ခေါင်းသုံးလုံးဝိညာဥ်စားငရဲမြွေ
Vol. 36 Ch. 502
"သူတို့သေသွားပေမယ့် ငါတို့ဒဏ်ရာကနေ ပြန်သက်သာလာဖို့ တစ်လနှစ်လလောက် အချိန်ယူရလိမ့်မယ်။ တော်တော်စိတ်ပျက်စရာကောင်းတယ်။ ဒီနေရာမှာ ငါတို့အစာဖြစ်တဲ့ ဝိညာဥ်တွေ အများကြီးရှိလို့ တော်သေးတယ်"
ကုမင်၏အသံက အနက်ရောင်ခေါင်းမှ ထွက်ပေါ်လာသည်။
"မှန်တယ် ။အသေဆိုးနဲ့သေထားတဲ့ ဝိညာဥ်တွေက အရသာအရှိဆုံးပဲ"
ရွှေရောင်ခေါင်းက သဘောတူလိုက်သည်။ ထို့နောက် ခေါင်းသုံးလုံးက ပါးစပ်များဟ၍ စုပ်ယူလိုက်သောအခါ မရေမတွက်နိုင်သောဝိညာဥ်များ စုဝေးလာကြသည်။ ၎င်းတို့က အပြင်းအထန်ရုန်းကန်နေသော်လည်း မိစ္ဆာကြီး၏အစာအိမ်အတွင်း ရောက်ရှိသွားကြပြီးနောက် ဒဏ်ရာများက ပြန်လည်ကောင်းမွန်မည့် လက္ခဏာများ ပြသလာသည်။
"နတ်မိုးကြိုးနယ်မြေထဲက ကြွက်တွေ အပြင်ထွက်လာပြီး သမာဓိကောင်စီကို အညံ့ခံစမ်း။ မဟုတ်ရင် အကုန်သေရမယ်"
မြွေကြီးက ကာကွယ်ရေးအစီအရင်ထံ ခုန်အုပ်၍ ခန္ဓာကိုယ်ကြီးဖြင့် ရစ်ပတ်ညှစ်ချေလိုက်သည်။ ကာကွယ်ရေးအစီအရင်က ပျက်စီးမည့်ဟန်ဖြင့် တုန်ယင်နေသည်။ အတွင်းရှိကျင့်ကြံသူများက ဤမိစ္ဆာကြီးကိုမြင်သောအခါ မင်သက်သွားကြပြီး ၎င်းက တိုက်ခိုက်လာသောအခါတွင်မှ သတိပြန်ဝင်လာကြသည်။ အကယ်၍ ၎င်းက အစီအရင်ကိုဖျက်ဆီးနိုင်လျှင် သူတို့အားလုံးက အသတ်ခံရမည်ဖြစ်သောကြောင့် ကြောက်အားလန့်အားဖြစ်နေကြသည်။ မိစ္ဆာမြွေကြီးက အစီအရင်ကို တိုက်ခိုက်နေသော်လည်း လုံးဝမဖျက်ဆီးနိုင်ခဲ့ပေ။
"ဒီကောင်ကြီးရဲ့ကျင့်ကြံဆင့်က ဘယ်လောက်တောင်မြင့်နေတာလဲ"
ထူးကဲအဆင့်တစ်ယောက်က တုန်တုန်ယင်ယင်နှင့် မေးလိုက်ခြင်းဖြစ်ပြီး ကာကွယ်ရေးအစီအရင်မှ ကာကွယ်ပေးထားသော်လည်း ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ခံစားနေရသည်။
"ဒါကြီးက သေချာပေါက် ချီပင်လယ်အဆင့်ကိုရောက်ဖို့ မလိုတော့ဘူး"
ယဲ့ချန်က မသေချာမရေရာသောလေသံဖြင့် ပိုလင်းကို တီးတိုးပြောလိုက်သည်။ သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်သည် ကြောက်မက်ဖွယ်မိစ္ဆာကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားမည်ဟု သူက မျှော်လင့်မထားပေ။
"ငါတို့ အခုဘာလုပ်ကြမလဲ"
ရန်သူ၏ခွန်အားကို သူတို့ကမယှဥ်နိုင်သောကြောင့် ပိုလင်းက ပူပန်နေခဲ့သည်။
"ငါ မသိဘူး။ ဒါပေမယ့် မြွေကြီးက ကာကွယ်ရေးအစီအရင်ကို လောလောဆယ် ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"
ယဲ့ချန်ကခေါင်းယမ်း၍ ခဏတာတိတ်ဆိတ်သွားခဲ့သည်။ ပိုမေ့နှင့် ကျန်းလီ၏ဖောက်ခွဲမှုကြောင့် မြွေကြီးကဒဏ်ရာရသွားပြီး လက်ရှိတွင် ပြန်လည်မသက်သာသေးသော်လည်း နတ်မိုးကြိုးမြို့တော်အနီးပတ်ဝန်းကျင်တွင် ၎င်း၏အစာဖြစ်သော ဝိညာဥ်များ ပေါများနေခဲ့သည်။ ၎င်းသာ ဒဏ်ရာများ ပြန်လည်ကောင်းမွန်သွားလျှင် ရင်ဆိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ယဲ့ချန်သည် အဆင့်နှစ်ပိုင်နက်ကို နားလည်စပြုနေပြီဖြစ်သည်။ အကယ်၍ သူသာ ၎င်းကိုထုတ်ဖော်နိုင်လျှင် တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုရှိပေသည်။ ဧရာမြွေကြီးက ဝိညာဥ်များကို ဆက်တိုက်ဝါးမျိုနေကာ ဟိန်းဟောက်သံကြီးက အပျက်အစီးဖြစ်နေသော နတ်မိုးကြိုးမြို့တော်အတွင်း ပဲ့တင်ထပ်နေသည်။ ဟိန်းသံကြီးက သေမင်း၏ခေါ်သံနှင့် တူညီနေသောကြောင့် အသက်ရှင်ကျန်ရစ်သူများကို ကြောက်လန့်စေခဲ့သည်။
"ကြည့်ရတာ ငါတို့က မသေမချင်းပိတ်မိနေမယ်ထင်တယ်"
"အပြင်ကိုထွက်ပြီး ဒီမိစ္ဆာကြီးနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရအောင်။ ပိတ်မိပြီးသေရမယ့်အစား တိုက်ခိုက်ရင်းသေတာက ပိုမကောင်းဘူးလား"
နတ်မိုးကြိုးနယ်မြေအတွင်း စိုးရိမ်စိတ်များပြည့်နှက်နေကာ ကာကွယ်ရေးအစီအရင်က မည်သည့်အချိန်အထိ ခုခံပေးနိုင်မည်ကို မပြောနိုင်ပေ။ ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းဟူသော ခေါင်းဆောင်သုံးယောက်၏သေဆုံးမှုက သူတို့ကို မျှော်လင့်ချက်ပျောက်ဆုံးစေသည်။
"အပြင်ထွက်ရင် သေချာပေါက်သေလိမ့်မယ်"
"အပြင်မထွက်ရင်လည်း သေမှာမဟုတ်ဘူးလား"
လောင်ရင်နှင့် ပိုလင်းက ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကို ဝေ့ကြည့်လိုက်သည်။ နတ်မိုးကြိုးနယ်မြေအတွင်း ကျန်ရစ်သူများအနက် သုံးပုံတစ်ပုံက မိုးကြိုးသားရဲမျိုးနွယ်ဝင်များဖြစ်ကာ ကျန်ကျင့်ကြံသူများတွင် မျိုးနွယ်တိုင်းမှ ပါဝင်နေသည်။
"လူတိုင်း ကျေးဇူးပြုပြီး ငါ့စကားကို နားထောင်ပေးကြပါ"
ပိုလင်းက မတ်တပ်ထရပ်၍ တည်ငြိမ်သောလေသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အနီရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသော သူမက စစ်နတ်ဘုရားမတစ်ယောက်၏ သူရဲကောင်းဆန်သောအသွင်ကို ဖော်ဆောင်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကာ လူတိုင်းက သူမအပေါ် အာရုံစိုက်လာကြသည်။
"ဒီနေရာမှာရှိနေသူတိုင်းက သက်ဆိုင်ရာမျိုးနွယ်တွေရဲ့ ထိပ်တန်းအကြီးအကဲတွေဖြစ်ကြတယ်။ ငါက နတ်မိုးကြိုးမြို့တော်ကိုကိုယ်စားပြုပြီး မင်းတို့အားလုံးရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အရှင်၊ သခင်ကျန်း၊ ခေါင်းဆောင်ရှနဲ့ ကျင့်ကြံသူများစွာ တိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်။ ဒါပေမယ့် မင်းတို့ကိုစောင့်နေတဲ့ မျိုးနွယ်ဝင်တွေ၊ ငယ်သားတွေရှိသေးတယ်ဆိုတာကို မမေ့ကြပါနဲ့။ မင်းတို့အားလုံးသေသွားရင် ဘယ်သူက ဝိညာဥ်သားရဲတွေကို တွန်းလှန်ပေးမှာလဲ။ မင်းတို့က မျိုးနွယ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေလို့ ဘာကိစ္စရှိရှိ မသေရဘူး"
ပိုလင်း၏မျက်ဝန်းများတွင် ဝမ်းနည်းစိတ်တို့ထင်ဟပ်နေသော်လည်း စကားသံက တည်ကြည်လေးနက်နေသည်။ သူမ၏စကားကြောင့် လူတိုင်းက မျက်လုံးများနီရဲသွားကာ မျိုးနွယ်တွင် ကျန်ရစ်ခဲ့သူများ၏အပြုံးများနှင့် စကားသံများကို ပြန်တွေးမိလိုက်ကြသဖြင့် ခံစားချက်များ ရှုပ်ထွေးနေသည်။ မျိုးနွယ်၏ကံကြမ္မာအတွက် တာဝန်ယူမှုတစ်ခုကို ပခုံးပေါ်ထမ်းထားရသော သူတို့က ဤနေရာတွင် သေဆုံး၍မဖြစ်ချေ။
"မိုးကြိုးမျိုးနွယ်က အကောင်းဆုံးနည်းလမ်းရှာဖွေပြီး လူတိုင်းကို အိမ်ပြန်ပို့ပေးပါမယ်။ ကျေးဇူးပြုပြီး အချိန်အနည်းငယ်ပေးပါ"
ပိုလင်းဘေးတွင်ရပ်နေသော လောင်ရင်က ချိုသာယဥ်ကျေးစွာ ကတိပေးလိုက်ခြင်းဖြစ်သည်။ သူမ၏အသံက တောင်ကျစမ်းရေသံလေးကဲ့သို့ ကြည်လင်ချိုမြနေကာ ကြားရသူတိုင်း၏စိတ်ကို အေးမြသွားစေခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
ကျင့်ကြံသူတစ်ယောက်က ပိုလင်းနှင့် လောင်ရင်ကို ဂါရဝပြု၍ တင်ပျဥ်ခွေထိုင်ချလိုက်သည်။
"အရှင်ပိုက ငါတို့အတွက် တိုက်ပွဲမှာ သေဆုံးခဲ့ရတယ်။ နောက်ထပ်ဘာကိုမှ မတောင်းဆိုသင့်ပါဘူး။ မိုးကြိုးမျိုးနွယ်ရဲ့အမိန့်တိုင်းကို ငါတို့ ထမ်းဆောင်ပေးပါမယ်"
စစ်နတ်ဘုရားကျောင်းတော်၏ ကျင့်ကြံသူများက ပြောလိုက်ခြင်းဖြစ်သည်။
"သဲသားရဲမျိုးနွယ်ကလည်း မိုးကြိုးမျိုးနွယ်စီမံသမျှ နာခံပါမယ်"
"ငါတို့ရှေးဟောင်းမျိုးနွယ်တွေကလည်း နာခံပါမယ်"
ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ထောက်ခံလိုက်ကြသည်။ သူတို့အသက်ရှင်နိုင်မည့်အခွင့်အရေးက အလွန်နည်းပါးသည်။ အကယ်၍ သူတို့က မိစ္ဆာကြီးကိုမသတ်နိုင်ခဲ့လျှင် အရှေ့ပိုင်းတိုက်ကြီး၌ နေစရာရှိမည်မဟုတ်ပေ။ လူတိုင်းက စိတ်ငြိမ်သွားကြပြီး မြေပြင်တွင် တင်ပျဥ်ခွေထိုင်ချ၍ တိတ်တဆိတ်စောင့်ဆိုင်းလိုက်ကြသည်။
ခေါင်းသုံးလုံးမြွေကြီးက နတ်မိုးကြိုးနယ်မြေအထက်တွင် ပျံသန်းနေသဖြင့် ကောင်းကင်က မည်းနက်သွားခဲ့သည်။ ကြောက်မက်ဖွယ်အသွင်ကြောင့် မြင်ရသူတိုင်းက ထိတ်လန့်သွားကြပေလိမ့်မည်။ ယဲ့ချန်သည် ခေါင်းမော့၍ ခန္ဓာကိုယ်ထက်တွင် အနက်ရောင်အကြေးခွံများက သံချပ်ဝတ်တစ်ခုပမာရှိနေသော ၎င်းကို စစ်ဆေးလိုက်သည်။ ထို့နောက် သူက လက်မောင်းကာပိုင်ရှင်၏ မှတ်တမ်းများအနက်မှ မိစ္ဆာသားရဲတစ်ကောင်အကြောင်း သတိရသွားခဲ့သည်။ ခေါင်းသုံးလုံးဝိညာဥ်စားငရဲမြွေသည် အစွမ်းအထက်ဆုံးနှင့် အဆိုးယုတ်ဆုံး ရှေးဟောင်းမိစ္ဆာသားရဲများတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ၎င်းက ကြမ်းကြုတ်ရက်စက်သော်လည်း မြင့်မားသောဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍ အစစ်အမှန်ငရဲမြွေသာဖြစ်လျှင် မွေးမွေးချင်းအချိန်၌ ချီပင်လယ်အဆင့်သို့ ရောက်ရှိနေရပေလိမ့်မည်။ ထို့ကြောင့် သမာဓိကောင်စီ၏ခေါင်းဆောင်ဖြစ်သော မြွေကြီးက အစစ်အမှန် ခေါင်းသုံးလုံးဝိညာဥ်စားငရဲမြွေ မဖြစ်နိုင်ပေ။
ကုရန်၊ ကုမင်နှင့် ယုလုသည် မိစ္ဆာကျင့်စဥ်တစ်ခုကိုအသုံးချ၍ ၎င်း၏သွေးကို ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ထားခြင်းဖြစ်နိုင်သည်။ ဤနည်းဖြင့် သူတို့က ခေါင်းသုံးလုံးဝိညာဥ်စားငရဲမြွေ၏ ရုပ်ခန္ဓာကို ထုတ်ဖော်နိုင်လာခဲ့သည်။ ၎င်းက အစွမ်းထက်ရုပ်ခန္ဓာကြောင့် ကျော်ကြားခြင်းဖြစ်သောကြောင့် ပိုမေ့နှင့်ကျန်းလီ၏ဖောက်ခွဲမှုကို ထိုသုံးယောက်က ခုခံနိုင်ခဲ့ခြင်းမှာ အဆန်းမဟုတ်တော့ပေ။
"မောင်လေး ငါနဲ့အတူ လိုက်ခဲ့ပေးပါ"
ထိုအချိန်တွင် ပိုလင်းက ယဲ့ချန်ထံ ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်လာခဲ့သည်။ ထို့နောက် ယဲ့ချန်၊ ပိုလင်းနှင့် လောင်ရင်က နတ်မိုးကြိုးနယ်မြေ၏အလယ်ရှိ ကြီးကျယ်ခမ်းနားသော အဆောက်အအုံကြီးအတွင်း ဝင်ရောက်လိုက်ကြသည်။ ပိုလင်း၏ဦးဆောင်မှုဖြင့် သူတို့က စင်္ကြံလမ်းတစ်ခုအတိုင်း ရှေ့ဆက်လိုက်သည်။
"အမကြီး ကျုပ်တို့က ဘယ်ကိုသွားနေတာလဲ"
ယဲ့ချန်က ပတ်ဝန်းကျင်ကိုစပ်စုနေရင်း မေးလိုက်ခြင်းဖြစ်သည်။ အဆောက်အအုံကို ပိရမစ်ပမာတည်ဆောက်ထားပြီး နံရံနှင့်တိုင်လုံးများပေါ်တွင် ဆေးရေးပန်းချီများ ရေးထွင်းထားသည်။ လျှပ်စီးနတ်ဘုရားတစ်ယောက်က မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသည့် ပုံရိပ်များဖြစ်ကြသည်။ အဓိကခန်းမအတွင်းရောက်သောအခါ သိပ်သည်းသော မိုးကြိုးချီများက ယဲ့ချန်၏မျက်နှာကို လာရောက်ရိုက်ခတ်သွားခဲ့သည်။
"မိုးကြိုးမျိုးနွယ်ရဲ့မှတ်တမ်းတွေအရ နတ်မိုးကြိုးမြို့တော်ရဲ့ အစစ်အမှန်ရတနာ မိုးကြိုးမျှော်စင်က ဒီနေရာမှာရှိတယ်။ ဒါကိုအသုံးချပြီး အပြင်ကမိစ္ဆာကောင်ကို သတ်နိုင်မလား စမ်းသပ်ကြည့်ချင်တယ်"
ပိုလင်းက ရှင်းပြလိုက်သည်။
"မိုးကြိုးမျှော်စင်။ ဒါကရန်သူကိုသတ်နိုင်စွမ်းရှိရင် ပိုမေ့က ဘာကြောင့်အသုံးမပြုရတာလဲ"
ယဲ့ချန်က စိတ်ရှုပ်သွားပြီး မေးခွန်းပြန်ထုတ်လိုက်၏။
"နှစ်ပေါင်းများစွာကြာအောင် ဘယ်သူမှ မိုးကြိုးမျှော်စင်ကို အသုံးမပြုနိုင်ခဲ့ကြဘူး။ အရှင်လည်း အသုံးမပြုနိုင်ဘူး။ မျှော်လင့်ချက်တစ်ခုအနေနဲ့ ငါ စမ်းသပ်ကြည့်ချင်တယ်"
ပိုလင်း၏မျက်လုံးများတွင် မျှော်လင့်ချက်အချို့ဖြစ်ပေါ်နေပြီး သူတို့က ခန်းမတစ်ခုအတွင်း ရောက်ရှိလာကြသည်။ ခန်းမ၏ဘေးပတ်လည်နံရံများကို အထူးသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသောကြောင့် နတ်မိုးကြိုးနယ်မြေအပြင်ဘက်ကို မြင်နိုင်စွမ်းရှိသည်။ ခန်းမက ပြောင်သလင်းခါနေပြီး အလယ်တည့်တည့်တွင် လူတစ်ယောက်၏အရပ်ခန့်မြင့်သော ဘုံကိုးဆင့်မျှော်စင်တစ်ခုသာ ရှိသည်။ ၎င်းက ခရမ်းရွှေရောင်တောက်ပနေပြီး ရှုပ်ထွေးကာ မြင့်မြတ်သော ရုန်းများကို ရေးထွင်းထားသည်။ မျှော်စင်၏ဘေးပတ်ချာလည်တွင် လျှပ်စီးများရစ်သိုင်းစီးဆင်းနေ၍ အံ့လောက်ဖွယ်စွမ်းအားကြီးတစ်ခုကို သယ်ဆောင်ထားပုံပေါ်သည်။ ယဲ့ချန်သည် မိုးကြိုးမျှော်စင်၏ အဆုံးမရှိသောစွမ်းအားများကို အာရုံခံနိုင်ခဲ့သည်။ လောင်ရင်သည် ထိုအချိန်တွင် ပိုလင်း၏ဘေး၌ စိုးရိမ်စွာရပ်နေခဲ့သည်။
"နတ်မိုးကြိုးမြို့တော်ကို တစ်နှစ်ပတ်လုံးဝန်းရံနေတဲ့ မိုးကြိုးလျှပ်စီးတွေရဲ့ တစ်စိတ်တစ်ပိုင်းက မိုးကြိုးချီတွေအဖြစ် ပြောင်းလဲသွားကြတယ်။ ကျန်တဲ့အပိုင်းက မိုးကြိုးမျှော်စင်ထဲကို စီးဝင်သွားကြတယ်။ မျိုးနွယ်မှတ်တမ်းတွေအရ လွန်ခဲ့တဲ့နှစ်သောင်းချီအကြာထဲက ဒါက ချီပင်လယ်အဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်နေပြီ။ ဒါပေမယ့် မိုးကြိုးမျှော်စင်ကို ဘယ်သူမှ မထိန်းချုပ်နိုင်ခဲ့ကြဘူး"
"နားလည်ပြီ"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်၏။ ဤမျှော်စင်လေးက စွမ်းအင်များကို အဆက်မပြတ်စုဆောင်းနေခဲ့သဖြင့် ကြောက်မက်ဖွယ်ပမာဏတစ်ခုအထိ စုစည်းထားနိုင်ခဲ့သည်။ ကံမကောင်းစွာဖြင့် ပိုမေ့က ၎င်းကို အသုံးပြုနိုင်စွမ်းမရှိခဲ့ပေ။
"မျှော်စင်ကိုထိန်းချုပ်သူက ပိုပြီးအစွမ်းထက်လေလေ ရတနာရဲ့စွမ်းအားက ပိုပြီးကြောက်စရာကောင်းလေလေဖြစ်တယ်။ ငါ့ခွန်အားအရ ဒါကိုအသက်သွင်းနိုင်မသွင်းနိုင်နဲ့ မိစ္ဆာကောင်ကို သတ်နိုင်မသတ်နိုင်၊ မသေချာပေမယ့် ကြိုးစားကြည့်ချင်တယ်"
ပိုလင်းက လေးနက်စွာပြောလိုက်ပြီး သူမ၏မျက်လုံးများ၌ ဆုံးဖြတ်ချက်ပြတ်သားမှုများ ထွက်ပေါ်နေသည်။
"မိုးကြိုးမျှော်စင်ကို အသက်သွင်းတဲ့နေရာမှာ အန္တရာယ်ရှိလား"
ယဲ့ချန်သည် ပိုလင်းကိုကြည့်၍ တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသဖြင့် စိုးရိမ်စွာမေးမြန်းလိုက်၏။
"မရှိပါဘူး။ ငါက မိုးကြိုးမျိုးနွယ်ရဲ့ လက်ရှိမျှော်လင့်ချက်ပါ။ ကိုယ့်ကိုကိုယ်အထိခိုက်မခံပါဘူး"
ပိုလင်းက ချိုသာစွာပြုံး၍ ခေါင်းယမ်းပြလိုက်သည်။
ယဲ့ချန်က ခေါင်းညိတ်၍ ပိုလင်းကိုယုံကြည်ပေးရန် ဆုံးဖြတ်လိုက်၏။ သူက အန္တရာယ်ပေါ်ပေါက်လာလျှင် သူမကို အချိန်မရွေး ကယ်တင်နိုင်ရန်အတွက် အသင့်ပြင်ထားခဲ့လေသည်။