← Chapters

ယဲ့ချန်၏ကာကွယ်ရေးသားရဲ

Vol. 36 Ch. 507

ယဲ့ချန်၏ကာကွယ်ရေးသားရဲ

Vol. 36 Ch. 507

မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများသည် ရှေးဟောင်းရတနာ၏ ကြောက်မက်ဖွယ် အစွမ်းထက်လွန်းမှုကြောင့် ယဲ့ချန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။ မူလတွင် သူက ထူးကဲအဆင့်တစ်ဖြစ်သော်လည်း မျက်တောင်တစ်ခတ်အတွင်း သူတို့လိုက်မမီနိုင်သည်အထိ မြင့်တက်သွားခဲ့သည်။ မည်သည့်ပါရမီရှင်မဆို ဤတိုးတက်မှုကို ယှဥ်နိုင်စရာမရှိချေ။ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ယဲ့ချန်က ရှေးဟောင်းရတနာနှင့် ပေါင်းစပ်မှုအောင်မြင်သွားပါက ရန်သူကို သတ်ဖြတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူတို့အားလုံး၏ ယဲ့ချန်ကိုကူညီရန် ဆုံးဖြတ်ချက်များက ပို၍ခိုင်မာလာခဲ့သည်။

"ဝေါင်း"

ခြင်္သေ့ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ခရမ်းရောင်မီးတောက်များ လွှမ်းခြုံနေသည့် ဧရာမခြင်္သေ့ကြီးတစ်ကောင်၏ပုံရိပ်က ယဲ့ချန်ကိုယ်တွင်းမှ တိုးထွက်လာခဲ့သည်။ ခရမ်းရောင်မီးတောက်များအောက်တွင် သူ၏ခန္ဓာကိုယ်က အကြီးအကျယ်ပြောင်းလဲသွားကာ ကောင်းကင်သိုင်းချီနှင့် ၎င်းတို့က ပေါင်းစပ်သွားပြီဖြစ်သည်။ ကျောဘက်တွင် ခြင်္သေ့ခေါင်းကြီးတစ်ခု၏ ဆေးမင်ကြောင် ထွက်ပေါ်လာကာ အလင်းရောင်များတောက်ပ၍ ခရမ်းရောင်မီးလျှံများ ခြံရံထားသည်။ သို့သော် ထိုစွမ်းအင်များက မတည်ငြိမ်သောကြောင့် သူက အခြားကျင့်ကြံသူများ၏အကူအညီကို လိုအပ်နေဆဲပင်ဖြစ်သည်။ ဤပေါင်းစပ်ခြင်းတွင် ကျင့်ကြံသူ၃၉ယောက် သေဆုံးသွားခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူများကြားတွင် လောင်ရင် ပါရှိနေသည်။ နောက်ဆုံးတွင် ခြင်္သေ့ကြီး၏စွမ်းအားများကို ယဲ့ချန်သည် လုံခြုံစွာအသုံးပြုနိုင်သော အခြေအနေတစ်ရပ်သို့ ရောက်ရှိလာခဲ့လေသည်။

အရိုးကွဲလောက်သော နာကျင်မှုကို ခံစားခဲ့ရစဥ် ယဲ့ချန်သည် ကိုယ့်ကိုကိုယ်သေပြီဟု ထင်မှတ်ထားခဲ့သော်လည်း ကံကောင်းစွာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အသစ်ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားနေရပြီး ကြောက်မက်ဖွယ် ဖျက်ဆီးရေးစွမ်းအားကို ထုတ်ဖော်နိုင်နေသည်။ ဝိညာဥ်အသိစိတ်ကလည်း ခြင်္သေ့ကြီးနှင့်ဆက်သွယ်ထားကာ ညာလက်ကိုယမ်းလိုက်ရုံဖြင့် ခရမ်းရောင်မီးပွားများ တောက်လောင်ကုန်သည်။ နောက်ဆုံးတွင် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီးသည် ယဲ့ချန်၏ကာကွယ်ရေးသားရဲဖြစ်လာကာ သူ၏တိုက်ခိုက်မှုတိုင်းတွင် ခြင်္သေ့ကြီး၏စွမ်းအားအချို့ ပါဝင်လာခဲ့သည်။ ထို့အပြင် သူက ခြင်္သေ့ကြီးကို တိုက်ပွဲအတွင်း ဆင့်ခေါ်နိုင်သော်လည်း ၎င်း၏ခွန်အားက အကန့်အသတ်နှင့်ဖြစ်သည်။

"ခြင်္သေ့ဘုရင်၏ ကောင်းကင်တုန်ခါလက်သီးသိုင်း"

ယဲ့ချန်၏စိတ်အတွင်း လက်သီးသိုင်းတစ်ခု၏ပုံရိပ်များ တရိပ်ရိပ်ထွက်ပေါ်လာသည်။ ၎င်းက လောကတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည့် အလွန်အမင်းပြင်းထန် ကြမ်းကြုတ်သည့် သိုင်းကွက်တစ်ခုဖြစ်သည်။ ခြင်္သေ့ကြီးနှင့်ပေါင်းစပ်ပြီးနောက် သူ၏မှတ်ဉာဏ်က အဆမတန်မြင့်မားလာသဖြင့် တစ်ချက်ကြည့်ရုံနှင့် ထိုလက်သီးသိုင်းကို အစအဆုံးမှတ်မိသွားခဲ့သည်။ ဧကရာဇ်မင်၏ခါးပတ်၊ ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီတို့ကလည်း ခရမ်းရောင်မီးတောက်များကို စုပ်ယူခဲ့သဖြင့် ယခင်ကထက် ပို၍အစွမ်းထက်လာခဲ့ကြသည်။ တဟုန်ထိုးလျှပ်စီး၊ နေရောင်အောက်မှသူခိုးနှင့် နတ်ကိုယ်ပွားဟူသော လျှို့ဝှက်ကျင့်စဥ်များနှင့် ပတ်သက်၍ ဉာဏ်အလင်းအသစ်များ ရရှိလာသည့်အပြင် အဆင့်နှစ်ပိုင်နက်လည်း ဖြစ်တည်လာခဲ့သည်။ ကြယ်ပိုင်နက်၏အဆင့်နှစ်ကို ကြယ်ကောင်းကင်ဟုခေါ်ဆိုပြီး ၎င်းက မည်မျှအစွမ်းထက်သည်ကို သူက မခန့်မှန်းနိုင်ပေ။ သူ၏ကျင့်ကြံဆင့်က ထူးကဲအဆင့်ခုနစ်သာဖြစ်သော်လည်း ခြင်္သေ့ကြီးနှင့်ပေါင်းစပ်မှုကြောင့် ချီပင်လယ်အဆင့်ကိုပင် ကြောက်စရာမလိုဟု သူက ခံစားနေရသည်။

မိစ္ဆာမြွေကြီးက ခြင်္သေ့ကြီး၏အကာအကွယ်ကို ကျော်ဖြတ်ပြီး ယဲ့ချန်ကို ဒဏ်ရာရအောင် တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ သူက ခြင်္သေ့ကြီး၏အစွမ်းကို အသုံးပြုလိုက်လျှင် ချီပင်လယ်အဆင့်သို့ပင် ရောက်ရှိနိုင်သောကြောင့် ရန်သူကိုမှုနေစရာ မလိုတော့ပေ။

"ကံကောင်းသွားတယ်။ မင်းက ဒါကို အောင်မြင်ခဲ့ပြီး ငါကလည်း ကောင်းကင်ကြယ်တာရာတံဆိပ်အပြင်ကို ထွက်နိုင်ခဲ့ပြီ။ ပေါင်းစပ်မှုအဆင့်က နည်းနည်းနိမ့်ပြီး ငါ့ခွန်အားရဲ့ တစ်ထောင်ပုံတစ်ပုံကိုသာ အသုံးပြုနိုင်ပေမယ့် မင်းက ချီပင်လယ်အဆင့်တစ်ယောက်ကို ရိုက်နှက်နိုင်လိမ့်မယ်"

ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်၏ ကာကွယ်ရေးသားရဲဖြစ်လာပြီးနောက် သူက အပြင်ကမ္ဘာတွင် စိတ်ရှိတိုင်းသွားလာနိုင်ပြီဖြစ်သည်။ သို့သော်လည်း ယဲ့ချန်ဒုက္ခမရောက်စေရန် သူ၏ခွန်အားအလုံးစုံကိုမူ ထုတ်ဖော်၍ မဖြစ်ချေ။ သာမန်အခြေအနေများတွင် သူက ကျောဘက်ရှိဆေးမင်ကြောင်အတွင်း ပုန်းအောင်း၍ နေထိုင်ရမည်ဖြစ်သည်။ ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန်က ထိတ်လန့်သွားပြီး ၎င်း၏ကျင့်ကြံဆင့်ကို သိလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

"ယဲ့ချန် မင်းက ငါ့ခွန်အားအစစ်အမှန်ကို သိချင်နေတာလား။ ငါပြောရမယ်ဆိုရင် ကောင်းကင်မူလတိုက်ကြီးမှာတောင် ငါက ထိပ်တန်းကျင့်ကြံသူဖြစ်လိမ့်မယ်။ ကောင်းကင်ကြယ်တာရာတံဆိပ်ထဲမှာရှိနေစဥ်တည်းက ငါဟာ စစ်ဧကရာဇ်အဆင့်နှစ်ကို ချိုးဖျက်ပြီးပြီ"

ခြင်္သေ့ကြီးက ဂုဏ်ယူစွာဖြင့် ကြွားဝါလိုက်သည်။

"ဆရာပြောတာ မှန်ပါတယ်။ ဆရာက ကောင်းကင်မူလတိုက်မှာတောင် အစွမ်းထက်ပါလိမ့်မယ်"

ခြင်္သေ့ကြီး၏ခွန်အားကြောင့် ယဲ့ချန်က စကားဖြင့်ဖော်ပြမရလောက်အောင် အံ့သြသွားခဲ့သည်။ စစ်ဧကရာဇ်အဆင့်သည် ချီပင်လယ်အဆင့်၊ ရွှမ်အဆင့်နှင့် တာအိုနတ်အဆင့်တို့ထက်မြင့်ပြီး နတ်အစေခံအဆင့်အောက်သာ နိမ့်ကျလေသည်။

"ပေါင်းစပ်မှုက အောင်မြင်သွားပြီလား"

ပတ်ဝန်းကျင်မှလူတိုင်းက ယဲ့ချန်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ အများစုက ယဲ့ချန်၏စွမ်းအင်များကိုစုပ်ယူရန် ကူညီပေးခဲ့ပြီး အချို့က မခုခံနိုင်သောအခါ ပေါက်ကွဲသေဆုံးခဲ့ရသည်။ ကျန်ခဲ့သောကျင့်ကြံသူများမှာလည်း ကိုယ်တွင်းရှိစွမ်းအင်များကို ကိုယ်ပိုင်ချီများအဖြစ် ပြောင်းလဲရန် မနည်းရုန်းကန်နေကြရသည်။ ယဲ့ချန်ကိုဗဟိုပြု၍ စွမ်းအားကြီးတစ်ရပ် ပြန့်ထွက်လာကာ စောင့်ကြည့်နေကြသော ကျင့်ကြံသူများ၏မျက်လုံးများသည် ပျော်ရွှင်မှုကြောင့် အရောင်လက်လာကြသည်။

"ဒါက အဆင့်နှစ်ပိုင်နက်ရဲ့စွမ်းအားပဲ"

"မဟုတ်သေးဘူး။ ဒါက အဆင့်နှစ်ပိုင်နက်ထက် ပိုတယ်"

"ကိစ္စအားလုံးကို ကျုပ်တာဝန်ထားလိုက်ပါ"

လူတိုင်းက တီးတိုးဆွေးနွေးနေကြစဥ် ယဲ့ချန်က တစ်လုံးချင်းပြော၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ဤကျင့်ကြံသူများ၏ စတေးမှုကြောင့်သာမဟုတ်လျှင် သူက ခြင်္သေ့ကြီး၏စွမ်းအားကို ခုခံနိုင်ခဲ့မည် မဟုတ်ပေ။

"ညီလေးချန် မိစ္ဆာကောင်ကိုသတ်ပြီး လက်စားချေပေးပါ"

လူတိုင်းက စိတ်အားတက်ကြွစွာဖြင့် အော်ဟစ်အားပေးလိုက်သည်။ ထို့နောက် ယဲ့ချန်သည် ခေါင်းကိုမော့၍ မိစ္ဆာကောင်နှင့် အပြင်းအထန်တိုက်ခိုက်နေသော ထန်တိုက်လင်ကို လှမ်းကြည့်လိုက်သည်။ သူမက အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သောကြောင့် ယဲ့ချန်သည် နတ်မိုးကြိုးနယ်မြေအတွင်းမှ တိုက်ပွဲအလယ်သို့ အမြှောက်ဆံတစ်ခုပမာ ခုန်ထွက်သွားသည်။

"ညီလေးချန် သတိထားတိုက်ခိုက်ပါ"

နတ်မိုးကြိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူများသည် ထွက်ခွာသွားသော ယဲ့ချန်၏ပုံရိပ်ကို စိုက်ကြည့်ရင်း ပြိုင်တူရေရွတ်လိုက်ကြ၏။ သူတို့အားလုံးက မျှော်လင့်ချက်ကို ယဲ့ချန်အပေါ် အလုံးစုံပုံအပ်ထားခဲ့ကြသည်။

အဝေးရှိကောင်းကင်တွင် ထန်တိုက်လင်သည် မိစ္ဆာမြွေကြီးနှင့် ပြင်းထန်စွာတိုက်ခိုက်နေသော်လည်း သူမ၏ခွန်အားက ၎င်းအောက်နိမ့်ကျနေသောကြောင့် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်ပေးနေရသည်။ သူမဝတ်ဆင်ထားသော ပိုးချည်က ရန်သူ၏တိုက်ကွက်များကို ကာကွယ်ပေးခဲ့ပြီး ရန်သူသည် ပင်လယ်နတ်ဘုရားလှံကို ထိတ်လန့်နေခြင်းမရှိလျှင် ထန်တိုက်လင်မှာ ရှုံးနိမ့်ပြီးဖြစ်သည်။

"ဘန်း"

မိစ္ဆာမြွေကြီးသည် ဧရာမအမြှီးဖြင့် ထန်တိုက်လင်ကို လွှဲရိုက်လိုက်သည်။ ပြင်းထန်သော ရိုက်အားကြောင့် သူမ၏ရေချီများ ပျက်ပြယ်သွားကာ နောက်ဆုတ်ပေးလိုက်ရပြန်သည်။ ထိုအမြှီးရိုက်ချက်တွင် ချီပင်လယ်အဆင့်၏စွမ်းအား တစ်ပိုင်းတစ်စပါဝင်နေကာ အပြည့်အဝမဟုတ်သော်လည်း သူမက မခုခံနိုင်ခဲ့ပေ။ သူမက ဖူးခနဲ သွေးများအန်ထုတ်လိုက်ရပြီး အတွင်းဒဏ်ရာအချို့ ရရှိသွားခဲ့သည်။

"ထန်တိုက်လင် မင်းက အချိန်တိုအတွင်း အဆင့်နှစ်ပိုင်နက်ကို နားလည်နိုင်တယ်ဆိုတော့ တော်တော်ပါရမီရှိတာပဲ။ ဒါပေမယ့် မင်းက ငါတို့ကို မယှဥ်နိုင်ဘူး။ မင်းသာ သမာဓိကောင်စီလက်အောက်ဝင်မယ်ဆိုရင် ပင်လယ်မိစ္ဆာမျိုးနွယ်နဲ့ မင်းကို အသက်ချမ်းသာခွင့်ပေးမယ်"

မိစ္ဆာမြွေကြီး၏ အနီရောင်ခေါင်းက အေးစက်စက်ခြိမ်းခြောက်လိုက်သည်။

"ပင်လယ်မိစ္ဆာမျိုးနွယ်က အညံ့ခံမယ်ထင်နေရင် အိပ်မက်မက်နေတာပဲ။ ငါက နင်တို့အကြံကိုမသိဘူး ထင်နေတာလား။ နင်တို့ရဲ့မိစ္ဆာကျင့်စဥ်အတွက် ဝိညာဥ်တွေ အများကြီးလိုအပ်နေတဲ့အတွက် သမာဓိကောင်စီလက်အောက်ဝင်သူတိုင်းက ခြေနင်းတုံး ဖြစ်သွားမှာပဲမလား"

ထန်တိုက်လင်က နှုတ်ခမ်းမှသွေးများကို သုတ်ပစ်၍ အေးစက်စက်တုံ့ပြန်လိုက်၏။ သူမက အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ပင်လယ်နတ်ဘုရားလှံကို ရန်သူထံ ချိန်ရွယ်ထားခဲ့သည်။

"မင်းက ဒီလောက်သိနေတယ်ဆိုရင် အသက်ရှင်ခွင့်ပေးလို့ မဖြစ်တော့ဘူး။ ငါက မင်းနဲ့ အချိန်နည်းနည်းလောက် ကစားချင်ပေမယ့် မလိုအပ်တော့ဘူး"

မိစ္ဆာမြွေကြီးက အော်ဟစ်ကြုံးဝါး၍ ခေါင်းသုံးလုံးသည် ထန်တိုက်လင်ထံ မီးတန်းသုံးခုနှင့် တပြိုင်နက်ချိန်ရွယ် မှုတ်ထုတ်လိုက်ကြသည်။ မီးတန်းများထွက်ပေါ်လာချိန်တွင် ပိုင်နက်တစ်ခုက ထန်တိုက်လင်ကို နေရာတွင် ချုပ်နှောင်ထားခဲ့သည်။ သူမက အဆက်မပြတ်ရုန်းကန်နေသော်လည်း ရန်သူအောက် အားနည်းနေသဖြင့် လှုပ်ပင်မလှုပ်နိုင်တော့ပေ။ ထန်တိုက်လင်သည် သူမထံတိုးဝင်လာနေသော မီးလျှံများကို တည်ငြိမ်စွာကြည့်နေခဲ့သည်။ သူမ၏အစွမ်းထက်ရတနာနှစ်ခုဖြင့် ကာကွယ်လျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ ထို့နောက် သူမသည် မိစ္ဆာမြွေကြီး၏လက်ချက်ဖြင့် အသက်ဆုံးရမည်ဖြစ်သော်လည်း ကြောက်စိတ်မရှိချေ။ သို့သော် သူမ၏စိတ်ထဲတွင် မိဘနှစ်ပါး၊ ရေခဲပြာပင်လယ်မိစ္ဆာမျိုးနွယ်နှင့် ယဲ့ချန်အကြောင်း အတွေးများရှိနေခဲ့ပြီး အားလုံးက သူမ၏ဘဝတွင် မေ့မရနိုင်သော အရာများပင်ဖြစ်သည်။

မီးတန်းသုံးခုက ထန်တိုက်လင်ကို ထိမှန်ခါနီးတွင် ပုံရိပ်တစ်ခု တဟုန်ထိုးရောက်ရှိလာခဲ့သည်။ သူက အဆင့်နှစ်ပိုင်နက်ကိုထုတ်ဖော်ကာ မိစ္ဆာမြွေကြီး၏ပိုင်နက်ကို ဒုန်းခနဲ အစွမ်းကုန်ဝင်ဆောင့်ပစ်လိုက်၏။ ယဲ့ချန်သည် လှစ်ခနဲပျံသန်းသွားကာ ထန်တိုက်လင်ကို သယ်ယူသွားသဖြင့် မီးတန်းသုံးခုက သူမကို ကျော်လွန်သွားပြီး ကောင်းကင်တွင် ဘုန်းခနဲပေါက်ကွဲသွား၍ အပူလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

"ငါပါ ယဲ့ချန်"

ထန်တိုက်လင်သည် သူမကိုသယ်ဆောင်သွားသူအား မရင်းနှီးသောကြောင့် မျက်မှောင်ကြုတ်လိုက်စဥ် ယဲ့ချန်၏စကားသံ ထွက်ပေါ်လာသည်။ သူမသည် ယဲ့ချန်က ရုပ်ရည်ပြောင်းလဲနိုင်ကြောင်း သိထားသော်လည်း အချိန်တိုအတွင်း အဆုံးမဲ့အဆင့်မှ ထူးကဲအဆင့်သို့ ရောက်ရှိလာခြင်းကို အလွန်အံ့အားသင့်နေခဲ့သည်။ ထို့အပြင် ယဲ့ချန်သည် သူမအောက်မနိမ့်ကျသော အဆင့်နှစ်ပိုင်နက်တစ်ခုကိုပါ နားလည်ထုတ်ဖော်နိုင်နေခဲ့သည်။ ဤကျင့်ကြံနှုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင်မြန်ဆန်ပြီး ယဲ့ချန်ကို ရန်ဟိုင်နှင့် ခြင်္သေ့ကြီးက ကူညီပေးခဲ့ကြောင်းကို သူမ သိရှိမထားပေ။ သို့သော် အနားတွင် အစွမ်းထက်ရန်သူတစ်ယောက်ရှိနေသဖြင့် သူမက များများစားစားတွေးမနေနိုင်ဘဲ နောက်တစ်ကြိမ်တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်သည်။ ယဲ့ချန်နှင့် ထန်တိုက်လင်သည် လေထဲတွင် မားမားမတ်မတ်ရပ်၍ မိစ္ဆာမြွေကြီးနှင့်တိုက်ခိုက်ရန် စိုက်ကြည့်နေခဲ့ကြသည်။ ရန်သူ၏ခေါင်းကြီးသုံးလုံးသည်လည်း သူတို့ထံ တည့်တည့်မတ်မတ် ပြန်လည်စိုက်ကြည့်နေခဲ့သည်။

"နောက်ထပ်သေဖို့ တစ်ယောက် ထပ်ရောက်လာပြန်ပြီ"

အနီရောင်ခေါင်းက အထင်သေးစွာ ပြောလိုက်ခြင်းဖြစ်သည်။

"ဒီတစ်ယောက်လည်း အဆင့်နှစ်ပိုင်နက်ကို နားလည်ထားတယ်။ အရှေ့ပိုင်းတိုက်ကြီးမှာ ဘယ်တုန်းက ဒီလိုကျင့်ကြံသူတွေ ပေါများလာတာလဲ"

ရွှေရောင်ခေါင်းက အနည်းငယ်အံ့သြနေခဲ့သည်။

"ဒီကောင့်ရဲ့ပိုင်နက်က ပိုမေ့ရဲ့ပိုင်နက်လောက် အစွမ်းထက်နေမယ်လို့ ထင်မထားဘူး။ ဒီလိုဆိုရင်တော င်ငါတို့ကိုသတ်ဖို့ မဖြစ်နိုင်ဘူး"

အနက်ရောင်ခေါင်းကြီးက ယဲ့ချန်ကို အေးစက်စက်စိုက်ကြည့်နေသည်။

မြွေခေါင်းကြီးသုံးလုံးသည် လူသားဘာသာစကားဖြင့် ပြောကြားနေပြီး ယဲ့ချန်နှင့် ထန်တိုက်လင်ကို သတ်ဖြတ်လိုစိတ်အပြည့်ထင်ဟပ်နေသော မျက်လုံးခြောက်စုံဖြင့် စိုက်ကြည့်နေခဲ့လေသည်။

All Chapters