ရှဲ့လေးရောက်လာပြီ
Vol. 85 Ch. 1185
ကမောက်ကမ လောကနိယာမများမှာ မိစ္ဆာရှင်းဓားကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။
အန်လင်း ထိတ်လန့်သွားလေသည်။
“ရှဲ့လေး ဘာလုပ်နေတာလဲ။”
“ဒီကမ္ဘာရဲ့ လောကနိယာမတွေက ကမောက်ကမ ဖြစ်နေပြီလေ။ အဲ့ဒါကြောင့် မလိုအပ်တဲ့ ဟာတွေကို စုပ်ယူပြီး ရှင်းပေးနေတာ။”
မိစ္ဆာရှင်းဓား စိတ်လှုပ်ရှားစွာ တုံ့ပြန်လာသည်။
“အမ်... စုပ်ယူတာလား။”
အန်လင်းမှာ သိပ္ပံဝတ္ထုအား နားထောင်နေသလို ခံစားမိသွားသည်။
မိစ္ဆာရှင်းဓားသည် ဘာမှမပြောပဲ ကောင်းကင်နှင့်မြေပြင်ကြားမှ တစ်စုံတစ်ခုအား ဖြတ်တောက်လိုက်သည်။
နဂါးမျိုးနွယ်စုဝင်များမှာ ကောင်းကင်ထက်မှ အမျိုးသားအား လှမ်းကြည့်လိုက်ကြသည်။
၎င်းတို့သည် ကောင်းကင်နှင့်မြေပြင်ကြား တစ်စုံတစ်ခု ပြတ်တောက်သွားသည်ကို အာရုံခံမိကြပြီး တစ်ချိန်တည်းမှာပင် စွမ်းအင်တမျိုးမှာ အန်လင်း၏ဓားထဲ စီးဝင်လာသည်။
ထိုဓားသည် တစ်စုံတစ်ခုအား စုပ်ယူနေသလိုပင်။
အော့ရှောင်ဝူသည် ကောင်းကင်တာအိုအပေါ် ခံစားမှု မြင့်သောကြောင့် အစိမ်းရောင် မြက်ပင်အချို့ ရုပ်လုံးပေါ်စေလိုက်သည်။ မြက်ပင်မှာ လေနှင့်အတူ ယိမ်းနွဲ့နေပြီးနောက် လျင်မြန်စွာ ညှိုးနွမ်းသွားလေသည်။
“ဒီလိုကိုး....”
အော့ရှောင်ဝူ အန်လင်းအား မော့ကြည့်လိုက်သည်။
“ဉာဏ်ရည်မြင့် ဒေသခံ မျိုးနွယ်စု မိစ္ဆာနဂါးတွေ မရှိကြတော့ဘူးဆိုတော့ သူက ဒီအခွင့်အရေးကိုသုံးပြီး ဒီက သက်ရှိတွေအတွက် ဉာဏ်ရည်မြင့်စေမယ့် လောကနိယာမကို ဖြတ်တောက်နေတာပဲ။ ကျိန်စာသင့်ပြီးသား ကမ္ဘာကို အခုထက်ပိုပြီး နိမ့်ကျအောင် လုပ်နေတာလား။”
“အခုထက်ပိုပြီး နိမ့်ကျအောင်တဲ့လား။”
အော့ချင်းယွီ နားမလည်နိုင်ပေ။
“ကမ္ဘာတွေက တစ်ခုနဲ့တစ်ခု အဆင့်အတန်း မတူကြဘူး။ ဒီကမ္ဘာက ဉာဏ်ရည်မြင့် သက်ရှိတွေကို မွေးဖွားပေးနိုင်စွမ်း ရှိတယ်။ ဒါပေမယ့် အန်လင်းက လောကနိယာမကို ဖြတ်တောက်ပြီး ဒီကမ္ဘာကို အဆင့်နိမ့်သွားအောင် လုပ်နေတာပဲ။”
အော့ရှောင်ဝူ ရှင်းပြလာသည်။
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“သူက အဲ့ဒါတောင် လုပ်နိုင်တာလား။”
အော့ချင်းယွီလည်း အံ့အားသင့်သွားသည်။
“ဖန်ဆင်းရှင် နတ်ဘုရားတွေလည်း သူတို့ဖန်ဆင်းထားတဲ့ ကမ္ဘာမှာ အဲ့လိုလုပ်နိုင်ကြတယ်။ ဒီကမ္ဘာက အစစအရာရာ မှားယွင်းနေမှတော့ အသစ်က ပြန်စတာ မဆိုးပါဘူး။”
အော့ရှောင်ဝူမှာ စိတ်ဝင်စားနေသော အမူအရာ ရှိသည်။
“ရှေးဟောင်းထိုက်ချူကုန်းမြေရဲ့ နဂါးနယ်မြေက ကမ္ဘာငယ်တစ်ခု မဟုတ်ဘူး။ အဲ့ဒါကြောင့် သူအခုလို မလုပ်နိုင်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းကင်ဆန္ဒ ဖြစ်နိုင်တယ်။ ဒီအခွင့်အရေးကနေ သူကတော့ အကျိုးတော်တော်ရှိသွားမှာပဲ။ သဘာဝဖြစ်စဥ်ကို ဆန့်ကျင်နေတယ် ထင်ရပေမယ့် တကယ်တော့ အဲ့ဒါရဲ့ ဆန္ဒအတိုင်း လုပ်ပေးနေတာပဲ။”
ရှောင်တုမှာ ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။
“ဒါက မရဏနဲ့ ပြန်လည်ရှင်သန်ခြင်းပဲ။ ဒီကမ္ဘာက မူလလမ်းကြောင်းအတိုင်း မသွားချင်တော့တာ ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် အခွင့်အရေးကို အမိအရ အသုံးချပြီး တစ်ကနေပြန်စဖို့ လုပ်နေတာပဲ။”
ထိုအချိန်တွင် လေပြေညှင်းတစ်ခု တိုက်ခတ်သွားသည်။
အရာအားလုံး မူလအခြေအနေ ရောက်ရှိသွားသလို သက်ရှိမျိုးစိတ် အသစ်များ ပေါ်ထွက်လာသည်။ ဤကမ္ဘာသည် ရှေးဟောင်းထိုက်ချူကုန်းမြေအတွင်းမှ ကမ္ဘာတစ်ခု မဟုတ်တော့ပဲ လွတ်လပ်စွာ သီးခြားတည်ရှိနေသည့် ကမ္ဘာသစ်တစ်ခု ဖြစ်သွားသလိုပင်။
အပြောင်းအလဲများအားကြည့်ကာ နဂါးမျိုးနွယ်စုဝင်များလည်း ဉာဏ်အလင်း ရသွားကြသည်။
ကောင်းကင်ထက်တွင် ရှိနေသော အန်လင်းမှာ လေဘာတီ ရုပ်ထုကြီးနှင့်ပင် ဆင်တူသေးသည်။
ကောင်းကင်အား ပြင်ဆင်ပြီးသွားပါသော်လည်း သူသည် ဓားအားပြန်ထုတ်မရသေးပေ။
သူ၏ဓားသည် ကောင်းကင်နှင့် နက်ရှိုင်းစွာ ချိတ်ဆက်နေသလိုပင်။
“ဘာတွေဖြစ်နေတာလဲ။”
အန်လင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ဘာမှမလှုပ်ရှားရဲပေ။
“ဆရာက အရမ်းတော်တာပဲ။ ကောင်းကင်ကိုတောင် ပြင်နိုင်တယ်။”
ရှောင်ဇယ် စိတ်လှုပ်ရှားကာ တုန်ယင်နေသည်။
အော့ယွီထန် သက်ပြင်းချလိုက်သည်။
“အားနည်းတဲ့ သူတွေပဲ ကောက်စားလုပ်တာ... အားကြီးတဲ့သူက ကောင်းကင်ကိုတောင် ပြင်နိုင်တာပဲ။”
သူမသည် တောအုပ်အတွင်း ပုန်းကွယ်နေစဥ်က အန်လင်း ဆုံးမခဲ့သည်များကို ပြန်လည်ကြားယောင်ကာ ပညာရှိစကားဟု ခံစားနေမိသည်။
“နဂါးမင်းပိုင်နက်က သူ့လိုလူမျိုးကို ဆန့်ကျင်ရမှာလား။ ရူးနေတာမှ မဟုတ်တာ။ ခမည်းတော်ကို လက်လျှော့ဖို့ ဖြောင်းဖြရမယ်။”
အော့ဟော်ယွီ ရေရွတ်လိုက်သည်။
စုရှောင်လန်မှာ အခြားသူများ ပြောဆိုနေသည်ကို နားထောင်ကာ ရယ်မောလိုက်မိသည်။
နဂါးမျိုးနွယ်စုဝင်များ၏ စကားဝိုင်းမှာ အသက်ဝင်လာပြန်သည်။
“သူက တကယ်အားကိုးရတဲ့သူပဲ။”
“သူ့ပုံစံက အရမ်းမိုက်တယ်။”
“ဒါပေမယ့် ဘာလို့မလှုပ်သေးတာလဲ။ ကောင်းကင်က ပြင်ပြီးပြီလေ။”
“ငါတို့လို သာမန်သူတွေက သူ့ကို နားလည်ပါ့မလား။”
“မမြင်နိုင်တဲ့ စွမ်းအင်တွေကို တိုက်ခိုက်နေတာ ဖြစ်မှာပေါ့။”
“စီနီယာ အန်လင်း ကြိုးစားထား....”
“သခင်လေးအန်လင်း အောင်မြင်ပါစေ။”
အန်လင်းမှာ အော်ဟစ်အားပေးသံများကြောင့် ရင်ဘတ်ဆင်နင်းခံရသလို ခံစားလိုက်ရသည်။
ဘာကိုမှ တိုက်မနေဘူးဟေ့.... ဓားကို ဆွဲထုတ်လို့ မရတာဟ.....
အချိန်တစ်ခုမျှ ကြာမြင့်ပြီးနောက်....
မိစ္ဆာရှင်းဓားမှာ စတင်တောက်ပလာသည်။
အနက်ရောင် အလင်းမှုန်များမှာ ကောင်းကင်ထက်တွင် စုဝေးလာ၏။
အန်လင်း အမူအရာ ပြောင်းလဲကာ ဘာမှမပြောနိုင်သေးခင်မှာပင် အံ့အားသင့်ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။
အနက်ရောင်ဝတ်စုံနှင့် ကလေးမလေးမှာ အန်လင်းဘေးနား ပေါ်ထွက်လာလေသည်။
သူမသည် ငါးနှစ်၊ ခြောက်နှစ်ခန့် ရှိမည်ထင်ရကာ အရပ်လေးပေကျော်သာရှိပြီး မျက်နှာဝိုင်းဝိုင်းလေးဖြင့် ချစ်စဖွယ် ကောင်းလွန်းလှသည်။ မည်သည့်အရာကိုမှ ဂရုမစိုက်ပုံရသော မဟူရာမျက်ဝန်းများကိုလည်း ပိုင်ဆိုင်ထားသေးသည်။
နက်မှောင်သော ဆံကေသာသည် သူမ အရပ်ထက်ပင် ရှည်နေသောကြောင့် မြေပြင်ပေါ် ပုံကျနေ၏။
အားလုံး တိတ်ဆိတ်သွားကြသည်။
မည်သူကမှ ဘာမှမပြောနိုင်တော့ပေ။
ကလေးမလေးမှာ ပတ်ဝန်းကျင်အားကြည့်ကာ ပျင်းရိစွာ ပြောလာသည်။
“ဟီးဟီး နောက်ဆုံးတော့ ထွက်လာနိုင်ပြီပဲ။”
အန်လင်းမှာ မိစ္ဆာရှင်းဓားဖြင့် ကလေးမလေးအား ချိန်ထားလိုက်သည်။
“မင်းကဘယ်သူလဲ။”
ကလေးမလေး အန်လင်းအားကြည့်ကာ ခေါင်းစောင်းလိုက်သည်။
“ငါလား။ ငါက မိစ္ဆာရှင်းဓားရဲ့ ဓားဝိဥာဥ်လေ။”
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
“မဖြစ်နိုင်တာ။ ငါ့ရဲ့ မိစ္ဆာရှင်းဓား ဓားဝိဥာဥ်က ခြေတံရှည်ရှည်၊ ခါးသွယ်သွယ်နဲ့ အလှပဂေးလေး ဖြစ်သင့်တာလေ။ မင်းလိုမျိုး ခြေတံပုပုနဲ့ မျက်နှာဝိုင်းလေး ဖြစ်နေစရာလား။”
အန်လင်းမှာ တွေးထင်ထားသည်နှင့် ကွာခြားနေသောကြောင့် အမှန်တရားအား လက်မခံနိုင်ပေ။
ကလေးမလေး : “......”
နဂါးမျိုးနွယ်စုဝင်များ : “.....”
“ဟီးဟီး...”
ကလေးမလေး မျက်နှာပျက်ကာ လက်တစ်ချက် လှုပ်လိုက်သည်နှင့် မိစ္ဆာရှင်းဓားမှာ သူမထံ ရောက်ရှိလာသည်။
အန်လင်း အံ့အားသင့်သွားရသည်။
“မင်းဘာလုပ်....”
စကားမဆုံးသေးခင်မှာပင် ကီလိုမီတာ ငါးဆယ်ခန့်ရှိသော ဓားပုံရိပ်ကြီး ထွက်ပေါ်လာလေသည်။
“ဖူး...”
အန်လင်း သွေးအန်ကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားရသည်။
ကလေးမလေး၏ မျက်ဝန်းများမှာ တောက်ပနေသည်။
“နင့်ကို သမချင်နေတာ ဘယ်လောက်တောင် ကြာပြီလို့ထင်လဲ။”
နဂါးမျိုးနွယ်စုဝင်များ : “.....”
ဒီကလေးမလေးက စီနီယာ အန်လင်းရဲ့ ဓားဝိဥာဥ်လား.....
ကြောက်စရာကောင်းလိုက်တာ.....