နောက်ဆုံးနှုတ်ဆက်ခြင်း
Vol. 36 Ch. 500
ယဲ့ချန်သည် ခန္ဓာကိုယ်က သတိလစ်နေသော်လည်း စိတ်က ကြည်လင်နေသဖြင့် ပတ်ဝန်းကျင်၌ဖြစ်ပျက်နေသမျှကို သိနိုင်သည်။ သူက ကြယ်ရောင်များ လင်းလက်နေသော နယ်မြေတစ်ခုသို့ ရောက်ရှိနေခဲ့သည်။ နောက်ဆုံးတွင် သူက အသက်စွန့်၍ကူညီနိုင်ခဲ့သဖြင့် နှလုံးသားက တည်ငြိမ်နေခဲ့သည်။ ယဲ့ချန်ကို စိုးရိမ်စွာစောင့်ကြည့်နေသော ပိုလင်းက ပြေးထွက်လာသည်။
"သူ အဆင်ပြေပါတယ်။ ကောင်းကောင်းဂရုစိုက်ပေးလိုက်ပါ"
ပိုမေ့သည် ဝိညာဥ်အသိစိတ်ဖြင့် ယဲ့ချန်၏အခြေအနေကို စစ်ဆေး၍ သူမကို နှစ်သိမ့်ပေးလိုက်သည်။
"အရှင် ကျွန်တော်မျိုးမကိုလည်း တိုက်ပွဲမှာ ပါဝင်ခွင့်ပြုပါ"
ပိုလင်းက နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်၍ တောင်းဆိုလိုက်သည်။
"အချိန်မကျသေးဘူး။ သတိရပါ။ မင်းက မိုးကြိုးသားရဲမျိုးနွယ်ရဲ့ မျှော်လင့်ချက်ဖြစ်တယ်"
ပိုမေ့က ခေါင်းယမ်းပြလိုက်သည်။
"ဒါပေမယ့် အရှင်"
ပိုလင်းက စောဒကတက်ချင်သော်လည်း ပိုမေ့က လက်ကာပြလိုက်သည်။
"ဘာဒါပေမယ့်မှ မရှိဘူး။ ငါတို့က သေချာပေါက်အောင်မြင်ပါလိမ့်မယ်"
ပိုမေ့၏ ညှင်သာသိမ်မွေ့သော စကားသံ ထွက်ပေါ်လာသည်။ မျက်ရည်လည်ရွဲဖြစ်နေသော ပိုလင်းက ခေါင်းညိတ်ခဲ့သည်။ ထို့နောက် ပိုမေ့က ကျန်းလီနှင့်ရှထုံတန်းဘက်လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် သူတို့က စိတ်သက်သာရာရသွားကြသည်။ ယဲ့ချန်က ပိုမေ့၏ခွန်အားကို များစွာမြှင့်တင်ပေးနိုင်ခဲ့ပုံပေါ်သည်။ အကယ်၍ သူတို့က ရန်သူများကိုမသတ်နိုင်လျှင်ပင် အနိုင်ရမည့်အခွင့်အရေးက ပို၍မြင့်တက်လာခဲ့သည်။ ခေါင်းဆောင်သုံးယောက်က တင်ပျဥ်ခွေထိုင်၍ နောက်ဆုံးတိုက်ပွဲအတွက် ကန့်သတ်နည်းစနစ်ကို အသက်သွင်းလိုက်သည်။ သူတို့ပတ်လည်တွင်ဖြစ်ပေါ်လာသော ရွှေရောင်အလင်းစက်ကွင်းများကိုကြည့်၍ နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူအားလုံး ဝမ်းနည်းနေကြသည်။ ကန့်သတ်နည်းစနစ်ကို အသက်သွင်းလိုက်ခြင်းက သေခြင်းတရားထံ တိုက်ရိုက်ဦးတည်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် နတ်မိုးကြိုးနယ်မြေ၏အရှေ့ရှိ ရင်ပြင်ထက်တွင် မိုးကြိုးသားရဲများနှင့် အခြားမျိုးနွယ်ဝင်များကို သမာဓိကောင်စီ၏စစ်တပ်က ကြိုးများဖြင့်တုပ်နှောင်၍ ခေါ်ဆောင်လာကြသည်။ ကလေးများနှင့် မိန်းမများထံမှ ငိုသံများ ကျယ်လောင်စွာထွက်ပေါ်နေသည်။
"မငိုကြနဲ့။ မင်းတို့သေရင်တောင် ငကြောက်ဖြစ်လို့ မရဘူး"
မိုးကြိုးမျိုးနွယ်ဝင်တစ်ယောက်က အော်ဟစ်အမိန့်ပေးလိုက်သည်။ သူ့ကိုတုပ်နှောင်ထားသော ကြိုးများက တင်းကျပ်လွန်းသဖြင့် ကြွက်သားများပေါ်တွင် အပြာရောင်သွေးကြောများပင် ထွက်ပေါ်နေသည်။ သူ၏အော်သံကြောင့် ငိုသံများ တိတ်ဆိတ်သွားကြသည်။
"ပိုမေ့ မင်းက ဒီခွေးကောင်တွေသေတာကို ကြည့်နေနိုင်သလား။ အရှေ့ပိုင်းတိုက်ကြီးရဲ့ နံပတ်တစ်ကျင့်ကြံသူက ငကြောက်တစ်ယောက်လား။ ဟား ဟား မင်းမထွက်လာမချင်း တစ်ယောက်ပြီးတစ်ယောက် သတ်ပြမယ်"
လေထဲတွင်မတ်တပ်ရပ်နေသော ကုရန်၏မျက်နှာထက်တွင် ဆိုးယုတ်သောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက ညာလက်ကိုယမ်းလိုက်သောအခါ အော်ဟစ်အမိန့်ပေးလိုက်သည့် မိုးကြိုးမျိုးနွယ်ဝင်က လေပေါ်သို့ မြောက်တက်လာခဲ့သည်။ သူ့ကိုတုပ်နှောင်ထားသော ကြိုးများက ပို၍တင်းကျပ်လာသော်လည်း အသံတစ်ချက် မထွက်ခဲ့ပေ။
"မင်းတို့လိုပုရွက်ဆိတ်တွေကို သတ်ရတာ လွယ်လိုက်တာ"
ကုရန်က ဖမ်းဆီးခံထားရသူများကို အထင်သေးစွာငုံ့ကြည့်၍ ပြောလိုက်ခြင်းဖြစ်သည်။ သူက လက်သီးကို ဆုပ်လိုက်သောအခါ လေပေါ်သို့ရောက်ရှိနေသော မိုးကြိုးမျိုးနွယ်ဝင်မှာ အပိုင်းပိုင်းအစစပေါက်ကွဲ သေဆုံးသွားပြီး သွေးများပြန့်ကြဲသွားခဲ့သည်။ ထိတ်လန့်သော ငိုကြွေးသံများ ထပ်မံထွက်ပေါ်လာသောအခါ ကုရန်က သူ၏လုပ်ရပ်ကို ဂုဏ်ယူဟန်ဖြင့် ကျေနပ်နေခဲ့သည်။
"မင်းတို့ရဲ့ဘုရင်က မင်းတို့ကို စွန့်ပစ်သွားပြီ။ ပိုမေ့ မင်းထွက်မလာရင် အကုန်လုံးကို သတ်လိုက်ရမလား"
ကုရန်၏လေသံက ငရဲသားတစ်ယောက်ပမာ အေးစက်တင်းမာနေသည်။ ကုမင်နှင့် နတ်ပန်းပဲက ပျောက်ကွယ်နေသော်လည်း နေရာတိုင်းတွင် သူတို့၏အရှိန်အဝါများ ရှိနေသည်။ သူတို့က ကောင်းကင်ထက်တွင် အနက်ရောင်ချီများအတွင်း ပေါင်းစပ်နေကြပြီး အရာအားလုံးကို စောင့်ကြည့်နေသည်။ ကုရန်သည် နတ်မိုးကြိုးနယ်မြေမှ လှုပ်ရှားမှုတစ်စုံတရာကို မတွေ့ရသောအခါ နှာခေါင်းရှုံ့၍ အချက်ပြလိုက်သည်။ သမာဓိကောင်စီဝင်များက တဏှာခိုးဝေသောမျက်လုံးများနှင့် ရောက်ရှိလာကာ မိန်းမများနှင့် ကလေးများထံ တောခွေးအများပမာ ခုန်အုပ်လိုက်ကြသည်။
"မိုးကြိုးမျိုးနွယ်ရဲ့မိန်းမတွေက ယောကျ်ားတစ်ယောက်တည်းအပေါ်မှာ သစ္စာရှိတယ်လို့ ကြားဖူးတယ်။ အပျိုတွေရဲ့ကျင့်ကြံဆင့်ကို နှစ်ကိုယ်တူကျင့်ကြံသူက ရတယ်လို့လည်း ကြားဖူးတယ်။ ဒီအချက်မှန်မမှန် စစ်ဆေးလိုက်ရအောင်"
ကုရန်၏အမိန့်သံအဆုံးတွင် မိန်းမများ၊ အမျိုးသမီးငယ်လေးများနှင့် ကလေးငယ်များ၏ငိုသံများ ထွက်ပေါ်လာခဲ့သည်။
"ပိုမေ့ ဒီကောင်မတွေက တော်တော်အရသာရှိမယ်ထင်တယ်။ မင်းရဲ့မိဖုရားတွေရော ဒီအထဲမှာ ရှိနေသလား"
ငိုသံများကို နားအရသာခံနေသော ကုရန်က အောက်တန်းကျစွာဖြင့် ရန်စလိုက်ပြန်သည်။ နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူများက အပြင်ဘက်ရှိအခြေအနေကို မြင်တွေ့နေရသောကြောင့် ဒေါသတကြီးဖြစ်နေကြသည်။ သူတို့က ပြေးထွက်သွားချင်သော်လည်း အနီးအနားရှိ သတိကြီးသူများက တားမြစ်ထားခဲ့သည်။
"အစ်ကိုကျန်း အစ်ကိုရှ ကျုပ်တို့သွားကြစို့"
ထိုအချိန်၌ ပိုမေ့၏မျက်လုံးများ ရုတ်တရက်ပွင့်လာကာ ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ထက်ရှိကုရန်ကို သတ်ဖြတ်လိုစိတ်ဖြင့်စိုက်ကြည့်နေရင်း မြှားတစ်စင်းပမာ ပြေးထွက်သွားခဲ့သည်။ ကျန်းလီနှင့် ရှထုံတန်းကလည်း တုံ့ဆိုင်းခြင်းမရှိ လိုက်ပါသွားခဲ့သည်။ ထွက်ခွာသွားသော ခေါင်းဆောင်သုံးယောက်ကို ကြည့်နေသူတိုင်း၏မျက်ဝန်းများတွင် မျက်ရည်များဝဲနေကြသည်။ သူတို့က ခေါင်းဆောင်သုံးယောက်အနိုင်ရပါစေဟု ဆုတောင်းနေကြသော်လည်း ဝမ်းနည်းစိတ်ကို ဖုံးကွယ်မထားနိုင်ပေ။
"ပိုမေ့ နောက်ဆုံးတော့ မင်း ထွက်လာပြီပေါ့"
ကုရန်က တဟားဟားရယ်မော၍ ကောင်းကင်ချီများဖြင့် မိစ္ဆာသားရဲကြီးဖန်တီးကာ ပိုမေ့တို့ကို တိုက်ခိုက်လိုက်သည်။ ပိုမေ့က တိုက်ခိုက်လိုစိတ်ပြင်းပျစွာဖြင့် သားရဲကြီးကို ခန္ဓာကိုယ်ဖြင့်ဝင်ဆောင့်ကာ ၎င်း၏လက်တစ်ဖက်ကို ဖျက်ဆီးလိုက်သည်။ သူက အချိန်ခဏအတွင်း ဤမျှအစွမ်းထက်လာမည်ဟု ကုရန်က မမျှော်လင့်ထားပေ။ သူက ခွန်အားကို ရာနှုန်းပြည့်ထုတ်ဖော်၍ ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ ပိုင်နက်များ၏စွမ်းအားက အချင်းချင်းဆန့်ကျင်နေသောကြောင့် ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ၎င်းတို့လမ်းရှိ အရာအားလုံးကို ဖျက်ဆီးနေသည်။ ကောင်းကင်ထက်ရှိ အနက်ရောင်ချီများနိမ့်ဆင်းလာကာ ပိုမိုအစွမ်းထက်သော ပိုင်နက်နှစ်ခု ထွက်ပေါ်လာပြန်သည်။ ကောင်းကင်က မည်းနက်သွားကာ နေ၊ လ၊ ကြယ်တို့၏အလင်းရောင်များ မှေးမှိန်ပျောက်ကွယ်သွားကြသည်။
အဆင့်နှစ်ပိုင်နက်ကို နားလည်ထားသော ထိပ်တန်းကျင့်ကြံသူခြောက်ယောက်၏ တိုက်ပွဲက အရှေ့ပိုင်းတိုက်ကြီးတွင် အပြင်းအထန်ဆုံးဖြစ်နေခဲ့သည်။ အချိန်မီမရှောင်တိမ်းနိုင်သော ရုပ်သေးများနှင့် သမာဓိကောင်စီဝင်များက ချက်ချင်းပြာကျသွားကြသည်။ သူတို့က နာကျင်စွာအော်ဟစ်ရင်း အသက်ပျောက်ကုန်သည်။ ထူးကဲအဆင့်ရောက်နေသော ရုပ်သေးများပင် ဤတိုက်ပွဲ၏အကျိုးသက်ရောက်မှုကို တစ်ချက်ပင်မခုခံနိုင်ကြပေ။ ၎င်းတို့က ထူးကဲအဆင့်နှစ်နှင့် သုံး ခွန်အားကိုသာ ပိုင်ဆိုင်ထားပြီး ပိုင်နက်ကိုလည်း မထုတ်ဖော်နိုင်သောကြောင့် အဆင့်နှစ်ပိုင်နက်များရှေ့မှောက်တွင် မယှဥ်နိုင်ခဲ့ကြပေ။
"ဘုန်း ဘုန်း ဘုန်း"
တိုက်ပွဲမှထွက်ပေါ်လာသော ပေါက်ကွဲသံများက ကောင်းကင်ရှိမိုးချုန်းသံများကို ဖုံးလွှမ်းသွားခဲ့သည်။ နတ်မိုးကြိုးနယ်မြေအတွင်းမှ ကျင့်ကြံသူများက တိုက်ပွဲကို စိုးရိမ်တကြီးစောင့်ကြည့်နေကြသည်။ သူတို့၏ရင်ဘတ်ထဲတွင် စိုးရိမ်စိတ်များတင်းကျပ်နေပြီး ပိုမေ့တို့အစား ချွေးများစိုရွှဲနေကြသည်။ ယဲ့ချန်က မျက်လုံးပင်မဖွင့်နိုင်သော်လည်း ဝိညာဥ်အသိစိတ်မှမြင်ကွင်းက ထူးထူးခြားခြားကြည်လင်နေသည်။ ပြင်ပ၌ဖြစ်ပျက်သမျှကို သူက သိနေခဲ့သည်။
ပိုမေတို့၏ခွန်အားက ကန့်သတ်နည်းစနစ်ကြောင့် လေးငါးဆမကတိုးတက်လာသော်လည်း သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက်ကို အနိုင်နိုင်တိုက်ခိုက်နေရသည်။ အကယ်၍ ယဲ့ချန်သာ ပိုမေ့၏မျိုးဆက်သွေးကို မနိုးထစေနိုင်ခဲ့လျှင် သူတို့က ရန်သူများကို ယှဥ်နိုင်မည်မဟုတ်ပေ။ တိုက်ပွဲက ပြင်းထန်နေပြီး တစ်ချက်ကလေးပေါ့ဆလိုက်ရုံဖြင့် အပိုင်းပိုင်းအစစပေါက်ကွဲ၍ အသက်ဆုံးသွားနိုင်သည်။ သို့သော် ပိုမေ့တွင် အချိန်ကန့်သတ်ချက်တစ်ခုရှိနေပြီး တစ်နာရီကြာလျှင် သူတို့၏အသက်အားများ ကုန်ခမ်းသွားပေလိမ့်မည်။ သူတို့က ရန်သူများကို ထိုအချိန်အတွင်း မသတ်နိုင်လျှင် နောက်ထပ်အခွင့်အရေး မရှိတော့ပေ။
ပိုမေ့၊ ရှထုံတန်းနှင့် ကျန်းလီက သေရန်ပြင်ဆင်ထားသောကြောင့် ရန်သူများကို ရူးရူးမိုက်မိုက်တိုက်ခိုက်နေသည်။
"သေစမ်း"
ပိုမေ့၏ဓားချက်တွင် ကုမင်က ဘုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။
"အရှင်က တစ်ယောက်ကို သတ်လိုက်နိုင်ပြီ"
ကျင့်ကြံသူများက ပျော်ရွှင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။ ကန့်သတ်နည်းစနစ်ကြောင့် ခွန်အားအထွတ်အထိပ်သို့ရောက်ရှိနေသော ပိုမေ့၏ဓားချက်တိုင်းက ကမ္ဘာပျက်လောက်သော စွမ်းအားကို သယ်ဆောင်ထားသည်။
သို့သော် ကုရန်နှင့် ယုလုကို တိုက်ခိုက်နေသော ပိုမေ့ကမူ မျက်မှောင်ကြုတ်နေခဲ့သည်။ ကုမင်ကိုသတ်ဖြတ်ခြင်းက အလွန်လွယ်ကူနေသဖြင့် သူ၏ရင်ထဲတွင် လေးလံနေသည်။
"ဘုန်း ဘုန်း ဘုန်း"
တိုက်ပွဲက နာရီဝက်ကြာသည်အထိ ဆက်လက်ဖြစ်ပွားနေသော်လည်း ပိုမေတို့က ကုရန်နှင့်ယုလုကို မသတ်နိုင်ခဲ့ပေ။ ထိုအချိန်တွင် ကောင်းကင်ရှိအနက်ရောင်ချီများ စုဝေးလာ၍ ကုမင်၏ရုပ်ခန္ဓာက လျင်မြန်စွာ ပြန်လည်ဖြစ်တည်လာခဲ့သည်။ သူက ရုတ်တရက်ဆန်လွန်းစွာဖြင့် အနက်ရောင်ဓားတစ်ချောင်းအဖြစ် ပျံသန်းသွားကာ ရှထုံတန်း၏ကိုယ်တွင်းသို့ ထုတ်ချင်းပေါက်ထွက်သွားခဲ့သည်။
"အစ်ကိုရှ"
ရှထုံတန်း၏ခန္ဓာကိုယ်က ပေါက်ကွဲသွားသဖြင့် ပိုမေ့နှင့် ကျန်းလီ၏မျက်လုံးများက သွေးရောင်နီမြန်းနေခဲ့သည်။
"ခေါင်းဆောင်ရှ"
နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူများနှင့် ရင်ပြင်ပေါ်တွင် ဖမ်းဆီးခံထားရသူများ၏ မျက်နှာထက်တွင် မျက်ရည်များစီးကျလာ၏။ အဝါရောင်သဲများ ကောင်းကင်မှကျဆင်းလာ၍ ဝိညာဥ်တစ်ခုက ဖြည်းညှင်းစွာ ဖြစ်တည်လာသည်။ ရှထုံတန်း၏ဝိညာဥ်က ပြောစရာများစွာရှိဟန်ဖြင့် ပိုမေ့နှင့် ကျန်းလီကို စိုက်ကြည့်နေသည်။
"အစ်ကိုရှ ငြိမ်းချမ်းစွာအနားယူလိုက်ပါ။ ငါတို့က မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပြီး ရန်သူတွေကိုသတ်ပါမယ်"
ကျန်းလီ၏အသံက အက်ကွဲနေပြီး ပြင်းထန်စွာစိတ်ထိခိုက်နေသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ ဝိညာဥ်၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာကာ သူက နောက်ဆုံးတစ်ကြိမ်အဖြစ် ပိုမေ့၊ ကျန်းလီနှင့် သဲသားရဲမျိုးနွယ်ဝင်များကို တစ်ယောက်ပြီးတစ်ယောက် ကြည့်နေခဲ့သည်။ သူက တစ်ဘဝလုံး မျိုးနွယ်ကိုကာကွယ်ရန်အတွက် ပေးဆပ်ထားခဲ့သည်။ အပြင်လူများ၏အမြင်တွင် သဲသားရဲများက မောက်မာရိုင်းစိုင်းသော်လည်း အမှန်တကယ် အလွန်စည်းလုံးကြသူများဖြစ်သည်။ သဲသားရဲမျိုးနွယ်၏ထောက်တိုင်ကြီးဖြစ်ခဲ့သော ရှထုံတန်းက နောက်ဆုံးတွင် မျိုးနွယ်အား ဆက်လက်မကာကွယ်နိုင်တော့ပေ။ သူ့အတွက် အနားယူရမည့်အချိန် ကျရောက်လာခဲ့သည်။ နောက်ဆုံးတွင် ဝိညာဥ်က ကောင်းကင်ထက်တွင် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။