မိုးကြိုးမျှော်စင်ကို အသက်သွင်းခြင်း
Vol. 36 Ch. 504
"လင်းအာ ငါ့မှာလည်း ရှေးဟောင်းမျိုးဆက်သွေး နိုးထနေပြီ။ မိုးကြိုးမျှော်စင်ကို ထိန်းချုပ်ရမယ့် နည်းလမ်းလေး ပြောပြပါနော်"
လောင်ရင်က စိုးရိမ်စွာ တောင်းဆိုလိုက်သည်။
"မရဘူး။ ငါ့ကျင့်ကြံဆင့်က နင့်ထက် ပိုမြင့်တာတောင် မိုးကြိုးမျှော်စင်ကို အသက်သွင်းနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး"
ပိုလင်းက ခေါင်းယမ်းလိုက်သည်။
"ဒါပေမယ့် နင် သေသွားနိုင်တယ်လေ"
လောင်ရင်က ငိုရှိုက်ရင်း ပြောလိုက်သည်။ မိုးကြိုးမျိုးနွယ်၏မှတ်တမ်းများတွင် ချီပင်လယ်အဆင့်နှင့်အထက် ရှေးဦးမျိုးဆက်သွေးနိုးထနိုင်သူများသာ ဤရတနာကို အသက်သွင်းနိုင်ခဲ့ကြောင်း ရေးသားထားသည်။ ထို့ကြောင့် ပိုလင်းသည် ၎င်းကိုအသက်သွင်းရန်အတွက် များစွာစွန့်စားရပေလိမ့်မည်။
"ရင်အာ ငါသေရင် ကျေးဇူးပြုပြီး မောင်လေးကို ငါ့ကိုယ်စားဂရုစိုက်ပေးပါ။ သူက နင့်ရဲ့မျိုးဆက်သွေးကို မြှင့်တင်ပေးနိုင်လို့ နှစ်ယောက်လုံး အကျိုးရှိပါလိမ့်မယ်။ ဒီလိုဆိုရင် နှစ်ယောက်လုံးအတွက် ငါ စိတ်ချရပါပြီ"
ပိုလင်းက ယဲ့ချန်ကို လေးနက်စွာစိုက်ကြည့်နေရင်း လောင်ရင်ထံ တောင်းဆိုလိုက်သည်။ သူမက သေခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သော်လည်း ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းကဲ့သို့ တည်ငြိမ်နေသည်။ စိတ်ထဲတွင် ယဲ့ချန်အတွက် စိုးရိမ်နေသော်လည်း နောက်ဆုတ်မည်မဟုတ်ပေ။
"လင်းအာ ငါ ကတိပေးပါတယ်"
လောင်ရင်က ပိုလင်းကို နာကျင်စွာကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။ သူမ၏မျက်ဝန်းများတွင် မျက်ရည်များပြည့်နှက်နေသည်။
"ကျေးဇူးတင်ပါတယ်"
လောင်ရင် သဘောတူလိုက်သဖြင့် ပိုလင်းက တစ်ချက်ပြုံးပြကာ လျှပ်စီးချပ်ဝတ်ကို ပြန်လည်ဝတ်ဆင်၍ မိုးကြိုးမျှော်စင်ထံ ချဥ်းကပ်သွားခဲ့သည်။ သူမ၏ကျက်သရေရှိကာ မြင့်မြတ်လှသော ပုံရိပ်လေးကို လောင်ရင်ကငိုကြွေးရင်း ကြည့်နေခဲ့မိသည်။ သူမက မိုးကြိုးမျှော်စင်အနီးသို့ ရောက်သောအခါ ၎င်း၏လျှပ်စီးများက နေရောင်ကဲ့သို့ အဆမတန်ထွန်းလင်းလာကာ ပိုလင်း၏ပုံရိပ်လေးက ပျောက်ကွယ်သွားခဲ့သည်။
နတ်မိုးကြိုးနယ်မြေအတွင်း မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူတိုင်းသည် တင်ပျဥ်ခွေထိုင်နေကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိုးရိမ်စိတ်များ ကြီးမားလာခဲ့သည်။ ကောင်းကင်တွင်ပျံသန်းနေသော မိစ္ဆာမြွေကြီးကြောင့် သူတို့၏နှလုံးသားများကို သေမင်းက ဖျစ်ညှစ်ထားသကဲ့သို့ ခံစားနေရသည်။ ၎င်းက ပတ်ဝန်းကျင်ရှိဝိညာဥ်များကို ဆက်တိုက်ဝါးမျိုနေသဖြင့် ကိုယ်ပေါ်ရှိဒဏ်ရာများက သက်သာလာသော လက္ခဏာများဖြစ်ပေါ်လာသည်။ အကယ်၍ ၎င်း၏ဒဏ်ရာများ အပြည့်အဝပျောက်ကင်းသွားလျှင် ကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးနိုင်ရန် အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်။ အစီအရင်က လွန်ခဲ့သောအတိတ်များတွင် ချီပင်လယ်အဆင့်များကိုပင် ခုခံနိုင်ခဲ့သော်လည်း အချိန်ယန္တရား၏ တိုက်စားမှုအောက်တွင် ပို၍အားနည်းလာခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
မိစ္ဆာမြွေကြီးက အစီအရင်ကို လက်သည်းများဖြင့် ထပ်ကာထပ်ကာတိုက်ခိုက်နေသဖြင့် ၎င်းသည် အချိန်မရွေး ပြိုကျသွားပုံပေါ်သည်။ လူတိုင်း၏ရင်ထဲ၌ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာကြသည်။ သူတို့ကြောက်ရွံ့နေသည်မှာ သေခြင်းတရားမဟုတ်ဘဲ သူတို့သေဆုံးသွားလျှင် ကျန်ခဲ့သောမျိုးနွယ်ဝင်များ၏ အသက်ရှင်သန်ရေးကိုဖြစ်သည်။ သူတို့က အစွမ်းကုန်ကျင့်ကြံရင်း နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။ သေရမည်ဆိုလျှင် တိုက်ခိုက်ရင်းသေမည်ဟု ခံယူထားကြသူများဖြစ်သည်။ ထိုအချိန်တွင် နတ်မိုးကြိုးနယ်မြေ၏ အလယ်ဗဟိုက တုန်ခါသွားကာ ဆယ်မီတာကျော်မြင့်သော ဘုံကိုးဆင့်မျှော်စင်တစ်ခု၏ပုံရိပ်သည် ခရမ်းရွှေရောင်တဖိတ်ဖိတ်တောက်၍ ထွက်ပေါ်လာခဲ့သည်။
"ဒါက ဘာကြီးလဲ"
"ဒီမျှော်စင်လိုအရာကြီးက ဘာကြောင့်ထွက်ပေါ်လာရတာလဲ"
မျှော်စင်၏ဘေးပတ်လည်တွင် လုံးပတ်ကြီးမားသော လျှပ်စီးတန်းကြီးများ ရစ်ပတ်နေကာ အစွမ်းထက်သော မိုးကြိုးချီများနှင့် ဖိအားကြီးတစ်ခုက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာခဲ့သည်။
"ပိုလင်းနဲ့ လောင်ရင်က ချန်ရဲကို ဟိုအဆောက်အအုံဆီခေါ်သွားပြီး ခုထိပြန်ထွက်မလာကြသေးဘူး။ ဘာတွေဖြစ်နေတာလဲ"
"မိုးကြိုးမျှော်စင် အသက်ဝင်လာပြီဟေ့"
"မဟာအကြီးအကဲပိုလင်းက မိုးကြိုးမျှော်စင်ကို အသုံးပြုနိုင်ပြီ"
လူတိုင်း၏ရင်ထဲတွင် မေးခွန်းများပြည့်နှက်နေစဥ် မိုးကြိုးသားရဲများ၏ ပျော်ရွှင်စွာအော်သံကြီးက ဟိန်းထွက်လာခဲ့သည်။ အခြားကျင့်ကြံသူများက ဤရတနာအကြောင်း မသိထားသော်လည်း မိုးကြိုးသားရဲများ၏မျက်နှာထားကြောင့် မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့သည်။ မိုးကြိုးမျှော်စင်က ခေါင်းသုံးလုံးမြွေမိစ္ဆာကြီးကို တိုက်ခိုက်သတ်ဖြတ်နိုင်ချေရှိသည်။
မိုးကြိုးမျှော်စင်၏ပတ်ဝန်းကျင်တွင် စုဝေးနေသော လျှပ်စီးတိုင်းက အစွမ်းထက်လွန်းပြီး လောကကြီးကိုထိုးခွဲတော့မယောင် ပြင်းထန်နေသည်။ ပြင်းထန်သောဖိအားကြောင့် နတ်မိုးကြိုးနယ်မြေအတွင်းရှိ မည်သူမှ ခေါင်းမော့မကြည့်နိုင်ခဲ့ကြပေ။
"ပြေးကြစို့"
ခေါင်းသုံးလုံးအနက် အနီရောင်ခေါင်းက အလန့်တကြား သတိပေးလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် မိစ္ဆာကြီးက အန္တရာယ်ကိုသတိထားမိသွားပြီး မိုးကြိုးမျှော်စင်၏အရှိန်အဝါကြောင့် ချက်ချင်းထွက်ပြေးချင်ခဲ့သည်။ သို့သော် မိုးကြိုးမျှော်စင်ထံမှ လျှပ်စီးတန်းကြီးတစ်ခုက လှံတစ်စင်းပမာ ရွှီးခနဲပြေးထွက်လာခဲ့ပြီး ၎င်း၏အလျင်ထက် ပိုမြန်နေခဲ့သည်။
"ဘုန်း"
မျက်တောင်တစ်ခတ်အတွင်း လျှပ်စီးတန်းက မိစ္ဆာမြွေ၏အတောင်ပံကို ထိမှန်သွားကာ သွေးများ ချက်ချင်းပန်းထွက်လာသည်။ လျှပ်စီးများ၏စွမ်းအင်က သိပ်သည်းလွန်းသဖြင့် လက်နက်တစ်ခုပမာ ရုပ်ခန္ဓာဖြစ်တည်နေကာ အလွန်အမင်းထက်ရှပေသည်။ မြွေမိစ္ဆာကြီးက လေထဲတွင် ချာချာလည်နေရင်း မြေပြင်သို့ ထိုးကျလာခဲ့သည်။
"ခွေးကောင်ကြီး ဒဏ်ရာရသွားပြီဟေ့"
လူတိုင်းက စိတ်အားတက်ကြွစွာဖြင့် အော်ဟစ်အားပေးလိုက်ကြသည်။ ရန်သူက အလွန်အစွမ်းထက်သော်လည်း တစ်ချက်တည်းဖြင့် တောင်ပံများ ကျိုးပဲ့သွားခဲ့သောကြောင့် သူတို့၏ရင်ထဲရှိ မျှော်လင့်ချက်များသည် ပို၍တောက်ပလာခဲ့သည်။
"သတ် သတ် သတ်"
ကျင့်ကြံသူတိုင်းက အော်ဟစ်ကြွေးကျော်နေပြီး မျက်လုံးများက သွေးရောင်နီမြန်းနေသည်။ သူတို့က သမာဓိကောင်စီကို အရိုးစွဲအောင် မုန်းတီးနေခြင်းဖြစ်သည်။
"ဘန်း"
နောက်ထပ်လျှပ်စီးတန်းတစ်ခုက မိစ္ဆာကောင်ကြီး၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။ ၎င်း၏ထူထဲမာကျောသော အကြေးခွံများက မိုးကြိုးမျှော်စင်၏ တိုက်ကွက်တစ်ခုကိုပင် မခုခံနိုင်ချေ။ မြွေခေါင်းသုံးလုံးက နာကျင်စွာအော်ဟစ်ညည်းညူ၍ မိုးကြိုးမျှော်စင်၏ တိုက်ခိုက်ရေးစက်ကွင်းအတွင်းမှ လွတ်မြောက်အောင် ရုန်းကန်နေသည်။ နတ်မိုးကြိုးနယ်မြေ၏ အလယ်ဗဟိုတွင် ထွက်ပေါ်နေသော မျှော်စင်၏ပုံရိပ်က ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်ဖော်ထားသည်။
"မိုးကြိုးမျှော်စင်က အစွမ်းထက်လိုက်တာ"
"ခွေးကောင်ကြီး သေတော့မယ်"
"နောက်ထပ်တိုက်ခိုက်ပြီး သတ်ပစ်လိုက်ပါ မဟာအကြီးအကဲပိုလင်း"
ကျင့်ကြံသူများက ဝမ်းသာလွန်းသဖြင့် ခန္ဓာကိုယ်များတုန်ယင်နေပြီး မြွေမိစ္ဆာကြီးရုန်းကန်နေသည်ကို မြင်သောအခါ ပြောပြမတတ်အောင် ပျော်ရွှင်ကျေနပ်နေကြသည်။ သူတို့သတိမထားမိသည်မှာ မိုးကြိုးမျှော်စင်က တစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း ၎င်းအနီးရှိ လျှပ်စီးစွမ်းအားများ အနည်းငယ်လျော့ကျသွားကြောင်းဖြစ်သည်။
မိုးကြိုးမျှော်စင်ကို ထိန်းချုပ်နေသော ပိုလင်းသည် သူမ၏အသက်အားများကို ၎င်းက စုပ်ယူနေကြောင်း ခံစားလိုက်ရ၏။ သူမ၏အမြင်အာရုံက ဝေဝါးလာပြီး စိတ်က ဗလာဖြစ်စပြုလာသဖြင့် တောင့်ခံနိုင်စွမ်းမရှိတော့ပေ။ သို့သော် မြွေမိစ္ဆာက မသေသေးဘဲ ရုန်းကန်နေသောကြောင့် ယဲ့ချန်နှင့် အခြားကျင့်ကြံသူများ အသက်ရှင်ရေးအတွက် လျှာကို သွားဖြင့် ကိုက်ချလိုက်သည်။ နာကျင်မှုကြောင့် သူမ၏စိတ်က အနည်းငယ်ကြည်လင်သွားကာ နောက်ဆုံးသောအသက်အားကို အသုံးချ၍ တိုက်ခိုက်လိုက်သည်။
"ဘုန်း ဘုန်း ဘုန်း"
လျှပ်စီးတန်းသုံးခု ပြေးထွက်သွားကာ မြွေမိစ္ဆာကြီး၏ခန္ဓာကိုယ်ကြီးကို တစ်ခုပြီးတစ်ခုထိမှန်သွားသဖြင့် အော်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်က သွေးချင်းချင်းနီနေပြီး မီးကျွမ်းခံထားရသော ကျောက်မီးသွေးကဲ့သို့ မည်းနက်လာကာ တောင်ပံများနှင့် လက်များလည်း ကျိုးပဲ့သွားခဲ့သည်။ နောက်ဆုံးတိုက်ခိုက်မှုတွင် မြွေမိစ္ဆာကြီးက မြေပြင်တွင် ဘုန်းဘုန်းလဲသွားကာ ဖုန်မှုန့်များထလာပြီး မလှုပ်ရှားနိုင်တော့ပေ။
"သေပြီလား"
ကျင့်ကြံသူတစ်ယောက်က မသေမချာဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သူက မလှုပ်မယှက်ငြိမ်သက်နေသော မြွေမိစ္ဆာကြီး၏အဖြစ်ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။
"ခွေးကောင်ကြီး သေပြီဟေ့"
အချိန်ခဏအကြာတွင် နတ်မိုးကြိုးနယ်မြေအတွင်း ကျန်ရစ်သူများက အောင်ပွဲခံလိုက်ကြသည်။ သူတို့က အသက်ရှင်နိုင်ပြီဖြစ်သောကြောင့် မျိုးနွယ်ဆက်လက်တည်တံ့ရေးအတွက် တာဝန်ထမ်းဆောင်နိုင်ပေတော့မည်။
ခန်းမအတွင်း၌ ပုံရိပ်လေးတစ်ခုက မိုးကြိုးမျှော်စင်အတွင်းမှ ပြုတ်ကျလာကာ မြေပြင်၌ လဲကျသွားခဲ့သည်။ သူမ၏မျက်လုံးများက ပိတ်နေပြီး တစ်ကိုယ်လုံး စက္ကူဖြူတစ်ရွက်ပမာ ဖြူရော်နေခဲ့သည်။ သူမက နှုတ်ခမ်းကို တစ်ချိန်လုံးကိုက်ထားသောကြောင့် နှုတ်ခမ်းထက်တွင် ဒဏ်ရာတစ်ခုရှိနေသည်။ ပိုလင်းက ညှိုးခြောက်နေသော နှင်းဆီတစ်ပွင့်နှင့်တူညီနေကာ သွေးရောင်မရှိသော်လည်း လှပနေဆဲပင်ဖြစ်သည်။ ယဲ့ချန်သည် သူမ၏အဖြစ်ကို မြင်သောအခါ နှလုံးသားတစ်ခုလုံး စုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူက ခဏတာသာ အိပ်မောကျသွားခဲ့ခြင်းဖြစ်ပြီး ပြန်လည်နိုးထလာချိန်တွင် သူမသည် မိုးကြိုးမျှော်စင်အတွင်း ဝင်ရောက်သွားပြီဖြစ်သည်။ သူက ပိုလင်းကို မတားမြစ်နိုင်လိုက်သည့်အတွက် နောင်တကြီးစွာရနေခဲ့သည်။
"အမကြီး ထပါဦး"
ယဲ့ချန်က ပိုလင်းကို ရင်ခွင်ထဲတွင်ပွေ့ထားပြီး တကြော်ကြော်အော်ဟစ်ရင်း ကောင်းကင်ချီများဖြင့် ဆက်တိုက်ကုသပေးနေခဲ့သည်။ သို့သော်လည်း သူမ၏နှလုံးခုန်သံက ဖြည်းဖြည်းတိုးလျလာပြီး ပြန်လည်နိုးထလာမည့်ပုံ မပေါ်ချေ။ သူမ၏အခြေအနေကြောင့် ယဲ့ချန်သည် သူ၏နှလုံးသားကို ဓားထက်ထက်ဖြင့် အစိမ်းလိုက်မွှန်းနေသည့်ပမာ နာကျင်နေခဲ့သည်။ ဓားပျံက ပိုလင်းထံ ကောင်းကင်ချီများကို သန့်စင်၍ အဆက်မပြတ် ပို့လွှတ်ပေးနေခဲ့သည်။
"အဘွား နင်အာ မှားသွားပြီလားဟင်"
ပုံရိပ်ယောင်ပုလဲအတွင်း လူအသွင်ပြောင်းထားသော အမွေးပွလေးက အဖြူရောင်ဝတ်ရုံနှင့် အဘွားအိုတစ်ယောက်ဘေးတွင်ရှိနေပြီး ငိုသံနှင့် မေးလိုက်ခြင်းဖြစ်သည်။
"နင်အာ မင်းဆိုရင်လည်း သူမလိုဆုံးဖြတ်မှာပဲ မဟုတ်လား"
အဘွားအိုက သက်ပြင်းတစ်ချက်ချ၍ အမွေးပွလေး၏ခေါင်းကို ကြင်နာစွာပွတ်သပ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"မမရဲ့အသက်ကိုကယ်တင်ဖို့ နည်းလမ်း မရှိတော့ဘူးလား"
အမွေးပွလေး၏ မျက်ရည်ဝဲနေသော မျက်ဝန်းလေးများက အဘွားအိုကို မျှော်လင့်တကြီးဖြင့် ကြည့်လာခဲ့သည်။
"သူမရဲ့အခြေအနေက သိပ်မကောင်းဘူး။ ပုံရိပ်ယောင်ပုလဲထဲမှာဆိုရင်တော့ အသက်ရှင်ဖို့ အခွင့်အရေးနည်းနည်းရှိတယ်"
အဘွားအိုက တစ်လုံးချင်းဖြေလိုက်သည်။
ခန်းမအတွင်း၌ လောင်ရင်သည် ပိုလင်းနှင့် ပတ်သက်သမျှအရာအားလုံးကို ပြန်လည်မြင်ယောင်နေကာ ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်များ အဆက်မပြတ် လိမ့်ဆင်းလာနေသည်။ ယဲ့ချန်သည် သူ၏သန့်စင်သော ကောင်းကင်ချီများဖြင့် ပိုလင်း၏နောက်ဆုံးထွက်သက်ကို ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း အရာမထင်ခဲ့ပေ။ ထိုအချိန်တွင် သူက ပိုလင်းအပေါ် ပစ်မထားမိခဲ့သင့်ကြောင်း နားလည်ခဲ့သည်။ သူမက သူ၏ပထမဆုံးဇနီးသည်ဖြစ်ကာ သူ၏အသက်ရှင်ရေးအတွက် အသက်စွန့်ရန် တစ်ချက်ပင်နောက်မတွန့်ခဲ့ပေ။ အကယ်၍ ပိုလင်းသာ သေဆုံးသွားလျှင် ယဲ့ချန်သည် တစ်ဘဝလုံး နောင်တရ၍ဆုံးမည်မဟုတ်ပေ။ ထိုအချိန်တွင် ပုံရိပ်ယောင်ပုလဲသည် ပိုလင်းအထက်သို့ ပျံတက်လာကာ အဖြူရောင်အလင်းများ ဖြာကျလာခဲ့သည်။