← Chapters

စွန့်လွှတ်ရခြင်း

Vol. 36 Ch. 497

စွန့်လွှတ်ရခြင်း

Vol. 36 Ch. 497

ယဲ့ချန်သည် လောင်ရင်နိုးထလာသည်ကို မြင်သောအခါ သူ၏လက်ချောင်းကို ကပျာကယာရုတ်လိုက်သည်။ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသဖြင့် သူက လောင်ရင်ကို ရှေးဟောင်းမျိုးဆက်သွေးနိုးထရန် ကူညီပေးရာတွင် ဒဏ်ရာရရှိခဲ့သည်။ ကံကောင်းစွာဖြင့် ဒဏ်ရာက မပြင်းထန်ခြင်းဖြစ်သည်။

"မောင်လေး ဘာဖြစ်လို့လဲဟင်"

ပိုလင်းသည် ယဲ့ချန်အပေါ် ချစ်ခင်မြတ်နိုးနေပြီဖြစ်သောကြောင့် ဤအခြေအနေကို မြင်သောအခါ အစိုးရိမ်ကြီးနေခဲ့သည်။

"ကျုပ် အဆင်ပြေပါတယ်"

ယဲ့ချန်က နှုတ်ခမ်းမှသွေးများကို လက်ခုံဖြင့်သုတ်၍ ခေါင်းယမ်းပြလိုက်သည်။ သူက ပိုလင်းနှင့် နှစ်ကိုယ်တူကျင့်ကြံခဲ့ရာတွင် နှစ်ယောက်လုံးအကျိုးရှိခဲ့သော်လည်း လက်ရှိတွင် လောင်ရင်၏မျိုးဆက်သွေးကို နှိုးပေးရသောအခါ၌ တစ်ဖက်တည်းကြိုးစားရခြင်းဖြစ်သောကြောင့် သူ့အတွက် အန္တရာယ်များသည်။ ကံကောင်းသည်မှာ ဓားပျံက မိုးကြိုးချီများ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူ၏ကောင်းကင်ချီအားလုံးက လောင်ရင်စုပ်ယူသည်နှင့် ခြောက်ခမ်းသွားပေလိမ့်မည်။

"ဘာဖြစ်တာလဲဟင်။ ငါတို့တုန်းက အဆင်ပြေတယ် မဟုတ်ဘူးလား"

ပိုလင်းက ဇဝေဇဝါဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"အဟွတ် ဘယ်တူမလဲဗျ။ ကံကောင်းတာက အမရင်ရဲ့ကျင့်ကြံဆင့်က အရမ်းမမြင့်သေးဘူး။ တကယ်လို့ သူ့နေရာမှာ ကျင့်ကြံဆင့်ပိုမြင့်တဲ့ မိုးကြိုးသားရဲတစ်ကောင်ဆိုရင် ကျုပ် ဒုက္ခရောက်သွားနိုင်တယ်"

သူမ၏စကားကြောင့် ယဲ့ချန်မှာ ချောင်းတဟွတ်ဟွတ်ဆိုးလိုက်မိသည်။ ပိုလင်းမှာ ယဲ့ချန်အတွက်စိုးရိမ်သွားပြီး အနာဂတ်တွင် သူ့ကို မည်သည့်ကိစ္စကြောင့်ဖြစ်စေ အခြားကျင့်ကြံသူများ၏ မျိုးဆက်သွေးကို နှိုးပေးခြင်း မပြုလုပ်ခိုင်းရန် ဆုံးဖြတ်လိုက်၏။

"အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"

လောင်ရင်၏ဒဏ်ရာများ အပြည့်အဝပျောက်ကင်းသွားပြီးနောက် ခွန်အားက ထပ်မံမြင့်တက်လာသည်။ သူမက ထူးကဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး အဝတ်အစားများ ပြောင်းလဲဝတ်ဆင်လိုက်၏။ သန့်စင်သော အဖြူရောင်ဝတ်ရုံလေးနှင့် သူမက နတ်မိမယ်လေးပမာ လှပနေသည်။ သူမက ကြည်လင်သောမျက်လုံးများနှင့် ယဲ့ချန်ကို စိုက်ကြည့်ကာ ညှင်သာစွာ ပြောလိုက်ခြင်းဖြစ်သည်။

"ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းက အမကြီးလင်းကို ကယ်ပေးခဲ့တယ်။ ကျုပ်က မင်းကို ပြန်ကယ်ပေးတယ်။ အချင်းချင်းကြေပါပြီ"

လောင်ရင်က ပိုလင်းကို ကယ်တင်ရန်အတွက် အသက်စွန့်ခဲ့သောကြောင့် ယဲ့ချန်က တစ်ချက်ပြုံးပြလိုက်သည်။ သူ၏စကားကြောင့် လောင်ရင်က အနည်းငယ်ခေါင်းညိတ်ပြလိုက်ပြီး တောက်ပသောမျက်ဝန်းများနှင့် စိုက်ကြည့်နေခဲ့သည်။ သူမ၏အတွေးကို မည်သူမှ ခန့်မှန်းနိုင်မည်မဟုတ်သော်လည်း ယဲ့ချန်အပေါ်ထားသော အမြင်က ကြီးမားစွာ ပြောင်းလဲသွားပြီဖြစ်သည်။ ထိုအချိန်တွင် ယဲ့ချန်က ဓားပျံကို အသက်သွင်းလိုက်သဖြင့် ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းလာခဲ့သည်။

"ရင်အာ ဘယ်လိုနေသေးလဲ"

လောင်ရင် အသက်ပြန်ရှင်လာသောအခါ ပိုလင်းက ပျော်ရွှင်နေခဲ့သည်။ သူမတို့နှစ်ဦးက ညီအစ်မများပမာ ရင်းနှီးကြပြီး အတူတူကြီးပြင်းလာခြင်းဖြစ်သည်။

"ကောင်းပါတယ်"

လောင်ရင်က တစ်ချက်ပြုံးပြလိုက်သည်။ ရှေးဟောင်းမျိုးဆက်သွေး၏ အစွမ်းက သူမ၏ဒဏ်ရာများကို ပျောက်ကင်းစေရုံသာမက ကျင့်ကြံဆင့်လည်း မြင့်တက်လာခဲ့သည်။

"နင်က ထူးကဲအဆင့်ကို ရောက်နေပြီဆိုပေမယ့် မျိုးဆက်သွေးရဲ့အဆင့်က အများကြီးမမြင့်သလိုပဲ။ မျိုးဆက်သွေးက အပြည့်အဝ မနိုးထသေးဘူးလား"

ပိုလင်းက လောင်ရင်၏ခန္ဓာကိုယ်ကို စစ်ဆေး၍ မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်တယ်"

လောင်ရင်သည်လည်း သူမနှင့် ပိုလင်း၏ကြားမှ ခြားနားချက်ကို သိရှိထားခဲ့သည်။ ပိုလင်းသည် ယဲ့ချန်နှင့် နှစ်ကိုယ်တူကျင့်ကြံခဲ့သောကြောင့်သာ မျိုးဆက်သွေး အပြည့်အဝနိုးထနိုင်ခဲ့ကြောင်း နားလည်လိုက်သည်။ ထိုအကြောင်းတွေးမိသောအခါ သူမ၏မျက်နှာလေးက ရှက်သွေးဖြာနေခဲ့သဖြင့် လောင်ရင်ပင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် ပိုလင်းက အလွန်ချစ်စရာကောင်းနေသဖြင့် မြင်ရသူတိုင်း ချစ်မိသွားကြပေလိမ့်မည်။

"ဒီလျှပ်စီးတိုင်လုံးတွေက ကာကွယ်ရေးအစီအရင်နဲ့ ပတ်သက်နေတာလား"

ယဲ့ချန်၏အာရုံက လျှပ်စီးများ တဖြတ်ဖြတ်လက်နေသော တိုင်လုံးကြီးများထံ ကျရောက်နေကာ မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်။ ဒါတွေကို ထိန်းချုပ်ရေးတိုင်လုံးတွေလို့ခေါ်ပြီး စုစုပေါင်း ခြောက်ခုရှိတယ်"

ပိုလင်းက ခေါင်းညိတ်ပြသည်။

"ဒါဆိုရင် လျန်ရန်အာပြောတာ အမှန်ပဲလား"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်၏။ တိုင်လုံးများက ကာကွယ်ရေးအစီအရင်၏ သော့ချက်ဖြစ်သောကြောင့် အချို့က ဖျက်ဆီးခံလိုက်ရသောအခါ အစီအရင်က အချိန်မည်မျှခံနိုင်သေးကြောင်း မပြောနိုင်ပေ။

"ဟုတ်တယ်။ တကယ်လို့ တိုင်ငါးခုသာ ဖျက်ဆီးခံလိုက်ရရင် အစီအရင်က သုံးနာရီသာ ခံနိုင်တယ်။ ဒီနေရာက တိုင်လုံးပါ ဖျက်ဆီးခံလိုက်ရရင်တော့ နာရီဝက်ထက် မပိုဘူး။ အစီအရင်ပျက်စီးသွားတာနဲ့ တပြိုင်နက် နတ်မိုးကြိုးမြို့တော်က ဒုက္ခရောက်ပြီ"

ပိုလင်း၏မျက်နှာက လေးနက်နေသည်။

"ဒါဆိုရင် လျန်ရန်အာပြောတာက သုံးခုကို ဖျက်ဆီးပြီးပြီတဲ့။ ကျန်တဲ့တိုင်လုံးတွေကလည်း ထိခိုက်ထားတယ်။ ကာကွယ်ရေးအစီအရင်အတွက် အချိန် ဘယ်လောက်ကျန်သေးလဲ"

ယဲ့ချန်က မေးလိုက်သည်။ ယုလုက အစီအရင်ကိုကျော်ဖြတ်၍ မြို့တော်အတွင်း ထွက်ပေါ်လာမည်ဟု မည်သူမှမထင်ထားခဲ့ပေ။ အစီအရင်သာ ဖျက်ဆီးခံလိုက်ရရလျှင် သမာဓိကောင်စီ၏ များစွာသောစစ်တပ်ကို သူတို့က ခုခံနိုင်မည်မဟုတ်ချေ။ ပိုမေ့ထံတွင် အရံအစီအစဥ်တစ်ခုရှိနေရန်သာ သူက ဆုတောင်းလိုက်မိသည်။

"ခြောက်ခုမှာ သုံးခုက ဖျက်ဆီးခံလိုက်ရပြီး နှစ်ခုက ထိခိုက်ထားတယ်။ ငါ ခန့်မှန်းရသလောက်ဆိုရင် အစီအရင်က တစ်နာရီလောက်ပဲ ခံနိုင်တော့မယ်"

လောင်ရင်က တွက်ချက်ပြလိုက်သည်။ ပိုလင်း၏မျိုးဆက်သွေး နိုးထလာမှုကြောင့် အချိန်ကြာလာလျှင် နတ်မိုးကြိုးမြို့တော်က သမာဓိကောင်စီကို တွန်းလှန်နိုင်မည်ဟု သူမက ထင်ခဲ့ဖူးသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း သူတို့၌ အချိန်တစ်နာရီသာ ကျန်ရစ်လေသည်။ သူမ၏စိတ်အတွင်း ဝမ်းနည်းစိတ်များ အစပျိုးဖြစ်တည်လာသည်။

"တစ်နာရီတည်းလား"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်တွင် သူတို့ထံ ဝိညာဥ်အသိစိတ်တစ်ခု ရောက်ရှိလာသည်။

"ပိုလင်း လောင်ရင် မင်းတို့က ထူးကဲအဆင့်နဲ့ အဆုံးမဲ့အဆင့်ကျင့်ကြံသူအားလုံးကို ဦးဆောင်ပြီး နတ်မိုးကြိုးနယ်မြေကို ဆုတ်ခွာကြ"

ပိုမေ့၏စကားသံက သူတို့၏နားအတွင်း ထွက်ပေါ်လာသည်။

"နတ်မိုးကြိုးနယ်မြေ"

ထိုနေရာက နတ်မိုးကြိုးမြို့တော်၏ နောက်ထပ်လုံခြုံသော နေရာတစ်ခုဖြစ်ကြောင်း ယဲ့ချန်က ခန့်မှန်းလိုက်သည်။ အကယ်၍ ပိုမေ့က အဆုံးမဲ့အဆင့်နှင့်အထက် ကျင့်ကြံသူများကိုသာ ဝင်ခွင့်ပေးလိုက်လျှင် ကျန်ကျင့်ကြံသူများအတွက် မတွေးဝံ့စရာပေ။ သို့သော်လည်း ဤဆုံးဖြတ်ချက်အတွက် သူ့ကို အပြစ်တင်၍မရချေ။ သူ့ကို သမာဓိကောင်စီက ဖိအားပေးခြင်းသာဖြစ်သည်။

"အမိန့်အတိုင်းပါအရှင်"

ပိုလင်းနှင့် လောင်ရင်က တည်ငြိမ်သောလေသံနှင့် ပြောလိုက်ကြသည်။ လက်ရှိတွင် နတ်မိုးကြိုးမြို့တော်သည် သေရေးရှင်ရေးအခြေအနေတွင် ရောက်ရှိနေကြောင်း သူတို့က နားလည်ထားကြသည်။ သူတို့က အခြားကျင့်ကြံသူများကို ဝိညာဥ်ဖြင့် အသိပေးလိုက်သောအခါ မြို့အတွင်းရှိ ကျင့်ကြံသူများက နန်းတော်အနောက်ဘက်သို့ တဟုန်ထိုးဦးတည် ပျံသန်းလာကြသည်။

ကောင်းကင်ရှိတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ပိုမေ့တို့သုံးယောက်က ယုလုကို အနည်းငယ်ဖိနှိပ်ထားနိုင်သော်လည်း သတ်ရန် မလွယ်ပေ။ ယုလုထံတွင် လျှို့ဝှက်ကျင့်စဥ်များစွာရှိနေသဖြင့် ကျန်သုံးယောက်က ခက်ခက်ခဲခဲ တိုက်ခိုက်နေရသည်။ တိုက်ပွဲရောက်ရှိသမျှ နေရာတိုင်းတွင် အဆောက်အအုံများပြိုကျနေပြီး ထောင်ချီသော ကျင့်ကြံသူများ သေဆုံးနေကြသည်။

အဆုံးမဲ့အဆင့်နှင့်အထက် ကျင့်ကြံသူများသည် နန်းတော်၏အနောက်ဘက်တွင် စုဝေးခဲ့ကြပြီး ကိုယ်ပွားယဲ့ချန်လည်း ပါဝင်နေခဲ့သည်။ နောက်ဆုံးတွင် ကျင့်ကြံသူပေါင်းသုံးရာကျော်ကို ပိုလင်းနှင့် လောင်ရင်က ဦးဆောင်၍ နတ်မိုးကြိုးနယ်မြေထံ ဝင်ရောက်လိုက်ကြသည်။ ဤနေရာက နတ်မိုးကြိုးမြို့တော်၏ ဒုတိယခံစစ်ဖြစ်သည်။ နယ်မြေကို ကာကွယ်ထားသော အစီအရင်က မီတာတစ်ထောင်ကျော်ကျယ်ဝန်းပြီး မြို့တော်၏ကာကွယ်ရေးအစီအရင်ထက် ပို၍စိတ်ချရပေသည်။ အတွင်း၌ အဆောက်အအုံများ၊ စားနပ်ရိက္ခာများနှင့် လက်နက်များရှိကာ နယ်မြေ၏အလယ်တည့်တည့်တွင် ကြီးကျယ်ခမ်းနားသော အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ထားသည်။

"ဒီနယ်မြေက ဒီလောက်ကြီးတာကို ကျန်တဲ့ကျင့်ကြံသူတွေကိုရော ဘာကြောင့် ဝင်ခွင့်မပေးရတာလဲ"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။ အပြင်ဘက်တွင် ကျင့်ကြံသူများစွာ ကျန်ရစ်နေခဲ့သဖြင့် သူက ကယ်တင်နိုင်သမျှကယ်ရန် ဆုံးဖြတ်ထားသည်။

"ဒီအစီအရင်ထဲကို အဆုံးမဲ့အဆင့်အောက်က ကျင့်ကြံသူတွေ မဝင်နိုင်ဘူး"

ပိုလင်းနှင့် လောင်ရင်က တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်၍ သက်ပြင်းကိုယ်စီချကာ ရှင်းပြလိုက်ကြသည်။

"ငါတို့က ဒီနေရာမှာ သေဖို့ စောင့်နေရမှာလား"

အခြားမျိုးနွယ်များမှ ကျင့်ကြံသူများက မလိုလားဟန်ဖြင့် တစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်လာကြသည်။

"လူတိုင်း ဒါက မိုးကြိုးမျိုးနွယ်ရဲ့ရှေးဟောင်းနယ်မြေဖြစ်ပြီး အစီအရင်ကို အသက်မသွင်းရသေးပါဘူး။ အသက်သွင်းလိုက်ရင် အထွက်ပဲရှိပြီး အဝင် မရှိတော့ပါဘူး။ ဘယ်သူမှ ဒီအစီအရင်ကို မချိုးဖျက်နိုင်ဘူး။ ဒီနေရာမှာ သုံးနှစ်အတွက်လုံလောက်တဲ့ စားနပ်ရိက္ခာတွေ ရှိပါတယ်။ မိုးကြိုးမျိုးနွယ်က အတိတ်မှာ ကပ်ဘေးတွေ အကြိမ်ကြိမ်ကြုံခဲ့ရပေမယ့် ဒီနေ့အထိ ရှင်သန်နိုင်လာခဲ့တယ်။ ကျေးဇူးပြုပြီး စိတ်ရှည်ပေးကြပါ"

လောင်ရင်၏ ကြည်လင်ပြတ်သားသော အသံလေး ထွက်ပေါ်လာသည်။ ကရုဏာသံလေးကြောင့် လူတိုင်း၏စိတ်က တည်ငြိမ်လာခဲ့သည်။ ကျင့်ကြံသူများက တိတ်ဆိတ်သွားကြပြီး မြို့တော်အပြင်ဘက်မှ ကာကွယ်ရေးအစီအရင်ပျက်စီးသွားလျှင် သမာဓိကောင်စီကို တားမြစ်နိုင်သူမရှိကြောင်း နားလည်သွားကြသည်။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသောကြောင့် သူတို့က ယာယီဆုတ်ခွာရန်သာ ဆုံးဖြတ်ရပေလိမ့်မည်။ သို့သော် အပြင်ဘက်ရှိ သူတို့၏မျိုးနွယ်ဝင်များနှင့် နောက်လိုက်များကိုမူ စတေးရမည်ဖြစ်သည်။ လူတိုင်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အံကို တင်းတင်းကြိတ်ထားလိုက်မိသည်။ သို့သော်လည်း မျိုးနွယ်ဆက်လက်တည်မြဲရေးအတွက် ဤဆုံးဖြတ်ချက်ကို ရှောင်လွှဲမရပေ။ မျိုးနွယ်တစ်ခုလုံး သုတ်သင်ခံလိုက်ရပါက သေဆုံးသွားသော ဘိုးဘေးများကို မျက်နှာပြဝံ့မည်မဟုတ်ချေ။ လူတိုင်းက ကောင်းကင်ပေါ်မှတိုက်ပွဲကို ခေါင်းမော့၍ စောင့်ကြည့်နေကြသည်။ ကျင့်ကြံသူလေးယောက်က အပြင်းအထန်တိုက်ခိုက်နေပြီး ပိုင်နက်များ၏အစွမ်းကြောင့် ကောင်းကင်ကြီးပင် တွန့်လိမ်နေသယောင် ထင်မှတ်ရသည်။ လက်ရှိတွင် ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းတို့ကို စောင့်ဆိုင်းရမည်ဖြစ်သောကြောင့် အစီအရင်ကို အသက်မသွင်းရသေးပေ။ ထိုသုံးယောက်က သူတို့အားလုံး၏ကျောရိုးဖြစ်ပြီး သူတို့သာ သေဆုံးသွားလျှင် သမာဓိကောင်စီကိုဆန့်ကျင်ရာ၌ မျှော်လင့်ချက် မရှိတော့ပေ။ မည်မျှအန္တရာယ်များပါစေ ပိုမေ့နှင့် ခေါင်းဆောင်နှစ်ယောက် ပြန်အလာကို စောင့်ဆိုင်းရမည်ဖြစ်သည်။

သမာဓိကောင်စီ၏ စစ်စခန်းအတွင်းမှ ရုပ်သေးများနှင့် ကျင့်ကြံသူများထွက်ပေါ်လာ၍ ကျိုင်းကောင်အုပ်ကြီးများသဖွယ် နတ်မိုးကြိုးမြို့တော်ထံ ချီတက်လာကြသည်။ ကုမင်နှင့် ကုရန်က ကောင်းကင်ချီများထုတ်ဖော်၍ မီတာတစ်ရာကျော်မြင့်သော မိစ္ဆာသားရဲကြီးနှစ်ကောင် ဖန်တီးလိုက်သည်။ ၎င်းတို့က ကာကွယ်ရေးအစီအရင်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသောအခါ မြို့ရိုးအပြင်ရှိ ကာကွယ်ရေးအလွှာက ဆက်တိုက်တုန်ခါလာခဲ့သည်။

"ဘုန်း ဘုန်း"

မိစ္ဆာသားရဲကြီးများ၏ ဆက်တိုက်တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံများ တရစပ်ထွက်ပေါ်နေပြီး ကောင်းကင်မှ မိုးချုန်းသံများကိုပင် ဖုံးအုပ်သွားသည်။ ကာကွယ်ရေးအစီအရင်က ဤနှုန်းဖြင့် တိုက်ခိုက်ခံနေရလျှင် တစ်နာရီအတွင်း သေချာပေါက်ပြိုကျသွားတော့မည်ဖြစ်သည်။

နတ်မိုးကြိုးမြို့တော်အတွင်း ကျန်ရစ်ခဲ့သော ကျင့်ကြံသူများသည် ကောင်းကင်သို့မော့ကြည့်လိုက်သောအခါ အစီအရင်က အက်ကြောင်းများပြည့်နှက်နေပြီး အချိန်မရွေးပြိုကျနိုင်ကြောင်း သိလိုက်ရသည်။ အဆုံးမဲ့အဆင့်နှင့် အထက်ကျင့်ကြံသူများက နတ်မိုးကြိုးနယ်မြေထံ ရောက်ရှိသွားပြီဖြစ်သောကြောင့် ကျန်သူများက သမာဓိကောင်စီကို ဆန့်ကျင်နိုင်စွမ်းမရှိပေ။ သူတို့အတွက် စောင့်ဆိုင်းနေသည်မှာ သေခြင်းတရားသာဖြစ်သည်။ မျိုးနွယ်များ ဆက်လက်တည်မြဲရေးအတွက် တစ်စုံတစ်ယောက်ကတော့ အသက်ဆက်ရှင်ရပေလိမ့်မည်။

"ငါတို့ကိုဘိုးဘေးတွေ စိတ်မပျက်စေရဘူး"

"သေတဲ့အထိ တိုက်ခိုက်ကြမယ်"

လူတိုင်းက လက်နက်များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ အော်ဟစ်ကြုံးဝါးလိုက်ကြသည်။ သူတို့က စွန့်ပစ်ခံလိုက်ရသည့်တိုင်အောင် နောင်တမရချေ။ အားလုံးက စစ်ပွဲများအတွင်း ရှင်သန်လာသူများဖြစ်သောကြောင့် တစ်နေ့တွင် သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း နားလည်ထားသည်။ မျိုးနွယ်ဆက်လက်တည်မြဲရေးအတွက် ဆောင်ရွက်မည့်သူများ အသက်ရှင်မည်ဆိုလျှင် သူတို့က လိုလိုလားလား အသေခံပေးရန် ဆုံးဖြတ်ထားကြသည်။ မျိုးနွယ်ဝင်များ၏ သစ္စာရှိမှုအပေါ် အပြင်လူများ နားလည်နိုင်ရန် မလွယ်ချေ။

ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းသည် ယုလုကို အစွမ်းကုန်တိုက်ခိုက်နေပြီး ရှထုံတန်းက ဒဏ်ရာအနည်းငယ် ရရှိထားသည်။ သို့သော် အစွမ်းထက်ကျင့်ကြံသူသုံးယောက်ကို တစ်ကိုယ်တော်တိုက်ခိုက်နေရသော ယုလုမှာလည်း မချောင်ပေ။ ကာကွယ်ရေးအစီအရင် ပျက်စီးစပြုလာကြောင်းကို ပိုမေ့က ဝိညာဥ်အသိစိတ်ဖြင့် သတိထားမိလိုက်သည်။ သမာဓိကောင်စီနှင့် တိုက်ပွဲတွင် သူက အဆိုးဆုံးကို ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ ထို့ကြောင့် အရံအစီအစဥ်တစ်ခု ချမှတ်ထားခဲ့သည်။ သို့သော် ဘုရင်တစ်ပါးအနေဖြင့် နောက်လိုက်နောက်ပါများစွာကို စွန့်ပစ်ရမည့်အပေါ် ကိုယ့်ကိုကိုယ်အပြစ်ရှိစိတ်ကို ကြီးစွာခံစားနေရသည်။

မြို့ပြင်ရှိ ကာကွယ်ရေးအစီအရင်က ပျက်စီးလုနီးပါးဖြစ်လာခဲ့သည်။ ထို့ကြောင့် အစီအရင်မပျက်စီးခင် ပိုမေ့တို့သုံးယောက်သည် နတ်မိုးကြိုးနယ်မြေအတွင်း ဆုတ်ခွာကြရပေလိမ့်မည်။ မဟုတ်လျှင် ကုမင်နှင့် ကုရန် ရောက်ရှိလာပါက အလွန်အမင်း အန္တရာယ်များသွားနိုင်လေသည်။

All Chapters