ယဲ့ချန်၏ဆုံးဖြတ်ချက်
Vol. 36 Ch. 505
"အစ်ကိုကြီး မမကို ညီမလေးဆီ လက်လွှဲပေးပါ။ ဘိုးဘေးတွေက သူမကို ကယ်တင်ပေးနိုင်လောက်တယ်"
အမွေးပွလေး၏စကားသံ ထွက်ပေါ်လာသည်။ ယဲ့ချန်သည် အသက်ကို ခဲယဥ်းစွာရှူနေသည့် ပိုလင်း၏မျက်နှာလေးကို တစ်ချက်စိုက်ကြည့်လိုက်သည်။ သူက ပိုလင်း၏အသက်မသေအောင် ထိန်းထားရုံသာတတ်နိုင်သောကြောင့် အချိန်မီမကုသနိုင်လျှင် သေသွားနိုင်သည်။ ထို့ကြောင့် သူက နောက်ဆုတ်ပေးလိုက်သောအခါ ပုံရိပ်ယောင်ပုလဲသည် ပိုလင်းကို အတွင်းသို့စုပ်ယူခဲ့သည်။ ပျောက်ကွယ်သွားသော ပိုလင်း၏ပုံရိပ်ကို စိုက်ကြည့်နေသော ယဲ့ချန်၏စိတ်ထဲတွင် မြေခွေးဘိုးဘေးများက သူမကို ကယ်တင်ပေးနိုင်ပါစေဟု ဆုတောင်းနေခဲ့သည်။
နတ်မိုးကြိုးနယ်မြေအတွင်းမှ အဆုံးမဲ့အဆင့် မိုးကြိုးမျိုးနွယ်ဝင်သုံးယောက်က မြွေမိစ္ဆာကြီးထံ ဦးတည်ထွက်ခွာလာကြသည်။ သူတို့က အခြေအနေကိုစစ်ဆေးရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထွက်ခွာလာခြင်းဖြစ်ကာ ကျန်ကျင့်ကြံသူများက နတ်မိုးကြိုးနယ်မြေအတွင်း ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
"ဒီခွေးကောင်ကြီးသေပြီ ထင်ပါတယ်"
ကျင့်ကြံသူတစ်ယောက်က မြွေမိစ္ဆာကြီးကိုယ်ပေါ်သို့ ဆင်းသက်ရင်း ပြောလိုက်ခြင်းဖြစ်သည်။ ပတ်ဝန်းကျင်တွင် အနက်ရောင်အကြေးခွံများ ပြန့်ကြဲနေကာ မြွေခေါင်းကြီးသုံးလုံးက ငိုက်စိုက်ကျနေခဲ့သည်။ ခန္ဓာကိုယ်ပေါ်တွင်လည်း အပေါက်ကြီးများပြည့်နှက်နေကာ မိုးကြိုးပစ်ချခံထားရသဖြင့် မီးကျွမ်းထားသော ဒဏ်ရာများရှိနေကာ မြေပြင်တွင် အနက်ရောင်သွေးများ စွန်းထင်းနေသည်။
"ခွေးမသားကြီးတွေ သေသင့်တယ်"
ကျင့်ကြံသူတစ်ယောက်က အနီရောင်ခေါင်းကို ခြေထောက်ဖြင့် မုန်းတီးစွာဆောင့်နင်းလိုက်သည်။ နောက်ဆုံးတစ်ယောက်က ဒေါသတကြီးဖြင့် အဆင့်ရှစ်ဝိညာဥ်လက်နက်ကို ဆွဲထုတ်ကာ ရွှေရောင်ခေါင်းကို ခုတ်ချလိုက်သော်လည်း သံသံချင်းထိခတ်သံတစ်ခုသာ ထွက်ပေါ်လာ၍ အက်ကြောင်းပင်မထင်ခဲ့ချေ။
"ဝေါင်း"
ထိုအချိန်တွင် ဟိန်းသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာကာ အနီရောင်မြွေခေါင်းကြီးက ပြန်လည်နိုးထလာ၍ မိုးကြိုးမျိုးနွယ်ဝင်တစ်ယောက်ကို ကြီးမားသောပါးစပ်ကြီးဖြင့် ထိုးဟပ်၍ မျိုချလိုက်သည်။
"မသေသေးဘူးဟ"
ကျန်နှစ်ယောက်က အလောတကြီး လှည့်ပြေးခဲ့ကြသော်လည်း အနက်ရောင်မြွေခေါင်းကြီးထံမှ မီးတောက်များ မှုတ်ထုတ်လာသောကြောင့် ချက်ချင်းပြာကျသွားခဲ့ကြသည်။ မိစ္ဆာကောင်ကြီးက နောက်ဆုံးကျန်ရစ်သော အတောင်တစ်စုံကိုအားပြု၍ တုန်ခါစွာ ထပျံလိုက်သည်။ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်ကြီးများက ပြန်လည်ကောင်းမွန်စပြုလာကာ လက်များနှင့် တောင်ပံများက ပြန်လည်ဖြစ်တည်လာကြသည်။
"ဒီမြွေကြီးက အသက်ပြန်ရှင်လာတာလား။ သူ့ကိုသတ်လို့ မဖြစ်နိုင်ဘူးလား"
နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူများက အလန့်တကြား ရေရွတ်လိုက်ကြသည်။ ကြောက်စိတ်များပြည့်နှက်နေသော မျက်လုံးများက မိစ္ဆာကောင်ကြီး၏အစွမ်းကြောင့် ပြူးကျယ်လာကြသည်။
"မိုးကြိုးမျှော်စင်နဲ့ နောက်တစ်ခေါက် မြန်မြန်တိုက်ခိုက်ပေးပါ။ ဒီကောင်ကြီး ပြန်မကောင်းခင် သတ်မှဖြစ်မယ်"
"ချီပင်လယ်အဆင့်ကျင့်ကြံသူတွေသာ မိုးကြိုးမျှော်စင်ကို အသုံးပြုနိုင်တယ်။ မဟာအကြီးအကဲပိုလင်းက ဒီတိုက်ခိုက်မှုအပြီးမှာ သေဆုံးသွားပြီ"
မိုးကြိုးမျိုးနွယ်က သွေးပျက်လောက်စရာ သတင်းတစ်ခုကို ထုတ်ပြောလာကြသဖြင့် လူတိုင်းမှာ အရင်ကထက် သွေးပျက်ကြောက်လန့်သွားကြသည်။ ဤကား သူတို့ရှောင်လွှဲမရနိုင်သော ကံကြမ္မာဖြစ်နေပုံပေါ်သည်။
မိစ္ဆာကောင်ကြီးက နတ်မိုးကြိုးမြို့တော်ဖြစ်ခဲ့ဖူးသော ဖုန်းဆိုးနယ်မြေထက်တွင် လှည့်ပတ်ပျံသန်းနေသည်။ ၎င်းက ဒေါသတကြီးဖြစ်နေသော်လည်း ဒဏ်ရာများမကောင်းမွန်ခင် နတ်မိုးကြိုးနယ်မြေအနီး မချဥ်းကပ်ရဲခဲ့ပေ။ သို့သော်လည်း ပိုလင်း၏လက်ချက်ဖြင့် အပြင်းအထန်ဒဏ်ရာရခဲ့သောကြောင့် လက်စားချေရန်ကိစ္စကို စွန့်လွှတ်မည်မဟုတ်ချေ။
ခန်းမအတွင်းရှိနေသော ယဲ့ချန်သည် မြွေမိစ္ဆာကြီး ပြန်လည်အသက်ရှင်လာပြီး နတ်မိုးကြိုးနယ်မြေအနီးမှ ထွက်ပြေးသွားသည်ကို မြင်တွေ့နေရသည်။ သူက လက်သီးကိုတင်းကျပ်နေအောင် ဆုပ်လိုက်မိသောကြောင့် လက်ချောင်းများကြားမှ သွေးများ စီးထွက်လာခဲ့သည်။ ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းက တိုက်ပွဲအတွင်း အသက်စွန့်ခဲ့ရပြီး ပိုလင်းက သေလုမျောပါးဖြစ်နေခဲ့သည်။ ဤကိစ္စကိုလက်စားမချေရလျှင် သူ့ကိုယ်သူလူဟု သတ်မှတ်နိုင်စရာ အကြောင်းမရှိတော့ပေ။
"ဒီမိစ္ဆာကောင်ကို သတ်ရမယ်"
ယဲ့ချန်၏နှလုံးသားထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ လောင်ရင်သည်လည်း ဆုံးဖြတ်ချက်တစ်ခု ပြတ်သားစွာချပြီး မိုးကြိုးမျှော်စင်ကို အသက်သွင်းနိုင်သည့်နည်းလမ်းကို မသိသော်လည်း ကြိုးစားချင်ခဲ့သည်။ ထိုအချိန်တွင် ယဲ့ချန်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် ဝိညာဥ်အသိစိတ်ချင်း ဆက်သွယ်ပြောကြားနေခဲ့သည်။
"ဆရာ ကျုပ် ဒီခေါင်းသုံးလုံးဝိညာဥ်စားငရဲမြွေကို ဘယ်လိုနည်းလမ်းနဲ့ သတ်ရမလဲ"
ရန်သူက ချီပင်လယ်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းဖြစ်နေပြီး ဦးနှောက်ပေါက်ထွက်မတတ် စဥ်းစားနေသော်လည်း သူက အနိုင်ယူရမည့်နည်းလမ်းအား ရှာမတွေ့ခဲ့ပေ။
"ယဲ့ချန် မင်းရဲ့ကျင့်ကြံဆင့်က အားနည်းလွန်းတယ်။ ဒီကိစ္စမဖြစ်နိုင်တာ မင်း အသိဆုံးမလား"
ခြင်္သေ့ကြီးက သက်ပြင်းချ၍ ဖြေလိုက်သည်။
"ဆရာ ကျုပ် တောင်းပန်ပါတယ်။ ဘယ်လိုနည်းလမ်းဖြစ်ဖြစ် ကျုပ် လက်ခံပါမယ်။ ခင်ဗျားလိုချင်သမျှကိုလည်း ဖြည့်ဆည်းပေးမယ်"
ယဲ့ချန်က လေးနက်စွာ တောင်းဆိုလိုက်ပြန်သည်။ အကယ်၍ ခြင်္သေ့ကြီးထံတွင် နည်းလမ်းမရှိလျှင်ပင် သူက တိုက်ခိုက်ဦးမည်ဖြစ်သည်။
"မင်းသေသွားနိုင်ပြီး အလွန်အန္တရာယ်များတဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်။ မင်း သေချာဆုံးဖြတ်ထားပြီးပြီလား"
အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် ခြင်္သေ့ကြီးက ပြောလိုက်သည်။
"ကျုပ်သေရင်တောင် ကျုပ်စမ်းကြည်ဖို့ ဆန္ဒရှိပါတယ်"
ယဲ့ချန်၏မျက်လုံးများက မျှော်လင့်ချက်ကြောင့် တောက်ပလာသည်။
"ငါ့မှာ မင်းကို ဒီနေရာကနေ လုံလုံခြုံခြုံခေါ်ထုတ်သွားနိုင်တဲ့ နည်းလမ်းတွေရှိတယ်။ သေချာပြန်စဥ်းစားပါဦး"
ခြင်္သေ့ကြီးက ယဲ့ချန်ကို ဖြောင်းဖျလိုက်သည်။
"ဒီနေရာက လွတ်မြောက်သွားရင်လည်း သမာဓိကောင်စီက ကျုပ်တို့ကို အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးလိုက်သတ်မှာ သေချာတယ်။ နတ်မိုးကြိုးမြို့တော် ပျက်စီးသွားပြီးတော့ ကြယ်ခန်းမကလည်း ဒီကပ်ဘေးကို ရှောင်ပြေးနိုင်မှာမဟုတ်ဘူး။ ကျုပ်ကလည်း တစ်ဘဝလုံး ငကြောက်တစ်ယောက်အဖြစ်နဲ့ အသက်ရှင်နေရလိမ့်မယ်။ ဒီလိုဆိုမှတော့ နောက်ဆုံးတစ်ကြိမ်ရုန်းကန်ရင်း တိုက်ပွဲထဲမှာ သူရဲကောင်းတစ်ယောက်လို သေလိုက်မယ်"
ယဲ့ချန်၏စကားသံက ပြတ်သားစွာ ထွက်ပေါ်လာသည်။
"မင်းဆုံးဖြတ်ထားပြီးပြီဆိုရင် ဆရာဖြစ်တဲ့ငါက ကူညီပေးရမှာပေါ့။ မင်းရဲ့အခွင့်အရေးက ငါ့ကို ကာကွယ်ရေးသားရဲအဖြစ် လက်ခံလိုက်ဖို့ပဲ။ ဒါပေမယ့် မင်းရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ ငါ့ခွန်အားအလုံးစုံကို လက်ခံနိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်"
ခြင်္သေ့ကြီးက လေးနက်စွာ ပြောလိုက်သည်။
"ကျုပ် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပါ"
"မင်းရဲ့ကိုယ်ထဲက ကောင်းကင်သိုင်းချီနဲ့ ငါ့စွမ်းအားအချို့ကို စုပ်ယူရလိမ့်မယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ မင်းရဲ့ခန္ဓာကိုယ်က စွမ်းအားတွေကို လက်မခံနိုင်တော့ရင် ပေါက်ကွဲပြီးသေရလိမ့်မယ်။ အောင်မြင်မှုက သုံးဆယ်ရာခိုင်နှုန်းသာ ရှိတယ်။ မြောက်ပင်လယ်မှာတုန်းက မင်းလက်ခံရရှိတဲ့စွမ်းအားက ငါ့ခွန်အားရဲ့ အပ်ဖျားတစ်ထောက်စာပဲရှိတယ်။ လက်ရှိမှာ ငါက ခွန်အားအလုံးစုံကို လွှဲပြောင်းပေးမှာဖြစ်ပြီး အများစုကို ထိန်းချုပ်ထားမယ်ဆိုပေမယ့် နည်းနည်းလေးလွတ်ထွက်သွားနဲ့ တပြိုင်နက် မင်း သေရလိမ့်မယ်"
"ကျုပ် ကြိုးစားကြည့်ချင်ပါတယ်"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ခြင်္သေ့ကြီး၏အကြံကို လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ပိုလင်းသည် မိုးကြိုးမျှော်စင်ကို အသက်သွင်းရာ၌ အောင်မြင်နိုင်ချေ လုံးဝမရှိသော်လည်း အသက်စွန့်ကာ ကြိုးစားခဲ့သည်။ သေလားရှင်လားမသိရသော ဇနီးသည်အကြောင်း စဥ်းစားမိလိုက်သောအခါ ယဲ့ချန်၏ လက်စားချေမည့်အတွေးများက ပိုမိုခိုင်မာလာသည်။
"နတ်မိုးကြိုးနယ်မြေက သေးငယ်လွန်းတယ်။ စွမ်းအားအလုံးစုံထုတ်ဖော်ဖို့ နေရာလုံလုံလောက်လောက် မရှိဘူး။ အောင်မြင်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်"
ခြင်္သေ့ကြီးက ခဏတာစဥ်းစား၍ စကားလုံးအချို့ကို ယဲ့ချန်၏နားအတွင်း တီးတိုးပြောဆိုလိုက်သည်။ ယဲ့ချန်က လေးနက်စွာ စဥ်းစားနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"ချန်ရဲ မိစ္ဆာကောင်ကြီး နောက်တစ်ခေါက်ပြန်လာပြီး တိုက်ခိုက်ရင် ငါ မိုးကြိုးမျှော်စင်ထဲကို ဝင်မယ်။ လင်းအာက နင့်ကိုဂရုစိုက်ပေးဖို့ မှာခဲ့ပေမယ့် ငါ မဖြည့်ဆည်းပေးနိုင်တာ တောင်းပန်ပါတယ်။ နင့်ကိုယ်နင်ဂရုစိုက်ပါ"
လောင်ရင်က ယဲ့ချန်ထံ လျှောက်လာပြီး ပြောလိုက်ခြင်းဖြစ်သည်။
"အမရင်က မိုးကြိုးမျှော်စင်ကို အသက်သွင်းရမယ့် နည်းလမ်းကို သိလို့လား"
ယဲ့ချန်က လောင်ရင်ကို အံ့သြစွာကြည့်၍ မေးလိုက်သည်။ သူမသ ည်ပိုလင်း၏အဖြစ်ဆိုးကို မြင်ထားသည့်တိုင်အောင် ဤမျှဆုံးဖြတ်ချက် ပြတ်သားနေမည်ဟု ယဲ့ချန်က ထင်မထားခဲ့ပေ။
"မသိဘူး။ မိုးကြိုးမျှော်စင်ကို အသက်သွင်းဖို့ လျှို့ဝှက်နည်းလမ်းတစ်ခု လိုအပ်တယ်။ လင်းအာက ငါ့ကို မပြောပြသွားခဲ့ဘူး။ ဘာဖြစ်ဖြစ် ငါ ကြိုးစားကြည့်ချင်တယ်"
လောင်ရင်က ခေါင်းယမ်းပြလိုက်သည်။
"ဒါက အဓိပ္ပါယ်မရှိတဲ့ သတ်သေမှုတစ်ခု ဖြစ်သွားလိမ့်မယ်။ မိုးကြိုးမျှော်စင်က မိစ္ဆာကောင်ကို မသတ်နိုင်ဘူး။ အခြားနည်းလမ်းတွေ စဥ်းစားရမယ်"
ယဲ့ချန်က လောင်ရင်ကို တားမြစ်လိုက်သည်။
"နောက်ထပ်နည်းလမ်းတွေ ရှိသေးလို့လား"
"ဒီနည်းလမ်းက အလုပ်ဖြစ်မဖြစ် မပြောနိုင်ပေမယ့် စမ်းကြည့်ရမှာပဲ"
ယဲ့ချန်က ကောင်းကင်သို့ သတ်ဖြတ်လိုစိတ်အပြည့်နှင့် မော့ကြည့်နေခဲ့သည်။ ရန်သူက အစွမ်းထက်လွန်းနေသဖြင့် မည်သည့်နည်းလမ်းမဆို အသက်စွန့်ရနိုင်သောကြောင့် ယဲ့ချန်၏သဘောထားအပေါ် သူမ၏နှလုံးသားလေးက လှုပ်ခတ်လာခဲ့သည်။
"ဘာဖြစ်ဖြစ် ငါ နင့်ကို ကူညီပေးပါမယ်"
လောင်ရင်ကကတိပေးလိုက်သည်။
"အပြင်ထွက်ကြစို့။ အမရင်အပြင် အခြားလူတွေရဲ့အကူအညီလည်း လိုအပ်တယ်"
ယဲ့ချန်က ခေါင်းညိတ်၍ ပုံရိပ်ယောင်ပုလဲကို သိမ်းယူလိုက်သည်။ သူ၏စိတ်ထဲတွင် ပိုလင်းအသက်ရှင်ပါစေဟု ဆက်တိုက်ရေရွတ်နေခဲ့သည်။ လောင်ရင်သည်လည်း ပုံရိပ်ယောင်ပုလဲကိုကြည့်နေရင်း မျက်ရည်များ စီးကျလာခဲ့သည်။ သူတို့နှစ်ယောက်က ခန်းမအပြင်ဘက်ရှိနယ်မြေသို့ ထွက်လာခဲ့ကြသည်။
ဖုန်းဆိုးမြေအထက်တွင် လှည့်ပတ်ပျံသန်းနေသော မြွေမိစ္ဆာကြီး၏ဒဏ်ရာများက သက်သာစပြုလာသော်လည်း အားနည်းနေဆဲပင်ဖြစ်သည်။ မိုးကြိုးမျှော်စင်၏တိုက်ခိုက်မှုကြောင့် ၎င်း၏ခွန်အားက အထွတ်အထိပ်အခြေအနေအောက် များစွာနိမ့်ကျနေခဲ့သည်။ ပတ်ဝန်းကျင်တွင် ပေါများနေသော သေလွန်ဝိညာဥ်များကို ၎င်းကဝါးမျို၍ ရုပ်ခန္ဓာ၏ဒဏ်ရာများကို ဆက်တိုက်ကုသနေခဲ့သည်။ ဝိညာဥ်များကို ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ဝါးမျိုပြီးနောက် ၎င်း၏ဒဏ်ရာပျောက်ကင်းနှုန်းမှာ မျက်စိဖြင့် မြင်နိုင်သည်အထိ မြန်လာခဲ့သည်။
ထိုအချိန်တွင် အဝေးတစ်နေရာမှ သက်တန့်ရောင်အလင်းတစ်ခု ရုတ်တရက်ရောက်ရှိလာသည်။ ထိုအလင်းတန်းအထက်တွင် အပြာရောင်ပုံရိပ်လေးတစ်ခု လိုက်ပါလာခဲ့သည်။ အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ထန်တိုက်လင်၏မျက်ဝန်းများတွင် အေးစက်မှုနှင့် မြင့်မြတ်မှုတို့ ထင်ဟပ်နေသည်။ သူမ၏လက်ထဲတွင် လက်စွဲတော်ပင်လယ်နတ်ဘုရားလှံတံ ရှိနေခဲ့သည်။
"ထန်တိုက်လင် မင်းပါရောက်လာမယ်လို့ ထင်မထားဘူး။ ငါတို့က ဒဏ်ရာရထားရင်တောင် မင်းရဲ့ခွန်အားနဲ့ အနိုင်ယူနိုင်မယ် ထင်နေတာလား"
ရွှေရောင်မြွေခေါင်းက အထင်သေးစွာ လှောင်ရယ်လိုက်ခြင်းဖြစ်သည်။
"မြောက်ပင်လယ်မှာ ပုန်းနေတာက အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတာကို ပြပေးလိုက်မယ်"
အနက်ရောင်မြွေခေါင်းက ဒေါသတကြီးကြုံးဝါးသည်။
"ရောက်လာမှတော့ ပြန်ဖို့မစဥ်းစားနဲ့တော့"
အနီရောင်မြွေခေါင်း၏ မျက်လုံးကြီးများက သွေးနီရောင် တဖိတ်ဖိတ်တောက်နေသည်။
"ငါက ပြန်သွားဖို့ အစီအစဥ်မရှိပါဘူး။ မင်းတို့ခွေးအိုကြီးသုံးကောင်လည်း ဘယ်မှထွက်သွားနိုင်မယ် မထင်နဲ့"
ထန်တိုက်လင်၏စကားသံက ရေခဲလေပမာ အေးစက်ထက်ရှနေသည်။
"မောက်မာလှချည်လား"
"မင်းကိုယ်တိုင်ရောက်လာတယ်ဆိုတော့ မြောက်ပင်လယ်ကို လာရှာရမယ့်ဒုက္ခ ကင်းသွားတာပေါ့"
"နင်သေရင် ပင်လယ်မိစ္ဆာတွေကို အကုန်မျိုးဖြုတ်ပစ်မယ်"
မြွေခေါင်းကြီးသုံးလုံးက တပြိုင်နက်လှောင်ပြောင် ရယ်မောလိုက်ကြသည်။
ထန်တိုက်လင်ကမူ တိတ်ဆိတ်စွာဖြင့် လှံကိုဆုပ်ကိုင်ထားရင်း ပျောက်ကွယ်သွားခဲ့သည်။ သူမက အနက်ရောင်မြွေခေါင်းအနီးတွင် ရုတ်ချည်းပြန်ပေါ်လာကာ လှံဖြင့် ရိုက်ထုတ်လိုက်သည်။ မိစ္ဆာကောင်ကြီးက အဝေးရှိဖုန်းဆိုးနယ်မြေအတွင်း ဒလိမ့်ကောက်ကွေးလွင့်ထွက်သွားသဖြင့် တဘုန်းဘုန်းမြည်ဟီးနေခဲ့သည်။ နတ်မိုးကြိုးမြို့တော်၏ နံရံအပျက်အစီးများစွာက ဖုန်မှုန့်များအဖြစ် ကြေမွပျောက်ကွယ်သွားကြလေသည်။