွဲဖြစ်သည်။ ယုလုသေပြီဟု လူတိုင်းက ထင်မှတ်လိုက်ကြသော်လည်း သူ၏ပုံရိပ်က အစိတ်စိတ်အပိုင်းပိုင်း ကွဲထွက်သွားကာ ခဏအကြာတွင် မီတာတစ်ထောင်အဝေး၌ အထိအခိုက်မရှိ၊ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ပိုမေ့၏တိုက်ကွက်က ယုလုအပေါ် အကျိုးသက်ရောက်မှု မရှိပေ။
ယဲ့ချန်သည် ယုလု၏တည်နေရာကို ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံရန် ကြိုးစားလိုက်သော်လည်း မြူခိုးများကိုသာ တွေ့ရှိခဲ့ရပြီး ခြေရာခံရန် မဖြစ်နိုင်ချေ။ အဆင့်နှစ်ပိုင်နက်တစ်ခု၏အစွမ်းက ယုလုကို လွှမ်းခြုံထားပြီး အချိန်နှင့် လေဟာနယ်က သူ့အနီးတွင် တွန့်လိမ်နေသည်။ ထို့ကြောင့် သူ့ကိုထိခိုက်အောင် တိုက်ခိုက်ရန်အတွက် ပိုင်နက်တစ်ခု၏စွမ်းအား လိုအပ်သည်။ ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းတို့က အော်ဟစ်ကြုံးဝါး၍ ပိုင်နက်ကိုယ်စီ ထုတ်ဖော်လိုက်ကြသည်။ ကောင်းကင်တွင် အစွမ်းထက်ပိုင်နက်လေးခုက အချင်းချင်းပွတ်တိုက်နေကြသဖြင့် မီးပွားများ ထွက်ပေါ်လာသည်။ ကောင်းကင်က ချက်ချင်း လေးပိုင်းကွဲထွက်သွားသကဲ့သို့ ထင်မှတ်ရသည်။ ကြီးမားသော လျှပ်စီးတန်းကြီးများပင် ပိုင်နက်များအနီးတွင် အပိုင်းပိုင်းအစစဖြစ်ကုန်ပြီး ၎င်းတို့၏ဧရိယာအတွင်း မထိုးဖောက်နိုင်ခဲ့ပေ။
"ဘန်း ဘန်း ဘန်း"
ပိုင်နက်လေးခု၏ တိုက်ပွဲကြောင့် နတ်မိုးကြိုးမြို့တော်က တုန်လှုပ်သွားပြီး ကမ္ဘာပျက်မတတ်စွမ်းအားများ ထွက်ပေါ်လာသည်။ အချိန်တိုင်းထွက်ပေါ်နေသော ချီလှိုင်းအချို့ကြောင့် မြို့အတွင်းရှိ မြင့်မားသောမျှော်စင်အချို့က ခဏအတွင်း ထက်ပိုင်းပြတ်ထွက်သွားကြသည်။
"ဘုန်း"
အချို့မျှော်စင်များက မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲ ပြိုကျသွားကြသည်။ ထူးကဲအဆင့်ခြောက်အထက် ကျင့်ကြံသူလေးယောက်၏ ပိုင်နက်ချင်းရင်ဆိုင်တိုက်ပွဲသည် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေခဲ့လေသည်။