← Chapters

ကာကွယ်ရေးအစီအရင် ထိန်းချုပ်ရေး လျှပ်စီးတိုင်လုံးများ

Vol. 36 Ch. 495

ကာကွယ်ရေးအစီအရင် ထိန်းချုပ်ရေး လျှပ်စီးတိုင်လုံးများ

Vol. 36 Ch. 495

နတ်မိုးကြိုးမြို့တော်အတွင်း နေထိုင်သူများသည် ကောင်းကင်ရှိ တိုက်ခိုက်နေသော ပုံရိပ်များအစား တရိပ်ရိပ်ရွေ့လျားနေသော အရိပ်များကိုသာ တွေ့နေရသည်။ အလွန်နည်းပါးသော ထူးကဲအဆင့်အချို့သာ ယုလုတစ်ယောက်တည်းက ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းကို ယှဥ်ပြိုင်နိုင်နေကြောင်း တွေ့နိုင်ကြသည်။ သူက အောက်စည်းသို့ရောက်ရှိသွားမည့် လက္ခဏာ လုံးဝမရှိချေ။ အချိန်ကြာမြင့်လာသော် ယုလု၏ပတ်လည်တွင် နတ်မိစ္ဆာကြီးတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာသဖြင့် မိစ္ဆာတစ်ကောင်ပမာ ထင်မှတ်မှားရသည်။ ယုလု၏မျက်နှာက အလွန်အမင်းတည်ငြိမ်နေပြီး တစ်ခါတရံ မျက်လုံးများမှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာတတ်သည်။ ပိုမေ့တို့သုံးယောက်သည် ၎င်းတို့ကြောင့် မီးတောက်သစ်နက်မျိုးနွယ်ခေါင်းဆောင် ဟေးယု အသတ်ခံလိုက်ရသည်ကို မြင်ဖူးထားသောကြောင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိပေ။ ယုလု၏ခွန်အားက သူတို့ထင်ထားသည်ထက် များစွာပို၍သန်မာနေကာ ပိုမေ့တစ်ယောက်တည်းသာ လက်ရည်တူနီးပါး တိုက်ခိုက်နိုင်ခဲ့သည်။ ရှထုံတန်းနှင့် ကျန်းလီမှာ ပိုမေ့၏အကူများအဖြစ်သာ တိုက်ပွဲဝင်နေကြရသည်။

"ဘုန်း ဘုန်း ဘုန်း"

နတ်မိုးကြိုးမြို့တော်၏ အဆောက်အအုံများက တိုက်ပွဲ၏အကျိုးသက်ရောက်မှုကြောင့် ပျက်စီးပြိုကျနေသည်။ ၎င်းတို့ကို ရွှေသက်သက်ဖြင့် ပြုလုပ်ထားသောကြောင့် အလွန်အမင်းသန်မာသော်လည်း အစွမ်းထက်ကျင့်ကြံသူများ၏ ပိုင်နက်အောက်တွင် တို့ဟူးများပမာ ပျော့ဖတ်သွားကြသည်။ ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများက အလန့်တကြား ထွက်ပြေးလိုက်ကြသော်လည်း နတ်အဆင့်ကျင့်ကြံသူများ မဆိုထားနှင့်၊ အဆုံးမဲ့အဆင့်ကျင့်ကြံသူများပင် လွတ်မြောက်အောင် မပြေးနိုင်သောအခါ လောကကြီးပေါ်မှ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့ကြသည်။ ကောင်းကင်ပေါ်ရှိ တိုက်ပွဲက ပိုမိုပြင်းထန်လာကာ လူတိုင်း၏အာရုံက ၎င်းအပေါ် ကျရောက်နေသည်။

"အရှင်အနိုင်ရဖို့ မျှော်လင့်ပါတယ်"

ပိုလင်း၏မျက်လုံးများက တောက်ပနေသည်။ မိုးကြိုးသားရဲမျိုးနွယ်ဝင်များ၏ အမြင်တွင် ပိုမေ့က ပြိုင်ဘက်ကင်းကျင့်ကြံသူဖြစ်သည်။ လောင်ရင်သည်လည်း အံကြိတ်ပြီး တိုက်ပွဲကို စိုးရိမ်စွာစောင့်ကြည့်နေသည်။ ပိုမေ့သာ ရှုံးနိမ့်သွားလျှင် မိုးကြိုးမျိုးနွယ်က အဆုံးသတ်သွားပေလိမ့်မည်။

"လျန်ရန်အာ ဘယ်မှာလဲ"

ယဲ့ချန်သည် လျန်ရန်အာ ပျောက်ကွယ်နေကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။ သူက မျက်မှောင်ကြုတ်၍ မြို့တော်တစ်ခုလုံးကို ဝိညာဥ်အသိစိတ် ဖြန့်ကျက်လိုက်၏။

"အမကြီး လျန်ရန်အာက တစ်ခုခုကြံစည်နေတာ ဖြစ်ရမယ်။ ကျုပ်နဲ့အတူ သူမကို လိုက်ရှာရမယ်"

ယဲ့ချန်၏စကားကြောင့် ပိုလင်းရော လောင်ရင်ပါ ရင်ထိတ်သွားကာ မျက်နှာပျက်သွားကြသည်။ ခြင်္သေ့ကြီး၏အကူအညီဖြင့် လျန်ရန်အာကို ခဏအတွင်း ရှာတွေ့ခဲ့ပြီးနောက် ယဲ့ချန်တို့သုံးယောက်က ပိုမေ့၏နန်းတော်ထံ ဦးတည်လိုက်ကြသည်။

နန်းတော်အတွင်း၌ ပိုလဲ့က တင်ပျဥ်ခွေထိုင်နေပြီး သူ၏ပတ်ဝန်းကျင်တွင် လျှပ်စီးများ စီးဆင်းနေသည်။ သူက အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကိုသိသော်လည်း ပိုမေ့၏အမိန့်ဖြင့် နန်းတော်ကိုကာကွယ်ရန် တာဝန်ကျနေခဲ့သည်။ သူ၏နောက်တွင် ကာကွယ်ရေးအစီအရင်ကို ထိန်းချုပ်ရာတွင် အဓိကကျသော လျှပ်စီးတိုင်လုံးကြီးများ ရှိနေသည်။ ထိုအချိန်တွင် နန်းတော်အတွင်း လျန်ရန်အာဦးဆောင်သော ကျင့်ကြံသူတစ်စု ကျူးကျော်ဝင်ရောက်လာကြသည်။ ထိုကျင့်ကြံသူများကြားတွင် ပိုဖန်းလည်း ပါဝင်နေသည်။ သူတို့အားလုံးက ပိုလဲ့ထံ တိုက်ရိုက်ချဥ်းကပ်လာကြသည်။

"အစ်ကိုကြီး သခင်ယုက မြို့တော်ထဲကို ရောက်နေပြီ။ ပိုမေ့က သူ့ကို ဘယ်လိုမှယှဥ်နိုင်မှာမဟုတ်ဘူး။ မင်းသာ ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် မိုးကြိုးမျိုးနွယ်ရဲ့ ဘုရင်အသစ် ဖြစ်လာစေရမယ်"

ပိုဖန်းက ရှေ့သို့ ခြေလှမ်းအနည်းငယ်တက်၍ ပိုလဲ့အား ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။ ပိုဖန်း၏စကားကို ကြားသောအခါ ပိုလဲ့၏မျက်နှာက ရုတ်ချည်းအေးစက်တင်းမာလာကာ အကြည့်စူးစူးဖြင့် စိုက်ကြည့်လာခဲ့သည်။

"အစ်ကိုကြီးက လောင်ရင်ကို ကြိုက်နေတယ်ဆိုတာ ကျုပ် သိပါတယ်။ တကယ်လို့ မင်းသာ ဘုရင်ဖြစ်လာရင် သူမက ဘယ်လိုလုပ်ဆန့်ကျင်ရဲတော့မှာလဲ။ ပြီးတော့ အစ်ကိုကြီးလိုချင်တယ်ဆိုရင် ကျုပ်က ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမကို အတူမျှဝေပေးဖို့ ဆန္ဒရှိပါတယ်"

ပိုလဲ့၏အကြည့်ကို ပိုဖန်းက မမြင်ချင်ဟန်ဆောင်၍ ထပ်မံတိုက်တွန်းလိုက်သည်။ သူက အနီးရှိလျန်ရန်အာကို တဏှာခိုးဝေသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ တံတွေးမျိုချလိုက်သည်။ ထို့နောက် ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရဟန်ဖြင့် တစ်လုံးချင်းပြောလိုက်သည်။

"ငါက ခွန်အားနဲ့ အာဏာအတွက် ဘာမဆိုလုပ်နိုင်ပေမယ့် မျိုးနွယ်ကို သစ္စာဖောက်တဲ့အထိ အရှက်မမဲ့ဘူး။ ခွေးသစ္စာဖောက် မင်းသေရမယ်"

ပိုလဲ့က ဒေါသတကြီး ကြုံးဝါးလိုက်သည်။ ပိုဖန်းနှင့်အတူ လိုက်ပါလာသော လျန်ရန်အာ၏ပုံရိပ်ယောင်ကို ခုခံရန်အတွက် သူ၏ပိုင်နက်အဆင့်တစ်ကိုလည်း အသက်သွင်းလိုက်သည်။

"မဟာအကြီးအကဲပိုလဲ့ အဓိပ္ပါယ်မရှိ ခုခံနေလို့ရော ဘာထူးမှာလဲ။ မိုးကြိုးမျိုးနွယ်က သမာဓိကောင်စီကို သေချာပေါက်တွန်းလှန်နိုင်မယ်လို့ ရှင် ထင်နေတာလား"

လျန်ရန်အာက တစ်ချက်ပြုံး၍ ဝင်ပြောလိုက်ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမက ပုံရိပ်ယောင်ချီများ ထုတ်လွှတ်ထားပြီး ပိုလဲ့အား သွေးမြေမကျဘဲ ဆွဲဆောင်သိမ်းသွင်းနိုင်ရန် ကြိုးစားနေသည်။

"မိုးကြိုးမျိုးနွယ်က သမာဓိကောင်စီကို ဆန့်ကျင်နိုင်မလားဆိုတာကို ငါ မသိဘူး။ ဒါပေမယ့် ငါအသက်ရှင်နေသရွေ့ သမာဓိကောင်စီကို တိုက်ခိုက်သွားမယ်။ မင်းတို့ရဲ့ခွေးအိုကြီးသုံးကောင်က အရှင့်ကို ရင်ဆိုင်နိုင်မယ်လို့ တကယ်ကြီးထင်နေကြတာလား အရူးတွေ။ အရှင်သာ ခွန်အားအလုံးစုံကို ထုတ်ဖော်လိုက်ရင် သုံးယောက်လုံး သေချာပေါက်သေရလိမ့်မယ်"

ပိုလဲ့၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေကာ လျန်ရန်အာ ထုတ်ဖော်ထားသော ပုံရိပ်ယောင်ကို ဆက်တိုက်တွန်းလှန်နိုင်နေခဲ့သည်။

"ခေါင်းမာလိုက်တဲ့အဘိုးကြီး ဒီလိုဆိုရင် ငရဲကို ပို့ပေးရမှာပေါ့"

လျန်ရန်အာ၏ မျက်နှာထားက အေးစက်တင်းမာသွားသည်။ သူမထံတွင် ဖြုန်းစရာအချိန် မရှိသောကြောင့် အမိန့်ပေးလိုက်သောအခါ ထူးကဲအဆင့် ကျင့်ကြံသူသုံးယောက် ရှေ့သို့ ခုန်ထွက်လာကြသည်။ သုံးယောက်လုံးက သက်ဆိုင်ရာအင်အားစုများ၏ ခေါင်းဆောင်များဖြစ်ပြီး မျက်ဝန်းများအတွင်း၌ ရှုပ်ထွေးမှုများ ရှိနေသည်။ သူတို့ကို လျန်ရန်အာက ပုံရိပ်ယောင်ဖြင့် ထိန်းချုပ်ထားသောကြောင့် အသိစိတ် ပျောက်နေကြခြင်းဖြစ်သည်။ ပိုလဲ့ကလည်း အော်ဟစ်ကြုံးဝါး၍ ကိုယ်တွင်းမှ လျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာကာ ရန်သူသုံးယောက်ကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

"တစ်ယောက်ယောက် လာနေပြီ။ ပိုလဲ့ကို မြန်မြန်သတ်မှဖြစ်မယ်"

လျန်ရန်အာသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သောကြောင့် မောက်မာနေသော မျက်နှာထက်တွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ သူမ၏ကိုယ်တွင်းမှ ပုံရိပ်ယောင်ချီများ ထပ်မံထွက်ပေါ်လာကာ ပိုလဲ့ကို အဝေးမှတိုက်ခိုက်လိုက်သည်။

"ဖူး"

ပိုလဲ့မှာ အာရုံစူးစိုက်မှု လွတ်ကင်းသွားသဖြင့် ရန်သူတစ်ယောက်၏ တိုက်ခိုက်ခြင်းခံလိုက်ရသောအခါ ကိုယ်ပေါ်တွင် အပေါက်နှစ်ခုဖြစ်ပေါ်လာကာ သွေးချင်းချင်းနီသွားခဲ့သည်။ သူ၏နောက်တွင်ရှိသော လျှပ်စီးတိုင်လုံးအချို့လည်း ပျက်စီးသွားသောကြောင့် ကာကွယ်ရေးအစီအရင်က အနည်းငယ်လှုပ်ခတ်သွားခဲ့၏။ သို့သော် ၎င်းက အစွမ်းထက်နေဆဲဖြစ်သောကြောင့် ပျက်စီးသွားရန် မလွယ်ချေ။ ထိုအချိန်တွင် ယဲ့ချန်တို့သုံးယောက်က နန်းတော်အတွင်း လှစ်ခနဲ ရောက်ရှိလာကြသည်။

"ပိုလင်း သစ္စာဖောက်ပိုဖန်းနဲ့ ဒီကောင်မကို သတ်စမ်း။ လျှပ်စီးတိုင်လုံးတွေကို ကာကွယ်"

ပိုလင်း ရောက်ရှိလာမှုကြောင့် ပိုလဲ့၏မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့သည်။ သူက ရန်သူသုံးယောက်ကိုတိုက်ခိုက်နေရင်း အော်ဟစ်သတိပေးလိုက်သည်။ ယဲ့ချန်က သူ၏စကားကိုကြားသောအခါ လျန်ရန်အာကို လူသတ်လိုစိတ်ဖြင့်စိုက်ကြည့်၍ မိစ္ဆာဝံပုလွေဆေဘာကို ဆွဲထုတ်လိုက်သည်။ သူ့ထံတွင် စိတ်သန့်စင်ကျောက်မျက်ရှိသောကြောင့် ပုံရိပ်ယောင်ကိုဆန့်ကျင်ရန် အခက်အခဲမရှိပေ။ ပိုလင်းသည်လည်း ထျန်းယွမ်ဓားကိုဆွဲထုတ်၍ ရှေ့သို့ပြေးတက်သွားခဲ့ပြီး လောင်ရင်လည်း ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ နန်းတော်အတွင်း၌လည်း ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

"သခင်ယုရဲ့အကြံအစည်ကို နှောင့်ယှက်သူမှန်သမျှ သေရမယ်"

လျန်ရန်အာ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်ကြောင့် ရဲရဲနီနေသည်။ သူမနှင့်အတူလိုက်ပါလာသော ကျင့်ကြံသူများက လောင်ရင်နှင့် ပိုလင်းကို တားမြစ်လိုက်ကြသည်။ သူမက မူလအသွင်ဖြစ်သော အမြှီးကိုးချောင်းမြေခွေးသဏ္ဍာန် ပြောင်းလဲကာ ယဲ့ချန်ကို လက်သည်းများဖြင့် ကုတ်ချလိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာကာ ယဲ့ချန်၏ဆေဘာနှင့် မြေခွေးလက်သည်းများ တွေ့ဆုံသွားခဲ့သည်။ နှစ်မီတာမြင့်သော မြေခွေးကြီး၏ခွန်အားကြောင့် ဆေဘာကို လက်မှလွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ လျန်ရန်အာ၏တစ်ကိုယ်လုံးက အနီရောင်တောက်နေသော်လည်း နက်မှောင်နေသော မျက်ဝန်းများတွင် မိစ္ဆာချီများ ရစ်သိုင်းနေသည်။

"ဒီအဘွားကြီးကလည်း မိစ္ဆာကျင့်စဥ်ကို ကျင့်ကြံထားတယ်ပေါ့"

ယဲ့ချန်၏မျက်နှာက လေးနက်သွား၍ ကြယ်ပိုင်နက်ကို ရန်သူထံ ဦးတည်ထုတ်ဖော်လိုက်သည်။ လျန်ရန်အာကလည်း သူမ၏အဆင့်တစ်ပိုင်နက်နှင့် ကြယ်ပိုင်နက်ကို ခုခံသည်။ ပိုင်နက်နှစ်ခု၏စွမ်းအားများက ခန်းမအတွင်း ထွက်ပေါ်လာပြီးနောက် ထူးကဲအဆင့်ကျင့်ကြံသူအချို့ပင် အပိုင်းပိုင်းအစစဖြစ်အောင် ဆွဲဖြဲခံလိုက်ရသည်။ လောင်ရင်ခမျာ ပိုင်နက်များအကြား အသက်ပါမသွားစေရန် ကြိုးကြိုးစားစား ခုခံနေရသည်။

"သေစမ်း"

ပိုလင်း၏ကျောနောက်ဘက်တွင် လျှပ်စီးတောင်ပံများ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်တွင် လျှပ်စီးများ ပြည့်နှက်နေသည်။ သူမက မိုးကြိုးနတ်ဘုရားကဲ့သို့ ဆင်းသက်လာကာ ပိုလဲ့နှင့်တိုက်ခိုက်နေသော ရန်သူများကို ထျန်းယွမ်ဓားနှင့် ပိုင်းချလိုက်သည်။ နှစ်ဖက်လုံးက အင်အားချင်းညီမျှသယောင်ဖြစ်နေသောကြောင့် ပတ်ဝန်းကျင်၌ လေထုက တင်းမာနေသည်။ ထိုအချိန်တွင် အဝေးမှ ပေါက်ကွဲသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသောကြောင့် မြို့တော်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

နတ်မိုးကြိုးမြို့တော်အတွင်း ထိန်းချုပ်ရေးလျှပ်စီးတိုင်လုံး ခြောက်ခုရှိပြီး သုံးခုက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ အကယ်၍ ၎င်းတို့ကိုသာ သုံးနာရီအတွင်း ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိလျှင် ကာကွယ်ရေးအစီအရင်က အလွန်အမင်းအားနည်းသွားပေလိမ့်မည်။ ထို့နောက် သမာဓိကောင်စီဘက်မှ စစ်ပွဲစတင်လာလျှင် နတ်မိုးကြိုးမြို့တော်ရှိ ကျင့်ကြံသူအားလုံး မျိုးဖြုတ်သတ်ဖြတ်ခံရမည်ဖြစ်သည်။

"ဒီနေရာကို ငါ ဖျက်ဆီးနိုင်ရင် သခင်နှစ်ပါးက အများဆုံး နာရီဝက်အတွင်း အစီအရင်ကို ထိုးဖောက်နိုင်လိမ့်မယ်"

လျန်ရန်အာက တခစ်ခစ်ရယ်မော၍ ယဲ့ချန်ကို ပို၍ကြမ်းတမ်းရက်စက်စွာ တိုက်ခိုက်လိုက်သည်။

"ဘန်း"

ပိုလဲ့၏ရင်ဘတ်တွင် ဓားတစ်ချောင်းစိုက်ဝင်နေကာ ပတ်ဝန်းကျင်တွင် သွေးများ ပြန့်ကြဲသွားခဲ့သည်။ သူက အပြင်းအထန် ဒဏ်ရာရသွားသောကြောင့် လှုပ်ရှားမှုများ ပိုမိုနှေးကွေးလာ၍ မနည်းတောင့်ခံနေရသည်။

"နတ်မိုးကြိုးမြို့တော်တည်ရှိလာတာ နှစ်တစ်သောင်းကျော်ပြီ။ ငါ့မြို့ကို ဖျက်ဆီးချင်ရင် ဒီလောက်မလွယ်ဘူးကွ"

ပိုလဲ့က တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော်လည်း အော်ဟစ်ကြုံးဝါးလိုက်၏။ သူက ပိုင်နက်၏အစွမ်းကို လက်ဝါးတွင်စုစည်းကာ အနီးဆုံးရှိ ရန်သူတစ်ယောက်၏ခေါင်းကို ရိုက်ချလိုက်သည်။ ဘန်းခနဲမြည်သံနှင့်အတူ ထူးကဲအဆင့်ရန်သူ၏ခေါင်းမှာ ဖရဲသီးပမာ ကွဲကြေသွားခဲ့သည်။ ပိုလဲ့ကိုယ်တိုင်လည်း လွင့်ထွက်သွားကာ နံရံတစ်ခုနှင့် ဆောင့်မိသွားခဲ့သည်။ သူက လဲကျသွားပြီး နောက်ဆုံးထွက်သက်ကို ရှူထုတ်နေရပြီဖြစ်သည်။

"ဒီလျှပ်စီးတိုင်လုံးတွေကို အစွမ်းကုန်ကာကွယ်ပေးကြပါ"

ပိုလဲ့က ပိုလင်းနှင့် လောင်ရင်ကို တစ်ချက်စိုက်ကြည့်၍ နောက်ဆုံးစကားမှာကြားရင်း ဇက်ကျိုးကျကာ သေဆုံးသွားသည်။ အတိတ်တွင် လောင်ရင်နှင့် ပိုလင်းသည် ပိုလဲ့က လောင်ရင်၏ကျင့်ကြံဆင့်ကို သိမ်းပိုက်လိုသောကြောင့် သူ့အပေါ် အမြင်မကြည်ကြပေ။ သို့သော် ထိုရန်ငြှိုးများအားလုံးက ဤအချိန်ခဏတွင် ပျောက်ကွယ်ကြေပျက်သွားခဲ့သည်။ ပိုလဲ့သည် မျိုးနွယ်အတွက် အသက်စွန့်သွားသော သူရဲကောင်းတစ်ယောက်ဖြစ်သောကြောင့် နှစ်ယောက်လုံးက အလွန်ရိုသေလေးစားသွားခဲ့ကြသည်။

"ဒီလောက်ခေါင်းမာနေမှတော့ သေသင့်တယ်"

အဝေးရှိ ပိုဖန်းက လှောင်ပြောင်ရယ်မောလိုက်သည်။

"ခွေးကောင်သစ္စာဖောက် သေစမ်း။ နတ်မိုးကြိုး ကျဆင်းစေ"

ပိုဖန်း၏စကားကြောင့် ပိုလင်း၏ဒေါသများ ပေါက်ကွဲထွက်ပေါ်လာကာ လျှပ်စီးတန်းတစ်ခုနှင့် ရုတ်တရက်ပစ်ခတ်လိုက်သည်။

"ဘုန်း"

လျှပ်စီးတန်းသည် ပိုဖန်း၏ခေါင်းကို ထိမှန်သွားသောအခါ အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်ကြီးက နံရံထံ လွင့်ထွက်သွားခဲ့သည်။ သူ၏ဦးနှောက်များက နေရာအနှံပြန့်ကြဲနေကာ လမ်းဘေးခွေးတစ်ကောင်ပမာ အသတ်ခံလိုက်ရသည်။ သူက တစ်ဘဝလုံး အခြားသူများအပေါ် မှီခို၍ အသက်ရှင်ခဲ့သော်လည်း ဤသို့သေရမည်ဟု အိပ်မက်ပင်မက်ဖူးမည် မဟုတ်ချေ။

လျှပ်စီးများလွှမ်းခြုံနေသော ပိုလင်းက ထိန်းချုပ်ရေး တိုင်လုံးသုံးခုရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ကျန်ရန်သူနှစ်ယောက်ကို စူးစူးဝါးဝါးစိုက်ကြည့်၍ ပိုင်နက်စွမ်းအားကို အသက်သွင်းလိုက်လေသည်။

All Chapters