ရူးသွပ်နေသောဟေးဒီးစ်
Vol. 85 Ch. 1183
လမိုက်ည ခရင်းခွ ပြုတ်ကျသွားသည်နှင့် လမ်းကြောင်းတွင် အလင်းစက်ကွင်း ပြန်လည်ဖြစ်ပေါ်လာသည်။
ကမ္ဘာနှစ်ခုကြား လမ်းကြောင်းမှာ တည်ငြိမ်သွားလေပြီ။
လမိုက်ည ခရင်းခွ ယခုကဲ့သို့ စတေးခံသွားမည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
အားလုံး ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။
“သွားကြတော့။”
နဂါးဧကရီ ထပ်မံအော်ဟစ်လိုက်သည်။
လွမ့်ယွီနှင့် မိန်ကွေ့ အသိစိတ်ဝင်ကာ အလင်းစက်ကွင်းထဲ ခုန်ချလိုက်ကြသည်။
နဂါးဧကရီလည်း စတင်ဆုတ်ခွာလေပြီ။
“မင်းဘယ်မှ မသွားရဘူး။”
ဟေးဒီးစ်မှာ ဦးမှင်များစွာဖြင့် နဂါးဧကရီအား တိုက်ခိုက်လာသည်။
“ငါ့ကို တားနိုင်မယ် ထင်နေလား။”
နဂါးဧကရီ ပြုံးကာပြောလိုက်သည်။
ထိုတောက်ပသော အပြုံးမှာ ကြောက်မက်ဖွယ်ရာပင်။
အဝါရောင် အံ့ဖွယ်တာအိုများ ရုတ်တရတ် ထွက်ပေါ်လာကာ ဦးမှင်များအား ဖျက်စီးလိုက်သည်။
“ဘာ....”
ဟေးဒီးစ် လျင်မြန်စွာ နောက်ဆုတ်လိုက်ရသည်။
နဂါးဧကရီမှာ သွေးမျက်ရည်များနှင့်အတူ ဟေးဒီးစ်အနား ရောက်ရှိလာလေသည်။
အနီရောင် အံ့ဖွယ်တာအိုများ ဖြာထွက်လာ၏။
“အား....”
ဟေးဒီးစ်၏ သွေးပျက်မတက် အော်ဟစ်သံနှင့်အတူ အနီရောင် အံ့ဖွယ်တာအိုများမှာ ၎င်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။
ဟေးဒီးစ် ရုန်းကန်နေပါသော်လည်း နဂါးဧကရီမှာ တင်းကြပ်စွာ ဖမ်းဆုပ်ထားသည်။
“ဘန်း....”
ဟေးဒီးစ် ပေါက်ကွဲသွားလေပြီ။
၎င်း၏ခန္ဓာကိုယ် တစ်စစီဖြစ်ကာ သွေးမိုးများအဖြစ် ရွာကျလာသည်။
ထိုက်ချူကုန်းမြေတွင် ကျော်ကြားလှသော အမှောင်နတ်ဘုရား ဟေးဒီးစ်မှာ နဂါးဧကရီ လက်ချက်ဖြင့် သေဆုံးသွားပြီပင်။
စောင့်ကြည့်နေသူများမှာ တင်းကြပ်သွားသလိုပင် ခံစားလိုက်ရသည်။
“ဟေးဒီးစ်ကို ရူးနေတယ် ထင်ခဲ့တာ။ တကယ်တော့ ဦးနှောက်ကို မပါတာပဲ။”
အော့ရှောင်ဝူ စကားဆိုလာသည်။
သူမသည် ဖွတ်ချီးမဟာမိတ်များအား အမှန်တကယ် မုန်းတီးပုံရ၏။
မိစ္ဆာနဂါးများအနက် တစ်ဦးတည်း ကျန်ရှိသော နဂါးဧကရီအား မည်သူကမှ မနှောင့်ယှက်ရဲတော့ပေ။
သူမသည် ပြိုကျနေသော ကမ္ဘာအား တစ်ချက်မျှကြည့်ကာ သွေးမျက်ရည်သုတ်လျက် လမ်းကြောင်းထဲ ဝင်ရောက်သွားသည်။
ကမ္ဘာနှစ်ခုကြားမှ အလင်းစက်ကွင်းမှာ ညင်သာသိမ်မွေ့လွန်းလှသည်။
နဂါးဧကရီသည် အတိတ်တစ်ချိန်မှ ကလေးငယ်အား ပြန်လည်မြင်ယောင်ကာ တောက်ပစွာ ပြုံးမိသည်။
“ဆရာ့ကို ကာကွယ်ပေးတဲ့အတွက် တပည့်လေးကို တကယ်ကျေးဇူးတင်ပါတယ်။ ဒီဆရာ အရမ်းဂုဏ်ယူမိတယ်။”
နဂါးဧကရီမှာ လက်နှစ်ဖက်အား ဆန့်တန်းကာ အလင်းစက်ကွင်းထဲ ခုန်ချသွားတော့သည်။
မိစ္ဆာနဂါးများအားလုံး ဤကမ္ဘာမှ လွတ်မြောက်သွားလေပြီ။
ပတ်ဝန်းကျင်မှာ အစစအရာရာ တိတ်ဆိတ်သွားသလိုပင်။
အနောက်နဂါးတောနှင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်တို့မှာ တစ်ဖက်နှင့်တစ်ဖက် ကြောင်ကြည့်နေမိကြသည်။
အခြေအနေမှာ ကြောင်တောင်တောင် နိုင်လှပေသည်။
“မိစ္ဆာနဂါးတွေ မရှိတော့ဘူးဆိုတော့ ဘာလုပ်ကြမလဲ။”
နဂါးမျိုးနွယ်စုဝင်တစ်ဦး မေးမြန်းလာသည်။
“ဒီမှာ လူတွေ အများကြီးပဲကို။ နည်းလမ်းလေးဘာလေး ဝိုင်းစဥ်းစားရအောင်။”
တစ်စုံတစ်ဦးမှ အကြံပြုလိုက်သည်။
“ဟုတ်တယ်။ အင်အားများတာပဲ။ တွေးကြတာပေါ့။”
နဂါးမျိုးနွယ်စုဝင်များမှာ အန်လင်းတို့အား ကြည့်ရှုလာကြသည်။
အန်လင်းတို့သည် အားလုံးထဲတွင် အထူးချွန်ဆုံးများ မဟုတ်လော။
ကမ္ဘာပျက်ကပ်သည် တစ်စတစ်စ ပိုမိုဆိုးရွားလာကာ မရဏ စွမ်းအင်များမှာလည်း လောကကြီးအား လွှမ်းမိုးလာသည်။
ကမ္ဘာမြေပြင်သည်လည်း အဆက်မပြတ် အက်ကွဲကာ ချောက်နက်ကြီးများ ဖြစ်နေလေပြီ။
မကြာမီပင် ကမ္ဘာတစ်ခုလုံး ဗလာနတ္ထိ ဖြစ်လာတော့မည် ဖြစ်သည်။
“အစ်မတော် တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား။”
နဂါးဘုရင်၏ ဆယ်ယောက်မြောက်သားတော် အော့ဟော်ယွီမှာ စိတ်ပျက်လက်ပျက် မေးမြန်းလိုက်သည်။
“အင်း... သက်တောင့်သက်သာ သေဖို့ပဲ ရွေးထားလိုက်တော့။”
အော့ရှောင်ဝူသည် အထူးထုတ် ရေမြှုပ်မွေ့ယာအားထုတ်ကာ တက်အိပ်လိုက်သည်။
“အိပ်တာက နာကျင်တာကို လျော့စေတယ်တဲ့။ လာမနှိုးနဲ့နော်။”
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ ဆရာမကြီးမှာ လက်လျှော့သွားပြီပင်။
“ဆယ်မိနစ်လောက်ပဲ ကျန်တော့မယ်။”
ရှောင်ဇယ် သုံးသပ်လိုက်သည်။
အန်လင်းနှင့် စုရှောင်လန်သည် အုတ်ခဲနက်ပေါ်လှဲကာ လက်တွဲထားလိုက်ကြသည်။
“ရှောင်လန် ဘာတွေးနေတာလဲ။”
“နင့်လက်ကို တွဲထားရင် သေခြင်းတရားကလည်း ကြောက်ဖို့မကောင်းလောက်ဘူးလို့လေ။”
“နင်ကရော ဘာတွေတွေးနေတာလဲ။”
“အာ... နောက်ဘဝကြရင် မင်းနဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်တယ်လို့ တွေးနေတာ။”
စုရှောင်လန် တောက်ပစွာ ပြုံးလိုက်သည်။
“နင်ဝက်ဖြစ်သွားရင် အင်မော်တယ်ဝက် ဖြစ်အောင်လုပ်ပေးပြီး နင်နဲ့ချစ်မှာပါ။”
“ဒီလိုအချိန်မှာတောင် စနောက်နေသေးတာလား။”
“အခုမှ မစရင် မစနိုင်တော့ဘူးလေ။”
စုရှောင်လန် ရယ်မောလာသည်။
“ကိုယ်တို့သာ သေသွားရင် မင်းက ထိုက်ချူကုန်းမြေမှာ ပြန်ဝင်စားပြီး ကိုယ်က ကမ္ဘာမှာပဲ ပြန်ဝင်စားလောက်တယ်။ အဲ့ဒါကြောင့် ကမ္ဘာကို ခဏခဏ လာလည်နော်။ ကိုယ်ကတော့ ထိုက်ချူကုန်းမြေကို ပြန်မလာနိုင်လောက်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ကို လာရှာပေးပါ။”
စနစ်သာ မရှိပါက အန်လင်းသည် သာမန်ဘဝတွင်သာ နေနိုင်မည် မဟုတ်လော။
၎င်းတို့နှစ်ဦးသည်လည်း ကမ္ဘာချင်း ခြားသွားကြမည်ပင်။
“စိတ်မပူပါနဲ့။ နင့်ကို ကျင့်ကြံရေးလမ်းဆီ လမ်းပြပေးမှာပါ။”
စုရှောင်လန် ကတိပေးကာ အန်လင်းလက်အား ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
အန်လင်း ရင်ထဲထိသွားရသည်။
“ရှောင်လန်က အရမ်းကောင်းတာပဲ။”
၎င်းတို့သည် နောက်ဘဝတွင် ပြန်လည်တွေ့ဆုံပါက တစ်ဦးနှင့်တစ်ဦး မှတ်မိစေရန် လျှို့ဝှက်သင်္ကေတများ လဲလှယ်သော အခြေအနေသို့ ရောက်ရှိသွားသည်။
ရှောင်ဇယ် : “....”
ရှောင်ဇယ် ၎င်းတို့အား နားမလည်နိုင်ပေ။
ထိုအချိန်တွင် အန်လင်း၏ သိုလှောင်လက်စွပ်မှာ ပြင်းထန်စွာ တုန်ခါလာလေသည်။
မိစ္ဆာရှင်းဓား ထသောင်းကြမ်းတော့သည်။
ငါအပြင်ထွက်ချင်တယ်.....
အန်လင်း မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။
“ရှဲ့လေး မင်းက နောက်ဆုံးအချိန်မှာတောင် ငါနဲ့ရှိနေချင်တာပဲ။”
“သောက်ပေါက်ကိုပိတ်ထား မြန်မြန်...”
မိစ္ဆာရှင်းဓား ကောင်းကင်တစ်နေရာအား ညွှန်ပြလိုက်သည်။
“အဲ့နေရာကို ငါ့ကိုထိုးလိုက်...”
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
“ငါ့ကို ငြိမ်းငြိမ်းချမ်းချမ်း မသေစေချင်ဘူးလား။ ဒီလိုအချိန်မှာတောင် ကောင်းကင်ကို တက်ထိုးချင်နေသေးတာလား။ ဒါက မင်းရဲ့ နောက်ဆုံးဆန္ဒများလား။”
“အန်လင်း...”
မိစ္ဆာရှင်းဓား ပေါက်ကွဲလေပြီ။
“အသက်ရှင်ချင်ရင် ငါ့စကားနားထောင်.... ငါကောင်းကင်ကို ပြင်နိုင်တယ်။”
အန်လင်း : “......”
စုရှောင်လန် : “....”