← Chapters

လောင်ရင်ကို ကယ်တင်ခြင်း

Vol. 36 Ch. 496

လောင်ရင်ကို ကယ်တင်ခြင်း

Vol. 36 Ch. 496

ပိုလင်းသည် တိုက်ပွဲတွင် အသာစီးရထားသော်လည်း ယဲ့ချန်နှင့် လျန်ရန်အာက လက်ရည်ချင်းညီနေသဖြင့် အနိုင်အရှုံးကွဲပြားရန် မလွယ်ချေ။ သူမက ထူးကဲအဆင့်တွင် နှစ်ပေါင်းများစွာ ရှင်သန်လာသည့်အပြင် အဆင့်နှစ်ပိုင်နက်ကို စတင်ထိတွေ့နိုင်သော အခြေအနေအထိ ရောက်ရှိနေခဲ့သည်။ ထို့အပြင် သူမက ထူးဆန်းသောမိစ္ဆာကျင့်စဥ်တစ်ခုကို ကျင့်ကြံထားသဖြင့် ကြယ်ပိုင်နက်က အချိန်ခဏအတွင်း အနိုင်ယူရန် မဖြစ်နိုင်ပေ။ တိုက်ခိုက်နေရင်း လျန်ရန်အာသည် ယဲ့ချန်၏ရင်ဘတ်ရှိ ပုံရိပ်ယောင်ပုလဲကို အာရုံခံမိလိုက်သည်။

"ကောင်စုတ်လေး ပုံရိပ်ယောင်ပုလဲကို ထုတ်ပေးစမ်း"

လျန်ရန်အာက အော်ဟစ်ကြုံးဝါး၍ ယဲ့ချန်၏ရင်ဘတ်ကို လက်သည်းဖြင့် ကုတ်ချလိုက်သည်။ ပိုင်နက်နှစ်ခု၏စွမ်းအားက ပြင်းထန်စွာ ထိတွေ့သွားသောအခါ ထွက်ပေါ်လာသော တန်ပြန်လှိုင်းများကြောင့် နန်းတော်နံရံများတွင် အက်ကြောင်းကြီးထင်လာခဲ့သည်။

"သေစမ်း"

လျန်ရန်အာ၏လက်သည်းများတွင် တိုက်စားနိုင်သော မိစ္ဆာချီများ ပါဝင်နေသကဲ့သို့ သတ်ဖြတ်လိုစိတ်တစ်ခုလည်း ပါဝင်နေသည်။ သူမ၏တိုက်ကွက်ကြောင့် ကြယ်ပိုင်နက်က ထိုးဖောက်ခံရလုနီးပါး ဖြစ်လာခဲ့သည်။

"ဒီမြေခွေးမက အစွမ်းထက်လှချည်လား"

လျန်ရန်အာ၏ပိုင်နက်အတွင်း မိစ္ဆာချီများက ထက်ရှသော ဓားသွားများသဏ္ဍာန်ဖြင့် ထွက်ပေါ်လာသောအခါ ပိုလင်းက ယဲ့ချန်အတွက် အစိုးရိမ်ကြီးသွားခဲ့သည်။ သူမက နတ်မိုးကြိုးတစ်ခုဖန်တီး၍ လျန်ရန်အာထံ ပစ်ခတ်လိုက်သည်။ ဘုန်းခနဲမြည်သံနှင့်အတူ ၎င်းက လျန်ရန်အာကို ထိမှန်သွား၍ အနီရောင်အမွေးများကို ထောင်ထသွားစေသည်။ သူမ၏နတ်မိုးကြိုးက အစွမ်းထက်သောကြောင့် လျန်ရန်အာ၏ပိုင်နက်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

"မင်းတို့ ငါ့ကို မသတ်နိုင်ဘူး။ ငါ့ကို သခင်ယုရဲ့နတ်စွမ်းအားက ကာကွယ်ပေးထားတယ်"

ပိုလင်း၏နတ်မိုးကြိုးက အစွမ်းထက်သော်လည်း လျန်ရန်အာသည် မောက်မာနေဆဲပင်ဖြစ်သည်။ ယဲ့ချန်သည် သူ့ထံ ခုန်အုပ်လာသော အနီရောင်မြေခွေးကြီးကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ ကာကွယ်ရေးအစီအရင်၏ ထိန်းချုပ်ရေး လျှပ်စီးတိုင်လုံးများကို ကာကွယ်ရန် အရေးကြီးနေသဖြင့် သူက ဤတိုက်ပွဲကို တတ်နိုင်သမျှအမြန်ဆုံး အဆုံးသတ်ရပေလိမ့်မည်။ ထို့ကြောင့် နတ်ဆိုးဖိနှိပ်နာရီနှင့် ကောင်းကင်တုန်ခါဆေးအိုးကို ထုတ်ဖော်၍ လျန်ရန်အာကိုရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။ ထိုအချိန်တွင် သူ၏ရင်ဘတ်ရှိ ပုံရိပ်ယောင်ပုလဲက လေထဲသို့ ရုတ်တရက်မြင့်တက်လာကာ အဖြူရောင်အလင်းများ ဖြန့်ကျက်လိုက်၏။ ၎င်းအထက်တွင် အမွေးပွလေးက သူမ၏အစစ်အမှန်သဏ္ဍာန်ဖြစ်သော အမြီးကိုးချောင်းမြေခွေးအသွင်နှင့် ထွက်ပေါ်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်လေးက လျန်ရန်အာအောက် သေးငယ်သော်လည်း တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသည်။ အမွေးပွလေး၏ စင်ကြယ်မြင့်မြတ်မှုက တစ်မျိုးတစ်ဖုံ လှပခမ်းနားနေသည်။

ပုံရိပ်ယောင်ပုလဲက အလွန်အမင်းတောက်ပလာပြီး အမွေးပွလေးနှင့် လျန်ရန်အာက ပုံရိပ်ယောင်ပညာချင်း ယှဥ်ပြိုင်လိုက်ကြသည်။ ဤတိုက်ပွဲမျိုးက ပိုင်နက်ချင်းယှဥ်ပြိုင်သည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းပြီး သတိတစ်ချက်လွတ်သွားရုံနှင့် အဆုံးသတ်သွားနိုင်သည်။

အချိန်ခဏကြာသောအခါ လျန်ရန်အာ၏ အနက်ရောင်မျက်ဝန်းများတွင် ကြောက်စိတ်များ ရုတ်တရက်ဖြစ်တည်လာသည်။ အမွေးပွလေးက ပုံရိပ်ယောင်ပုလဲ၏အစွမ်းကို အသုံးပြု၍ ထူးကဲအဆင့်ရန်သူကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ လျန်ရန်အာက မျက်မှောင်ကြုတ်၍ သူမ၏ပုံရိပ်ယောင်အောက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သူမ၏ရုန်းကန်မှုကြောင့် အမွေးပွလေး၏ပုံရိပ်က အနည်းငယ်မှိန်ဖျော့လာကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ယဲ့ချန်က ရင်ထိတ်သွားပြီး လျန်ရန်အာအားနည်းနေချိန်တွင် အခွင့်ကောင်းယူတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ကြယ်ပိုင်နက်က သူမ၏ပိုင်နက်ကို ထိပ်တိုက်ရင်ဆိုင်၍ ချေမွပစ်လိုက်ပြီးနောက် သူက ကောင်းကင်တုန်ခါဆေးအိုးနှင့် အားကုန်ပစ်ထုတ်လိုက်သည်။

"ဘန်း"

လေထဲတွင် အရွယ်အစားကြီးမားလာသော ဆေးအိုးကြီးက လျန်ရန်အာ၏ရင်ဘတ်ကို တိတိကျကျထိမှန်သွားသဖြင့် သူမက သွေးအန်၍ လွင့်ထွက်သွားခဲ့သည်။ သူမက အနီရောင်အလင်းတန်းတစ်ခုအဖြစ် ထွက်ပြေးချင်ခဲ့သည်။

"စုပ်ယူစမ်း"

သို့သော် ယဲ့ချန်၏အတွေးတစ်ချက်တွင် ဆေးအိုးအဝ၌ စုပ်ဝဲတစ်ခုဖြစ်ပေါ်လာ၍ အနီရောင်အလင်းနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။ လျန်ရန်အာက အစွမ်းကုန်ရုန်းထွက်နေသော်လည်း ယဲ့ချန်၏ထိန်းချုပ်မှုအောက်တွင် ထွက်ပေါ်လာသော ဝိညာဥ်မီးတောက်များက သူမကို ရစ်ပတ်သွားကြသည်။ ထို့နောက် သူမ၏နာကျင်သော အော်သံများက ဆေးအိုးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

"ငါ့ကိုထုတ်ပေးစမ်း။ မဟုတ်ရင် သခင်ယုက နင်တို့ကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် လုပ်လိမ့်မယ်"

လျန်ရန်အာ၏အသံက နာကျင်မှုများ ထင်ဟပ်နေသော်လည်း သူမက ယုလု၏နောက်ခံဖြင့် မောက်မာနေဆဲပင်ဖြစ်သည်။ ယဲ့ချန်က သူမကို ကောင်းကင်တုန်ခါဆေးအိုးအတွင်း စုပ်ယူလိုက်ချိန်တွင် ပိုလင်းနှင့်တိုက်ခိုက်နေသော ရန်သူနှစ်ယောက်၏ခန္ဓာကိုယ်က ရုတ်တရက် နီရဲသွားခဲ့သည်။ ထို့နောက် သူတို့က ခဏအတွင်းပေါက်ကွဲသွားကြပြီး ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။

"အမကြီး သတိထား"

ပိုလင်းက ပေါက်ကွဲမှုနှင့် အနီးဆုံးဖြစ်နေသောကြောင့် ယဲ့ချန်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ သို့သော်လည်း ရန်သူနှစ်ယောက်၏ ကိုယ့်ကိုကိုယ်ဖောက်ခွဲမှုက အလွန်လျင်မြန်သောကြောင့် သူက ပိုလင်းအားကယ်တင်ရန် အချိန်မမီခဲ့ပေ။

"လင်းအာ သတိထား"

ထူးကဲအဆင့်ကျင့်ကြံသူနှစ်ယောက်က ကိုယ့်ကိုကိုယ်ဖောက်ခွဲလိုက်သောအခါ လောင်ရင်၏စိတ်ထဲတွင် စိုးရိမ်စိတ်များ ကြီးထွားလာခဲ့သည်။ သူမက ပိုလင်းနှင့် မနီးမဝေးတွင်ရှိနေသောကြောင့် တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်သွားကာ ခန္ဓာကိုယ်နှင့် ကာကွယ်ပေးလိုက်သည်။

"ဘုန်း"

ပေါက်ကွဲမှုမှထွက်ပေါ်လာသော စွမ်းအင်များက လောင်ရင်၏ကျောကို ထိမှန်သွားကာ သူမက လွင့်ထွက်သွားခဲ့သည်။

"ရင်အာ"

ပိုလင်းသည် ပိုင်နက်၏စွမ်းအားဖြင့် ကိုယ့်ကိုကိုယ်ကာကွယ်နေစဥ် လောင်ရင်၏လုပ်ရပ်ကြောင့် ရင်ထိတ်သွားခဲ့သည်။ စွမ်းအားများ ပျောက်ကွယ်သွားပြီးနောက် အရာအားလုံး ပုံမှန်ဖြစ်သွားသော်လည်း ယဲ့ချန်နှင့် ပိုလင်းနှစ်ယောက်တည်းသာ မတ်တပ်ရပ်လျက်သား ကျန်ရစ်ခဲ့သည်။ ပိုလင်းက ကြမ်းပြင်တွင် လဲကျနေသော လောင်ရင်ထံ မျက်ရည်လည်ရွဲနှင့် ပြေးသွားခဲ့၏။

"ရင်အာ ရင်အာ နင် အဆင်ပြေရဲ့လား"

ပိုလင်းက လောင်ရင်ကို ပွေ့ထူလိုက်သောအခါ လက်နှစ်ဖက်တွင် သွေးများ စိုရွှဲကုန်သည်။ လောင်ရင်ဝတ်ဆင်ထားသော ချပ်ဝတ်က အလွန်အမင်းမာကျောပြီး ထူးကဲအဆင့်တစ်ယောက်ပင် ထိုးဖောက်နိုင်ရန် မလွယ်ကူသော်လည်း လက်ရှိတွင် ပျက်စီးနေခဲ့သည်။ လောင်ရင်၏ကျောပြင်က ဒဏ်ရာများပြည့်နှက်နေကာ သွေးတစိမ့်စိမ့် ယိုစီးကျနေခဲ့သည်။ ပိုလင်းမှာလောင်ရင်၏အဖြစ်ကြောင့် မျက်ရည်မဆည်နိုင်အောင် ငိုကြွေးနေမိသည်။ ဤမျှပြင်းထန်သော ဒဏ်ရာသည် အလွန်သန်မာသော မိုးကြိုးသားရဲမျိုးနွယ်များကိုပင် သေစေနိုင်သည်ဖြစ်ရာ လောင်ရင်အသက်ရှင်ရန်အတွက် အခွင့်အရေးများစွာ မရှိချေ။ ကောင်းကင်တုန်ခါဆေးအိုးကို သိမ်းယူပြီးနောက် ယဲ့ချန်သည်လည်း မှိန်ဖျော့သော မျက်လုံးများနှင့် ပိုလင်းထံ လျှောက်လှမ်းလာခဲ့သည်။

"လင်းအာ ငါ့ကို ဘိုးဘေးတွေ ခေါ်နေကြပြီ။ ငါ ထွက်သွားပြီးရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်"

လောင်ရင်၏မျက်နှာထက်ရှိ ဇာပဝါလေး ပြုတ်ကျနေသဖြင့် လှပသောမျက်နှာလေး ထွက်ပေါ်လာသည်။ သူမ၏သွေးဆုတ်ဖြူရော်သော မျက်နှာလေးထက်တွင် အပြုံးတစ်ခု ဖြစ်တည်နေသည်။

"မောင်လေး ရင်အာ့ကို မြန်မြန်ကယ်ပေးပါ။ ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကယ်ပေးပါနော်"

မျက်ရည်မိုးများရွာကျနေသော ပိုလင်းက ယဲ့ချန်ကို မျှော်လင့်တကြီးဖြင့် မော့ကြည့်လိုက်သည်။ သူမက ယဲ့ချန်၏အင်္ကျီစကိုဆွဲ၍ စိုးရိမ်စွာ တောင်းဆိုလိုက်၏။

"ငါက လောင်ရင်ကို ဘယ်လိုကယ်ရမှာလဲ။ မြန်မြန်ပြော"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ လောင်ရင်ကို ကယ်တင်နိုင်သော နည်းလမ်းတစ်ခုရှိမည်ဆိုလျှင် သူက တုံ့ဆိုင်းနေမည်မဟုတ်ပေ။

"အတိတ်က ငါတို့ဖြစ်ခဲ့သလိုမျိုးနဲ့ သူမရဲ့မျိုးဆက်သွေး အသက်ဝင်အောင် လုပ်ပေးပါ"

ပိုလင်းသည် ဖြူဖပ်ဖြူရော်ဖြစ်နေသော လောင်ရင်၏မျက်နှာလေးကို ကြည့်ကာ ပြောလိုက်သည်။

"ဟမ်"

ပိုလင်း၏စကားကြောင့် ယဲ့ချန်က တုံ့ဆိုင်သွားခဲ့သည်။

"နင်က ဘာလို့ရပ်နေရသေးတာလဲ။ မြန်မြန်လုပ်။ အဝတ်တွေချွတ်လိုက်"

ပိုလင်းက စိုးရိမ်စိတ်ကြောင့် မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ပေ။

"အဝတ်ချွတ်ရမယ်။ ဒီနေရာကြီးမှာ ဒီလိုအခြေအနေကြီးနဲ့ လုပ်ရမှာလား"

လောင်ရင်က ပြိုင်ဘက်ကင်းအလှလေးတစ်ယောက် ဖြစ်သော်လည်း ယဲ့ချန်က သူမနှင့် ခံစားချက်မရှိသည့်အပြင် တစ်ဖက်လူက သေလုမျောပါးဖြစ်နေခဲ့သည်။ သူက နှစ်ကိုယ်တူကျင့်ကြံလျှင်ပင် သူမကိုကယ်တင်နိုင်မည်ဟု မသေချာပေ။ ထို့အပြင် လောင်ရင်အတွက် မသေခင် အရှက်ကွဲရမည့်ကိန်း ဖြစ်နေခဲ့သည်။

"မိုးကြိုးမျိုးနွယ်ရဲ့ ရှေးဟောင်းမျိုးဆက်သွေးကို အသက်သွင်းဖို့ ဒီကိစ္စ မလိုလောက်ပါဘူး"

စက္ကူဖြူတစ်ရွက်ပမာ အချိန်တိုင်း ပို၍ဖြူရော်လာနေသော လောင်ရင်၏အသက်အားက ဖြည်းဖြည်းချင်း လျော့နည်းလာနေသည်။ ယဲ့ချန်က ခေါင်းကို လျင်မြန်စွာအလုပ်ပေးနေသဖြင့် နဖူးတွင် ချွေးသီးချွေးပေါက်များ ဖြစ်တည်လာသည်။ ခဏအကြာတွင် သူက ဖြေရှင်းနည်းတစ်ခု စဥ်းစားမိလိုက်သဖြင့် ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးကိုအသက်သွင်း၍ မိုးကြိုးချီများကို လက်ချောင်းထိပ်တွင် စုစည်းလိုက်သည်။ ထို့နောက် သူက လက်ချောင်းဖြင့် လောင်ရင်၏ရင်ညွှန့်ကို ထိကပ်၍ မိုးကြိုးချီများ ပို့လွှတ်လိုက်သည်။ မိုးချုန်းသံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး သန့်စင်သောချီများက လှိုင်းပမာ စီးဝင်သွားခဲ့သည်။ လောင်ရင်၏ခန္ဓာကိုယ်လေးက တုန်ယင်သွားပြီး အနည်းငယ် ညည်းတွားလိုက်မိသည်။ သူမ၏ကိုယ်တွင်းရှိ တစ်စုံတစ်ခုက ထိုခဏတွင် နိုးထလာပုံပေါ်သည်။

"အလုပ်ဖြစ်တယ်"

ယဲ့ချန်၏မျက်လုံးများ တောက်ပလာကာ မိုးကြိုးချီများကို ထပ်မံကူးပြောင်းပေးလိုက်သည်။ လောင်ရင်၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကြောင့် အသက်ရှင်ရန် မျှော်လင့်ချက်ရှိလာသောအခါ ပိုလင်းက သူမကို တွဲထူပေးလိုက်၏။ လောင်ရင် သေကာနီးဖြစ်နေချိန်တွင် သူမက ထူပူနေသဖြင့် ယဲ့ချန်အား ရှက်စရာကိစ္စကို တောင်းဆိုခဲ့မိသည်။ သို့သော် ယဲ့ချန်က ရှေးဟောင်းမျိုးဆက်သွေးကို ထိုကိစ္စမပါဘဲ နိုးထစေနိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူမပြောခဲ့မိသောစကားများကို တွေးမိလိုက်သောအခါ မျက်နှာလေးထက်တွင် ရှက်သွေးဖြာနေခဲ့သည်။ သို့သော် လက်ရှိတွင် သူမက ထိုကိစ္စကို များစွာအရေးမစိုက်နိုင်ဘဲ လောင်ရင်၏ပြောင်းလဲမှုများကိုသာ ဂရုတစိုက် စောင့်ကြည့်ပေးနေခဲ့သည်။

"ရင်အာ နင် သေလို့မဖြစ်ဘူး။ တောင့်ခံထားရမယ်နော်"

ပိုလင်းက လောင်ရင်၏လက်ကလေးကို တင်းကျပ်စွာဆုပ်ကိုင်၍ အားပေးလိုက်သည်။ ယဲ့ချန်သည် မိုးကြိုးချီများကို လောင်ရင်၏ကိုယ်တွင်းသို့ ဆက်တိုက်စေလွှတ်နေသဖြင့် သူမ၏အသားအရေက သွေးရောင်ပြန်လွှမ်းလာသည်။ သူမ၏ခန္ဓာကိုယ်က မပြည့်နိုင်သော ရေတွင်းတစ်ခုကဲ့သို့ မိုးကြိုးချီများကို စုပ်ယူနေသည်။ ယဲ့ချန်သည် ကိုယ်တွင်းရှိချီများ ကုန်ခမ်းနေပြီ ဖြစ်သောကြောင့် ဓားပျံကိုပါ အသက်သွင်းလိုက်ရသည်။

"ဘုန်း ဘုန်း"

ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာ၍ လောင်ရင်၏ကျင့်ကြံဆင့်က အဆုံးမဲ့အဆင့်ကိုးမှ အဆင့်တစ်ဆယ်၊ အဆင့်တစ်ဆယ်မှ ထူးကဲအဆင့်အထိ ရှေ့ဆင့်နောက်ဆင့် မြင့်တက်သွားခဲ့သည်။ ပိုင်နက်တစ်ခု၏စွမ်းအင်က သူမ၏ကိုယ်တွင်း၌ အသက်ဝင်လာသောကြောင့် ဒဏ်ရာများက ဖြည်းဖြည်းချင်းသက်သာ ပျောက်ကင်းလာ၏။ အိပ်မက်ဆိုးသားရဲမျိုးနွယ်၏ ဒဏ်ရာကုသနှုန်းက အမှန်တကယ် အံ့သြဖွယ်ကောင်းလှပေသည်။

ကိုယ့်ကိုကိုယ်သေပြီဟု ထင်မှတ်ထားသော လောင်ရင်၏အသိစိတ်က အဆုံးမဲ့အမှောင်ထုတစ်ခုအတွင်း ရောက်ရှိနေခဲ့သည်။ သို့သော်လည်း သူမက ဖြည်းဖြည်းချင်း ပြန်လည်သတိဝင်လာပြီးနောက် ခန္ဓာကိုယ်က အံ့အားသင့်စရာကောင်းလောက်အောင် ပြန်လည်ကောင်းမွန်လာနေသည်။ ထို့အပြင် သူမ၏ကိုယ်တွင်းမှ ရှေးဟောင်းမျိုးဆက်သွေးလည်း အသက်ဝင်လာ၍ ပိုင်နက်၏အစွမ်းကို နားလည်တတ်ကျွမ်းစေခဲ့သည်။ မျက်လုံးများ ပွင့်လာသောအခါ ယဲ့ချန်သည် သူမ၏ရင်ညွှန့်ကို လက်ချောင်းဖြင့် ထောက်ထားသောကြောင့် လောင်ရင်က ရုန်းကန်ရန် ပြင်လိုက်သည်။ သို့သော် ယဲ့ချန်ထံမှ စီးဆင်းလာနေသော မိုးကြိုးချီများကို ခံစားလိုက်ရသဖြင့် သူမ၏အသက်သခင်ကျေးဇူးရှင်ဖြစ်ကြောင်း နားလည်သဘောပေါက်သွားခဲ့သည်။

"သူက ရှေးဟောင်းမျိုးဆက်သွေးကို တကယ်အသက်သွင်းပေးနိုင်တာလား"

အတွေးတစ်ခုတည်းဖြင့် လောင်ရင်သည် ကိစ္စများစွာကို သဘောပေါက်သွားခဲ့သည်။ သူမက ယဲ့ချန်အပေါ် အထင်လွဲခဲ့ခြင်းဖြစ်သည်။ ယဲ့ချန်က ပိုလင်း၏မျိုးဆက်သွေးကိုလည်း ဤနည်းဖြင့် အသက်သွင်းပေးခဲ့ပုံပေါ်သည်။ ထို့ကြောင့် ယဲ့ချန်က သူမ၏ကျင့်ကြံဆင့်ကိုသိမ်းပိုက်ရန် တပ်မက်စိတ်မရှိဟု ပြောခဲ့ခြင်းကို ယုံကြည်လာခဲ့သည်။ ယဲ့ချန်အပေါ်ထားရှိသော သူမ၏မကောင်းမြင်စိတ်များလည်း လွင့်ပါးပျောက်ကွယ်ကုန်သည်။ တစ်ဖက်လူက သူမကို ကယ်တင်ရန်အတွက် မိုးကြိုးချီများစွာကို စွန့်စွန့်စားစား လွှဲပြောင်းပေးနေပုံရသောအခါ များစွာကျေးဇူးတင်နေမိသည်။ သူမ၏အသက်ကိုရော ကျင့်ကြံဆင့်ကိုပါ ယဲ့ချန်က ကယ်တင်ပေးခဲ့သည်။

ယဲ့ချန်၏မိုးကြိုးချီများမှာ ဆက်တိုက်စုပ်ယူခံနေရသဖြင့် ခန္ဓာကိုယ်အတွင်း၌ ချီများ ပြတ်လပ်နေပြီဖြစ်သည်။ အကယ်၍ သူ၏စိတ်အတွင်းရှိ ဓားပျံကသာ ကောင်းကင်ချီများ ဆက်တိုက်ထောက်ပံ့နေခြင်းမရှိလျှင် ဆက်လက်တောင့်ခံထားနိုင်မည် မဟုတ်ပေ။ ရှေးဟောင်းမျိုးဆက်သွေးများကို အသက်သွင်းရန် အမှန်တကယ် ခက်ခဲလေသည်။

All Chapters