တပည့်တစ်ဦး၏နောက်ဆုံးလုပ်ရပ်
Vol. 85 Ch. 1182
နဂါးဧကရီမှာ မြေပြင်ပေါ် ပြုတ်ကျကာ သွေးပွက်ပွက်အန်လိုက်ရသည်။
“ဟားဟားဟား..... မိစ္ဆာနဂါးတွေရဲ့ နဂါးဧကရီက ဘာမှလည်း မဟုတ်ပါလား။”
ဖွတ်နဂါးပြာမှာ အတောင်များဖြန့်ကာ လှိုင်းလုံးကြီး ဖြစ်ပေါ်စေလိုက်သည်။
နဂါးဧကရီသည် နှုတ်ခမ်းထောင့်စွန်းမှ သွေးအားသုတ်ကာ လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။
အဖြူရောင် အံ့ဖွယ်တာအိုများ ဖြာထွက်လာကာ လေပြင်းအဖြစ် ပြောင်းလဲသွားပြီးနောက် လှိုင်းများကို ပျက်စီးစေရုံမက ပင်လယ်နတ်ဘုရား ပိုဆိုင်ဒွန်ကိုပါ လွင့်ထွက်သွားစေသည်။
အော့ရှောင်ဝူ ခေါင်းခါလိုက်သည်။
“နဂါးဧကရီက တော်တော်ကို ခြေကုန်လက်ပမ်း ကျနေလို့သာ.... မဟုတ်ရင် အဲ့သုံးကောင် အသက်တောင် မရှင်လောက်တော့ဘူး။”
အော့ရှောင်ဝူသည် သူမ နိုးထလာပြီးနောက် ပြုံးနိုင်နေသေးသည့် နဂါးဧကရီအပေါ် လေးစားမှု ရှိခဲ့သည်။ ထိုသည်မှာ ဆရာ့ဆရာမကြီးများ အချင်းချင်း အသိအမှတ် ပြုသလိုပင်။
“သူမကြောင့် သေတော့မှာကိုတောင် ချီးကျူးနေသေးတာလား။”
အန်လင်း အံ့သြသွားရသည်။
“အမှန်တရားကို ပြောရုံပါ။”
အော့ရှောင်ဝူ ဖြည်းညင်းစွာ ပြောလာသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ ဆရာမကြီး အတွေးအခေါ်သည် သာမန်နှင့် မတူညီပေ။
သူသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အား မွှေခဲ့ပါသော်လည်း အော့ရှောင်ဝူသည် အဘယ့်ကြောင့် ရန်ငြိုးမထားခဲ့သည်ကို အန်လင်း စတင်နားလည်လာမိသည်။
စစ်မြေပြင်၌....
လွမ့်ယွီနှင့် လုံအော့ထျန်းမှာ အပြင်းအထန် တိုက်ခိုက်နေပြီး စွမ်းအင်လှိုင်းဂယက်များကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး စိစိညက်ညက် ကြေနေလေပြီ။
မိန်ကွေ့သည် ရန်သူများအားထိန်းရန် ကိုယ်ခွဲများ ထုတ်ထားရသည်။
နဂါးဧကရီသည်လည်း ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ဖွတ်နဂါးသုံးကောင်အား အတော်ထိန်းနေရသည်။ ကမ္ဘာပျက်တော့မည် ဖြစ်သောကြောင့် အားလုံးမှာ ရူးသွပ်နေသလိုပင်။
၎င်းတို့သည် အသက်ကိုပင် ပဓာန မထားပဲ နဂါးဧကရီအား တိုက်ခိုက်လာကြသည်။
နဂါးဧကရီမှာ ထိုတိုက်ခိုက်မှုများအား ထင်ထားသလောက် မခုခံနိုင်တော့ပေ။
ဝုန်း....
ဟေးဒီးစ်၏ ရုတ်တရတ် တိုက်ခိုက်မှုနှင့်အတူ အံ့ဖွယ်တာအို အစွမ်းများမှာ နဂါးဧကရီ၏ ဝမ်းဗိုက်အောက်ပိုင်းသို့ ရောက်ရှိလာကြသည်။
သူမသည် ဒဏ်ရာဒဏ်ချက်များစွာဖြင့် မြေပြင်ပေါ် တုန်ယင်နေရသည်။
ရွှေရောင်အလင်းများနှင့် အမျိုးသမီးတစ်ဦး ကောင်းကင်ထက်မှ သက်ဆင်းလာသည်။
“တိုက်ပွဲစိတ်ဆန္ဒ စီရင်ချက်....”
အားကောင်းလှသော ချိပ်ပိတ်စွမ်းအင်များမှာ နဂါးဧကရီ၏ နှလုံးသားတည့်တည့် ဦးတည်သွားသည်။
ထိုအမျိုးသမီးသည် နဂါးဧကရီ၏ လည်တိုင်ကိုလည်း ဆုပ်ကိုင်လာသည်။
“သခင်မ....”
မိန်ကွေ့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သို့သော် ပိုဆိုင်ဒွန်မှ ၎င်းအား တားဆီးထားလေသည်။
လွမ့်ယွီသည်လည်း လုံအော့ထျန်းနှင့် တိုက်ခိုက်နေသောကြောင့် ဘာမှမလုပ်နိုင်ပေ။
“ဒီနေရာက အတော်ဆုံး မိစ္ဆာနဂါးကို သတ်နိုင်ရင် ငါသေရတာ တန်ပါတယ်။”
ဟေးဒီးစ်မှာလည်း ၎င်း၏ခန္ဓာကိုယ်အား ဓားအဖြစ် ပြောင်းလဲကာ နဂါးဧကရီ၏ ဦးခေါင်းတည့်တည့် ပျံသန်းလာသည်။
“ဟမ့်.... နင်က ငါ့ရဲ့ တိုက်ပွဲစိတ်ဆန္ဒကို လက်လွှတ်စေချင်နေတာလား။”
နဂါးဧကရီ အေးစက်စွာ ပြုံးလိုက်သည်။
ရုတ်ချည်းဆိုသလို ထိန်းချုပ်မရနိုင်သော အံ့ဖွယ်တာအို အလင်းများ သူမထံမှ ဖြာထွက်လာတော့သည်။
နဂါးဧကရီသည် ကမ္ဘာပင် ဖျက်နိုင်သူ ဖြစ်သောကြောင့် အေသီနာ၏ တိုက်ပွဲစိတ်ဆန္ဒ စီရင်ချက်တွင် ကျရှုံးသွားစရာ မရှိပေ။
“အား....”
အေသီနာ သွေးပွက်ပွက်အန်ကာ လွင့်ထွက်သွားရသည်။
နဂါးဧကရီမှာ အေသီနာထံမှ လွတ်မြောက်သွားလေသည်။
ဝုန်း...
မြေပြင်မှာ နှစ်ခြမ်းကွဲသွားရသည်။
ဟေးဒီးစ်၏ ဓားချက်ကြောင့် နဂါးဧကရီ ခေါင်းမပြတ်သွားပါသော်လည်း လက်တစ်ဖက် ပြတ်သွားခဲ့သည်။
နဂါးဧကရီသည် ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် ထိုဓားအား ထိုးချလိုက်သည်။
ပေါက်ကွဲသံနှင့်အတူ ဟေးဒီးစ်မှာ အမြှောက်ဆံအလား လွင့်ထွက်သွားရသည်။
နဂါးဧကရီ မတ်တပ်ရပ်ကာ အားလုံးအား မထီမဲ့မြင် ကြည့်ရှုလိုက်သည်။
သူမသည် ဖိနှိပ်ခံနေရသော အခြေအနေမှ မျက်စိတမှိတ်အတွင်း ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် နှစ်ဦးအား ဆိုးဆိုးရွားရွား ထိခိုက်စေကာ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။
နဂါးမျိုးနွယ်စုဝင်များမှာ ထိုသည်ကိုကြည့်ကာ ကြက်သီးမွှေးညှင်းများ ထလာရသည်။
နဂါးဧကရီသည် စစ်မြေပြင်၏ ဘုရင်မပင်။
ထိုအချိန်တွင် လေဟာနယ် ဝဲဂယက်တစ်ခု ပွင့်ဟလာသည်။
လမိုက်ည ခရင်းခွ ထွက်လာကာ နဂါးဧကရီအား ကြည့်ရှုလိုက်သည်။
“မျိုးနွယ်စုဝင်တွေအားလုံး ထွက်ခွာသွားပါပြီ။ ကျေးဇူးပြုပြီး လမ်းကြောင်းထဲ ဝင်ပါတော့။”
လမိုက်ည ခရင်းခွ လေးလေးစားစား အရိုအသေ ပေးလာသည်။
အန်လင်းနှင့် တွေ့စဥ်က အမြှီးကုပ်ကာ ပြေးခဲ့ပါသော်လည်း ယခုတွင်မူ အလွန်ပင် တည်ငြိမ်နေသည်။
နဂါးဧကရီတို့မှာ လမ်းကြောင်းထံ ဦးတည်လိုက်ကြသည်။
အေသီနာ၏ ရွှေရောင်အလင်းများ ရုတ်ချည်းထွန်းလင်းလာသည်။
“နင်တို့က ပြေးချင်သေးတာလား။”
“ဟားဟားဟား ကမ္ဘာပျက်တဲ့ထိ ငါတို့နဲ့ နေရမယ်။”
ပိုဆိုင်ဒွန် ဟစ်ကြွေးလိုက်သည်။
“တူတူသေကြတာပေါ့။”
ဟေးဒီးစ်မှာ သွေးမျိုးဆက်အား အသုံးချလိုက်သည်။
နဂါးဧကရီသည် ရောက်ရှိလာနေသော လုံအော့ထျန်းအား လွင့်ထွက်စေလိုက်ပြီးနောက် မိန်ကွေ့တို့အား ကြည့်ကာအော်လိုက်သည်။
“သွားကြတော့။”
သူမသည် မျိုးနွယ်စုအတွက် နောက်ဆုံးအချိန်ထိ တိုက်ခိုက်သွားမည်ပင်။
လွမ့်ယွီနှင့် မိန်ကွေ့မှာ တွေဝေမနေပဲ လမ်းကြောင်းထဲ ဝင်သွားကြသည်။
၎င်းတို့ အမြန်ထွက်ခွာမှသာ နဂါးဧကရီလည်း အမြန်ဆုံး လိုက်လာနိုင်လိမ့်မည်။
သို့သော် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
အဖြူရောင် အလင်းစက်ကွင်းမှာ မတည်ငြိမ်တော့ပဲ အနက်ရောင် တွင်းနက်ကြီးအဖြစ် စတင်ပြောင်းလဲလာသည်။
“ဒါက....”
လွမ့်ယွီ မျက်မှောင်ကျုံ့လိုက်သည်။
“အချိန်အရမ်းကြာသွားပြီ။ လမ်းကြောင်းကို ထိန်းထားဖို့ စွမ်းအင်မလုံလောက်တော့ဘူး။”
မိန်ကွေ့ စကားဆိုလာသည်။
“အဲ့ဒါဆို ဘာလုပ်ကြမလဲ။”
လွမ့်ယွီ ရူးချင်လာရသည်။
ခြေတစ်လှမ်းပဲ လိုတော့တာကို....
သူသည် အနက်ရောင် ပြောင်းလာနေသော လမ်းကြောင်းအားကြည့်ကာ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။
“နောက်ဆုံးနည်းလမ်းတော့ ရှိသေးတယ်။ အခု လမ်းကြောင်းက နဂါးမျိုးနွယ်စုရဲ့ လုံလောက်တဲ့ စွမ်းအင်မရှိတော့တာ။ ဟိုနဂါးနက်ကြီးကို မှတ်မိသေးလား။ လမ်းကြောင်း မပိတ်သွားခင် အဲ့လိုတစ်ယောက်ယောက် သေသွားရင် အဆင်ပြေသွားလိမ့်မယ်။”
မိန်ကွေ့ သုံးသပ်လိုက်သည်။
အသက်စတေးတာလား.....
၎င်းတို့မှာ နဂါးမျိုးနွယ်စုဝင်များအား ကြည့်လိုက်ကြသည်။
ဖွတ်နဂါးများ အပါအဝင် အားလုံးမှာ ခုခံကာကွယ်ရေး အစွမ်းများ ထုတ်ဖော်လိုက်ကြလေသည်။
မိစ္ဆာနဂါးများ : “.....”
လမ်းကြောင်းသည် တဖြည်းဖြည်း တွင်းနက်ကြီး ဖြစ်လာနေသည်။
အချိန်သိပ်မကျန်တော့ပေ။
“ဆရာ....”
စကားသံတစ်ခု ထွက်ပေါ်လာသည်။
နဂါးဧကရီ တုန်ယင်ကာ လှည့်ကြည့်လိုက်သည်။
လမိုက်ည ခရင်းခွသည် အသွားနှစ်ဖက်လှံအား သူ၏နှလုံးသားထံ ထိုးစိုက်လိုက်သည်။
သွေးများပန်းထွက်ကာ သူ၏အသက်စွမ်းအင်လည်း လျင်မြန်စွာ ကုန်ဆုံးလာသည်။
နဂါးဧကရီ မျက်လုံးပြူးသွားရသည်။
“ဆရာ ဂုဏ်ယူရတဲ့သူ မဖြစ်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။”
“ဆရာ့ဘေးမှာနေပြီး တိုက်ခိုက်နိုင်တဲ့ အရည်အချင်း မရှိခဲ့ဘူး။”
“အနည်းဆုံးတော့ ဆရာ့ကို တစ်ကြိမ်လောက် ကာကွယ်ပေးချင်မိတယ်။ အဲ့နေ့တည်းက ဆရာ့အပေါ် ကျွန်တော် သစ္စာစောင့်သိခဲ့တာပါ။ ဒီအသုံးမကျတဲ့ တပည့်ကို ဆရာ ခွင့်လွှတ်ပေးပါ။”
လမိုက်ည ခရင်းခွသည် နဂါးဧကရီအားကြည့်ကာ တောက်ပစွာပြုံးရင်း လမ်းကြောင်းထဲ ပြုတ်ကျသွားတော့သည်။
သူမက အရမ်းလှတာပဲ....
ဆရာကောင်းတစ်ယောက်နဲ့ တွေ့ခွင့်ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ....
ထိုသို့ဖြင့် လမိုက်ည ခရင်းခွမှာ ပျောက်ကွယ်သွားခဲ့လေသည်။