← Chapters

ယဲ့ချန်၏အကြံနှင့် စွန့်လွှတ်ဝံ့ကြသူများ

Vol. 36 Ch. 506

ယဲ့ချန်၏အကြံနှင့် စွန့်လွှတ်ဝံ့ကြသူများ

Vol. 36 Ch. 506

"ဘာတွေဖြစ်နေတာလဲ"

"ဟိုနေရာကိုမြန်မြန်ကြည့်လိုက်"

နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူများက အဝေးရှိမြင်ကွင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ အဝေးတစ်နေရာရှိ ကောင်းကင်တွင် ဧရာမမိစ္ဆာမြွေကြီးရှေ့တွင် အပြာရောင်ပုံရိပ်လေးတစ်ခုရှိနေကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည်။ မိစ္ဆာကောင်ကြီးက အချိန်တိုင်း ဒေါသတကြီး ဟိန်းဟောက်နေခဲ့သည်။

"ဒါက ဘယ်သူလဲ"

"မြောက်ပင်လယ်ဘုရင်မ ထန်တိုက်လင်။ သူမက မိစ္ဆာကောင်ကြီးကို တိုက်ခိုက်နေတယ်"

ထန်တိုက်လင်ကို မှတ်မိသွားသူတစ်ဦးက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ လူတိုင်းသည် တိတ်ဆိတ်သွားကြပြီး သူမက ရန်သူကိုအနိုင်ရပါစေဟု ဆုတောင်းလိုက်ကြသော်လည်း အခွင့်အရေးက သေးငယ်နေဆဲပင်ဖြစ်သည်။ ပိုမေ့၊ ကျန်းလီနှင့် ရှထုံတန်းသေဆုံးသွားကာ အစွမ်းထက်ရတနာတစ်ခုဖြစ်သော မိုးကြိုးမျှော်စင်ပင် မိစ္ဆာကောင်ကြီးကို မသတ်နိုင်ခဲ့သောအခါ ထန်တိုက်လင်အနေဖြင့် လက်ရည်တူယှဥ်နိုင်ရန် မလွယ်ချေ။

"ယဲ့ချန် မင်းရဲ့ရေသူမအလှလေးလည်း ရောက်နေပြီ။ သူ့ကိုပါ မသေစေချင်ရင်တော့ မြန်မြန်လုပ်တော့"

ခြင်္သေ့ကြီးက သတိပေးလိုက်သဖြင့် ယဲ့ချန်၏ရင်ဘတ်က တင်းကျပ်သွားခဲ့သည်။ သူက ထန်တိုက်လင်ကိုပါ နောက်ထပ်အန္တရာယ် အဖြစ်မခံနိုင်တော့ပေ။

"ကျုပ်မှာ မိစ္ဆာကောင်ကိုရင်ဆိုင်နိုင်တဲ့ အကြံတစ်ခု ရှိတယ်။ ဒါပေမယ့် လူတိုင်းရဲ့အကူအညီကို လိုအပ်တယ်"

ယဲ့ချန်က ထန်တိုက်လင်နှင့် မိစ္ဆာမြွေကြီး၏တိုက်ပွဲကို စိုးရိမ်စွာစောင့်ကြည့်နေသော ကျင့်ကြံသူများကို အော်ပြောလိုက်သည်။

"ညီလေးချန် မင်းပြောသလို မိစ္ဆာကောင်ကို သတ်နိုင်မယ်ဆိုရင် ငါတို့က ဘာပဲလုပ်ရလုပ်ရပါ"

လူတိုင်း၏အကြည့်က ယဲ့ချန်ထံ ကျရောက်လာသည်။

"ဒီနည်းလမ်းကြောင့် သေဆုံးသူတွေ ရှိလာနိုင်တယ်"

ယဲ့ချန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"မိစ္ဆာကောင်ကို သတ်နိုင်မယ်ဆိုရင် ဒါက အကြောင်းမဟုတ်ပါဘူး။ မဟုတ်လည်း ငါတို့က အနှေးနဲ့အမြန် သေရမှာပဲ။ ငါတို့သေသွားရင် ငါတို့မျိုးနွယ်တွေကိုသာ စောင့်ရှောက်ပေးကြပါ"

သေရမည်ကိုမကြောက်သော ကျင့်ကြံသူများ၏သဘောထားကြောင့် ယဲ့ချန်က သူတို့အတွက် အသက်စွန့်ရခြင်းအပေါ် နောင်တရစရာအကြောင်း မရှိပေ။

"ကောင်းပြီ။ ကျုပ်မှာ ရှေးခေတ်ဟောင်းရဲ့ အစွမ်းထက်ရတနာတစ်ခုရှိတယ်။ ဒါကအစွမ်းထက်လွန်းလို့ ကျုပ်ခန္ဓာကိုယ်က မခုခံနိုင်တဲ့အတွက် ပိုလျှံနေတဲ့စွမ်းအင်တွေကို စုပ်ယူပေးရပါမယ်။ ကျုပ်ကိုယ်တိုင်လုပ်မယ်ဆိုရင် အချိန်မမီဘဲ ပေါက်ကွဲပြီးသေဆုံးသွားမှာ သေချာတယ်။ ဒါကြောင့် ကျုပ်တစ်ယောက်တည်း မစွမ်းဆောင်နိုင်တဲ့အတွက် ခင်ဗျားတို့ကို အသက်စွန့်ကူညီပေးဖို့ တောင်းဆိုစရာကလွဲလို့ ရွေးစရာ မရှိတော့ပါဘူး"

ယဲ့ချန်က လေးနက်စွာ ရှင်းပြလိုက်သည်။

"အောင်မြင်ဖို့ရာခိုင်နှုန်းက ဘယ်လောက်ရှိလဲ"

"ပေါင်းစပ်မှုအောင်မြင်သွားရင် မိစ္ဆာကောင်ကိုသတ်နိုင်ဖို့ သေချာလား"

"အောင်မြင်ဖို့ရာခိုင်နှုန်းက သုံးဆယ်သာရှိပေမယ့် အောင်မြင်သွားရင် မိစ္ဆာကောင်ကိုသတ်နိုင်မှာ သေချာတယ်"

ယဲ့ချန်က တိုက်ခိုက်လိုစိတ်ပြင်းပျစွာဖြင့် ဖြေလိုက်သည်။ သူက အဝေးရှိမိစ္ဆာကောင်ကြီးကို မုန်းတီးစွာ ကြည့်နေခဲ့သည်။ နတ်မိုးကြိုးနယ်မြေက ခဏတာတိတ်ဆိတ်သွားပြီး လူတိုင်းက မျက်မှောင်ကြုတ်၍ စဥ်းစားခန်းဝင်နေကြသည်။

"ညီလေးချန်လိုပါရမီရှင်ကတောင် အသက်စွန့်ရဲရင် ငါတို့လိုလူအိုကြီးတွေက ဘာကြောင့် မစွန့်စားရဲရမှာလဲ"

"သုံးဆယ်ရာခိုင်နှုန်းက လုံလောက်နေပြီ။ ငါတို့က မကြိုးစားကြည့်ရင် သေဖို့ရာနှုန်းပြည့်ပဲ"

"ညီလေးချန် အချိန်မရှိတော့ဘူး။ ချက်ချင်းစလိုက်ကြရအောင်"

ကျင့်ကြံသူတိုင်းက လုံးဝငြင်းဆန်ခြင်းမရှိဘဲ ယဲ့ချန်ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။ သူတို့၏ကြောက်စိတ်ကင်းမဲ့သော မျက်နှာထားများကြောင့် သူ၏နှလုံးသားက ခဲဆွဲထားသကဲ့သို့ လေးလံလာခဲ့သည်။ ခြင်္သေ့ကြီး၏အကြံကြောင့် ကျင့်ကြံသူများစွာ သေဆုံးနိုင်ချေ ရှိနေသည်။

"ဒါဆိုရင် ကျုပ် စတင်တော့မယ်"

အချိန်လုနေရသော အသက်ဘေးဖြစ်သောကြောင့် ယဲ့ချန်က တည်ငြိမ်စွာစတင်လိုက်သည်။ သူ၏ဘယ်လက်ထက်ရှိ ကောင်းကင်ကြယ်တာရာတံဆိပ်က တစ်လက်မအထက်သို့ မြင့်တက်လာကာ အလင်းရောင်များ ထုတ်လွှတ်လာသည်။ ၎င်းက ယဲ့ချန်ပြောထားသော ရှေးဟောင်းရတနာဖြစ်နေသဖြင့် လူတိုင်းက စူးစမ်းနေကြသည်။ ၎င်းက မိစ္ဆာမြွေကြီးကိုသတ်နိုင်ရန် လုံလောက်သောစွမ်းအားရှိမရှိ သိချင်နေခဲ့ကြသည်။ သူက ကြယ်တာရာတံဆိပ်ကို ဖျက်ဆီးလိုက်လျှင် ကောင်းကင်အမျက်ကျဆင်းလာနိုင်သောကြောင့် အစီအရင်ကိုသာ ဝိညာဥ်အသိစိတ်ဖြင့် ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ ခြင်္သေ့ကြီးက ခရမ်းရောင်မီးတောက်တစ်ခုအဖြစ် အသွင်ပြောင်းကာ သူ၏ကိုယ်တွင်းသို့ လက်ဝါးမှတဆင့် လှစ်ခနဲ ဝင်ရောက်သွားခဲ့သည်။ အချိန်ခဏအတွင်း ကြောက်မက်ဖွယ် အပူလှိုင်းကြီးက ဘယ်လက်ဖဝါးကိုဗဟိုပြု၍ တစ်ကိုယ်လုံးသို့ ပြန့်ထွက်လာခဲ့သည်။ ၎င်းက ရေလှိုင်းကြီးပမာ တဝုန်းဝုန်းစီးဆင်းနေသောကြောင့် ဘယ်လက်တစ်ခုလုံး မီးလောင်ခံလိုက်ရသကဲ့သို့ နာကျင်သွားကာ မျက်တောင်တစ်ခတ်အတွင်း တစ်ကိုယ်လုံး ခရမ်းရောင်မီးများကြား လွှမ်းခြုံခံလိုက်ရသဖြင့် သွေးများပင် ပွက်ပွက်ဆူလာသည်။

ယဲ့ချန်သည် နာကျင်မှုကိုသည်းခံ၍ စွမ်းအင်များကို ညာလက်ရှိကောင်းကင်သိုင်းချီထံ စေလွှတ်လိုက်သည်။ အစပိုင်းတွင် ၎င်းက စွမ်းအင်များကို အငမ်းမရစုပ်ယူလိုက်သော်လည်း အချိန်တစ်ခုအတွင်း လေပြည့်သွားသော ပူဖောင်းတစ်လုံးပမာ ဖောင်းကားလာခဲ့သည်။ နောက်ထပ်စွမ်းအင်များ ထပ်မံဝင်ရောက်လာလျှင် ကောင်းကင်သိုင်းချီလည်း ပေါက်ကွဲပျက်စီးရပေလိမ့်မည်။ သူက ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးထံ စွမ်းအင်များ ပြောင်းလဲပို့ဆောင်လိုက်သော်လည်း စုပ်ယူနှုန်းက အလွန်နှေးကွေးနေသဖြင့် လူမဆန်သောနာကျင်မှုကို ခံစားနေရကာ နောက်ဆုံးတွင် အော်ဟစ်ညည်းတွားလိုက်မိသည်။

"ယဲ့ချန် စွမ်းအားတွေကို အပြင်ထုတ်တော့"

ခြင်္သေ့ကြီး၏သတိပေးစကားသံ ထွက်ပေါ်လာသည်။ ယဲ့ချန်က ဆက်လက်တောင့်ခံထားနိုင်စွမ်းမရှိသောကြောင့် မျက်လုံးများရဲရဲနီလာကာ စွမ်းအင်များကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်လိုက်သည်။ သူ၏ပတ်ဝန်းကျင်က ရုတ်တရက်ပူလောင်လာကာ ခရမ်းရောင်မီးတောက်များ တဟုန်းဟုန်း ပြန့်ထွက်လာခဲ့သည်။

"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား"

ဤအဖြစ်ကြောင့် အခြားကျင့်ကြံသူများက အထိတ်တလန့်ဖြင့် လေးငါးလှမ်းခန့် နောက်ဆုတ်သွားကြသည်။ ရတနာ၏အစွမ်းက ရှေးခေတ်ဟောင်းမှမြင့်မြတ်မှုကို သယ်ဆောင်ထားသဖြင့် ကိုးကွယ်ဆည်းကပ်လိုစိတ်များပင် ဖြစ်ပေါ်လာ၏။

ခန္ဓာကိုယ်သည် စွမ်းအင်သိုလှောင်ကန်တစ်ခုနှင့် တူညီသည်။ ယဲ့ချန်၏သိုလှောင်ကန်က ပြည့်လျှံနေသောအခါ အခြားကျင့်ကြံသူများ၏အကူအညီ လိုအပ်လာခဲ့သည်။ သူတို့က ၎င်းစွမ်းအင်များကိုစုပ်ယူ၍ ကျင့်ကြံခြင်းတွင် အသုံးချလိုက်လျှင် များစွာတိုးတက်လာနိုင်သည်။ သို့သော်လည်း ၎င်းတို့ကို အချိန်မီ ကိုယ်ပိုင်ချီများအဖြစ် မပြောင်းလဲနိုင်ပါက ခန္ဓာကိုယ်ပေါက်ကွဲ၍ သေဆုံးရပေလိမ့်မည်။ ယဲ့ချန်၏အကြည့်က အကူအညီလိုအပ်နေပြီဟု အချက်ပြနေသောအခါ အခြားကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကြသည်။ ပထမဆုံးကူညီသူမှာ အန္တရာယ်အများဆုံးဖြစ်ပြီး ခြင်္သေ့ကြီး၏စွမ်းအင်များကြောင့် ပေါက်ကွဲသေဆုံးသွားရန် ရာခိုင်နှုန်းများလေသည်။

နတ်မိုးကြိုးနယ်မြေအတွင်း ရောက်ရှိနေသူများက သေရမည်ကိုကြောက်သူ တစ်ယောက်မှမပါဝင်သောကြောင့် အဆုံးမဲ့အဆင့် မိုးကြိုးမျိုးနွယ်ဝင်တစ်ယောက်က ခရမ်းရောင်မီးတောက်များကိုကာကွယ်ရန် ချီအကာအရံကိုထုတ်ဖော်ပြီး ယဲ့ချန်၏ကျောကို လက်ဝါးဖြင့် ဖိကပ်လိုက်၏။ သူက ယဲ့ချန်၏ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့်တပြိုင်နက် ကြောက်စရာစွမ်းအားများ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ သို့သော် စွမ်းအင်ပမာဏက အလွန်များပြားသောကြောင့် သူစုပ်ယူချေဖျက်နိုင်သည်ထက် အလွန်တရာများပြားနေသည်ဖြစ်ရာ အချိန်ခဏအတွင်း မျက်နှာထက်၌ နာကျင်သောအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူက လက်ကို ပြန်လည်ရုတ်သိမ်းလိုက်၍ နောက်ဆုတ်သွားခဲ့သော်လည်း ခြေသုံးလှမ်းအကွာတွင် ဘုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။ ထိုအချိန်တွင် ယဲ့ချန်၏မျက်လုံးများတွင် သေဆုံးသွားခဲ့သူအတွက် တောင်းပန်ရိပ်များ ထင်ဟပ်နေသည်။

"ငါ ဒုတိယသွားမယ်"

ထိုကျင့်ကြံသူ၏သေဆုံးမှုကြောင့် လူတိုင်းက ခဏတာတန့်သွားသော်လည်း လောင်ရင်က ချက်ချင်းရှေ့တက်လာသည်။ သူမက ချီအကာအရံကိုထုတ်ဖော်ပြီး ယဲ့ချန်၏ကျောကို လက်ဝါးဖြင့်ထိကပ်ကာ စွမ်းအင်များ လက်ခံလိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအားကြောင့် သူမက နာကျင်မှုကို ချက်ချင်းခံစားလိုက်ရသော်လည်း အံကြိတ်ပြီး ယဲ့ချန်၏ကိုယ်တွင်းမှ စွမ်းအင်များကို စုပ်ယူပေးခဲ့သည်။ အချိန်ခဏအကြာတွင် အကန့်အသတ်သို့ရောက်ရှိသွားသော်လည်း သူမက ဆက်လက်သည်းခံနေခဲ့သည်။

"သွားတော့"

ယဲ့ချန်က သူမကို တွန်းထုတ်လိုက်သဖြင့် လောင်ရင်သည် နောက်ဆုတ်သွားကာ ချက်ချင်းတင်ပျဥ်ခွေထိုင်ချ၍ စွမ်းအင်များကို ချေဖျက်လိုက်ရသည်။ ၎င်းတို့ကို သူမ၏ကိုယ်ပိုင်ချီများအဖြစ် လျင်မြန်စွာပြောင်းလဲနိုင်ခဲ့လျှင် ယဲ့ချန်ကို နောက်တစ်ကြိမ် ကူညီနိုင်မည်ဖြစ်သည်။

"မိန်းကလေးလောင်ရင်တောင် သတ္တိရှိရှိ ကူညီပေးခဲ့တယ်။ ငါတို့က ဘာကြောက်နေရမှာလဲ"

မီးတောက်သစ်နက်မျိုးနွယ်ဝင်တစ်ယောက် ရှေ့တက်လာ၍ ယဲ့ချန်၏ကျောကို လက်ဝါးနှင့် ထိကပ်လိုက်သည်။ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် နေရာပြောင်းလဲ၍ သူ၏ကိုယ်တွင်းမှ ပိုလျှံနေသောစွမ်းအင်များကို စုပ်ယူပေးခဲ့ကြသည်။ ထိုအချိန်တွင် အချို့က စွမ်းအင်များကိုမခုခံနိုင်သောကြောင့် ပေါက်ကွဲသေဆုံးသွားခဲ့ရသည်ကို မြင်သောအခါ ယဲ့ချန်၏နှလုံးသားတွင် နာကျင်မှုများ ပြည့်နှက်နေသည်။ ခြင်္သေ့ကြီး၏စွမ်းအင်များကြောင့် သူ၏သွေးကြောဆုံချက်များက တစ်ခုပြီးတစ်ခု ပွင့်ထွက်လာကာ ကျင့်ကြံဆင့်က မြင့်တက်လာသည်။ ထူးကဲအဆင့်လေးအထိ တစ်ချက်တည်းရောက်ရှိသွားသော်လည်း ခြင်္သေ့ကြီးသည် ရှေးခေတ်ဟောင်းမှ ကျင့်ကြံသူဖြစ်သောကြောင့် သူ၏ခွန်အားက ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ထို့ကြောင့် ယဲ့ချန်၏ဒန်တန်က အဆမကျယ်ပြန့်လာပြီး များပြားလှသောစွမ်းအင်များကြောင့် ထူးကဲအဆင့်ခုနစ်အထိ ရောက်ရှိသွားခဲ့သည်။ သူ၏ကျင့်ကြံဆင့်က ကြောက်စရာအမြန်နှုန်းဖြင့် တိုးတက်နေသော်လည်း စိတ်က ဗလာဖြစ်နေပြီး ပေါက်ကွဲထွက်တော့မယောင် နာကျင်ခံစားနေရလေသည်။

All Chapters