← Chapters

နတ်မိုးကြိုးမြို့တော်၏ အာဇာနည်သူရဲကောင်းများ ၂

Vol. 36 Ch. 499

နတ်မိုးကြိုးမြို့တော်၏ အာဇာနည်သူရဲကောင်းများ ၂

Vol. 36 Ch. 499

"ဒါပေမယ့် သခင်ကျန်း"

ယဲ့ချန်က ကျန်းလီကို ဖြောင့်ဖျရန် ကြိုးစားလိုက်သည်။

"မစိုးရိမ်ပါနဲ့။ ငါတို့သုံးယောက်က အလကားသက်သက် အသေသွားမခံပါဘူး။ ငါတို့ရဲ့ကျင့်ကြံဆင့်ကို လေးငါးဆလောက်မြှင့်တင်ပေးနိုင်တဲ့ လျှို့ဝှက်ကျင့်စဥ်တစ်ခု ရှိတယ်။ ဒီလိုဆိုရင် ငါတို့က ကုမင်၊ ကုရန်နဲ့ ယုလုကိုယှဥ်နိုင်မှာ သေချာတယ်"

ကျန်းလီက တစ်ချက်ပြုံး၍ စကားဖြတ်ပြောလိုက်သည်။ သူက သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်ကို စူးစူးဝါးဝါးစိုက်ကြည့်နေခဲ့သည်။

"လျှို့ဝှက်ကျင့်စဥ် ဒါက မိုးကြိုးမျိုးနွယ်ရဲ့တားမြစ်ကျင့်စဥ်ကို ပြောချင်တာလား။ ခေါင်းဆောင်ကျန်း ဒီလိုလုပ်လို့ လုံးဝမဖြစ်ပါဘူး။ ဒီကျင့်စဥ်ကိုအသုံးပြုလိုက်တာနဲ့ တစ်နာရီကြာရင် ဝိညာဥ်ရော အသက်ပါ ချုပ်ငြိမ်းရပါလိမ့်မယ်။ ဘယ်နည်းလမ်းမျိုးနဲ့မှ ကယ်တင်နိုင်မှာမဟုတ်တဲ့ သတ်သေတဲ့ နည်းလမ်းကြီးဖြစ်ပါတယ်။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ရှင်"

ပိုလင်းက အနည်းငယ်မင်သက်သွားပြီးနောက် တုန်ယင်နေသောအသံဖြင့် တောင်းပန်တားမြစ်လိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်၏ရင်ထဲတွင်လည်း တင်းကျပ်လာခဲ့သည်။ ကျန်းလီ၊ ပိုမေ့နှင့် ရှထုံတန်းက သမာဓိကောင်စီ၏ခွေးအိုကြီးများကို ရင်ဆိုင်ရန်အတွက် ကိုယ့်အသက်ကို စတေးကြတော့မည်ဖြစ်သည်။

"မသေချင်တဲ့လူရယ်လို့ မရှိပါဘူးကွယ်။ ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်အတွက် လုပ်သင့်တာနဲ့မလုပ်သင့်တာကို ကွဲကွဲပြားပြားသိထားသင့်တယ်။ မင်းတို့ မတားကြပါနဲ့တော့။ ငါတို့ညီအစ်ကိုသုံးယောက်က ဒီအစီအစဥ်ကို တွေးထားပြီးသားပါ"

ကျန်းလီက တည်ငြိမ်စွာဖြင့် ခေါင်းယမ်းပြလိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်က အဝေးတွင် တင်ပျဥ်ခွေထိုင်နေသော ရှထုံတန်းနှင့် ပိုမေ့ထံ အကြည့်ရောက်သွားခဲ့သည်။ သူတို့၏ကျင့်ကြံဆင့်များအရ ရန်သူကိုမယှဥ်နိုင်လျှင်ပင် ကိုယ်လွတ်ရုန်းထွက်ပြေးရန် အလွန်လွယ်ကူပေသည်။ သို့သော် ကိုယ့်ကိုကိုယ်ကာကွယ်ရမည့်အစား ဤဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့ကြသည်။ လောကကြီးတွင် သမာဓိကောင်စီကဲ့သို့ ယုတ်မာအောက်တန်းကျသူများနှင့် ပိုဖန်းကဲ့သို့ ငကြောက်သစ္စာဖောက်များ ရှိသကဲ့သို့ ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းကဲ့သို့ သူရဲကောင်းအစစ်အမှန်များလည်း ရှိနေခဲ့သည်။ နတ်မိုးကြိုးနယ်မြေအပြင်ရှိ ငယ်သားများကို ကယ်တင်ရန်အတွက် ခေါင်းဆောင်သုံးယောက်ပင် ကိုယ့်ကိုကိုယ်စတေးမည်ဟု ဆုံးဖြတ်ထားကြသောအခါ သူကိုယ်တိုင်လည်း မျက်လုံးများတောက်ပလာ၍ ဆုံးဖြတ်ချက်တစ်ခု ပိုင်ပိုင်နိုင်နိုင်ချလိုက်လေသည်။

"ငါတို့တိုက်ပွဲမှာ သေဆုံးသွားခဲ့ရင် လူတိုင်းကို မင်းတို့က စောင့်ရှောက်ပေးကြပါ"

ကျန်းလီက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"စိတ်ချပါ သခင်ကျန်း။ ကျုပ်တို့အပေါ် ယုံကြည်မှုကို စိတ်မပျက်စေရပါဘူး"

ယဲ့ချန်က လေးနက်စွာ ကတိပေးလိုက်သည်။ သို့သော် သူ၏ရင်ထဲတွင် ခံစားချက်များ ဗြောင်းဆန်နေသည်ကို သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပေသည်။ ကျန်းလီက ယဲ့ချန်၏ပခုံးကို ကြင်နာစွာပုတ်၍ ပိုမေ့ထံ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ရှထုံတန်းက ယဲ့ချန်ထံ လှည့်ကြည့်လာပြီး အမြဲလိုလိုအေးစက်တင်းမာနေသော မျက်နှာပေါ်တွင် ပထမဆုံးအကြိမ် အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ သူ၏အပြုံးကြောင့် ယဲ့ချန်မှာ ရှထုံတန်း၏အကျင့်စရိုက်အပေါ် အထင်လွဲခဲ့မှုအတွက် မလုံမလဲဖြစ်နေခဲ့သည်။ လက်ရှိအချိန်တွင် သဲသားရဲမျိုးနွယ်ခေါင်းဆောင်အပေါ် သူက အလွန်လေးစားနေပြီဖြစ်သည်။ ယဲ့ချန်က အကူအညီရလိုရငြား တောင်းဆိုရန်အတွက် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းရှိ ခြင်္သေ့ကြီးကို ဆက်သွယ်လိုက်သည်။

"ဆရာ ခေါင်းဆောင်သုံးယောက်က ရန်သူတွေကို အနိုင်ယူဖို့ ကူညီပေးနိုင်တာများ ရှိမလား"

"ဟူး သူတို့အားလုံးက အဆင့်နှစ်ပိုင်နက်ကို နားလည်ထားကြတယ်ဆိုတော့ ငါက သူတို့ရဲ့ကျင့်ကြံဆင့်မြင့်တက်အောင် ကူညီပေးနိုင်ရင်တောင် အနည်းဆုံး အချိန်ဆယ်ရက်ကြာလိမ့်မယ်။ အပြင်ဘက်က ကျင့်ကြံသူတွေကို ကယ်ဖို့အတွက် အချိန်မီမှာမဟုတ်ဘူး။ သူတို့က ကန့်သတ်နည်းစနစ်ကို အသုံးပြုလိုက်ရင် ဟိုခွေးကောင်တွေကို နိုင်နိုင်ချေရှိတယ်။ ဒါပေမယ့် သေခြင်းတရားကို ရှောင်လွှဲနိုင်မှာမဟုတ်ဘူး။ ငါ့ဘဝမှာ အခြားကျင့်ကြံသူတွေကို လေးစားခဲပေမယ့် သူတို့သုံးယောက်ကတော့ အစစ်အမှန်သူရဲကောင်းလို့ ခေါ်ထိုက်ပါတယ်"

ခြင်္သေ့ကြီးက သက်ပြင်းတစ်ချက်ချ၍ ဖြေလိုက်သည်။

"ဆရာတောင် ဘာမှမတတ်နိုင်တော့ဘူးလား"

ယဲ့ချန်က ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။

"တကယ်လို့ ဆရာ အပြင်ထွက်လာရင်ရော သူတို့ကို ကယ်တင်နိုင်လား"

"ယဲ့ချန် ငါ အပြင်ထွက်လာရင် သူတို့ကို မကယ်နိုင်ရုံသာမက မင်းတို့အားလုံး သေရလိမ့်မယ်။ ကောင်းကင်အမျက်က ငါ့ကိုသတ်ဖို့ ကြံစည်လာမှာ သေချာတယ်"

ခြင်္သေ့ကြီးက ခါးသီးစွာပြုံးလိုက်မိသည်။ သူက ကြယ်တာရာတံဆိပ်အတွင်း နှစ်သောင်းချီအောင်ပိတ်မိနေခဲ့ပြီး ခွန်အားက ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူ့အပေါ်ကျရောက်လာမည့် ကောင်းကင်အမျက်ကလည်း နှစ်သောင်းချီစုစည်းထားသော စွမ်းအင်များ ပါဝင်နေမည်ဖြစ်ရာ အရာအားလုံး ပျက်သုဥ်းသွားနိုင်သည်။

"နောက်ဆုံးတော့ ငါတတ်နိုင်တာ ဘာမှမရှိတော့ပါလား"

ယဲ့ချန်က စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ပိုမေ့ထံ တည့်တည့်မတ်မတ်လျှောက်လှမ်းသွားခဲ့သည်။ သူ၏နောက်တွင် ပိုလင်းနှင့် လောင်ရင် လိုက်ပါလာခဲ့သည်။ ပိုမေ့တို့သုံးယောက်က ရန်သူကို ရင်ဆိုင်ရန်အတွက် ကိုယ့်ကိုကိုယ်စတေးမည်ဟု သိလိုက်ရသောအခါ နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူတိုင်းက ဝမ်းနည်းနေကြသည်။ ဖြစ်နိုင်လျှင် သူတို့က ခေါင်းဆောင်သုံးယောက်အစား ဤတာဝန်ကို ကိုယ်စားထမ်းဆောင်ပေးချင်ခဲ့ကြသည်။ ကုရန်၊ ကုမင်နှင့် ယုလုက သေဆုံးမည်ဟု မသေချာသော်လည်း သူတို့၏ခေါင်းဆောင်သုံးယောက်ကတော့ မပြန်လမ်းသို့ သေချာပေါက်လျှောက်လှမ်းကြရပေလိမ့်မည်။ ထိုအချိန်တွင် ယဲ့ချန်က ပိုမေ့ထံ ချဥ်းကပ်သွားသောအခါ မျက်လုံးတိုင်းက သိလိုစိတ်ဖြင့် စူးစမ်းနေကြသည်။

"အစ်ကိုပို ကျုပ်က အစ်ကို့ရဲ့ရှေးဟောင်းမျိုးဆက်သွေး အသက်ဝင်လာအောင် ကူညီပေးနိုင်ပါတယ်"

ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ပိုမေ့ကိုဆက်သွယ်လိုက်ပြီး တစ်ကိုယ်လုံးတွ င်မိုးကြိုးချီများ တဟုန်းဟုန်းထွက်ပေါ်လာသည်။

"ကောင်းပြီ။ ကျေးဇူးတင်ပါတယ်"

ပိုမေ့က အံ့သြသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ သူ၏စိတ်ထဲတွင် ယဲ့ချန်၏နည်းလမ်းအပေါ် သံသယအချို့ရှိသော်လည်း မျိုးဆက်သွေးနိုးထလာသော ပိုလင်းနှင့်လောင်ရင်က သက်သေများဖြစ်နေခဲ့သည်။ အရာအားလုံးက ယဲ့ချန်နှင့် ပတ်သက်ဆက်နွယ်နေပုံရသည်။

"မောင်လေး ဒီလိုမလုပ်ပါနဲ့။ အရှင့်ရဲ့ကျင့်ကြံဆင့်က မြင့်လွန်းတယ်။ နင် သေသွားလိမ့်မယ်"

ယဲ့ချန်၏ကိုယ်ပေါ်ရှိ မိုးကြိုးချီများကြောင့် သူ၏ရည်ရွယ်ချက်ကို နားလည်သွားသောအခါ ပိုလင်းက စိုးရိမ်တကြီးတားမြစ်လိုက်သည်။ သူမ၏စကားကြောင့် ပိုမေ့ကိုယ်တိုင်လည်း ထိတ်လန့်အံ့သြသွားခဲ့သည်။ သူ၏မျိုးဆက်သွေးကို အသက်သွင်းရန်အတွက် ယဲ့ချန်က အသက်စွန့်ရမည်ဟု ထင်မထားခဲ့ပေ။

"ကျင့်ကြံသူတစ်ယောက်အတွက် လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားတတ်ရမယ်"

ယဲ့ချန်က ပိုလင်းကိုနှစ်သိမ့်၍ တစ်ချက်ပြုံးပြလိုက်သည်။ သူ၏အပြုံးတွင် ဖော်ပြမရနိုင်သော အရှိန်အဝါတစ်ခုပါဝင်နေပြီး ကျန်းလီနှင့် ကျန်နှစ်ယောက်၏ ခံစားချက်များကို ကိုယ်တိုင်နားလည်နိုင်ခဲ့သည်။ ပိုလင်းသည် ယဲ့ချန်ကို ဝမ်းနည်းစွာ ငေးကြောင်ကြည့်နေခဲ့မိသည်။ ပထမဆုံးအကြိမ်တွေ့စဥ်ကထက် ယဲ့ချန်က ပို၍တည်ကြည်ခန့်ညားလာကာ သူ၏အပြုံးက လုံခြုံမှုကို ခံစားရစေသည်။ ယဲ့ချန်အတွက် စိုးရိမ်လွန်းသောကြောင့် ပိုလင်း၏မျက်လုံးများ ဝေဝါးလာကာ လဲကျသွားခဲ့သည်။ သူမနောက်တွင်ရပ်နေသော လောင်ရင်က တွဲထူလိုက်သည်။ သူမကိုယ်တိုင်လည်း ယဲ့ချန်ကို ကြည့်နေသော အကြည့်တွင် ခံစားချက်အချို့ ဖြစ်တည်လာသည်။

ယဲ့ချန်၏ရင်ဘတ်ရှိ ပုံရိပ်ယောင်ပုလဲက တုန်ယင်၍ အဖြူရောင်အလင်းများ တောက်ပလာသည်။ သူက အမွေးပွလေးထံမှ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် တစ်ချက်ပြုံးလိုက်မိသည်။ သူသေသွားလျှင်ပင် ပုံရိပ်ယောင်ပုလဲ၏ကာကွယ်ပေးမှုဖြင့် သူမကိုယ်သူမ ကာကွယ်နိုင်ပေလိမ့်မည်။

"ညီငယ်လေး မင်း ဒီလိုလုပ်စရာမလိုပါဘူး"

ပိုမေ့သည် ယဲ့ချန်အပေါ် လေးစားစိတ်များဖြစ်ပေါ်လာသည်။ သူ၏မျက်လုံးအောက်ရှိ ပိုလင်းနှင့် ယဲ့ချန်၏ ဆက်ဆံရေးကို သူက ကြိုတင်သိရှိထားပြီးဖြစ်သည်။ ယေဘူယျသဘောပြောရလျှင် သူက ကန့်ကွက်မည်ဖြစ်သော်လည်း လက်ရှိတွင် ပိုလင်းက လူရွေးမမှားကြောင်း လက်ခံလိုက်ရသည်။

"ကျုပ်က အစ်ကိုပို၊ အစ်ကိုကျန်းနဲ့ အစ်ကိုရှလိုမျိုး ကိုယ်ပိုင်တာအိုကို ပျက်စီးခွင့်မပြုနိုင်ပါဘူး"

ယဲ့ချန်က ခေါင်းယမ်း၍ လေးနက်စွာ ပြောလိုက်သည်။

"ကိုယ်ပိုင်တာအို ဟား ဟား ပြောတာကောင်းတယ်"

ပိုမေ့က သဘောကျစွာအော်ဟစ်ရယ်မော၍ ချီးကျူးလိုက်သည်။

ယဲ့ချန်၏ကိုယ်တွင်းမှ ဓားပျံက စတင်လည်ပတ်လာပြီး မိုးကြိုးချီများ ထွက်ပေါ်လာသည်။ သူ၏ကောင်းကင်ချီများက မိုးကြိုးချီများအဖြစ် ပြောင်းလဲသွားသောအခါ လက်ချောင်းနှစ်ချောင်းဖြင့် ပိုမေ့၏ရင်ဘတ်ကို ထောက်လိုက်သည်။

"သန့်စင်လိုက်တဲ့ မိုးကြိုးချီတွေ"

ပိုမေ့ကိုယ်တိုင်လည်း ယဲ့ချန်၏အစွမ်းကြောင့် အံ့သြနေရသည်။ ကျန်းလီ၊ ရှထုံတန်းနှင့် အခြားကျင့်ကြံသူများကလည်း အံ့သြစွာ စောင့်ကြည့်နေသည်။ ယဲ့ချန်၏မိုးကြိုးချီများက ကြောက်စရာကောင်းလောက်အောင် သန့်စင်လွန်းနေသည်။

၎င်းတို့က ပိုမေ့၏ကိုယ်တွင်းသို့ ဝင်ရောက်သွားသောအခါ ကျောရိုးအတွင်း နက်ရှိုင်းစွာပုန်းကွယ်နေသည့် ရှေးဟောင်းမျိုးဆက်သွေးက စတင်တုံ့ပြန်လာသည်။ မိုးကြိုးချီများက သူ၏မျိုးဆက်သွေးကို အမှန်တကယ် အသက်သွင်းပေးနိုင်စွမ်းရှိနေသည်။ ပိုမေ့၏ခန္ဓာကိုယ်က အဆုံးမရှိသောတွင်းကြီးတစ်ခုနှင့် တူညီနေသောကြောင့် ယဲ့ချန်က အပြည့်ဖြည့်ပေးနိုင်ခြင်းမရှိပေ။ သူ၏ချီများက လျင်မြန်စွာကုန်ခမ်းလာနေပြီး ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးနှင့် စိတ်အတွင်းမှ ဓားပျံကိုသာ အားကိုးနေရသည်။

"မလုံလောက်သေးဘူး။ လာစမ်းပါ"

ဓားပျံက မူလတွင် တုန်ခါနေရာမှ တဆတ်ဆတ်လှုပ်ယမ်းလာပြီး ကောင်းကင်ချီများ ထောက်ပံ့ပေးနေခဲ့သည် ။ကြယ်ကိုးလုံးက ၎င်းတို့ကို မိုးကြိုးချီအဖြစ်ပြောင်းလဲကာ ပိုမေ့ထံ ပို့ဆောင်ပေးနေကြသည်။ ၎င်းတို့က အကန့်အသတ်အထိအလုပ်လုပ်နေရပြီး ရွှေရောင်ပုံရိပ်လေးက မျက်စိကျိန်းစပ်လောက်အောင် အလင်းရောင်များ ထုတ်လွှတ်လာသည်။ ကောင်းကင်သိုင်းချီကလည်း ယဲ့ချန်ကို ကူညီရန်အတွက် အသက်ဝင်လာခဲ့သည်။

မိုးကြိုးချီများက ဒီရေလှိုင်းများပမာ တဝုန်းဝုန်းစီးဝင်လာနေသောကြောင့် ပိုမေ့က မင်သက်နေခဲ့သည်။ ယဲ့ချန်၏ကျင့်ကြံဆင့်ဖြင့် ဤမျှများပြားသော ချီများကို ထုတ်လွှတ်ပေးနိုင်စရာ အကြောင်းမရှိပေ။ ဤပမာဏက အဆင့်နှစ်ပိုင်နက်ကို နားလည်ထားသည့် ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်ပင် မပိုင်ဆိုင်နိုင်သော ပမာဏဖြစ်သည်။ ယဲ့ချန်ထံတွင် လျှို့ဝှက်ချက်များ ရှိနေပုံပေါ်သည်။ အိပ်မက်ဆိုးသားရဲမျိုးဆက်သွေးက နိုးထလာပြီးနောက် ပိုမေ့၏သွေးကြောများအတွင်း စီးဝင်လာသဖြင့် ကျင့်ကြံဆင့်က လျင်မြန်စွာ တိုးတက်လာနေသည်။ ဤဖြစ်ရပ်၏အကျိုးဆက်ကြောင့် ချီပင်လယ်ပင် စတင်ဖြစ်ပေါ်လာသည်။ ရှေးဟောင်းမျိုးဆက်သွေးက အံ့သြလောက်အောင် အစွမ်းထက်နေသည်။ အကယ်၍ ယဲ့ချန်သာ ဤပမာဏကို နောက်ထပ်သုံးကြိမ်တိတိ ထုတ်လွှတ်ပေးနိုင်လျှင် ချီပင်လယ်အဆင့်သို့ရောက်ရန် သေချာသောကြောင့် ပိုမေ့၏မျက်လုံးများ တောက်ပလာသည်။

သို့သော် ထိုအခိုက်၌ ယဲ့ချန်၏မျက်လုံးများနှင့် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သူက အကန့်အသတ်သို့ရောက်ရှိနေပြီး ခန္ဓာကိုယ်က ပြိုလဲကျလုနီးပါးဖြစ်နေသည်။ သူက ပိုမေ့၏မျိုးဆက်သွေးကို အသက်သွင်းရန်အတွက် လောင်ရင်အတွက်ထုတ်လွှတ်ပေးစဥ်ကထက် အဆများစွာ ထုတ်ဖော်ထားရသည်။ အကယ်၍ ဤနှုန်းအတိုင်း ဆက်လက်ဖြစ်ပွားနေလျှင် ယဲ့ချန်၏အသက်အားများ ကုန်ခမ်း၍ သေဆုံးသွားပေလိမ့်မည်။ သို့သော် ယဲ့ချန်က ခေါင်းမာစွာဖြင့် လက်မလျှော့သောကြောင့် ပိုမေ့ ကသက်ပြင်းတစ်ချက်ချ၍ ညှင်သွာစွာတွန်းလွှတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်အတွင်း စီးဝင်လာနေသော မိုးကြိုးချီများက ချက်ချင်းရပ်တန့်သွားခဲ့သည်။

ယဲ့ချန်၏မြင်ကွင်းက ဗလာဖြစ်သွားကာ သတိလစ်သွားခဲ့သည်။ ပိုမေ့က လက်တစ်ဖက်ယမ်းလိုက်သောအခါ ညှင်သာသော ချီလှိုင်းတစ်ခုထွက်ပေါ်လာ၍ ယဲ့ချန်ကို လေပေါ်၌ သယ်ဆောင်ထားလေသည်။

All Chapters