အန်လင်း၏ကောင်းကင်ပြင်မည့်ဓား
Vol. 85 Ch. 1184
“ရှဲ့လေး မင်းက ကောင်းကင် ပြင်နိုင်တာလား။”
အန်လင်း မျက်လုံးပြူးသွားသည်။ သူသည် ထင်ယောင်ထင်မှာယ ဖြစ်သလိုပင် ခံစားလာရ၏။
“ပါးစပ်ပိတ်ပြီး သက်ရှိစွမ်းအင်ကို အသက်သွင်းလိုက်တော့။”
မိစ္ဆာရှင်းဓား အော်ဟစ်လိုက်သည်။
၎င်းညွှန်ပြနေသော နေရာသည် ဗလာနတ္ထိ ဗရမ်းဗတာ စွမ်းအင်များ ကြမ်းတမ်းခက်ထန်နေသော နေရာတစ်ခုပင်။
ကမ္ဘာစပြိုသော နေရာဖြစ်သဖြင့် အခြားနေရာများထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။
“ကောင်းပြီလေ။ လုပ်ကြတာပေါ့။”
မည်သို့ပင်ဆိုစေကာမူ သေရတော့မည်သာ ဖြစ်သောကြောင့် တစ်ကြိမ်မျှ ကြိုးစားကြည့်သင့်သည်။
“ရှောင်လန် နောက်ဘဝအကြောင်း နောက်မှပြောကြတာပေါ့။ အခုတော့ ဒီဘဝမှာ ဆက်ရှင်သန်နိုင်အောင် ကြိုးစားကြည့်ဦးမယ်။”
“ငါနင့်ကိုယုံတယ်။”
စုရှောင်လန် အပြုံးကြောင့် အန်လင်းမှာ တိုက်ပွဲစိတ်ဆန္ဒများ ထကြွလာသည်။
သူသည် မိစ္ဆာရှင်းဓားအားကိုင်ကာ ကောင်းကင်ထက်သို့ တက်သွားသည်။
မိစ္ဆာရှင်းဓားသည် အရာအားလုံးကို ပိုင်းဖြတ်ပစ်တော့မည့်အလား ထက်ရှလွန်းနေ၏။
“ဒီကောင်က ကောင်းကင်ပေါ် ပျံနေတာလား။”
နဂါးမျိုးနွယ်စုဝင်များ အံ့သြကုန်ကြသည်။
“ကောင်းကင်ကို ဓားနဲ့ထိုးမလို့လား။ ဒင်းက ကိုယ့်ကိုယ်ကို သတ်သေနေတာပဲ။”
“ဘုရားရေ အဲ့ဒါ အန်လင်းမလား။ အဲ့လိုဆိုရင်တော့ အကြောင်းပြချက် တစ်ခုခု ရှိမှာပါ။”
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ ကျင့်ကြံသူမှာ စိတ်လှုပ်ရှားသွားသည်။
ပင်လယ်နတ်ဘုရား ပိုဆိုင်ဒွန် ရယ်မောလိုက်သည်။
“ကောင်းကင်က အဖျက်စွမ်းအင်တွေကို ဓားနဲ့ပိုင်းပြီး ကမ္ဘာအပြင်ဘက် ထွက်မလို့လား။ အဲ့ဒါ ရူးလွန်းတာပဲ။ စောစောသေတာပဲ အဖက်တင်လိမ့်မယ်။”
အန်လင်းအား အားလုံး စိတ်ဝင်စားလာကြသည်။
ယခုကဲ့သို့ ရူးမိုက်နေသည်မှာ သူတစ်ဦးတည်းသာ ရှိသည်မဟုတ်လော။
“ဆရာ....”
ရှောင်ဇယ် အန်လင်းအားကြည့်ကာ လေးစားသွားမိသည်။
လုံအော့ထျန်းသည်လည်း ကောင်းကင်ထက်မှ လူငယ်လေးအား ကြည့်ရှုနေမိသည်။
“ဘယ်လိုကောင်လဲကွာ...”
မိစ္ဆာရှင်းဓားမှာ လေပြင်းများ တိုက်ခတ်နေပါသော်လည်း ပိုင်းဖြတ်ပစ်လိုက်သည်။
ကမ္ဘာပျက်စွမ်းအင်သည် သူ၏ အသက်စွမ်းအင်အား လျှော့ချရန် ရောက်ရှိလာပါသော်လည်း မိစ္ဆာရှင်းဓားမှ အနက်ရောင် အလင်းအကာအကွယ်တစ်ခု ထွက်ပေါ်လာကာ ခုခံပေးထားသည်။
အဖျက်စွမ်းအင်များသည် အန်လင်းနားသို့ ကပ်ပင်မကပ်နိုင်ပေ။
အန်လင်းမှာ အားလုံးရှေ့မှောက်၌ပင် မိစ္ဆာရှင်းဓားအား ပျက်စီးခြင်း ဗဟိုချက်ထံ ထိုးစိုက်လိုက်သည်။
ကမ္ဘာတခွင်လုံး တိတ်ဆိတ်သွားလေသည်။
ကမ္ဘာပျက်ကပ်၊ ပျက်စီးသွားသော လောကနိယာမများ၊ အဖျက်စွမ်းအင်များ အရာအားလုံးမှာ ရပ်တန့်စေသော ခလုတ်နှိပ်ကို လိုက်သကဲ့သို့ ငြိမ်သက်သွားသည်။
အားလုံးမှာ အန်လင်းအား ငေးကြောင်ကြည့်နေရင်း ဘာမှမပြောနိုင်ကြပေ။
မိစ္ဆာရှင်းဓားမှလွဲ၍ အရာအားလုံး မလှုပ်ရှားတော့ခြင်း ဖြစ်သည်။
အနက်ရောင် စွမ်းအင်များမှာ ကောင်းကင်တခွင်အား လွှမ်းခြုံသွားလေသည်။
ထိုစွမ်းအင်သည် ကော်ကဲ့သို့ပင်။
၎င်းသည် ကောင်းကင်တစ်ခုလုံးထံ ပျံ့နှံ့သွားကာ အပေါက်များအား ပြန်လည်စေ့စေလျက် တစ်ခါမှ အက်ရာပင် မထင်ဖူးသလို ဖြစ်သွားစေသည်။
ကောင်းကင်အဆုံးမှ စတင်၍ ပြန်လည်ကောင်းမွန်စေပြီး တဖြည်းဖြည်း မိစ္ဆာရှင်းဓား ရှိနေသော အလယ်ဗဟိုသို့ ရောက်ရှိလာသည်။
“ကောင်း.... ကောင်းကင်က...”
နဂါးမျိုးနွယ်စုဝင်တစ်ဦး တုန်ယင်စွာ ပြောလိုက်သည်။
“တကယ်ကြီး ပြန်ကောင်းသွားတာပဲ။”
အချို့မှာ မျက်ရည်များပင် ဝဲကုန်ရသည်။
အချို့သည် အော်ဟစ်လျက် အချို့မှာ ငိုကြွေးကာ အချို့မှာမူ မယုံကြည်နိုင် ဖြစ်နေလေသည်။
“အန်လင်းက ဒါမျိုးတောင် လုပ်နိုင်တာလား။”
နဂါးဘုရင် အော့မန်မှာ အိပ်မက်မက်နေမိသလို မည်သို့မျှ နားမလည်နိုင်ပေ။
အန်လင်းအား လှောင်ပြောင်ခဲ့သော ပင်လယ်နတ်ဘုရား ပိုဆိုင်ဒွန်မှာ ရှက်ရွံ့လွန်းသောကြောင့် မျက်နှာတစ်ခုလုံး နီရဲနေပြီး ပါးဖြတ်ရိုက်ခံရသလို ခံစားနေရသည်။
အန်လင်းအား သံသယ ဝင်မိခဲ့သော အခြားသူများလည်း မျက်နှာပင် မပြရဲတော့ပေ။
မည်သို့ပင်ဆိုစေကာမူ အားလုံးသည် ကယ်တင်ရှင် အန်လင်းအား အလွန်အမင်း လေးစားမိနေကြသည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းက အန်လင်းက ငါတို့အားလုံးကို ကယ်လိုက်တာပဲ။”
“အရှင်မ နွီဝါးက နတ်ကျောက်တုံးနဲ့ ကောင်းကင်ကို ပြင်ခဲ့တယ်။ အန်လင်းကတော့ ဓားနဲ့ပြင်ခဲ့တာပဲ။”
“သူက ခေတ်သစ်နတ်ဘုရားပဲ။ အရှင်မ နွီဝါးနဲ့ တတန်းတည်း ထားသင့်တယ်။”
“မင်းဆေးကွဲနေတာလား။ သူက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ပဲ ရှိသေးတယ်။ အဲ့ဒါတောင်မှ ကောင်းကင်ကို ပြင်နိုင်နေပြီလေ။”
“ဒါဆို နောက်ကြရင် အရှင်မ နွီဝါးထက် သာသွားမှာလား။”
“ဟုတ်တယ်။”
“သံသယ ဝင်စရာတောင် မလိုဘူး။”
“မင်းပြောတာ ထောက်ခံတယ်။”
…..
နဂါးမျိုးနွယ်စုဝင်များမှာ အန်လင်းအကြောင်း တခုတ်တရ ပြောကြတော့သည်။ အချို့သော နဂါးမျိုးနွယ်စုဝင် အမျိုးသမီးများဆိုလျှင် အန်လင်းအား ချစ်ရည်ရွှမ်းစွာပင် ကြည့်နေကြသေးသည်။
၎င်းတို့သည် လူသားအသွင်ကိုပင် ပြောင်းလဲထားကြသည်။
ကမ္ဘာပျက်ကပ် ဖြစ်နေစဥ်တွင် အန်လင်းသည် ရုတ်တရတ် အခြေအနေများအား ပြောင်းလဲစေခဲ့သည်။ ရန်သူပင် ဖြစ်နေပါစေ အန်လင်းအပေါ် လေးစားမှုများမှာ ယိုဖိတ်လာရသည်ပင်။
အန်လင်းသည် ၎င်းတို့အတွက် အထွဋ်အထိပ် သူရဲကောင်းကြီး ဖြစ်သည်။
စုရှောင်လန်သည်လည်း အန်လင်းအားကြည့်ကာ ဂုဏ်ယူစွာ ပြုံးလိုက်သည်။
ဒီယောက်ျားက ငါ့ရဲ့ တာအိုလက်တွဲဖော်.... ငါရွေးချယ်ထားတဲ့သူပဲ.....
အော့ရှောင်ဝူ မျက်လုံးဖွင့်လာကာ အန်လင်းအားကြည့်၍ ကြောင်သွားသည်။
“ငါအိပ်မက်မက်နေတာလား။”
ဖြောင်း....
သူမ ကိုယ့်ပါးကိုယ်ရိုက်ကာ အတည်ပြုလိုက်ရသည်။
“ဒီကမ္ဘာက အရမ်းအံ့သြဖို့ ကောင်းတာပဲ။”
အော့ရှောင်ဝူ အန်လင်းအားကြည့်ကာ မျက်ဝန်းများ တောက်ပလာသည်။
“စိတ်ငြိမ်ငြိမ်ထားစမ်းပါ။ သူက ကောင်းကင်ကို ပြင်နိုင်ပေမယ့် ပြစ်ချက်တွေလည်း အများကြီး ရှိပါသေးတယ်။”
အော့ရှောင်ဝူ ကိုယ့်ဘာသာ သတိပေးလိုက်သည်။
အော့မန်မှာ သမီးတော်သည် အခြားသော နဂါးအမျိုးသမီးများကဲ့သို့ အန်လင်းထံမှ အကြည့်မခွာနိုင် ဖြစ်နေမည်ကို စိတ်ပူနေမိသည်။
ထိုသို့သာဆိုပါက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အတွက် ပြဿနာကြီးပင်။ ၎င်းတို့အများစုသည် အန်လင်းအား တာအိုနှလုံးသားဖြင့် ကျိန်ဆိုထားရပြီး မကျိန်ဆိုထားသော သမီးတော်မှာ အန်လင်းအား ချစ်မိသွားပါက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အနေဖြင့် မည်သည့်အခါမှ လက်စားချေနိုင်တော့မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် အော့ရှောင်ဝူသည် အန်လင်းအား မက်မောနေပုံ မရပဲ ဉာဏ်အလင်းပွင့်သွားဟန်ဖြင့် မျက်ဝန်းများ ပိတ်လိုက်သည်။
ကောင်းကင်အား ပြုပြင်သည်မှာ နောက်ဆုံးအဆင့် ရောက်နေလေပြီ။
အနက်ရောင် စွမ်းအင်များမှာ မိစ္ဆာရှင်းဓားထံ ပြန်လည်စုဝေးလာသည်။
ကမ္ဘာနှစ်ခုကြားမှ လမ်းကြောင်းလည်း ပျောက်ကွယ်သွားလေပြီ။
ကောင်းကင်နှင့်မြေပြင်၏ ကမောက်ကမ လောကနိယာမသာ ကျန်တော့သည်။
အန်လင်းမှာ မိစ္ဆာရှင်းဓားသည် ထိုလောကနိယာမများအား ပြန်လည်ပြုပြင်မည်ဟု ထင်ခဲ့ပါသော်လည်း ဓားသွားဖြင့်ပိုင်းဖြတ်ကာ စုပ်ယူနေသည်ကို တွေ့လိုက်ရသည်။
အန်လင်း : “.....”