← Chapters

သရုပ်မှန်ထွက်ပေါ်လာခြင်း

Vol. 36 Ch. 501

သရုပ်မှန်ထွက်ပေါ်လာခြင်း

Vol. 36 Ch. 501

"ဟမ့် ဒါက ငါတို့ကိုဆန့်ကျင်တဲ့ အကျိုးရလဒ်ပဲ။ ပိုမေ့ ကျန်းလီ ဘယ်သူအရင်သေချင်လဲ။ နှစ်ယောက်လုံး အတူတူသေကြမလား။ နတ်မိုးကြိုးနည်းစနစ်က ငါတို့ကိုအနိုင်ယူနိုင်မယ်လို့ ထင်ထားတာလား။ ငါတို့ရဲ့စွမ်းအားကို မင်းတို့နားလည်နိုင်မှာ မဟုတ်ဘူး ဟား ဟား"

ကုမင်သည် ပျောက်ကွယ်သွားသော ရှထုံတန်း၏ဝိညာဥ်ကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည်။ သူ၏အသံက အလွန်တရာထူးဆန်းနေပြီး လူသားတစ်ယောက်၏အသံမျိုးမဟုတ်ဘဲ အသက်များကိုဝါးမျိုလိုသော မိစ္ဆာတစ်ကောင်ပမာ ရက်စက်ကြမ်းတမ်းနေသည်။

"ကုမင်က အရှင့်ရဲ့ဓားချက်ကြောင့် ပေါက်ကွဲသွားပြီ မဟုတ်လား။ ဘယ်လိုလုပ် အသက်ပြန်ရှင်လာတာလဲ"

နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူများက စိတ်ဓာတ်ကျသွားကြသည်။ ရှထုံတန်းသေဆုံးသွားပြီး ရန်သူများကိုတိုက်ခိုက်ရန်အတွက် ပိုမေ့နှင့်ကျန်းလီ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

"သေစမ်း"

ပိုမေ့သည် ဖြုန်းစရာအချိန်မရှိသောကြောင့် မိုးကြိုးမျိုးနွယ်၏အမွေခံချပ်ဝတ်ကို ဝတ်ဆင်ကာ ဓားကိုဝင့်၍ ကုရန်ထံ ခုန်ဝင်သွားခဲ့သည်။ ကျန်းလီကလည်း အစွမ်းထက်နတ်ရတနာနှစ်ခုကို ဆုပ်ကိုင်၍ ထပ်ကြပ်မကွာလိုက်ပါသွားခဲ့သည်။ ရန်သူသုံးယောက်တွင် ကုရန်က အားအနည်းဆုံးဖြစ်သောကြောင့် အရင်ဆုံးသတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ဘန်း ဘန်း ဘန်း"

ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ပွားလာပြီး ပိုမေ့နှင့်ကျန်းလီသည် ကိုယ့်အသက်ကိုဂရုမစိုက်အားဘဲ ကုရန်ကိုသတ်ဖြတ်ရန် ကြိုးစားနေကြသည်။ အချိန်က လျင်မြန်စွာကုန်ဆုံးနေပြီး လျှပ်တပြက်အတွင်း မိနစ်နှစ်ဆယ် ကုန်လွန်သွားခဲ့သည်။ ပိုမေ့နှင့်ကျန်းလီအတွက် အချိန်ဆယ်မိနစ်သာကျန်ရစ်ပြီး ကျော်လွန်သွားလျှင် ရုပ်ခန္ဓာပျက်စီး၍ ဝိညာဥ်က ဤလောကကြီးပေါ်မှ ပျောက်ကွယ်သွားပေလိမ့်မည်။ လူတိုင်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ ပိုမေ့နှင့် ကျန်းလီပါ သေဆုံးသွားလျှင် သူတို့အတွက် မျှော်လင့်ချက် လုံးဝကုန်ပြီဖြစ်သည်။ နတ်မိုးကြိုးမြို့တော်ပျက်စီးသွားလျှင် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးသည် သမာဓိကောင်စီလက်အောက်သို့ ကျရောက်သွားပေလိမ့်မည်။ နတ်မိုးကြိုးနယ်မြေအတွင်း ပိတ်မိနေကြသော ကျင့်ကြံသူများအတွက် အနာဂတ်လုံးဝမရှိနိုင်ပေ။ လူတိုင်း၏ရင်ထဲတွင် စိုးရိမ်ကြောင့်ကြစိတ်များ ကြီးမားစွာဖြစ်ပေါ်လာသည်။

ကောင်းကင်ထက်ရှိ အဆင့်နှစ်ပိုင်နက်များ၏တိုက်ပွဲကြောင့် နတ်မိုးကြိုးမြို့တော်တစ်ခုလုံးက တုန်ခါနေပြီး အချိန်မရွေး ပျက်စီးသွားနိုင်ပုံပေါ်နေသည်။

"ငါသေရင်တောင် မင်းတို့ကို အပါခေါ်သွားမယ်။ စစ်နတ်ဘုရားကျောင်းတော် ထာဝရတည်တံ့စေရမယ်"

ကျန်းလီက ဒေါသတကြီးအော်ဟစ် ကြုံးဝါးလိုက်၏။ သူ၏လက်ထဲရှိ နတ်ရတနာနှစ်ခုကို ရန်သူများထံ အားကုန်ပစ်ထုတ်လိုက်သည်။

"ဘုန်း"

"ဘုန်း"

ပေါက်ကွဲသံနှစ်ခု ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာကာ ပြင်းထန်သောစွမ်းအားတစ်ရပ် ပြန့်ထွက်လာ၏။ အချိန်မီမရှောင်တိမ်းနိုင်ခဲ့သော ကုရန်က ထိုစွမ်းအားကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပြီး ကုမင်မှာလည်း လွင့်ထွက်သွား၍ သွေးများအန်ထွက်နေသည်။ အဝေးတွင်ရှိနေသော ယုလုကမူ ပေါက်ကွဲမှုကို ရှောင်တိမ်းနိုင်ခဲ့သည်။

"ကျန်းလီ ယုလုကိုသတ်ဖို့ ကူညီပေး။ သူ့ကိုမသတ်နိုင်ရင် ကုရန်နဲ့ ကုမင်က ပြန်အသက်ရှင်လာလိမ့်မယ်"

ပိုမေ့က ကျန်းလီကို အော်ဟစ်အသိပေး၍ ယုလုထံ ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။ ကျန်းလီသည် သူ၏စကားကြောင့် ကုမင်အသက်ပြန်ရှင်လာသော အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ပြေးဝင်လာကြသော ပိုမေ့နှင့်ကျန်းလီကို ယုလုက အေးစက်သောမျက်လုံးအစုံနှ င့်စိုက်ကြည့်နေသည်။ ပိုမေ့က အမြင်စူးရှလွန်းပြီး သူက သော့ချက်ဖြစ်ကြောင်း ဖောက်ထွင်းမြင်နိုင်မည်ဟု မထင်ထားခဲ့ပေ။

"မင်းတို့က ငါ့ကို မသတ်နိုင်ပါဘူး"

ယုလုက အေးစက်စက်နှာခေါင်းရှူံ့လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်က အနက်ရောင်ချီများအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်တွင် ပုံသဏ္ဍာန်အတိအကျမရှိသော အနက်ရောင်ချီများက ပတ်ဝန်းကျင်နှင့် ရောနှောပေါင်းစပ်နေခဲ့သည်။ အချိန်ကလည်း သုံးမိနစ်သာ ကျန်ရစ်သောကြောင့် ယုလုကို အချိန်မီမသတ်နိုင်လျှင် ပိုမေ့နှင့်ကျန်းလီက သေဆုံးရပေလိမ့်မည်။ သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်၍ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

"အစ်ကိုပိုက ကျုပ်ဘဝမှာ အလေးစားရဆုံး ကျင့်ကြံသူဖြစ်တယ်။ နောက်ဘဝမှာ ငါတို့ ညီအစ်ကိုပြန်ဖြစ်ပါရစေ"

ကျန်းလီက အော်ဟစ်ရယ်မောလိုက်ပြီး ကောင်းကင်ရှိ အနက်ရောင်ချီများထံ တိုးဝင်သွားခဲ့သည်။ ပိုမေ့၏ကိုယ်ပေါ်ရှိ ချပ်ဝတ်အတွင်းသို့ ဘက်ပေါင်းစုံမှ လျှပ်စီးများစီးဝင်လာကာ မိုးကြိုးသားရဲပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"ကျုပ်က အစ်ကိုကျန်း၊ အစ်ကိုရှတို့နဲ့အတူ ဒီနေ့တိုက်ပွဲမှာ သေရတဲ့အတွက် ဂုဏ်ယူပါတယ်"

ပိုမေ့က သူရဲကောင်းဆန်စွာကြုံးဝါး၍ ကောင်းကင်သို့ ဓားဖြင့်ချိန်ရွယ်လိုက်သည်။ ထို့နောက် သူ၏နတ်မိုးကြိုးများက ကောင်းကင်တစ်ခွင်ပြည့်နှက်နေသော အနက်ရောင်ချီများကို ထိမှန်ပေါက်ကွဲသွားကြသည်။ အဝေးတစ်နေရာတွင်သေဆုံးသွားသော ကုရန်၏ပုံရိပ် ပြန်လည်ဖြစ်ပေါ်လာကာ အပြင်းအထန်ဒဏ်ရာရထားသော ကုမင်၏မျက်လုံးများက မိစ္ဆာချီများရစ်သိုင်းလာသည်။ ကောင်းကင်ထက်တွင် ထောင်သောင်းချီသော မိစ္ဆာမျက်လုံးများဖြစ်ပေါ်လာကာ အနီရောင်အလင်းတန်းများနှင့် ပစ်ခတ်လာကြသည်။

"အရှင် သတိထားပါ"

"သခင်ကျန်း ဂရုစိုက်ပါ"

နတ်မိုးကြိုးနယ်မြေအတွင်းမှ ကျင့်ကြံသူများနှင့် ရင်ပြင်ထက်တွင် ဖမ်းဆီးခံထားရသော ကျင့်ကြံသူများက ပြိုင်တူအော်ဟစ်လိုက်ကြသည်။ အနီရောင်အလင်းတန်းများအောက်တွင် တည်ငြိမ်စွာပြုံးနေသော ပိုမေ့က တောင်ကြီးတစ်လုံးကဲ့သို့ မားမားမတ်မတ်ရပ်နေခဲ့သည်။ သေခြင်းတရားပင် သူ့ကို မကြောက်လန့်စေခဲ့ပေ။ သူက အပျက်အစီးများပြည့်နေသော နတ်မိုးကြိုးမြို့တော်ကို နောက်ဆုံးတစ်ကြိမ် စိုက်ကြည့်လိုက်သည်။ ဤမြို့က သူ၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ်ကာ ၎င်းနှင့်ပတ်သက်၍ ထူးခြားသော ခံစားချက်များရှိသည်။

"နှုတ်ဆက်ခဲ့ပါတယ် ငါ့မျိုးနွယ်ဝင်တွေနဲ့ နတ်မိုးကြိုးမြို့တော်ရေ"

ပိုမေ့၏ခန္ဓာကိုယ်အတွင်းမှ အဖြူရောင်အလင်းများ ရုတ်တရက်ပြန့်ကား ထွက်ပေါ်လာသည်။ မျက်စိကန်းသွားလောက်အောင် တောက်ပနေသည့်အလင်းများက အရာအားလုံးကို ထိုးဖောက်ဖြစ်တည်လာသည်။ ကျန်းလီသည်လည်း တစ်ချက်ပြုံး၍ ရွှေရောင်အလင်းတန်းများကို စုစည်းလိုက်သည်။ အလင်းလုံးနှစ်ခုက ကောင်းကင်ထက်တွင် ပေါက်ကွဲသွားပြီးနောက် ကြယ်တစ်လုံးကိုဖောက်ခွဲရာမှ ထွက်ပေါ်လာသော စွမ်းအားကြီးတစ်ရပ် ဖြစ်ပေါ်လာသည်။ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ ကုရန်နှင့် ကုမင်၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားကြပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် လျှပ်တပြက်အတွင်း စွမ်းအားများကြား ဝါးမျိုခံလိုက်ရပြီး အနက်ရောင်ချီများလည်း လွင့်ပြယ်သွားခဲ့သည်။ နတ်မိုးကြိုးမြို့တော်ကို အမြဲတမ်းဖုံးကွယ်ထားသော တိမ်မည်းများပင် လွင့်စင်သွားကာ အပြာရောင်ကောင်းကင် ထွက်ပေါ်လာသည်။

"ကျေးဇူးပြုပြီး ငါတို့တာဝန်ကို ဆက်လက်ထမ်းဆောင်ပေးပါ"

ယဲ့ချန်က မျက်လုံးမဖွင့်နိုင်သော်လည်း ပိုမေ့နှင့် ကျန်းလီ၏ ပြုံးနေသောပုံရိပ်များကို မြင်တွေ့နေရသည်။ သူတို့က နောက်ဆုံးစကားမှာကြားပြီးနောက် ကောင်းကင်ထက်တွင် တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ကြသည်။ အချိန်ခဏအကြာတွင် အလင်းရောင်များ ပျောက်ကွယ်သွားကာ လူတိုင်းက ပတ်ဝန်းကျင်ကို ပြန်လည်မြင်တွေ့နိုင်လာကြသည်။ နတ်မိုးကြိုးမြို့တော်တစ်ခုလုံးက ပျောက်ကွယ်သွားပြီးနောက် သမာဓိကောင်စီ၏စစ်တပ်တစ်ခုလုံး ပြောင်သလင်းခါသွားကာ ရင်ပြင်တွင်ချုပ်နှောင်ခံထားရသူများလည်း သေဆုံးသွားကြသည်။ ကုမင်၊ ကုရန်နှင့် ယုလုက သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားပြီဖြစ်သည်။ ကာကွယ်ရေးအစီအရင်မှကာကွယ်ပေးထားသော နတ်မိုးကြိုးနယ်မြေတစ်ခုသာ အကောင်းပကတိကျန်ရစ်ခဲ့ပြီး ပတ်ဝန်းကျင်က ဖုန်းဆိုးမြေတစ်ခု ဖြစ်သွားခဲ့လေသည်။

"အရှင်နဲ့ သခင်ကျန်းက အောင်မြင်သွားပြီလား"

လူတိုင်းက တီးတိုးရေရွတ်လိုက်ကြသည်။ သို့သော်လည်း သူတို့က ဝမ်းမသာနိုင်ဘဲ မျက်လုံးများတွင် မျက်ရည်များဝေ့နေကြသည်။ နတ်မိုးကြိုးမြို့တော်ဘက်တွင် ကျင့်ကြံသူပေါင်းသုံးရာကျော်သာ ကျန်ရစ်ခဲ့ပြီး အရာအားလုံးက အထီးကျန်ဖုန်းဆိုးမြေတစ်ခု ဖြစ်သွားခဲ့သည်။ ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်း၏ပုံရိပ်များက သူတို့အားလုံး၏နှလုံးသားထဲတွင် ထာဝရစွဲထင်နေမည်ဖြစ်ကာ တစ်သက်လုံးမေ့ရမည်မဟုတ်ပေ။ ပိုမေ့နှင့် ကျန်းလီက ကိုယ့်ကိုကိုယ်ဖောက်ခွဲသွားချိန်တွင် ယဲ့ချန်၏နှလုံးသားအတွင်း ၌မီးပွားတစ်ခု ဖြစ်ပေါ်လာသည်။ သူက ရုတ်တရက်နိုးထလာပြီး မျက်လုံးများ ဖြတ်ခနဲဖွင့်လိုက်သည်။

"မောင်လေး နိုးပြီလားဟင်"

ပိုလင်းသည် ယဲ့ချန်နိုးထလာသည်ကို မြင်သောအခါ မျက်ရည်များ ပို၍ကျဆင်းလာခဲ့သည်။ မိုးကြိုးသားရဲမျိုးနွယ်ဝင်များဖြစ်သော သူမနှင့် လောင်ရင်က ပိုမေ့၏အနစ်နာခံမှုအတွက် ဝမ်းနည်းနေခဲ့ကြသည်။

"ငါတို့အပြင်ထွက်လို့ရပြီလား"

ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်က ရေရွတ်လိုက်ခြင်းဖြစ်သည်။

"မရဘူး။ မသွားနဲ့"

ယဲ့ချန်က အော်ဟစ်တားမြစ်ရင်း အဝေးရှိကောင်းကင်ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေခဲ့သည်။ ထိုနေရာတွင် ပျောက်ကွယ်မသွားခဲ့သော တိမ်မည်းတစ်အုပ် ရှိနေခဲ့သည်။ သူ၏စကားကြောင့် အခြားကျင့်ကြံသူများက တုန်ယင်သွားကြသည်။

"သမာဓိကောင်စီရဲ့ ခေါင်းဆောင်သုံးယောက်က သေသွားပြီ မဟုတ်ဘူးလား"

ကျင့်ကြံသူတစ်ယောက်က ဝေခွဲမရဟန်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။ ဤကား လှပသောဆုတောင်းတစ်ခုဖြစ်သော်လည်း အမှန်တရားက ခါးသီးရက်စက်လွန်းလှသည်။ ယဲ့ချန်က ခေါင်းယမ်းပြ၍ ဝိညာဥ်အသိစိတ်နှင့် တိမ်မည်းကို စူးစမ်းလိုက်သည်။ အခြားကျင့်ကြံသူများက စိတ်ဓာတ်များ အောက်ဆုံးသို့ထိုးကျသွားခဲ့သည်။ သမာဓိကောင်စီမှရန်သူများ ဆက်လက်ရှင်သန်နေလျှင် ပြဿနာ အကြီးအကျယ်တက်ပြီဖြစ်သည်။ ပိုလင်းနှင့် လောင်ရင်ကလည်း ယဲ့ချန်၏အကြည့်အတိုင်း ကောင်းကင်ရှိတိမ်မည်းကို စိုက်ကြည့်နေခဲ့ကြသည်။

အနက်ရောင်တိမ်က ဖြည်းဖြည်းချင်းကြီးမားလာကာ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ်ဖုံးအုပ်သွားကာ ကြောက်မက်ဖွယ်ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံကြောင့် မြေပြင်က ငလျင်လှုပ်သကဲ့သို့ တဝုန်းဝုန်းလှုပ်ခတ်သွားခဲ့သည်။

"ဒါက ဘာကြီးလဲ"

နတ်မိုးကြိုးနယ်မြေအတွင်းမှ ကျင့်ကြံသူများက ကြောက်စိတ်ကြောင့် မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်ကုန်သည်။

သူတို့၏မြင်ကွင်းအတွင်း မီတာတစ်ထောင်ကျော်ရှည်လျားပြီး တစ်ကိုယ်လုံး အနက်ရောင်ကြေးခွံများဖုံးအုပ်နေသည့် ခေါင်းသုံးလုံးမြွေကြီးတစ်ကောင် ဝင်ရောက်လာသည်။ ၎င်းကိုယ်ပေါ်တွင် ဆူးချွန်များပြည့်နှက်နေကာ ထက်ရှသောလက်သည်းများရှိသည့် လက်သုံးစုံကို ပိုင်ဆိုင်ထားသည့်အပြင် နောက်ကျောဘက်တွင်လည်း အတောင်များရှိနေခဲ့သည်။ ဧရာမခေါင်းကြီးသုံးလုံးက အနီ၊ ရွှေရောင်နှင့် အနက်ဟူ၍ တစ်ရောင်စီကွဲပြားနေသည်။ ၎င်းက တောင်ပံတစ်ချက်ခတ်လိုက်တိုင်း အပျက်အစီးပုံကြီးဖြစ်နေသော နတ်မိုးကြိုးမြို့တော်က လှုပ်ခါနေသည်။ ဧရာမမိစ္ဆာမြွေကြီးက ကောင်းကင်တွင်တွန့်လိမ်၍ သွားလာနေသည်။ ၎င်း၏အကြေးခွံအချို့ကွာကျနေပြီး သွေးစအချို့ ကပ်တွယ်နေသည်။

"ကျန်းလီနဲ့ပိုမေ့ ခွေးနှစ်ကောင် မင်းတို့ကြောင့် မူလအသွင်ကို ပြောင်းလိုက်ရပြီ။ မင်းတို့သေသင့်တယ်"

အနီရောင်မြွေခေါင်းကြီးက လူသားဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ၎င်း၏အသံက သမာဓိကောင်စီ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သော ယုလု၏အသံနှင့် ဆင်တူနေသည်။

"ပိုမေ့နဲ့ကျန်းလီ သေပြီဆိုတော့ အရှေ့ပိုင်းတိုက်ကြီးမှာ ငါတို့ကို ဘယ်သူမှမတားနိုင်တော့ဘူး"

ရွှေရောင်မြွေခေါင်းကြီးထံမှ ကုရန်၏စကားသံ ထွက်ပေါ်လာခဲ့သည်။

ကုရန်၊ ကုမင်နှင့် ယုလုက ခေါင်းသုံးလုံး ဧရာမမြွေမိစ္ဆာကြီးအဖြစ် ပေါင်းစည်းသွားခဲ့ကြလေသည်။

All Chapters